Monday, April 23, 2012
ကြေကွဲပဲ့တင်
by Myanmar Thit on Monday, 23 April 2012 at 06:50 ·
     ထောင်ထဲရှိနေတဲ့၂၀၀၀ခုနှစ်ဆောင်းတစ်မနက်မှာရေးဖြစ်တာပါ။အဲဒီမနက်ကနှင်းတွေတအားကျ
လို့ထောင်ဖွင့်နောက်ကျပါတယ်။
တိုက်ခန်းထဲကအားလုံးထောင်ဖွင့်သံချောင်းသံကိုစောင့်နေကြချိန်မှာကျနော့်မျက်နှာချင်းဆိုင်တိုက်ခန်းထဲ
ကရဲဘော်တစ်ယောက်ကခင်ဝမ်းရဲ့ပြည်မှာဆောင်းသီချင်းကိုတိုးတိုးလေးညည်းနေပါတယ်။ သူညည်းနေတဲ့သီချင်းသံကိုနားထောင်ရင်းစိတ်အာရုံမှာစကားလုံးတွေထင်လာပါတယ်။
ဒါနဲ့ဒီအရေးအသားတွေကိုချရေးဖြစ်သွားပါတယ်။၂၀၀၅အတွင်းထုတ်တဲ့ရနံ့သစ်မဂ္ဂ္ဒဇင်းတစ်အုပ်မှာဖော်ပြခဲ့
ပါတယ်။ကျနော့်မှာစာအုပ်လက်ခံမရှိတော့လို့အတိအကျမဖော်ပြနိုင်ပါ။အခုစာစုကို ထောင်တွင်းအနုပညာပြ ပွဲအတွက်ပေးဖို့စာရွက်စာတမ်းဟောင်းတွေပြန်ရှာရင်းပြန်တွေ့တဲ့ထောင်တွင်းတုန်းကရေးခဲ့တဲ့စာရွက် အကြမ်းတွေထဲကတဆင့်ပြန်ကူးထားတာပါ။လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကအရေးအသားတွေပဲဖြစ်ပါတယ်။ 
   ကြေကွဲပဲ့တင်
မနေ့တွေလိုပါပဲ၊သိပ်သိပ်သည်းသည်း
နှင်းတွေ။  
အဲဒီတိတ်ဆိတ်မှုထဲ ကျွန်တော်စိတ်လိုလက်ရငေးနေမိပေါ့၊အပြာမှိုင်းမှိုင်း၊ရေစက်တွေနဲ့စေးထန်းနေတဲ့ပြတင်းမှန်တွေ၊
အခန်းလေးထဲတွင်ပန်းချီကားတစ်ချပ်မျှချိတ်ဆွဲမထားပါ၊ လိင်ဆွဲဆောင်မှုအားကောင်းသော ပေါင်တံလှလှများလည်းမရှိပါ။ထို့ကြောင့်ပင် အခန်းလေးသည် ပန်းချီကား တစ်ချပ်ဖြစ်နေပြီးလိင်ဆွဲဆောင်မှုအားကောင်းသော ပေါင်တံတစ်ချောင်းဖြစ်နေပါသည်။
အခန်းရှေ့မှာတော့ နှင်းတွေ့ ၊အသံမမြည်အောင် လောင်ကျွမ်းလို့၊ကျွန်တော်စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ကော်ဖီတစ်ခွက် လှမ်းမှာလိုက်သည့်အချိန်မှာပင် ““ဘယ်နှနာရီရှိပြီလဲ”” ဟူသော မေးမြန်း သံပေါ်ထွက်လာပါသည်။လူသားများ သိမှတ်ပိုင်းထစ်ထားသော အချိန်ကာလဟူသည့် အနွတ်္ထသညာပြု ထားခြင်းအပေါ် တစုံတရာစိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် တဖွဲဖွဲသက်ဆင်းနေသော နှင်း များကိုသာ ငေးမောနေ မိပါသည်။
    ဒေသစံတော်ချိန့့်  ၆ နာရီတိတိ။
    ကျွန်တော့်အတွက်ကော်ဖီရောက်မလာသေး၊ယနေ့ထုတ်သတင်းစာများတွင်ကျွန်တော့်နာရေးသတင်းကို ကျွန်တော်မဖတ်ရသေး၊နှင်းတွေ့ ၊ခုလိုအချိန်မျိုး မှာ ခင်ဝမ်းရဲ့ “ပြည်မှာဆောင်း” သီချင်းကိုနားထောင်ရရင်ကောင်းမလား၊ဒါမှမဟုတ် “နှင်း”ဆိုလည်းကောင်းတာပဲ၊ ကက်ဆက် ခလုပ်ကိုနှိပ် လိုက်တော့ လူမှုဗေဒရဲ့ကွေ့ကွေ့ကောက်ကောက်မျဉ်းတွေထွက်ကျလာ၊ဒါနဲ့ခလုပ်ကို အမြန်ပြန်ပိတ်လိုက်ရ၊ ဒီအချိန်ဆို ပါရီမြို့ကြီးမှာ ကောနှင်းတွေဝေနေပြီလား၊ ယခုကျွန်တော်မြင်တွေ့နေသည်မှာ ကာဆင်းဘာ့ဂ် ၏နှင်း များမဟုတ်ကြောင်းကိုတော့ကျွန်တော်အာမခံနိုင်ပါသည်။မီးကိုစတင် တွေ့ရှိခဲ့ခြင်းသည် လူ့ယဉ်ကျေး မှု ကိုတစ်ဆစ်ချိုးပြောင်းလဲသွားစေသည်ဟု စာအုပ်တစ်အုပ်ထဲတွင်ဖတ်ခဲ့ဖူးပါသည်။ကောင်မလေး ကို ကျွန်တော်စတင်တွေ့ရှိခဲ့တာကတော့ ခုလို နှင်းတွေပိတ်သည်းနေတဲ့မနက်ခင်းလေးမှာ၊ သို့သော်ထိုမနက် ကကောင်မလေး၏အညိုရောင်ဆံပင်တွေမှာခုလိုနှင်းတွေစွတ်စိုမနေခဲ့၊ ကျွန်တော့်သက်ပြင်းတွေဟာလည်းခုလိုအေးခဲမနေခဲ့၊နေ့တွေညတွေက ကျွန်တော်တို့နှစ်ယောက်ကြားမှာတဖွဲဖွဲကြွေလို့၊
အဲဒီမနက်ကကောင်မလေးကိုကျွန်တော်တခုခုပြောဖို့ကြိုးစားနေမိတယ်၊
ကျွန်တော့်နှုတ်ခမ်းတွေ ပူနွေးတုန်ရင်လို့၊ ကျွန်တော်ဘာပြောလိုက်ရမလဲ၊အချိန်တွေ တရွေ့ရွေ့ဖြတ်သန်း ၊နှင်းတွေ ပိုလို့ ပိုလို့သိပ်သည်းလာ၊
ကျွန်တော်ပြောလိုက်တော့မယ်၊တစ်ခုခု၊
    ဒါ
    နားထောင်ကောင်းရုံသက်သက်
    မဟုတ်ခဲ့တာ သေချာ၊
    ဒါ
    ရူးသွပ်တဲ့တေးသွား
    တစ်ဘ၀စာ ဖျားနာခဲ့ရသူတစ်ယောက်ရဲ့
    ကြေကွဲမှုဖြောင့်ချက်
    ဖြစ်တယ်၊
    ကျွန်တော့်စကားသံမဆုံးခင်မှာပဲ ကောင်မလေးက ရယ်တယ်၊တိုးတိုးဖွဖွ၊ကောင်မလေးရဲ့ရယ်သံမှာ ကျွန်တော့်အတွက်လှောင်ပြောင်မှုတွေဘယ်နှစ်ကီလိုလောက်ပါနေမလဲ၊အဲဒီရယ်သံမဆုံးခင်လေးမှာပဲ
 ကောင်မလေးရဲ့အဝေးကိုကျွန်တော်ရောက်သွားခဲ့ရပေါ့။
    ကျွန်တော့်ရင်ဝတွင် နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသည်မှာ ချွန်မြအေး စက်နေသော ခေတ် ကြီးတစ်ခေတ်ပင်ဖြစ်သည်။အနုပညာ ကိုယ်ခံအား တရိပ်ရိပ်ကျဆင်းနေသော မြို့ကလေးကတော့ အစာဝထားတဲ့တောကောင်တစ်ကောင်လိုငြိမ်ချက်သားကောင်းနေဆဲ၊ ကျွန်တော့်စိတ်ကူး များအ တွက် နှစ်တွေ မလောက်ငခဲ့တာကြာပြီ၊ကျွန်တော်တစ်ဦးတည်းသာ သိရှိနားလည်ထားသောအိပ်မက် များ၏ ဈာပနအခမ်းအနားသို့ မည်သူမျှပန်းတစ်ခြင်းမပို့လိုက်ပါ။ကျွန်တော့် အတွက်ကော်ဖီရောက်မလာသေး၊ ကျွန်တော် စီးကရက်တစ်လိပ်ကိုမီးညှိလိုက်စဉ် အခန်းထဲတွင်တားမြစ်စာတမ်းများချိတ်ဆွဲမထားခြင်းအတွက် စိတ်သက်သာ ရာရမိသည်၊ကန့်သတ်ချက်များ မျက်နှာခဏလွှဲပေးထားပါ၊ ကျွန်တော်လွတ်လွတ်လပ် လပ် စီးဆင်းပါရစေ၊ ကျွန်တော့်ကိုအိပ်မက်ထည့်မက်လေ့ မရှိသော  အမှန်တရားကတော့နှင်းမှုန်တွေကြား ထဲမှာ ဝေးလံမှုန်ဝါးနေဆဲလား၊တကယ်ပါ့ ကျွန်တော်က ဒုက်္ကတွေကိုသာ မြိန်ယှက်နေချင်တဲ့ကောင်လေ၊
    လွမ်းဖွယ်မနက်ခင်းလေး၊နာကျင်မှုတွေနဲ့လေးလံလို့၊ဒေသစံတော်ချိန် ၆ နာရီ ၊နှင်းတွေ တဖွဲဖွဲ၊ ကျွန်တော်ကြေကွဲပေါ့မေမေ၊ မှိုင်းပြာပြာ အခိုးအငွေ့တွေက ပြတင်းမှန်မှာဝေ့လူးလို့၊ ဟဲမင်းဝေးဟာ သူ့ရဲ့နောက်ဆုံးအိပ်ရာအဖြစ်အ၀ါရောင်ပြောင်းခင်းကို ဘာဖြစ်လို့ရွေးချယ်သွားပါလိမ့်၊ အဘိုးကြီး စန်တီယာ ဂိုရဲ့လက်ထဲကငါးအရိုးစုကြီးကြောင့်များလား၊လောကတွင်သေခြင်းတရားကပိုင်ဆိုင်ခြင်းကိုခံရ သူနှင့်သေခြင်း တရား ကိုပိုင်ဆိုင်သူဟူ၍ နှစ်မျိုးသာရှိကြောင်းမယုံကြည်ကြသူများထံသို့ ဗန်ဂိုး၏နားရွက် တစ်ဖက် ပို့လိုက်ပါမည်။ဒီလိုပါပဲ့ ဟောဒီ ဒွန်္တယာကြီးမှာ၊ကျွန်တော့်ကို တဖွဲဖွဲထိမှန်နေသည်မှာ ဝေးလံသော အရပ်ဆီမှအရှိန်ပြင်းစွာလွင့်မျောလာသော ချစ်သူ၏အနမ်းများမဟုတ်ခဲ့သည်ကို ယခုဝါကျဆုံးလျှင်သတိရ ပါမည်။ဟန်ဆောင်ခြင်း ကိုရွံမုန်းတတ်ကြသော်လည်း ရုပ်ရှင်တစ်ကားကိုတော့နှစ်နှစ်ခြိုက်ခြိုက်ကြည့် တတ်ကြသည်၊ထို့ကြောင့်ပင် ကျွန်တော့်နှစ်များသည် လွယ်ကူစွာ အေးခဲခဲ့ရခြင်းဖြစ်ပေလိမ့်မည်။
    ““ကဗျာဆရာ လုပ်တယ့့် ဟုတ်လား””
    (လူမမာသတင်းလာမေးသလို အဲဒီမျက်နှာပေးမျိုးတွေကို အမုန်းဆုံးပဲ)
    ““ပျော်ရွှင်မှုဆိုတာ ၀ယ်လို့ရတယ့့် မင်းမှာလုံလောက်တဲ့ငွေကြေးရှိရင်ပေါ့””
    (အခန်းထဲတွင် တစ်ချိန်လုံးရှပ်တိုက်နေသော ထိုငွေစက်္ကူတစ်ချပ်ကို မနေ့ကပင်ကျွန်တော်စုတ်ဖြဲခဲ့ပြီးပြီ)
    ““တံခါးတွေ ပိတ်မထားပါနဲ့ ကျွန်တော်တို့ကျန်းမာရေးအတွက် လေကောင်းလေသန့်ရှူဖို့လိုတယ်””
    (မှတ်ချက်ရေးမထား)
    ကျွန်တော်မီးညှိလိုက်သော စီးကရက်ထဲတွင် လေးလံညွှတ်ကွေးသောအတွေးများက အတောင်တဖျပ်ဖျပ်ခတ်လျက်။လူတွေဟာ သန့်သန့်စင်စင် မရယ်တတ်ကြဘူးနော်၊ကိုယ်တော်တာလူသိဖို့ အကုသိုလ်အမှုကိုကျူးလွန်တဲ့နေရာမှာ အာသွက်လျှာသွက်ရှိလွန်းလှ တယ်၊ကြက်တူရွေးတစ်ကောင် ကတော့ သူ့အသံသူသွင်းထားတဲ့ကက်ဆက်ခွေကိုခေါင်းတင်ရင်း အိပ်ငိုက်နေလေရဲ့၊ကမ်္ဘာကြီးဟာ သူ့နှလုံး သားသူပြန်ပွတ်သပ်ဖို့ အချိန်မရသေးဘူး၊ အဲဒါပဲ၊ ကျွန်တော်ပြောနေရတာ၊အင်္ဂါဂြိုဟ်ပေါ်သွားဖို့လိုသလို ကိုယ့်ရဲ့အစစ်အမှန်အတွင်းသားဆီကိုယ်အရောက်သွားဖို့ကော မလိုအပ်ဘူးလား၊ အနုပညာ အကြောင်း မဆွေးနွေးမီ ရိုးသားမှုအကြောင်းအရင်ဆွေးနွေးကြလျှင်ကောင်းပါလိမ့်မည်၊
    အမှန်တရားသေပြီ၊
    ဘုရားသခင်သေပြီ၊
    သို့သော် နစ်ရှေးမသေသေးပါ၊ဆော့ခရတ်္တိမသေသေးပါ၊ အာသာရင်းဘိုးမသေသေးပါ၊ ဂျွန်လင်နွန် မသေသေးပါ၊မြို့မငြိမ်းမသေသေးပါ၊ ထိုအရာသည်ပင် ကျွန်တော့်သွေးကြောထဲတွင် တ၀ီဝီပျံသန်းနေသော သီချင်းတစ်ပုဒ်ဖြစ်နေလေ၏။ သင်တို့အလွယ် တကူခူးဆွတ်နိုင်ရန်ကျွန်တော့်ရူးသွပ်မှုများ ကို ဤနေရာ တွင်စိုက်ပျိုးထားလိုက်ပါသည်။နှင်းတွေ သိပ်သိပ်သည်းသည်းကျနေပေါ့၊ကောင်မလေးက အညိုရောင်ဆံပင် တိုတိုလေးတွေဝေ့ဖွာသွားအောင်ယမ်းခါလိုက်တယ်၊ကြောက်မက်ဖွယ်တစ်ခုကိုတွေ့လိုက်ရသလို ကျွန်တော့်နှလုံး သားဟာဆွံ့အသွားပေါ့၊မနေ့ညက ကျွန်တော်ဖတ်ခဲ့သည်မှာ ရှယ်လီ၏ “ဝေးကွာခြင်းက တို့အတွင်းမှာ”ကဗျာမဟုတ်ခဲ့ပါ၊အူသံတွေကိုနားထောင်ဖို့ ကျွန်တော့်ဘ၀တစ်ခြမ်းလုံးပေးထားရတယ်၊ ကျွန်တော့်ကို တမြေ့မြေ့ပဲ့ကြွေနေ စေသည်မှာ တလက်လက်လင်းနေသော အညိုရောင် မျက်ဝန်းတစ် စုံသာဖြစ်ပါသည်။
    မိုက်မဲမှုဟု အမည်ပေးထားသော ပန်းချီကားကို ကျွန်တော်အဆုံးသတ်လိုက်ပါပြီ၊ ယဉ်ကျေးပျူ ငှာသောလှောင်ရယ်သံများ ကျွန်တော့်နားထဲတွင် ပဲ့တင်နေဆဲ၊ဆင်ခြင်တုံတရားဖြင့်မသိနိုင်သော အမှန် တရား/ အရှိတရားများကို ပြင်းထန်သောခံစားချက်ဝေဒနာဖြင့်သာသိနိုင်သည်ဟု ယန်းပေါဆတ် က ပြောခဲ့သည်၊နှလုံးသား၏နက်ရှိုင်းမှုဆီမှလျှံထွက်လာသောအသံများအတွက် ကျွန်တော့်မှစကားလုံးရှာမ ရသေး၊ လွဲချော်မှုများသည် အခန်းထဲတွင် ပို၍ စနစ်ကျစွာ  ပျံသန်းနေကြ၏။နှင်းတွေတဖွဲဖွဲ၊မျှော် လင့်ခြင်း များတငွေ့ငွေ့ခမ်းခြောက်လာနေသော မေမေ့ရဲ့မျက်ဝန်းတွေမှာ ခုလိုနှင်းတွေဝေမနေပါစေနှင့်၊မနက် ၆ နာရီ၊
    ကိုယ့်ကိုယ်ကို လွှင့်တင်ရာမှာ မအောင်မြင်ခဲ့တဲ့ မနက်ခင်းလေးပါပဲ၊
    အရာရာတိုင်းသည် ဖြစ်မြဲအတိုင်းပင် ကျွန်တော့်ထံသို့ လွဲမှားစွာပေါက်ရောက်ခဲ့ပါသည်၊   ကျွန်တော်နှင့်ကမ်္ဘာကြီးကြားတွင် နှင်းတွေသိပ်သိပ်သည်းသည်းကျလို့၊ယနေ့ထုတ်သတင်းစာတွင်ကျွန်တော့်
နာရေးသတင်းကို ကျွန်တော် မဖတ်ရ သေးသည့်အတွက် စီးကရက်တစ်လိပ်ကိုမီးညှိလိုက်သည့် အခိုက်မှာ ပင် အခုရောက်နေတာဘယ်နေရာမှာလဲဟူသော မေးမြန်းသံထွက်ပေါ်လာပါသည်။
    ဒေသစံတော်ချိန် ၆ နာရီတိတိ၊
    ကျွန်တော့်အတွက် ကော်ဖီမရောက်သေး၊
    နှင်းတွေ၊
                                                       (၂၀၀၀)
Myanmar Thit မှကူးယူဖော်ပြသည်။
No comments: