ထမင်းစားချိန်ကျတော့ ထမင်းပန်းကန်မှာ ငါးပိစိမ်းစားပြဲပြဲ တဇွန်းကော်ထဲ့ထားပြီး ပဲဟင်း တဇွန်း လောင်း ထဲ့ပေးလိုက်တယ်။ ကျမလည်း ကြည့်ရတာ စိတ်ညစ်ညစ်နဲ့ စပါးလုံး ရွေးလိုက်တာ ဘုရားစူးစေတော့ စပါး လုံး ၆၄ လုံး ရပါတယ်။ ငါးပိစိမ်းစားကလဲ နံဟောင်နေတာပါဘဲ။ ပဲကလည်း ဆင်ခေါင်းပဲခေါ်တဲ့ ပဲပြူးပြူး မဲမဲကြီးတွေ ပါ။ ကျမလည်း စားချင်စိတ်မရှိတော့ မစားဘဲ ထိုင်နေမိပါတယ်။ ညနေကျတော့ ဟင်းနုနွယ်တွေ ကို အပင်လိုက် ခုတ်ပြီး အိုးထဲပစ်တဲ့ထားတဲ့ ဟင်းချို ပေါ့။ သူတို့ ထောင်အခေါ်ကတော့ တာလပေါဟင်း ပေါ့၊ ငါးပိစိမ်းစားတကော်နဲ့ ပေးပါတယ်။ ထမင်းလာပို့တဲ့ ထောင်ကျ အမျိုးသမီးလေးက “အမ ထမင်းလဲ မစားပါလား။ စိတ်မညစ်နဲ့၊ စားပါ” လို့ ပြောပြီး ကျမရဲ့မိလ္လာအင်တုံကို ယူသွားပြီး အပြင်ဘက်က စဥ့်အိုးကြီး ထဲသွားသွန်ပေးပါတယ်။ ထောင်ထဲမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း အသားဟင်း ကျွေးပါတယ်။ ပင် လယ်ငါးကြော်နဲ့ စပါးလုံးလေးတွေ စိမ်ပြေးတမ်းကစားပြီး ဖယ်လိုက်။ မှတ်မှတ်ရရ ထမင်း ၁၀ လုတ် စားဖြစ် ခဲ့တယ်။ ညနေ မိုးချုပ်တော့မှာကို ကျမ အလွန်ကြောက်မိပါတယ်။ ချမ်းတာက စိမ့်လာလို့ပါပဲ။
ကျမကို ရေချိုး လုံးဝမထုတ်ပါဘူး။ စကားလည်း မပြောကြပါဘူး။ မိလ္လာ သွန်ပေးတဲ့ ကလေးမလေး ကို မေး ကြည့်တော့ “အမကို စကားပြောရင် ပုံစံပြည့် ၃၅ ချက် အရိုက်ခံရမယ်” လို့ အမိန့်ထုတ်ထားကြောင်း သိခဲ့ရပါ တယ်။ ထောင်ဝါဒါ သက်သက်မွန်ဆိုတာက အလွန် ကြမ်းတမ်းပါတယ်။ အမျိုးသမီး အဆောင်တင် မက ဘူး၊ ယောင်္ကျားလေးဆောင်ပါ သူ့ကို လန့်ကြပါတယ်။ ဆဲတာဆိုတာကလည်း မကြားဝံ့မနာသာ ပါ။ သူက လည်းညဘက်ရောက်ရင်အခြောက်တိုက်လာပြီးကျမကိုကြိမ်းမောင်းပါတယ်။
“နင်က သူပုန်မ ဆို ကောင်းကောင်း နေ၊ မနေလို့ကတော့ ငါနဲ့ တွေ့မယ်” တဲ့။ ဒီလိုနဲ့ ၁၂ ရက်မြောက်နေ့မှာ
ကျမမနေနိုင်တော့ဘူး။ ထောင်မှူး သင်းသင်းအောင်ကို ရေချိုးဖို့ခွင့်တောင်းရတော့တယ်။ သူကလည်း ကိုယ် ၀န်ကြီးနဲ့ ၈ လလောက် ရှိမယ် ထင်တယ်။ တန်းစီးဖြစ်တဲ့ မကြူကို ခေါ်ပြီး “သူ့ကို ရေချိုးထုတ်လိုက်” လို့ အမိန့်ပေးပါတယ်။ ကျမက ရေလဲထမိန် မရှိဘူးဆိုတော့ အဆောင်ထဲက ထမိန်စုတ် တထည် တောင်းပေး ပါတယ်။ အုတ်ကန်ထဲက ရေကို ၁၀ ခွက် ချိုးခွင့်ပေးပါတယ်။ အင်္ကျီနဲ့ထမိန်ကို ရေနဲ့ ပွတ်လျှော်ပြီး ထောင်က စနေနေ့မှာ လာပေးတဲ့ ပုံစံဆပ်ပြာ လက်သန်းလုံးလောက်လေးနဲ့ ပွတ်ပြီး လျှော်လိုက်ပါတယ်။ အခန်း ထဲပြန်ရောက်တော့ သံတိုင်မှာ အ၀တ်လှမ်းပြီး နေ နေရတယ်။ အဲဒီညက လုံးဝ မအိပ်ခဲ့ရပါဘူး။
နောက်တနေ့ ကြာသပတေးနေ့က ညွှန်မှူးတန်းစီတဲ့နေ့ ဖြစ်တော့ ကျမကို ဘာပြောစရာရှိသ လဲ လို့ မေး ပါတယ်။ “အရမ်း ချမ်းတယ်။ စောင် လိုချင်တယ်၊ အ၀တ်အစားလည်း မရှိဘူး” လို့ ပြောတော့ထောင်မှူးကို ပုံစံအင်္ကျီ၊ လုံချည် နဲ့ စောင်ထုတ်ပေးဘို့ ပြောပါတယ်။ ထောင်မှာက အချုပ်သားကို ပုံစံအင်္ကျီ၊ လုံချည်တို့ မပေးပါ ဘူး။ ထောင်ကျသွားမှသာ ပေးတာ။ ကျမကို စောင့်ကြည့်ရတဲ့ ၀ါဒါနံမည်က မနိုင်နိုင်ဦး တဲ့။ ချော တယ်၊ရုပ်ရှင်မင်းသမီး နှင်းဆီနဲ့ တူတယ်။ စိတ်ထားကောင်းပါတယ်။ ကျမကို ငါးကြော်ဝေတဲ့နေ့ကျရင် အချုပ် ကရုံးထုတ်ရာမှာလွတ်သွားတဲ့၊အာမခံရသွားတဲ့သူတွေအတွက်ခွဲတမ်းတွေပိုနေရင်တိုက်ထဲလာ၊ငါးကြော်တွေ အကုန် ပေးပြီး “မဗိုက် စားလိုက်” လို့ ပြောပြီး ထွက်သွားပါ တယ်။ နောက် တယောက် ကတော့ ထောင်ဝါဒါ မချို ပါ။ ညဘက် ညဘက် ဂျူတီစောင့်ချိန်ဆိုရင် ကျမအတွက် ထမင်းပိုထဲ့လာပြီး ငါးပိရည်၊ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်မှုန့်နဲ့ ဖြူးထားတာလေး အမြဲ ကျွေးပါတယ်။ ငတ်နေတော့ တော်တော်စား လို့ ကောင်းပါတယ်။ တလလောက်ကြာတော့ ကျမနဲ့ တိုက်ချင်းနီးတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ သခင်ဇင် ရဲ့ဇနီးဒေါ်ကြည်ကြည် က ပေါင်မုန့်ထောပတ်သုတ်နဲ့ ငါးပိကြော်တွေကို ပလပ်စတစ်အိတ်ကလေးနဲ့ ပတ်ပြီး မိလ†ာသမားကနေ တဆင့် ပို့ပေးလာပါတယ်။
ဒီလိုနဲ့နေရင်းက သုံးလပြည့်ဖို့ တပတ်အလိုမှာ လှိုင်မြို့နယ် ဥပဒေ၀န်ထမ်း အမျိုးသမီးက ကျမ ကို ထောင် ဗူးဝရုံးခန်းထဲမှာခေါ်ပြီး ထောက်လှမ်းရေး ၇ မှာ စစ်ဆေး တုန်း ကအချက် အလက်တွေ ဖတ်ပြပြီး မှန်ကန်ကြောင်းလက်မှတ်ထိုးခိုင်းပါတယ်။ တပတ်ကြာပြီး သုံးလပြည့်တဲ့နေ့ မှာ ကျမနဲ့ ကိုထွန်းထွန်းဦးကို ရုံးထွက်ရမယ်ဆိုပြီး လက်ထိပ်ခတ်ပြီး အချုပ်ကားပြာကြီးနဲ့ ခေါ် သွား ပါ တယ်။ ထောင်ဗူးဝရှေ့မှာရှိတဲ့ စစ်ခုံရုံးမှာ တပ်မတော် ကြည်း၊ ရေ၊ လေက ဗိုလ်မှူးအဆင့်လောက်ရှိတဲ့လူ သုံးဦး ထိုင်နေပြီး ကျမတို့ ကို ရေ တပ်က ဗိုလ်မှူးကျော်ဆန်းလင်းက ကျောင်းသားတပ်မတော် ၇၀၁ ကိုတော ခို မှုအတွက် ၁၇/၁ ပုဒ်မ တပ်ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။ ဘာမှ စစ်ဆေးမေးမြန်းခြင်းလည်း မရှိပါဘူး။ သူတို့ရှေ့မှာရှိတဲ့ စာအိတ်တအိတ်ကို ဖောက်ပြီး ဖတ်ပြတာပါ။ ကျမတို့ဘေးမှာလည်း ရဲဝတ်စုံနဲ့ လက်နက် ကိုင် ၁၅ ယောက်လောက် စောင့်နေပါတယ်။ ကျမတို့ ဗဟန်း နယ်မြေက စစ်ထောက်လှမ်းရေး စိုးမြင့်လည်း ရှိပါတယ်။ တရားလိုကတော့ သတင်းတပ်ဖွဲ့(SB) က မြင့်အေးပါ။ ပြီးတော့ကျမကို အချုပ် ခန်း ပြန် ပို့ပါ တယ်။ ပြန်လာပို့ချိန် မှာ ထောင်မှူးအမျိုးသမီး က ထောက် လှမ်းရေးတွေ ကို လှမ်းမေးပါတယ်၊ “ထောင် ကျဆောင် ပို့လိုက်ရမလား” တဲ့။ သူက သတင်းတပ်ဖွဲ့ (SB) မှာ လက်မှတ် မထိုးရသေးဘူးလို့ ပြောပါတယ်။ အဲဒီနေ့က ခိုးမှုနဲ့ အချုပ်ခံထားရတဲ့ ဆင်မလိုက်လို့ နံမည်ပြောင် အခေါ်ခံရတဲ့ ၀၀ဖိုင့်ဖိုင့် အမျိုးသမီး တယောက် ကျမကို စကားလာပြောလို့ အကြီးအကျယ် အရိုက်ခံရတယ်။ ကျမ စိတ် တော်တော် မချမ်းမ သာ ဖြစ်ရပြန်တယ်။ အရေးအခင်းတုန်းက ခေါင်းဖြတ်သတ်မှုအတွက် အဖမ်းခံရတဲ့မချူး ကကြိုးတိုက် မှာသေဒဏ်ကျနေတယ်။ လားရှိုးမြို့မီးသတ်ဌာနက အုပ်ချုပ်ရေးမှူး ဒေါ်မြသူ လည်း သေဒဏ် ပါ။ (ထောင် ထဲမှာပဲ ရောဂါနဲ့ သေဆုံးသွားပါတယ်)။ဒေါ်ညွန့် (သေဒဏ်)၊ သူက သင်္ကန်း ကျွန်းမြို့နယ်က ပါ။ ကျမ စိတ်အားတော့ မငယ်ပါဘူး။ ဒါပေမယ့် ထောင်ထဲမှာ ၅ နှစ် နေရမယ်ဆိုတဲ့ အသိနဲ့ ကလေးမီးဖွားရမယ့် ကိစ္စတွေကို စဉ်းစားရင်း ရင်ထဲမှာ မောလာပြီး ခေါင်းက သန်းတွေကလည်းယားတာနဲ့ စိတ်ပျက်လက်ပျက် ထိုင် ငိုင်နေမိပါတယ်။ သုံးလပြည့်တဲ့နေ့မှာ ကျမကို အချုပ်ဆောင်တိုက်ကနေပြီး သတင်းတပ်ဖွဲ့ (SB) က ရဲအရာရှိနှစ်ယောက် လာခေါ်ပြီး ထောင်ကျဆောင် (၇/၈) ကို ရွှေ့လိုက်ပါ တယ်။ ထောင်ကျဆောင် ရဲ့ထောင်မှူးဒေါ်အေးအေးသန်း (ရေမှာ မြွေပွေး၊ ကုန်းမှာ စိန်ဋ္ဌေးလို့ နည်မည်ကြီး တဲ့ ထောင်ပိုင်ကြီး စိန်ဋ္ဌေး ရဲ့သမီးပါ) ဒါပေမယ့် သူဟာ အလွန်ထူးခြားပါတယ်။ သူ့ရဲ့အပြုံးနဲ့ လူတဖက်သား ကို စိတ်ချမ်းသာစေ တဲ့ အပြင် ကြင်နာတတ်တဲ့ မျက်ဝန်းကလေးက ဂရုဏာကို ပုံဖော်နေပါတယ်။ ကျမကို ဆက်ဆံတာလဲ အတော့် ကို ကောင်းပါတယ်။ နှိမ့်ချတဲ့ အပြောအဆိုမျိုး လုံးဝ မရှိပါဘူး။ ဒေါ်အေးအေးသန်းရဲ့ ရုံးရှေ့မှာ ထိုင်စောင့်ရ ပါတယ်။ ကျမကို ရုံးခန်းထဲခေါ်ပြီး ကိုယ်အမှတ်အသား၊ မျက်နှာပါ အမှတ်အသားကို စစ်ဆေးပြီးနောက် လက်ခံလိုက်ပါတယ်။ကိုယ်ဝန်ကြီးနဲ့ဆိုတော့ကျမကိုအောက်ထပ်ဘုရားခန်းရှေ့မှာနေရာချပေးပါတယ်။ အောက် ထပ်မှာက ကလေးအမေတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကို ထားတာ ပါ။
ထောင်အခန်းထဲအ၀င်မှာ လာကြိုတာက လှိုင်လှိုင်မြင့် (ရကသ) နဲ့ မ၀ီ (ခ) မငွေသန်း (KNU) တို့က လာခေါ်ပြီး ပလပ်စတစ်ခွက်၊ ပန်းကန်၊ ဇွန်းတွေ ပေးပါတယ်။ ဒေါ်မိကခေါ်ပြီး ထမင်း ကျွေးပါ တယ်။ သူက KNUကို ကျောင်းသားတွေပို့ပေးလို့ထောင်၈ နှစ်ကျနေတဲ့သာကေတမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါ။ အားလုံးကလည်း သူတို့မှာရှိတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်တွေနဲ့ ထမင်း လည်း ကျွေး ပါတယ်။ လှိုင်လှိုင်မြင့်က ပုဒ်မ ၁၇ နဲ့ ၄ နှစ်၊ မ၀ိက ၈ နှစ်၊ (၁၇/၁)ပုဒ်မနဲ့ဘဲ လို့ ပြောပါတယ်။ ပြီးတဲ့အခါ ကျတော့ အပေါ်ထပ်က (၅/ည) ပုဒ်မတွေနဲ့ ထောင်ကျနေတဲ့ လှလှထွေး (ခ) ဘဲရှုပ် (နော်ဝေ)၊ ခင်စန္ဒာမင်း (ရွှီး) (အခုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော် အမတ် ဖြစ်နေ ပါပြီ) ၊ မြအေးဝင်းတို့၊ ခင်ဌေး ရီ (ခေါ်) မတူး (တသက်တကျွန်း)၊ အများကြီးပဲ ရောက်လာကြပြီး ကျမခေါင်းကို ဘီးတွေနဲ့ ဖြီး၊ သန်းတွေ ၀ိုင်းရှာပေးကြပါတာ သန်းအကောင် ၃၀၀ ကျော်တောင်မှပါ ပဲ။ ကျမလည်း နည်း နည်းတော့အား ရှိသွားခဲ့ ပါ တယ်။ အဲဒီအချိန်မှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ အာဇာနည်နေ့မှာ ချီတက်ခဲ့လို့ စစ်တပ် က ဖမ်းဆီး ရိုက်နှက်ခံ ခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တွေ များပါတယ်။ ကျမ မှတ်မိ သလောက် ပြန် ပြောရ ရင်တော့ ဒေါက်တာ တိုးတိုးတင်၊ မစောမြတ်မာ၊ ဒေါက်တာ အေးအေးချို၊ အန်တီလွင်၊ အင်းစိန်မြို့နယ် က ဒေါ်ခင်မြင့်မြင့်၊ မိုးမိုး (သုံးခွ)၊ မြင့်မြင့်ဦးတို့ပါ ပဲ။နောက်နေ့မှာတော့ အဖွားဒေါ်ခင်ရီ (ဗိုလ်စက်ရောင်ဇနီး) နဲ့ သမီးမခင်နှင်းရီတို့က ကျမကို နေ့တိုင်း ထမင်း အတူစားပါလို့ ပြောပါတယ်။ အဖွား ကျွေးခဲ့တဲ့ ပဲတီချဉ်လေး ကိုဒီနေ့အထိမမေ့နိုင်သေးပါ။ဟိုတလောကအဖွားဒေါ်ခင်ရီကွယ်လွန်တဲ့သတင်းကြားရတော့စိတ်မကောင်းဖြစ် မိပါတယ်။

2 comments:
Very exiting true story... i have no idea where to find part 1 to 8. If anyone know it, kindly guide me.thks.. cheers!!!
Ah Yan တခြားအကြောင်းအရာတွေတော့မှန်မမှန်ကာယကံရှင်ကိုယ်တိုင်တွေဘဲသိမယ်တရုတ်ပြည်ရောက်တဲ့အချိန်ကစပြီးပါဝင်တဲ့နာမည်တွေနဲ့ပါဝင်ပုံစံစရေးတာနဲ့အားလုံး အားလုံး လုံးဝလုံးဝမဟာတလွဲအမှားတွေပဲလိုင်စင်မှာရေးတာတွေကောတခုမှမမှန်ပါဖန်တီးပြီးဇာတ်လမ်းဆင် Novel လိုစိတ်ကူယာဉ်ဆန်ဆန်အပြောကိုနားထောင်ပြီးစာရေးဆရာကရေးတဲ့ပုံပါမှားပါတယ် မခင်စန်းနွယ် or မောင်ခင်စန်းနွယ် Sawa Masha ni e Mashu Laika Hkum ka u.
Post a Comment