Saturday, May 26, 2012

မုန်တိုင်းကြားမှာ ဆောက်နေရတဲ့အိမ်

နုနယ်သေး၏။ အလွန့်အလွန်ကို နုနယ်သေး၏။ပြဿနာတို့သည်ဟိုမှဒီမှ တအိအိလိမ့်ဆင်းလာကြသည်။ အတိတ်ဆီမှ မရေမ တွက်နိုင် ၊ နာလန်ထရန်အားပြုနေသောတိုင်းပြည်တစ်ခုအဖို့် ၀န်ပိသေရုံမှတစ်ပါးအခြားမရှိပြီး။ သို့သော် ထိုပြဿနာတို့၏ အရင်း အမြစ် ကို ချဉ်းကပ်ပြီး အဖြေထွက်ရန်ရှာကြံကြိုးစားကြသူတို့၏စွမ်းပကားကား နိုင်ငံတော်ကိုခေတ်တစ်ခုဆီသို့ ခေါ်ယူဦးဆောင် သွားနိုင် လိမ့်မည်ဟု ရင်တမမနှင့်ယုံကြည်နေကြသူတို့ရှိလေသည်။ ထိုသူတို့ကား တစ်ခုသောညနေခင်း၌ စကားဝိုင်းဖွဲ့၍ ၎င်းတို့နိုင်ငံ ၏ အနာဂတ်အရေးကိုပြောဆိုဆွေးနွေမှုပြုကြလေ၏။ ထိုသူတို့၏အတွေးစုများကို စုစည်းအဖြေရှာလိုက်သောအခါ ဤသို့တည်း။
                                 --------------------------------------------------------

          ပြဿနာတစ်ခုဖြစ်လာတယ်ဆိုရင်ဝိုင်းဝန်းအဖြေရှာတာကအကောင်းဆုံးပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်တုန်းက အိန္ဒိယမှာရှိခဲ့တဲ့ ဝေဿာလီတိုင်းပြည်လိုစည်းလုံးမှုမျိုးကို လက်ရှိမြန်မာပြည်မှာ လိုအပ်နေပါတယ်။ အဲဒီ့စနစ်က အလွန်ကိုအတုယူစရာပါ။ တစ်ဘက်နဲ့တစ်ဘက်အပြစ်တင်နေလို့မရပါဘူး။ နင်တို့အလုပ်လို့လည်းပြောလို့မရဘူး။ တစ်ဖက်ကပွင့်ပွင့်လင်းလင်း ပြောသလို တစ်ဖက်ကလည်း သိချင်၊ လိုချင်တာတွေပြောပြီး အဖြေ၀ိုင်းရှာမှ သာယာတဲ့တိုင်းပြည်တစ်ခု ဖြစ်ပါလိမ့်မယ်။

           ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တယ်ဆိုတာအပြောလွယ်ပြီး အလုပ်ခက်တဲ့ အရာပါ။ တကယ်တော့ တာဝန်ဆိုတာ အစိုးရဘက်မှာချည်ရှိတာမဟုတ်ဘူး။ ပြည်တွေဘက်မှာလည်းရှိပါတယ်။ တာဝန်ဆိုတာ ဝတ္တရားဆို တဲ့ သဘောတရားတွဲပါလာပါတယ်။ အစိုးရတစ်ရပ်ရဲ့ တာဝန်နဲ့ ၀တ္တရားရယ် ပြည်သူတွေရဲ့ တာဝန်နဲ့ ၀တ္တရားရယ်ပါ။ ပြီးတော့ ရပိုင်ခွင့်အခွင့်အရေးနဲ့ တာဝန်ယူမှုပါ။ အင်္ဂလိပ်လိုတော့ Duty and responsibility နဲ့ right and duty ဆိုပြီးမှတ်သားဘူးပါတယ်။ ဒီသဘောတရာတွေကတွဲနေတာပါ။

တိုင်းပြည်တစ်ခုမှာနေထိုင်တဲ့လူတိုင်းက အဲဒီ့တိုင်းပြည်မှာ လူမှုရေး၊ စီးပွားရေ၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်း ကျင်နဲ့ လူပီသတဲ့ယဉ်ကျေးမှုတွေ ထွန်းကားတိုးတက်စေဖို့တာဝန်ရှိပါတယ်။ လူတိုင်းမှာ အတွေးအခေါ်တွေ မတူနိုင်ဘူးဆိုတာကို လက်ခံရပါမယ်။ အခုအချိန်က မြန်မာပြည်အတွက် အဘက်ဘက် အကျပ်အ တည်းတွေရင်ဆိုင်နေရတဲ့အချိန်ပါ။ မတူညီတဲ့ဘက်တိုင်းမှာ  မတူညီတဲ့အတွေးအခေါ်တွေရှိပါတယ်။ သူရဲကောင်းဆိုတာမတူညီတဲ့စံနှုန်းတွေနဲ့ မတူညီတဲ့ဘက်တိုင်းမှာ ရှိနိုင်ပါတယ်။ တင်းမာသူတွေ ပြော့ပျောင်း သူတွေရှိနိုင်ပါတယ်။ အချောင်နေချင်သူတွေ သာယာစီးတွေကလည်း နေရာတိုင်းမှာရှိနိုင်ပါတယ်။ ဒါတွေ က လောကသဘာဝပါ။
          အခွင့်မသာသေးလို့ နေတယ်အခွင့်သာရင်နှက်လိုက်မယ်ဆိုတဲ့ သဘောထားတွေက အကောင်းဘက်ကိုဦးမတည်စေဘဲ အဆိုးဘက်ကိုဘဲဦးတည်စေပါတယ်။ အချိန်ကာလ၊ အရပ်ဒေသ၊ ကိုယ့်ရဲ့ ပရိတ်သတ်၊ ကိုယ့်ရဲ့ ဥစ္စာဓနတွေနဲ့ ဘယ်လောက်အတိုင်းအတာအထိလုပ်မယ် ဘယ်လိုအကျိုး အမြတ် ရချင်လို့လုပ်တယ် စသည်ဖြင့်အကြောင်းအကျိုးကို ဆင်ခြင်ပြီးမှ အရာရာကိုလုပ်စေ ချင်ပါ တယ်။ နိုင်းနိုင်ချိန်ချိန်သုခမိန်ဆိုတဲ့ ဆိုရိုးစကားအတိုင်း သင့်မသင့်ဆင်ခြင်စဉ်းစားပြီးမှ လုပ်ကိုင်ကြ
မယ်ဆိုရင် အမှားနည်းကြမှာပါ။ မှားသောရှေ့နေ၊ မသေသောဆေးသမားရယ်လို့မရှိပါဘူး။ အသေအချာ အကြောင်းအကျိုး ဆင်ခြင်တွက်ချက်စဉ်းစားပြီးမှ လုပ်တာတောင်မှားနေသေးတယ်ဆိုရင် သိသိခြင်းပြုပြင် လိုက် တာ အကောင်းဆုံးပါပဲ။

         ပြဿနာတစ်ရပ်ရယ်လို့ဖြစ်လာရင် အဲဒီ့တစ်ခုတည်းကို ကွက်မကြည့်ဘဲ ပြဿနာဖြစ်ပေါ်လာတဲ့ ဒါမှမဟုတ် ဖြစ်ပေါ်လာစေတဲ့ အရင်းအမြစ်တစ်ခုလုံးကို ခြုံငုံပြီးစဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။  အကြောင်း ကိစ္စတစ်ခုမှာ အရင်အချိန်တုန်းက ခံစားခဲ့ရတာတွေကို ပြောတော့မယ်ဆိုရင် အရင်တုန်း ကပြောသင့်ပါ တယ်။ ပြောခွင့်မသာတဲ့အချိန်၊ မပြောရဲတဲ့အချိန်မှာမပြောဘဲနေပြီး ဘာမှမဖြစ်ဘူးဆိုတဲ့အချိန်မှ ၀ိုင်းပြီး စုပြောတာမျိုးကိုတော့ စဉ်းစားသင့်ပါတယ်။ အရင်ကလည်းဒီလိုပြဿနာတွေရှိနေတာပါ။ အရင်ကပြဿ နာတွေကို အခုအချိန်မှာဘယ်လိုဖြေရှင်းရမယ်ဆိုတာက ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ ဖြေးရှင်းပေးရတဲ့ သူရော ဖြေရှင်းပေးစေချင်တဲ့သူတွေဘက်ကပါ ပြဿနာကိုကိုင်းတွယ်ချဉ်းကပ်အဖြေရှာတဲ့အလုပ်က အတော်ကြီးကို ခက်ခဲပါတယ်။ ဖြေရှင်ပုံမမှန်ရင် ချဉ်းကပ်ပုံမှန် ရင် ဘေးထွက်ဆိုး ကျိုးတွေဖြစ်သွား တတ်ပါ တယ်။ တိုင်းပြည်တစ်ခုအတွက်တော့ဒီလိပြဿနာတွေကဘာနဲ့တူသလဲဆိုတော့   “ ကမ်းနားမှာ ငုတ်နဲ့ တွဲပြီးကြိုးချဉ်ထားတဲ့လှေကို အရှေ့တက်စေချင်လို့ အတင်းအားစိုက်လှော်နေသလိုပါပဲ။”

         တိုင်းပြည်မှာ ပြဿနာတစ်ရပ်ကိုဖြေရှင်းရတော့မယ်ဆိုရင် အကောင်းဆုံးအဖြေရှာနည်းကတော့ အစိုးရနဲ့ပြည်သူတွေစုပေါင်းပြီး ညီညီညာညာနဲ့အဖြေရှာတာပါ။ မြန်မာပြည်က အခုမှ ပြန်လည် တည်ထောင်ရေး လုပ်နေရတုန်းပါ။ ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီးရှိနေပါသေး တယ်။ ခေတ် အဆက်ဆက်က အုပ်ချုပ်တဲ့အစိုးရတွေ စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့တယ်။ ဒါကြောင့် နေရာတိုင်းမှာ ယိုယွင်း ပျက်စီးနေတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ / ကျွန်မတိုခေတ်ရောက်နေပြီ ဘယ်လိုကောင်းအောင် လုပ်ကြမလဲ စသည်ဖြင့် ၀ိုင်းဝန်းတာဝန်ယူကြမယ်ဆိုရင် အားလုံးဖြစ်ချင်တဲ့ တိုးတက်ပြီးအေးချမ်း သာယာ တဲ့ နိုင်ငံဖြစ်လာမှာမလွဲပါဘူး။ တိုင်းပြည်တိုးတက်စေချင်တယ်။ နိုင်ငံခြား ကရင်နှီမြှပ်နှံမှုတွေ လာစေ ချင်တယ်။ ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံသားလို့မော်ကြွားချင်တယ်ဆိုရင်တော့ အခုအချိန်မှာကျွန်တော် တို့လိုချင်တာကို လွှတ်တော် မှာတောင်းကြမယ်။ မရဘူးလား။ အကန့်အသတ်နဲ့ ဆန္ဒထုတ်ဖော် မယ်။ နောက် အရေးကြီးဆုံးကတော့ လုပ်ယူကြရပါမယ်။ လုပ်ယူကြမယ်ဆိုတာက အစိုးရနဲ့ပြည် သူပူးပေါင်းပြီး လိုချင်တာကို လုပ်ယူကြတာကို ဆိုလိုပါတယ်။ ဂျပန်မှာဆူနာမီဖြစ်တုန်းက နယူကလီးယား ဓာတ်ပေါင်း ဖိုတွေ ပေါက်ကွဲမယ့်အရေးကို အစိုးရနဲ့ပြည်သူပူးပေါင်းပြီးကာကွယ်ကြသလိုပါ။

          အားလုံးသိပြီးသားတွေဖြစ်ပေမယ့် မိတ်ဆွေတွေကိုပြောချင်တာလေးတွေရှိပါသေးတယ်။     
ရောမမြို့ကြီးကို တစ်ရက်ထဲတည်ဆောက်ခဲ့ကြတာမဟုတ်ဘူး ဆိုတဲ့စကားပုံကိုပါ။ နောက်ပြီး ငယ်ငယ်တုန်း ကသင်ခဲ့ရတဲ့ကဗျာလေးကို ပြန်ပြီး သတိရစေချင်ပါတယ်။
“လှည်းဘီနွံထဲကျွံနေသည်
ဝိုင်းကူ၍တွန်းပေးကြပါ
တစ်ယောက်အားဖြင့်မရနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်။”
        တကယ်တော့ ကျွန်တော်တို့တိုင်းပြည်ကအခုမှအသက်ရှုချောင်ဖို့အစပျိုးခါစရှိပါသေးတယ်။ အနာဂတ်မှာဘာဖြစ်မယ်၊ ဘယ်လိုပုံပေါ်မယ်ဆိုတာက ကျွန်တော်တို့ပြည်သူပြည်သားတွေနဲ့ အစိုးရရဲ့ ထုဆစ်မှု ကအရေးပါလွန်းလှပါတယ်။ လှပတဲ့တိုင်းပြည်၊ အေးချမ်းသာယာတဲ့တိုင်းပြည် ၊ တိုးတက် တဲ့တိုင်းပြည် အဖြစ် ကျွန်တော်တို့ ထုဆစ်မိဖို့ကအရေးကြီးပါတယ်။ ဒါကလည်းတိုင်းပြည် မှာရှိတဲ့ ပြည် သူပြည် သားတွေရဲ့ တွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတို့က အဓိကအဆုံးအဖြတ်ပေးပါလိမ့်မယ်။

အုပ်ချုပ်သူအစိုးရနဲ့တကွ ပြည်သူပြည်သားအားလုံးအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းသာ ယာကြပါစေ။

No comments: