Friday, March 23, 2012

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း

by Kyaw Gyi AB on Friday, 23 March 2012 at 16:33 ·
အတိတ်မှ အရိပ်များ (၉)

ခင်စန်းနွယ်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၂


ဧပြီလ ၂၃ ရက်နေ့မှာ ကျမကို ရဲသတင်းတပ်ဖွဲ့က ကားနဲ့ လာခေါ်ပါတယ်။ အင်းစိန်ထောင်ဗူးဝ ရောက်တော့ အရှေ့ဘက်မှာရှိတဲ့ တိုက်ပုကလေးတွေနေရာမှာ ကျမကို ထားခဲ့ပါတယ်။ မနက် ၁၀ နာရီလောက်မှာ အချုပ်ကားကြီး ထွက်လာတာ တွေ့ရတယ်။ လူတွေ ဆင်းလာပြီး အနောက်ပေါက်ကနေ တရားရုံးထဲကို သွင်းလာတာ တွေ့ရတယ်။ တအုပ်စုက ၇ ယောက်၊ တအုပ်စုက ၈ ယောက် ပါ။ ကိုဇာနည်အဒေါ်နဲ့ အမကလည်း သူ့သမီးနဲ့အတူ ထမင်းချိုင့်လေးနဲ့လာပြီး စောင့်နေရှာပါတယ်။ မကြာမီမှာ ကျမတို့အပြင်ကစောင့်နေတဲ့ မိသားစုတွေကို ၀င်ခွင့်ပြုပါတယ်။ ဒါနဲ့ ကျမတို့ အထဲကို ၀င်ပြီး ခုံတန်းပေါ်မှာ ထိုင်လိုက်ကြတယ်။ ကိုဇာနည်တို့အုပ်စုကို တရားခံနေရာမှာ ထိုင်ခိုင်းတာ တွေ့ရတယ်။ ကျမ ကိုဇာနည်ကို ကြည့်လိုက်တော့ အရမ်းအံ့သြမိတယ်။ ကိုဇာနည်က နှာတံပေါ်ပေါ်၊ မဟာနဖူးနဲ့ မျက်ခုံးကတန်းတန်း၊ မျက်နှာကတော့ လေးထောင့်မကျတကျ သွယ်သွယ်လေး ပါ။ ၀တ်လိုက်ရင်လည်း စတစ်ကော်လံ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ အင်မတန် ကျက်သရေရှိပြီး ရုပ်ရှင်မင်းသား လင်းထင်နဲ့ ဆင်တူပါတယ်။ ဒီလိုလူတယောက်ကို ဘယ်လောက်ထိ နှိပ်စက်ထားသလဲဆိုရင် မျက်နှာကြီးက နံပြားလို ဖြစ်နေပြီး အဖုအပိမ့်တွေနဲ့လည်း ဖြစ်နေတဲ့အပြင် ကိုယ်ကြီးက ကိုင်းနေကာ မျက်စေ့ကလည်း ဘာကိုမှ မမြင်သလို ဖြစ်နေတယ်။ ဖွဲအိတ်ကြီးတခု ထောင်ထားသလို ဖြစ်နေတယ်။ ခါးဆစ်ပိုင်း ရိုက်နှက်ထားလို့လဲ လမ်းလျှောက်တာာ တွဲလာတာ တွေ့ရပါတယ်။ သူ့ပုံစံ ကြည့်ရတာ တော်တော် နှိပ်စက်ခံထားရတယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျမကြည့်ရင်း မျက်ရည်လည်မိပါတယ်။ ကျမစိတ်တင်းပြီး သူ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ တရားစစ်ဆေးဘို့ စတော့မှာဖြစ်လို့ တရားသူကြီး ၀င်လာပါတယ်။ ရုံးကတော့ အထူးခုံရုံးဆိုတာ သိထားပါတယ်။ ကိုဇာနည်ဘက်က ရှေ့နေက ဦးခင်မောင်လတ် တို့သားအဖ ပါ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့သားမက် ပါ။ ဒီလိုနဲ့ သက်သေနှစ်ဦး စစ်ပြီးသွားတော့ ကျမအလှည့် ရောက်ပါတယ်။ ကျမကို ရဲ သတင်းတပ်ဖွဲ့ (SB) ကိုမြင့်အေးက မေးခွန်းမေးပါတယ်။ “ကာဘိုင်တလက်သုံးထောင်နဲ့ ငါးလက်အတွက် တသောင်းခွဲကို ဦးနုက ပိုက်ဆံပေးတယ်။ ကိုဇာနည်က ၀ယ်ဖို့ တာဝန်ယူတယ်။ ဒီအချိန်မှာ ခင်ဗျားအနားမှာ ရှိတယ်။ အဲဒါကို မြင်တယ် သိတယ် မဟုတ်လား” လို့ မေးပါတယ်။ ကျမက “မဟုတ်ပါဘူး။ ကြည်း၊ ရေ၊ လေအဖွဲ့တွေ ပြည်သူဖက်ကိုပါလာလို့ ကိုဇာနည်ကို ရိက္ခာဝယ်ဖို့ ပေးတာပါ” လို့ ထွက်ဆိုလိုက်ပါတယ်။ တရားခွင် ခဏနားတော့ ကိုမြင့်အေးက ကျမဆီလာပြီး စားပွဲခုံကို လက်သီးနဲ့ထုကာ “ခင်ဗျား လိမ်ထွက်ပေမယ့် ကျုပ်က သူ့ကို လွှတ်မပေးဘူး၊ ထောင်ချမယ်။ အဲဒီကောင်ကို ထမင်းမကျွေး နဲ့ ထောင်ထဲ ပြန်ပို့လိုက်” လို့ ပြောပါတယ်။ ခင်ဗျားလည်း သတိကောင်းကောင်းထားလို့ ကြိမ်း မောင်းပြီး ကျမကို ပြန်ခိုင်းလိုက်ပါတယ်။ ကိုဇာနည်ကို ထောင်ဒဏ် (၃) နှစ် ချလိုက်ကြောင်း သိ ရတယ်။ ကိုဇာနည်ဟာထောင်ထဲမှာ လုံးဝ လမ်းမလျှောက်နိုင်ဘဲ ပက်လက်နေခဲ့ရရှာပါတယ်။ ထောင်ဆေးရုံမှာ ၀မ်းတွေသွားတော့ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်ပေးမယ့်သူလည်းမရှိနဲ့ ဆင်းရဲတွင်းနက်နေရပါတယ်။
၁၉၉၀ခုနှစ်မှာ ထောင်ဆူတော့ ကိုဇာနည် ပါဝင် ပတ်သက်တယ်ဆိုပြီး သာယာဝတီထောင်ကို ပို့လိုက်တယ်။ သာယာဝတီထောင်မှာ ခြောက်လလောက်ကြာတော့ ကိုဇာနည်ဟာ လေဖြတ်သလိုဖြစ်ပြီး စကားလည်း လုံးဝ မပြောနိုင်တော့ဘူး။ သာယာဝတီဆေးရုံကို တင်လိုက်တယ်။ ဆရာဝန်က ဒီမှာကုသဖို့ အခြေအနေမပေးဘူး ဆိုပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဘို့ မှတ်ချက်ပေးတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပေးလိုက်ပါတယ်။ ထောက်လှမ်းရေးက ကိုဇာနည်ကို ရန်ကုန်ဆေးရုံကြီးကနေ အိမ်ပြန်ခွင့်ပြုလိုက်တာကြောင့် အမေ အဖေနဲ့ သမားတော်တွေအပြင် မြန်မာဆေးဆရာတွေနဲ့ပါ ဂရုစိုက်ပြီး ကုသလို့ အသက်မသေပဲရှိနေပေမယ့် အခုချိန်အထိ လမ်းမလျှောက်နိုင်ပါဘူး။ ခါးဆစ်ရိုးနဲ့ အာရုံကြော ထိခိုက်သွားတယ်လို့ သိရတယ်။ သူ့ကို ထောက်လှမ်းရေးက အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ကိုဇာနည်ရဲ့ အတွေးအခေါ်တွေ၊ ဒဿနတွေဟာ သိပ်ပြီးကောင်းတာကြောင့် တိုင်းပြည်အတွက် အကျိုးများလှပါတယ်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလွန်ပင် လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတော့ ပထမဆုံး တွေ့ချင်သူတွေထဲမှာ ကိုဇာနည်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို လူနာတင်ကဒ်နဲ့ တင်ခေါ်ပြီး တက္ကသိုလ်ရိပ်သာလမ်းထဲကျမှ ဘီးတပ်ကုလားထိုင် (Wheel Chair) ပေါ် ထိုင်ခိုင်းရပါတယ်။ ထိုင်ရင်လည်း သားရေအမာကြီးကို ရင်ဘတ်နဲ့ကျောမှာ ကပ်ချည်ထားမှ ထိုင်လို့ ရပါတယ်။ ကျမတို့ ထောင်ထဲမှာရှိစဉ်ကလည်း ကိုဇာနည်က လွတ်ပြီး ၁၉၉၂ မှာ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ယိုကိုတာက ကိုဇာနည်ကို တွေ့ချင်ကြောင်း မေးမြန်းလို့ ထောင်လှမ်းရေး ၆ က ကိုဇာနည်ဆီလာပြီး ကဒ်နဲ့ချည် ဖမ်းဆီးခေါ်သွားပါတယ်။ ယိုကိုတာ သိသွားပြီး မတွေ့တော့ပါဘူး၊ ပြန်ပါတော့မယ်လို့ ပြောတော့မှ ၁၄ ရက်မြောက်နေ့မှာ ပြန် ပို့ပေးခဲ့ပါတယ်။ ကိုဇာနည့်အကြောင်းကနေ မူလဖြစ်စဉ်ကို ပြန်လည် ပြောပြလိုပါတယ်။ အဲဒီအချိန်မှာ ကိုမိုးသီးဇွန်ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထောင်နေပြီ။ လှည်းတန်းလမ်း၊ မော်တင်မှာ ဖွင့်ထားတဲ့ လူ့ဘောင်သစ်ပါတီရုံးကို ကျမ ရောက်သွားခဲ့ပြီး ထိုင်းနိုင်ငံမှာ ရနောင်းမြို့မှာ ကိုမောင်မောင်ကျော်ကို ကေအင်ယူ ဗကအုန်းသွင်က လိုက်လံဖမ်းဆီးနေတယ်။ အဲဒီအနWရာယ်ကြောင့် မဲဆောက်ဘက်ကို ထွက်သွားတယ်လို့ သိခဲ့ရကြောင်းနဲ့ စာကို ဘန်ကောက်မြို့တက်မယ့် မခင်ဥမ္မာနဲ့ ဇော်ဇော်တို့ကို ပေးလိုက်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျမ တရားရုံးသွားရတဲ့အကြောင်းတွေ သူ့ကို ပြောပြလိုက်ပါတယ်။ ကျမတို့ လုပ်နေတဲ့ စီမံကိန်းမှာ သူလည်း ပါဝင်တာမို့ ကျမကို သူ အလွန်ပဲ စိတ်ပူသွားပါတယ်။ သူကလည်း “ကျနော်လည်း အခြေအနေအရ ပါတီလုပ်နေရပေမယ့် မကြာခင် ကျနော် ပြေးရမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။ ကျမကိုသူက အိန္ဒိယဘက်ကို ပြေးစေချင်ပါတယ်။ လမ်းကြောင်းနှစ်ခုလည်း ပေးလိုက်ပါတယ်။ ဒါနဲ့ ကျမလည်း အိမ်ပြန်လာပြီး ကိုထွန်းထွန်းဦးနဲ့ ချစ်ကိုကိုတို့ကို တိုင်ပင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်ရေးလက်နက်တွေ ဖွက်ထားတဲ့ သုံးနေရာလုံးကို ကျမ သိနေတယ်။ ပြီးတော့ ကျမတို့ရဲ့စီမံကိန်းက လူကြီးတွေ ပါဝင်တဲ့အတွက် မိခဲ့ရင် ကျမ အနှိပ်စက်ခံရရင် ဖော်ထုတ်မိမှာ စိုးရိမ်နေကြတာပါ။ ဒီကြားထဲ မြိတ်မြို့ ၀တ်တိုက်ကျောင်းက ဦးကေသရ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ကြောင်း ပြောတာကြောင့် ကျမက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုဖာပေါ်မှာ ဦးကေသရကို သီတင်းသုံးခိုင်းပြီး သူက အောက်မှာထိုင်ကာ ကန်တော့ပါတယ်။ ဦးကေသရက “ဒကာမကြီး ဘုန်းကြီး ခွင့်ပြုပါတယ်” လို့ဆိုမှ ခပ်လှမ်းလှမ်းက ဆိုဖာမှာထိုင်ပြီး စကားပြော ကြပါတယ်။ “တိုင်းပြည်ရဲ့အခြေအနေတွေ သိထားပြီဆိုတော့ ဒကာမကြီး ဘာ ဆက်လုပ်မလဲ” လို့မေးတော့ “တပည့်တော်မက ဒီလူထုရဲ့အားကိုယူပြီး ပါတီ ထောင်မယ်၊ နိုင်ငံရေးနည်းအရ တပည့်တော်ဆက်ပြီး လှုပ်ရှားမယ်၊ ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင်လုပ်မှ တပည့်တော်တို့နိုင်ငံ အဆင်ပြေမယ်“ လို့ လျှောက်ထားပါတယ်။ ဒါ့အပြင် ဆရာတော်နဲ့အရေးကြီးတဲ့ကိစ္စတွေ အများကြီး ဆွေးနွေးတာ ကြားခဲ့ရပါတယ်။ စကားပြောပြီးတော့ ကျမတို့ပြန်ဖို့ ပြင်ဆင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်နှိပ်စက် ကို မ, ရင်း ကျမကို “ကျမ ပါတီထောင်မယ်၊ ပါဝင်ပြီး ကူညီပါလား” လို့ ပြောပါတယ်။ ကျမက “အမကို လေးစားပါတယ်။ ကျမ ပါတီနိုင်ငံရေး မကြိုက်ဘူး။ လက်နက်ကိုင်ပြီး ပြန် တိုက်ဖို့ဘဲ ဆုံးဖြတ်ထားတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျမက ဆရာတော်ဦးကေသရကို အိမ်ကို ပင့်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့မှာ အခြေအနေတွေက တဖြေးဖြေး ဆိုးလာနေပါပြီ။ ဖမ်းဆီးမှုတွေကို အမြဲ ကြားနေရပါတယ်။ ကိုဇာနည်ကိုလည်း ထောင် သုံးနှစ် ချလိုက်ပါတယ်။ ကျမ ရင်ထဲမှာ တော် တော်လေး ခံစားရပါတယ်။ ဒါနဲ့ ကျမလည်း အခြေအနေကြည့်နေတုန်း ကျမတို့ရပ်ကွက်မှာနေတဲ့ တပ်ကြပ်ကြီးတင်မောင်ဝင်းကို အရေးအခင်းကာလတုံးက ဖမ်းမိပြီး ညောင်တုန်းကျောင်းတိုက်မှာ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်တော့ ကားပေါ်ကို လိုက်တင်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုသောင်းစိန် ရဲ့ညီ တုတ်ပေါဆိုတဲ့ကလေးက တင်မောင်ဝင်းရဲ့ကျောကို ပုတ်ပြီး ငါ့နံမည် တုတ်ပေါလမှတ်ထား ဆိုပြီး နောက်ပြောင်လိုက်တာ မကြာမီမှာပဲ အဲဒီကလေးကိုလည်း ဖမ်းခေါ်သွားပါတယ်။ သူက ၁၉ နှစ် ပဲ ရှိပါသေးတယ်။ နောက်ပိုင်း ရဲဘက်စခန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အကြောင်းစုံ သိချင်ရင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ သူ့ရဲ့အဒေါ် ဒေါ်အေးကြည် ရှိပါတယ်။ မေးကြည့်နိုင်ပါတယ်။ ကျမလည်း စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်။ ကျမတို့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေဟာ ခွင့်လွှတ်တတ်သလောက် သူတို့ (စစ်တပ်) ဖက်က ပြတ်ပြတ်သားသား ခြေမှုန်းတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ ဒါကြောင့် တခုခုကို ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျမတို့သူငယ်ချင်းတစု ရွှေတိဂုံဘုရားပေါ်မှာ အင်္ဂါနေ့ပြန်ဆုံကြဘို့ ချိန်းခဲ့ကြပြီး လူစု ခွဲလိုက်ပါတယ်။ အင်္ဂါနေ့ရောက်တော့ ချစ်ကို၊ ဒေ၀ရှင်၊ ၀ဏ္ဏရှင် (ခ) ကျော်လင်း ၊ဇော်မင်း (၁)၊ ဇော်မင်း (၂)၊ ကိုထွန်းထွန်းဦး၊ တူးမာ၊ မင်းရန်အောင်ထွန်း၊ ဘိုဘို၊ စိုးထက်ခိုင်၊ ကိုထွန်းဝင်းသန်း၊ ကျော်ဝဏ္ဏ၊ မျိုးသန့်၊ ညီညီ၊ ၀င်းလွင်ဦးတို့အားလုံးနီးပါး ရောက်လာကြပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ဟာ ခါတိုင်းထက်ပိုပြီး ကြည်ညိုစရာကောင်းလောက်အောင် သပ္ပါယ်နေပါတော့တယ်။ စေတီတော်မြတ်ရဲ့ရွှေအဆင်းဟာ နေရောင်နဲ့အတူ ၀င်းလက်ဖြာထွက်နေပါတယ်။ ကျမတို့သူငယ်ချင်းတစု ပန်းအိုးတွေကို တိုက်ချွတ် ဆေးကြော သန့်စင်ကြတဲ့အပြင် ဂြိုဟ်တိုင်တွေကိုပါ သန့်စင်ကြရင်း ကုသိုလ်ယူကြပါတယ်။ အားလုံးပြီးတော့ အောင်သစ္စာ အင်္ဂါသန့်ရှင်းရေးအသင်း တန်ဆောင်းမှာ ခါတိုင်းလို ဘုရားဝတ်တက်တာ မလုပ်တော့ဘဲ ပခေါယှိဘုရားနောက်ဖက် သရက်ပင်အောက်မှာ ထိုင်ကြပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဥက္ကဋ္ဌဘိုဘိုက အရင် စပြီး ပြောတာကတော့ သူက ပါတီနိုင်ငံရေး သဘောကျတယ် တဲ့။ အဲန်အယ်ဒီ ပါတီထဲမှာ ၀င်ပြီး လုပ်မယ်။ တပ်ဦးက အခုအချိန်မှာ လှုပ်ရှားလို့ မရတော့ဘူး။ လှုပ်ရှားရင် အားလုံး အဖမ်းခံကြရတော့မယ် တဲ့။ သူနဲ့အတူပါတီမှာ ၀င်လုပ်ဖို့ ဘယ်သူ စာရင်းပေးမလဲလို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဘဦးကြည်မောင်က ခေါ်တယ်လို့ ပြောပါတယ်။ အားလုံးက ချက်ခြင်း အဖြေမပေးနိုင်ကြသေးပဲ သရက်ပင်အောက်ကနေ ရွှေတိဂုံစေတီရင်ပြင်ဘက်ဆီ မျှော်ကြည့်နေကြတာ တွေ့ရပါတယ်။ ကျမကတော့ ကိုသီဟနဲ့ ကိုထွန်းထွန်းတို့အုပ်စု ရွှေတိဂုံရင်ပြင်ပေါ်မှာ ရိုက်နှက်ခံရပြီး လူစုခွဲတဲ့မြင်ကွင်းကို မြင်ယောင်နေမိတယ်။ ရွှေဂုံတိုင်မှာ အသတ်ခံကြရတာတွေ၊ မြေနီကုန်းမှာ အရိုက်ခံကြရတာတွေ၊ ရွှေတိဂုံမှာ ကျမတို့အဖမ်းခံခဲ့ရတာတွေ တွေးလာမိတော့ ကျမ ချက်ခြင်းဘဲ ဆုံးဖြတ်ချက်တခု ချလိုက်မိတယ်။ “ဥက္ကဋ္ဌရေ၊ ကျမကတော့ တောခိုဖို့ ဆုံးဖြတ်လိုက်ပြီ။ ပါတီနိုင်ငံရေး ကျမ စိတ်မ၀င်စားဘူး။ သူတို့ကို မယုံကြည်ဘူး။ ဒီမိုကရေစီလည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျမလက်နက်ကိုင်တဲ့ လမ်းစဉ်နောက် လိုက်မယ်” လို့ ပြောလိုက်တယ်။ ကိုဘိုဘိုက “ဒါဆိုရင် ကျနော်တို့ ဒီမိုကရေစီတပ်ဦးအနေနဲ့ လုပ်သွားမယ်။ လိုက်ချင်တဲ့သူလဲ လိုက်နိုင်တယ်။ ဒါပေမယ့် အရေးကြီးတာကတော့ သစ္စာ မဖောက်ကြပါနဲ့၊ အချင်းချင်း ရိုင်းပင်း ကူညီပြီး စိတ်ကို အရောင်မဆိုးကြပါနဲ့” လို့ ဆုံးမစကား ပြောပါတယ်။ ကျမနောက်ကို ကိုထွန်းထွန်းဦး၊ ညီညီတို့ လိုက်မယ်လို့ ဂတိပေးခဲ့ပါတယ်။ ကျမတို့အားလုံး အရှေ့ဘက်မုခ်ကဆင်းခဲ့ကြပြီး ကြားတောရလမ်းက ရခိုင်မုန့်တီဆိုင်မှာ မုန့်တီ ၀င်စားကြတယ်။ ပြီးတော့ ဗိုလ်ကြီးဘထွန်းရဲ့အအေးဆိုင်မှာ အအေးသောက်ကြပြီး တသက်တာ လမ်းခွဲခဲ့ကြရပါတော့တယ်။ အဲဒီနေ့ကလေးကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ အခုချိန်ထိ လွမ်းမော တမ်းတနေမိတော့တယ်။


အတိတ်မှ အရိပ်များ (၁၀)

ခင်စန်းနွယ်၊ မတ် ၂ ရက်၊ ၂၀၁၂

ကျမက အရေးအကြီးဆုံးဖြစ်တဲ့ ဆရာတော် ဦးခေမာစာရကိုရှာဖွေရာ ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြောင်း သိရတယ်။ ဒေါ်နုနုအေးကလည်း ကျမကို လိုက်မလားလို့ မေးပါတယ်။ကျမက “ထိုင်းကို သွားနှင့်ပါ။ နောက်မှလိုက်လာမယ်” လို့ ပြောလိုက်ပါတယ်။ ကျမစိတ်အပူဆုံးကိစ္စတခုဖြစ်တဲ့ ရေတပ်သားတွေအတွက်ပါဘဲ။ ဒါနဲ့ကျမ ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာ ဗဟိုဦးစီးနှင့် တနင်္သာရီတိုင်း စည်းရုံးရေှးမှူး) ဆီသွားပြီး အခြေအနေမေးတော့ ဦးကိုက “မနွယ်ရေ စိတ်မပူနဲ့ အန်ကယ်ဦးတင်ဦး ကြည့်လုပ်လိုက်ပြီ။ မနွယ်မှာတဲ့အတိုင်း ကျနော် ပြောထားတယ်” လို့ ပြောပါတယ်။ သူက ဆက်ပြီး “ကျနော် အင်အယ်ဒီပါတီထဲမှာဝင်ပြီး လှုပ်ရှားမယ်” တဲ့။ ကျမက “ဦးကို သတိလည်းထားနော်” လို့ ပြောခဲ့တယ်။ ဒါကတော့ သူနဲ့ကျမ နောက်ဆုံးတွေ့ခြင်းဆိုတာ မသိခဲ့ရပါဘူး။ ကျမက ဘဘနုနဲ့ ဗိုလ်မှူးအောင်တို့ဆီ သွားရောက်ပြီး အခြေအနေများကို ရှင်းပြကာ ဂါရ၀ပြု နှုတ်ဆက်ခဲ့ပါတယ်။ ၄င်းတို့က ရေတပ်က ၁၁ ယောက် တိမ်းရှောင်ဘို့ လိုအပ်နေကြောင်း၊ ယခုလောလောဆယ် ဇရပ်ကွင်းက ပြည်ချစ်ပါတီမှ ဗိုလ်ကြီးဟောင်း ဦးဆင့်ထံမှာ ပုန်းခိုနေကြောင်း၊ သူတို့ရဲ့ ဆန္ဒကိုလည်း မေးပြီး လိုက်မယ်ဆိုရင် တပါတည်း ခေါ်ဆောင်သွားဘို့ တာဝန်ပေးပါတယ်။ ကျမလည်း သားသမီးတွေအတွက် ဆွေမျိုးများနှင့်တိုင်ပင် စီစဉ်ပြီး စရိတ်စကအတွက် လက်ဝတ်လက်စားအချို့ကို ထုခွဲ ရောင်းချလိုက်ပါတယ်။ ကျမတို့သုံးယောက် မန္တလေးမြို့ကို စတင် ထွက်ခွါလာခဲ့ကြပါတယ်။ မန္တလေးကနေ မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ ဇရပ်ကွင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဗိုလ်မှူးအောင် ပေးလိုက်တဲ့ လိပ်စာအတိုင်း ရှာဖွေရာ ညနေပိုင်းမှာ ဦးဆင့်အိမ်သို့ ရောက်ပါတယ်။ အိမ်က နှစ်ထပ်ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဈေးဆိုင် ဖွင့်ထားတာ တွေ့ရတယ်။ သူရဲ့အမျိုးသမီးနဲ့ကလေးနှစ်ယောက် အလုပ်သမား ၃ ဦး ရှိပါတယ်။ ဇရပ်ကွင်းက အလွန် သာယာ စည်ကားလှပါတယ်။ မိုးကုတ်မြို့ကို ကျောက်တူးရန် အသွားအလာရှိကြပြီး မိုးကုတ်လမ်းတလျှောက်နေရာတွေမှာ နီလာကျောက် အကြီးအကျယ် ထွက်ရှိတာ ဖြစ်ပါတယ်။ မိုးနည်းရပ်ဝန်းဖြစ်ပြီး အတော်စည်ကားတာ တွေ့ရတယ်။ အဓိက စည်ကားရတဲ့အကြောင်းရင်းကို ဦးဆင့်က ပြောတာက ဇရပ်ကွင်းနဲ့ ၃ မိုင်အကွာကစပြီး ရိုးမတောကြီး ရှိတယ်။ အဲဒီမှာ ရွှေ အလွန်ထွက်တယ်။ သူက ရေတပ်က ရဲဘော်တွေကို အဲဒီနေရာမှာ ထားတယ်ဆိုတာပါ ဘဲ။ ဦးဆင့်က တုတ်တုတ်ခိုင်ခိုင် အရပ်ကတော့ ၅ ပေ ၅ လက်မလောက် ရှိမယ်လို့ ထင်ပါတယ်။ အစက ကရင်ပြည်နယ်တောထဲမှာ ပြည်ချစ်ပါတီရဲ့ တာဝန်နဲ့နေခဲ့ကြောင်း သူက ပြောပြပါတယ်။ ကေအင်ယူက ပြည်ချစ်ကို ရှင်းလင်းရေး လုပ်တော့ ကမ္ဘောဒီးယားကို ထွက်ပြေးပြီး ကျောက်တူးနေတာ တဲ့။ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတော့ ဘဘနုတို့၊ ဗိုလ်မှူးအောင်တို့၊ ဗိုလ်ရန်နိုင်တို့နဲ့အတူ ပြန်လာခဲ့တာလို့ ပြောပြတယ်။ ကျမတို့ကိုလည်း သူရဲ့ဇနီးက ချက်ပြုတ်ကျွေးမွေးတာ စုံနေတာပါပဲ။ စားသောက်ပြီးတော့ ခဏနေပြီး အိပ်ယာဝင်ခဲ့ကြပါတယ်။ မနက်ကျတော့ ဦးဆင့်နဲ့သူ့အလုပ်သမားတယောက်ကိုယ်တိုင် ဂျစ်ကားမောင်းပြီး ကျမတို့ သုံးယော် ကအတွက် စားစရာမျိုးစုံ ငါးသေတ္တာဗူးတွေကော ယူလာပြီး လိုက်ပို့ပေးပါတယ်။ ၁၉ ကွက်လို့ ခေါ်တဲ့ ရွှေတောကိုရောက်တော့ သူတို့ ပို့ပေးထားတဲ့ ရေတပ်ရဲဘော်တွေရှိတဲ့ တဲမှာ ဆုံဖြစ်ကြပါတယ်။ အားလုံးက ကျမကို တွေ့တော့ အရမ်း ၀မ်းသာသွားကြတယ်။ ကိုသန်းမြင့်လို့ခေါ်တဲ့ ရဲဘော်က “အမရေ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးတင်ဦးက တယောက်ကို သုံးထောင်ပေးပြီး ရှောင်ခိုင်းလိုက်တယ်။ အမက ပြောလိုက်လို့လို့ ပြောတယ်“ လို့ ကျမကိုပြောပြပါတယ်။ အားလုံးပေါင်း ၇၅ ယောက်ဆိုတော့ ကျမက ကျန်တဲ့သူတွေရောဆိုတော့ “တချို့က ထိုင်းဘက်ကို ထွက်သွားတယ်။ တချို့က အိန္ဒိယဘက်ကို သွားတယ်။ တချို့ကတော့ ကိုယ့်အရပ်ကို ပြန်မယ်ဆိုပြီး သွားကြတယ်” လို့ ပြောပြပါတယ်။ “ကျနော်တို့ လက်မတင်လေး လွတ်လာတာ ကျနော်တို့ ထွက်လာပြီး နှစ်ရက်မှာ မြကိုင်းရွာမှာလာပြီး မွှေနှောက် ဖမ်းဆီးလိုက်တာ ရွာကလူအချို့ပါ အဖမ်းခံရတယ်လို့ ကြားရတယ်။ ကျနော် စိတ်မကောင်းဘူး” လို့ ပြောပြပါတယ်။ အခု သူတို့ ရွှေတူးနေကြကြောင်း ပြောပါတယ်။ ကိုဇာနည် အဖမ်းခံရတာ သိလား မေးတော့ မသိဘူးလို့ ပြောပါတယ်။ ဦးဆင့်က “ဒါဆိုလဲ အေးအေးဆေးဆေး တိုင်ပင် ပြောဆိုကြပါ“ ဆိုပြီး ကျမတို့ကို ထားခဲ့ကာ ပြန်သွားပါတယ်။ နောက်နေ့မှာ ကျမ ရွှေတောကိုလိုက်ပြီး လေ့လာကြည့်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ သယံဇာတတွေ ဒီလောက်ထွက်တာ အခုမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ရွှေထွက်တဲ့နေရာတွေပါ၊ မြန်မာပြည်အရပ်ရပ်က ရောက်လာကြသူတွေ များပါတယ်။ စဥ့်ကိုင်၊ ၀က်လက်၊ ရွှေဘိုမြို့များမှ လူများနှင့် လက်ပံလှ၊ ချောင်းကြီးရွာ စသည်ဖြင့် ရွာပေါင်းများစွာက လူတွေ လာကြတာပါ။ အစိုးရက ရွှေရှာစက်နဲ့ ရွှေများများ ထွက်တဲ့နေရာတွေကို ဘဓရ (ဘူမိဗေဒနဲ့ ဓာတ်သတ္ထု ရှာဖွေရေး ကော်ပိုရေးရှင်း) ပိုင်တဲ့မြေ အဖြစ် ခြံဝင်းခတ်လိုက်ပါတယ်။ ဘေးက နေရာတွေမှာ အများပြည်သူတွေက ကိုယ်ပိုင် ရွှေတူးကြရပါတယ်။ ရွှေတွင်းဆိုတာ အကျယ် ၄ ပေ ဒါမှမဟုတ် ၆ပေ အကျယ် ပတ်လည် တူးရပါတယ်။ အနက်က အတောင် ၂၀ ဒါမှမဟုတ် ၂၂ တောင်အထိတူးရင် မြေသားဖြူဖြူက အပြာရောင်သန်းလာပြီး ခတ်ပျော့ပျော့လေး ဖြစ်နေရင် အဲဒါ ဗြုန်းလို့ ခေါ်ပါတယ်။ ဗြုန်းပေါ်ရင် အဲဒီ ဗြုန်းကို အပေါ်တင်ပေးရပါတယ်။ အဲဒီအတွက် ဘေးဘောင်တွေကို ခိုင်ခန့်အောင် ပျဉ်ချပ်တွေကို ဘောင်ရိုက်ပြီး ကပ်ထားရပါတယ်။ ရေတွင်း ဘောင်ကာသလိုပါဘဲ။ ပြီးတော့မှ အပေါ်ဘက်မှာ စက်သီးချိတ်ဖို့ တန်းရိုက်ပြီး ရေပုန်းနဲ့ကြိုးတွေ တပ်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တွင်းတူးတဲ့အခါ ပေါ်လာတဲ့မြေသားတွေကို ဆယ်ပြီး သွန်ပစ်ဖို့ ပါ။ ကျမ တခြားနေရာတွေဆီ လျှောက်ပြီးကြည့်တော့ စည်ကားလိုက်တာ လေဟာပြင်ဈေးတန်းကြီးတခုလိုပါဘဲ။ အစားအသောက်ဆိုင်တွေ မီးစက်တွေမောင်းပြီး ရောင်းနေလိုက်တာ အကြော်အလှော်ဆိုင်တွေကလည်း နှစ်ဆယ်လောက် ရှိတယ်။ အ၀တ်အထည်တွေနဲ့ ထွေလီကာလီဆိုင်တွေကလည်း နှစ်ဆယ်ကျော်မယ် ထင်ပါတယ်။ ကွမ်းယာဆိုင်ကတော့ ၃၀လောက် ရှိတယ်။ အရက်ဆိုင်တွေကလဲ အများကြီး ပါ။ အံ့သြစရာပါဘဲ။ ရွှေတူးတဲ့နေရာနဲ့ ဈေးတန်းက ငါးမိုင်လောက်ကွာမယ် ထင်ပါတယ်။ လမ်းတလျှောက်မှာတော့ ရွှေဝယ်တဲ့ဆိုင်တွေက အစီအရီ ပေါ့။ ဆိုင်ဆိုပေမယ့် စာပွဲတလုံး ချထားပြီး ရွှေချိန်တဲ့ချိန်ခွင်လေး တင်ထားလိုက်တာပါဘဲ။ ပြီးတော့ဘေးမှာ မီးသွေးမီးဖိုတခုမှာ မီးမွှေးထားပြီး ရွှေရောင်းမယ့်သူက မီးဖိုပေါ်မှာတင်ထားတဲ့ ကြေးဇွန်းထဲကို ရွှေတွေ လောင်းထဲ့ ပေးလိုက်ရပါတယ်။ ရွှေက ဖြူပြီး လုံးသွားရင် ဆယ်ယူပြီး ရွှေဝယ်သူက ချိန်ခွင်ထဲထဲ့ပြီး ချိန်လိုက်တယ် ပြီးတော့မှ ကျသင့်တဲ့ ငွေရှင်းပေးလိုက်တာပါဘဲ။ ရွှေတူးတော့ ထွက်လာတဲ့ မြေစာခဲတွေကို မျှော လို့ခေါ်တဲ့ ရွှေကျင်တဲ့ သံဇကာ ခင်းထားတဲ့ သုံးပေလောက်အရှည် တတောင်လောက် အနံရှိတဲ့ အထဲမှာ ရေနဲ့ကျင်းပြီး စစ်ခါ ကောက်ယူထားတဲ့ ရွှေခဲကလေးတွေ ပါ။ စွန့်ပစ်လိုက်တဲ့ မြေတွေကို အသက်ကြီးတဲ့သူတွေနဲ့ ခလေးတွေက ကြုံးယူပြီး ခမောက်လို သစ်သားပြား (အင်ဝိုင်း) ထဲမှာထဲ့ပြီး ချောင်းထဲမှာလှည့်ပြီး ကျင်ယူကြပါတယ်။ အဲဒီလိုကျင်လို့ရတဲ့ရွှေတွေကို ပြန်ရောင်းကြ့သူတွေဟာ တနေ့ကို ကျပ်၂၀၀ မှ ၅၀၀ အထိ ရကြတယ်လို့ ပြောပြပါတယ်။ ကျမရဲ့လေ့လာရေးက မဆုံးသေးပါဘူး။ ဒီရွှေတွေကို မန္တလေးမြို့က ရွှေချောင်းလုပ်တဲ့ တရုပ်လူမျိုး ရွှေဆိုင်ပိုင်ရှင်တွေက လာဝယ်ကြတာပါ။ ၀င်ငွေကောင်းတော့ လူအတော်များများလည်း ပျက်စီးနေကြတာပေါ့။ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ အံစာဝိုင်းတွေ အများကြီးပါဘဲ။ နယ်စုံက လာတာဆိုတော့ စရိုက်စုံပါဘဲလေ။ ရာဇ၀တ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ရှိတယ် လေ။ စစ်တပ်ကအုပ်ချုပ်ပေမယ့် အကုန်လုံးကို လွတ်လပ်ခွင့် ပေးထားပါတယ်။ မြန်မာပြည်မှာ ဧည့်စာရင်း မတိုင်ရတဲ့ ထူးဆန်းတဲ့နေရာတခု ပါ။ အဆိုးဆုံးတခုက အိမ်သာမရှိတာပါဘဲ။ တောတိုးတဲ့ဓလေ့ ပေါ့။ ဒါကြောင့်လည်း တနှစ်တခါ ၀မ်းရောဂါ ကျရောက်ပြီး လူ ၄၀-၅၀ သေဆုံးနေရတာပေါ့။ အဲဒီလို ၀မ်းရောဂါဖြစ်ရင် စစ်တပ်က ၀င်လာပြီး မိုးပေါ်ထောင် သေနတ်သုံးချက် ဖောက်ပြီး သတိပေးတယ်။ ဒါဆိုရင် ချက်ချင်းဘဲ အားလုံး ထွက်ပြေးကြရပါတယ်။ တဲတွေကို မီးရှို့ပစ်လိုက်ပါတယ်။ တခြားးနေရာတခုကိုရွှေ့ပြီး စခန်းချ ဆက်လုပ်ကြရပြန်တာပေါ့။ နောက်နေ့မှာ ကျမတို့ရဲဘော်တွေ ရွှေတူးတဲ့နေရာသွားကြည့်တော့ အထူးအဆန်းဖြစ်ပြီး ထိုင်ကြည့်နေမိပါတယ်။ ညဘက်ရောက်တော့ ကျမတို့သုံးယောက်နဲ့ သူတို့တွေ စုပေါင်းပြီး တိုင်ပင်ကြတယ်။ အဆက်အသွယ်ရထားတာက အိန္ဒိယနှင့် ကေအိုင်အေစခန်းတို့ဆိုတော့ တပ်သားတချို့က မြန်မာ့တပ်မတော်သားတွေဆိုတော့ တိုင်းရင်းသားစခန်းဖက်ကို သူတို့မလိုက်ရဲဘူးလို့ ပြောပါတယ်။ ဒါကြောင့် အိန္ဒိယဘက်ကို ထွက်ဖို့ဆုံးဖြတ်ကြတယ်။ ကျမတို့ကတော့ ကေအိုင်အေစခန်းဖက်မှာ ကျောင်းသားစခန်းရှိတယ်ဆိုတော့ ကျမတို့သုံးယောက်က တရုပ်ပြည်လမ်းကို ရွေးလိုက်ပါတယ်။ နောက်တပါတ်မှာ ကျမတို့သုံးယောက် ဇရပ်ကွင်း ကားကြုံနဲ့ပြန်ပြီး ဦးဆင့်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဇရပ်ကွင်းမြို့ကနေပြီး မန္တလေး ပြန် ဆင်း၊ မန္တလေးမှာ ဗိုလ်မှူးအောင်ဆီ စာရေးပြီး အကျိုးအကြောင်း သတင်းပို့ခဲ့ပါတယ်။ အဲဒီကနေ လားရှိုးကားစီးပြီး ရှမ်းပြည်မြောက်ပိုင်းကို တက်ခဲ့တယ်။ နမ့်ဖက်ကာမှာ ထမင်း ၀င်စားကြတယ်။ မုန်ညှင်းဟင်းချို၊ တို့ဟူးနွေး၊ ရှမ်းဆန်စည်းစည်းလေးနဲ့ ထမင်းမြိန်လှပါတယ်။ ရှမ်းပြည်ရဲ့အေးမြတဲ့လေညှင်းက လတ်ဆပ်ပြီး ရနံ့သင်းသင်းလေးနဲ့ တိုးဝှေ့လာလို့ စိတ်တွေ လန်းဆန်းလာရပါတယ်။ ရှမ်းတောင်တန်းတွေဟာ မြန်မာပြည်ရဲ့အလှအပကို ခန့်ခန့်ညားညား ဖော်ပြနေသလို ကိုယ့်မြေ ကိုယ့်ရေဆိုတာကိုလည်း သီးခြားဘောင်ခတ် ကာဆီးထားတာကို တွေ့မြင် ခံစားနေရပါတယ်။ ထင်းရှူးပင်ဆိုတာ မြေပြန့်မှာ မတွေ့နိုင်ပါဘူး။ မြေသားတွေကလည်း အနီရောင်နဲ့ရွှေရောင် ရောစွက် ခင်းကျင်းထားပါတယ်။ ကျမ အနှစ်သက်ဆုံးကတော့ ဒေလီယာပင်၊ ယုဇနပန်းပင်နဲ့ သစ္စာပန်းတွေပါဘဲ ပန်းခင်းတွေက တမျှော်တခေါ်နဲ့ ရောင်စုံကော်ဇောကြီး ခင်းထားသလိုပါဘဲ။ ပန်းကော်ဇောကြီးကို အပြာရောင်တောင်တန်းတွေက အနားသတ်ကွပ်ထားတယ် လေ။ သက်ကယ်မိုးအိမ်လေးတွေက ရှုခင်းရဲ့အလှကို ဖြည့်စွက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးသားဖြောင့်မတ်တဲ့သရုပ်ကို ဖော်ပြရင်း ရှမ်းပြည်အလှကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ထားသလိုပါဘဲ။ အချို့အိမ်လေးတွေက ရွှံ့နဲ့ သရိုးကိုင်ပြီးဆောက်ထားတာ ထူးဆန်းတဲ့ဓလေ့တခုကို ထင်းကနဲ တွေ့လိုက်ရတယ်။ မူဆယ်မြို့ကို ရောက်ခဲ့ကြပါပြီ။ မူဆယ်မှာ ဦးစိုင်းမြင့်လွင်တို့အိမ်မှာ တည်းကြပါတယ်။ တော်လှန်ရေးအတွက် မြေပြန့်က ထွက်လာတဲ့လူမှန်သမျှကို သူက ကြိုဆို ဧည့်ခံပါတယ်။ ဧည့်ဝတ် ကျေပွန်တာကတော့ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ဖွဲ့ပြီး လှုပ်ရှားနေကြောင်း သိရတယ်။ သူ့အိမ်က ပျဉ်ချပ်အပြားကြီးတွေကို အချပ်လိုက်ကာထားတာ တမျိုးဆန်းသလိုပါဘဲ။ သုံးရက်မြောက်တဲ့နေ့မှာ ရှမ်းလူမျိုးဖြစ်တဲ့ ညီညီက ရှမ်းပြည်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီး လိုက်သွားပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးကိုတော့ ရှေ့နေကြီး ဦးဝဏ္ဏစိုးက လာခေါ်ပါတယ်။ ဦးဝဏ္ဏစိုးက ကျမတို့ကို ကျောင်းသားတပ်မတော်၊ ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီအတွက် ဆောင်ရွက်ပေးနေတဲ့ ကိုကျင်ထွန်း၊ မအေးစိန်တို့ဆီကို ပို့ပေးမယ် ပြောပါတယ်။ နှစ်ရက်လောက်နေတော့ ကျမတို့နှစ်ယောက်ကို သူရဲ့တပည့်တယောက်နဲ့လိုက်ပို့ခိုင်းပါတယ်။ ကျမတို့နှစ်ယောက် မူဆယ်ရဲ့ဆိပ်ကမ်းကို ရွှံ့ဗွက်တွေထဲမှာ ရုန်းကန်ရင်း လျှောက်ခဲ့ရတာပေါ့။ လှေဆိပ်ရောက်တော့ ဟိုဖက်ကမ်းကို ကူးမယ့် ကူးတို့လှေပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။ နာရီဝက်ခန့်ကြာတော့ တရုတ်ပြည် ယူနန်နယ် ရွှေလီဆိပ်ကမ်းကိုရောက်ပါပြီ။ ကျမ လှေပေါ်ကအဆင်းမှာ အောက်ကိုကြည့်လိုက်တော့ ခြေထောက်ချရမှာ နည်းနည်း တွန့်ဆုတ်သွားမိတာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မြန်မာပြည်ဘက်က ရွှံ့ဗွက်တွေနင်းပြီး ပေကျံနေတဲ့ ကျမခြေထောက်ကို ကျောက်သလင်း ဖြူဖြူပေါ်ကို ထိလိုက်ဖို့ အားနာနေလို့ပါဘဲ။ တိုင်းပြည်နှစ်ခုရဲ့အသေးစားကွာဟမှုက အလှမ်းကွာလှပါလား။ ၀င်ဂိတ်ရောက်တော့ ကျမတို့အမည်ကို စာအုပ်မှာ ရေးသွင်းရတယ်။ မှတ်တမ်းစာအုပ် တင်ထားတဲ့ မှန်စားပွဲပေါ်မှာ မြန်မာပြည်က အလိုရှိတဲ့ ရာဇ၀တ်မှုသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ဓာတ်ပုံတွေကို ကပ်ထားတာ တွေ့ရပါတယ်။


အတိတ်မှ အရိပ်များ (၁၁)

ခင်စန်းနွယ်၊ မတ် ၈ ရက်၊ ၂၀၁၂

ကျမတို့ကိုလိုက်ပို့သူက တရုပ်ငွေ ၅၀ ကို စားပွဲပေါ်တင်ပေးလိုက်တော့ ကျမတို့ကို ဓာတ်ပုံရိုက်ဖို့လာခေါ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ စာအုပ်ပေါ်မှာကပ်ပြီး တုံးထုပေးလိုက်ပါတယ်။ (နောက်ပိုင်းမှာ ဦးဝဏ္ဏစိုး ထောင်အနှစ် ၂၀ ကျသွားကြောင်း သိလိုက်ရပါတယ်။) တရုပ်ပြည်ရဲ့အပြောင်းအလဲက အလွန်ပဲ မြန်ဆန်လှပါတယ်။ အဲဒီစာအုပ်ရတာနဲ့ ယူနန်ပြည်နယ်တခုလုံး သွားခွင့်ရှိတယ်လို့ ရှင်းပြပါတယ်။ ရွှေလီမြို့ထဲ ၀င်လိုက်တာနဲ့ တွေ့ရတာကတော့ နေရာတိုင်းမှာ တရုပ်အိမ်ဟောင်းကြီးတွေကို ဖြိုချပြီး တိုက်အသစ်ကြီးတွေ ဆောက်နေတာပါဘဲ။ အဲဒီထဲမှာ ရီစရာ ပြောရအုံးမယ်၊ ကျမတို့လမ်းတ၀က်မှာ ကားရပ်နားတော့ ဗိုက်ဆာဆာနဲ့ ခေါက်ဆွဲ စားကြတာ၊ မကြာပါဘူး၊ ဒိုင်း ဖောင်းဆိုပြီး အသံတွေ ဆက်တိုက်ထွက်လာတာ မြေကြီးတောင် အက်ကွဲမတတ်ပါဘဲ။ ကျမတို့နှစ်ယောက်က တိုက်ပွဲတွေဖြစ်ပြီထင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးပေါက်ရှာနေကြတာပေါ့။ ပါတ်ဝန်းကျင်ကလည်း ယမ်းငွေ့တွေနဲ့ မှုန်ဝါးနေတယ်။ ကျမတို့ကြည့်ပြီး သဘောပေါက်သွားတဲ့ သူငယ်ကလေးက ဘာမှမဖြစ်ပါဘူး၊ မင်္ဂလာဆောင်ရှိလို့ ဗျောက်အိုးဖောက်တာပါလို့ ပြောမှပဲ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်မိတော့တယ်။ ဗျောက်အိုး တထောင်လောက်ကို တပြိုင်တည်း ဖောက်တာဆိုတော့ တခါမှ မကြုံဘူးဘူးလေ။ ရွှေလီမြို့ထဲက မိသားစုတည်းခိုခန်းမှာ တထောက် နားကြရပြန်ပါပြီ။ ကိုကျင်ထွန်းနဲ့ မအေးစိန်တို့က ပျူပျူငှာငှာ ဆီးကြိုကြပါတယ်။ ရွှေလီမြို့ထဲကိုပါ လိုက်ပို့ကြတယ်လေ။ နယ်စပ်မြို့ဆိုတော့ ကျောက်အရောင်းအ၀ယ်ဈေးတန်းတွေက များပါတယ်။ အခြားအများဆုံးကတော့ စားသောက်ဆိုင်တွေပါ။ လမ်းပမ်းဆက်သွယ်ရေးကို တရုတ်အစိုးရက အားသွန်လုပ်ထားတာဆိုတော့ လမ်းတွေ အလွန် ကောင်းပြီး နယ်စုံက ပစPည်းစုံနဲ့ ဆယ်တန်ကားတန်းကြီးတွေက မပြတ်မလတ်ပါ ဘဲ။ မြန်မာဘက်က သစ်တွေ၊ ၀ါးတွေ၊ တိရိစ္ဆာန်မျိုးစုံ၊ ဘယဆေးပင်မျိုးစုံ၊ပဲ၊ ငြုပ် အစုံပါပဲ။ ရောင်းဝယ်ဖောက်ကားမှုတွေက အလွန် စည်ကားပါတယ်။ လူစီးတဲ့မှန်လုံကားတွေကလည်း ၁၅ မိနစ် တစီး ထွက်နေတာတွေ့ရတယ်။ မြန်မာပြည်က သစ်တွေကိုကြည့်ပြီး နှမြောမိတဲ့အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်မှာ တွေးပြီး စိုးရိမ်မိတာ အမှန်ပါ။ တရုတ်ပြည်က ပိတ်အုပ်တွေနဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးက မြန်မာပြည်ဖက်ကို ထွက်နေကြပါတယ်။ တန်ဘိုးကြီးမားလှတဲ့ အဘိုးတန် မြန်မာပြည်ထွက်ကုန်တွေကို ဈေးပေါတဲ့ တရုတ်ကုန်တွေနဲ့ ဖလှယ်နေကြတာကို တွေ့နေရတော့ မြန်မာပြည်ရဲ့အနာဂတ်ကို မွဲဆေးဖော်နေကြတာလို့ပဲ နားလည်မိပါတယ်။ ကိုကျင်ထွန်းက ဘီစီပီ (မြန်မာပြည်ကွန်မြူနစ်ပါတီ) အတွက် အစစအရာရာ ဆောင်ရွက်ပေးနေတာလို့ သိရတယ်။ မံစီဘက်ကို သွားဖို့အတွက် နက်ဖန်မှာ ခရီးထွက်မှာဖြစ်ပါတယ်။ မအေးစိန်က ကချင်စကားလည်းတတ်တာမို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ကျောင်းသားတပ်မတော်အတွက် ပံ့ပိုးကူညီနေသူ ဖြစ်ပါတယ်။ ရဲဘော်သစ်တွေ စုဆောင်းပေးတဲ့အလုပ်ကိုလည်း လုပ်ကြောင်း မကြာမီမှာ ရဲဘော်သစ်နှစ်ယောက် ကိုလောချူနဲ့ ရာကေး (ခ) ကျော်မြင့်တို့ ခေါ်ဘို့လာလိမ့်မယ်လို့ ပြောပြပါတယ်။ ရွှေလီက ရာသီဥတုကောင်းပါတယ်။ သိပ်ပြီးတော့လည်း မအေးဘူး၊ အပူလည်း မလွန်ကဲဘူး။ ဆိုင်မှာ ထမင်း ၀ယ်စားကြရတယ်။ နှစ်ရက်လောက်ကြာတော့ လောချူလို့ခေါ်တဲ့ ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ဗဟိုကော်မတီဝင် ရာကေး (ခ) ကျော်မြင့် ရောက်လာပါတယ်။ ကျမတို့ကို လာခေါ်တာပါ။ အဲဒီမှာ မန္တလေး၊ ဂေါဝိန်ဆိပ်က ကိုကျော်စိန်၊ ကိုအုန်းကြိုင်နဲ့ ကိုသန်းဇော်တို့လည်း ရောက်လာပါတယ်။ သူတို့အားလုံးက မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါ။ ကျမတို့ငါးဦးကို လာခေါ်တာပါ။ မနက် ၆ နာရီမှာ ရွှေလီကနေပြီး ဖျင်ရန်မြို့ကို ကားစီးသွားရပါတယ်။ ဖျင်ရန်ရောက်တော့ ကျောင်းသားတပ်ဖွဲ့ဝင် ရဲမေ ကချင်မလေး အားအိုင်တီးလည်း လိုက်လာပါတယ်။ သူကတော့ ကျောင်းသားတပ်မတော် ဗဟိုမှာ နေတာပါ။ သူ့မိဘတွေဆီ ခဏ ပြန်လည်လာတာလို့ပြောပါတယ်။ ရင်ချမ်းမြို့မှာ ထမင်းစားကြရတယ်။ ရင်ချမ်းမြို့မှာလည်း တိုက်တွေဆောက်နေကြတာ အပြိုင်းအရိုင်း ပေါ့။ မြန်မာအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ပါ။ အရင်တုံးက စနစ်မပြောင်းခင်မှာ တူညီဝတ်စုံ အပြာရင့်ရောင်တွေပဲ ၀တ်ကြရပြီး ဆန်ပြုတ်တောင်မှ အနိုင်နိုင်သောက်နေရတဲ့ နိုင်ငံမှာ လူကြီး၊ လူလတ်၊ လူငယ်တွေ ရောင်စုံ ၀တ်စား ဆင်ယင်နေကြပြီး တရုတ်မလေးတွေကလည်း ပြောင်းလဲနေလိုက်ကြတာ ရောင်စုံလိပ်ပြာလေးတွေလိုပါ ဘဲ။ သူတို့ရဲ့ သွက်လက် မြူးကြွနေပုံတွေကို မြင်လိုက်ရတော့ ပထမ ရင်ထဲမှာ ကြည်နူးမိပေမယ့် ခဏလေးမှာပဲ မြန်မာပြည်ရဲ့လူငယ်တွေမှာတော့ မျက်စေ့ပိတ်နားပိတ်နဲ့ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာနေရတာကို သတိရပြီး ကျမတို့ နိုင်ငံကို ခေါင်းဆောင်နေသူတွေရဲ့ အတွေးကို နားမလည်နိုင်တော့ပါဘူး၊ ရာကေးက ကုလားလူမျိုး ဖြစ်ပေမယ့် လမ်းမှာ တရုတ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာ တွေ့ရပါတယ်။ ကားပေါ်က

No comments: