Tuesday, April 24, 2012

ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ (၂)

 ကျော်စွာဝင်းမောင်

by ကိုဝိုင် ဝိုင်ကေ on Tuesday, 24 April 2012 at 16:00 ·
ကျွန်တော် ကြုံတွေ့ခဲ့ရသော မြောက်ပိုင်း အေဘီ ။ (၂)

အဲဒီနေ့က ၁၂-၂-၉၂  နေ့ ။ မှတ်မှတ်ရရ အသတ်ခံရတာ(၁၅)ယောက်၊ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)ဥက္ကဌ ကိုထွန်းအောင်ကျော် ၊ တပ်မှူးကြီးသာဓု ၊ ဒေါ်ချိုချိုကျော်ငြိမ်းရဲ့ သား မောင်မောင်ကြွယ်တို့လည်း အဲဒီ အထဲ ပါတယ်။ ( အဲ ထူးထူးခြားခြား မောင်မောင်ကြွယ် က  အသတ်မခံရခင် မှာ နာနာကြည်းကြည်း နဲ့ အော်ဟစ် ရယ်မောပြီး အသတ်ခံသွားခဲ့တယ်)။ သတ်တဲ့လူတွေတောင် အမူးပြေသွားတဲ့ အထိ  ညဘက်တွေမှာ အဲဒီရယ်သံကြီး ပြန်ပြန်ကြားနေရတယ် ဆိုပြီး သွေးပျက်နေခဲ့ကြသေးတယ်။ တောင်းပန်လို့ မရတဲ့ မိန်းမပျိုလေးက “ အားလုံးကို ကန်တော့ခဲ့ပါတယ်.. ဘဝဆက်တိုင်း ဒီအဖြစ်ဆိုးမှ ကင်းလွတ်ရပါလို၏ ဘုရား” ဆိုပြီး အသတ်ခံသွားခဲ့တယ်...။


အဲဒီ လူသတ် သဘင်ပွဲကြီးကို ဦးဆောင်ခဲ့တာ ဘယ်သူလဲ သိလား...။
 အဲဒီအချိန်က ABSDF မြောက်ပိုင်း ဥက္ကဌ အောင်နိုင်(ရော်နယ်အောင်နိုင်) ဒုဥက္ကဌ သံချောင်း ၊ အတွင်းရေးမှူး မျိုးဝင်း ၊ (၇၀၁)တပ်ရင်းမှူး အောင်သန်း၊ (၇၀၂) တပ်ရင်းမှူး အောင်ဆွေဦး နဲ့  သင်တန်းမှူးဟောင်း လဆိုင်း(ဒူဝါ လို့ခေါ်ကြတယ်) တို့ပဲ...။

ရော်နယ်အောင်နိုင် ဆိုတာ အခု နယ်စပ်မှာသတင်းထောက်ယောင်ယောင် ဘာယောင်ယောင်နဲ့ လေလှိုင်းထဲမှာ ဒီကောင့် အသံ ခဏ ခဏ ကြားနေရတဲ့သူ ။ အဲဒီကောင် အကြောင်းကို ငါ့အရှေ့မှာ ချီးမွန်းခန်း လာထုတ်တော့ ငါလည်း ယမ်းပုံမီးကျ ပေါက်ကွဲတော့တာပဲဘဲ။ မင်းတို့ ထောင်ထွက် အချို့က အဲဒီအကောင်ကို ဟီးရိုး တံဆိပ် တပ်ပေးချင်ကြတယ်။ အဲဒီအကောင်ဟာ သူခိုး လူလိမ် ကလိန်ကကျစ် လူသတ်သမား သူတောင်းစား ။ နေရာရဖို့  လုပ်ဖော်ကိုင်ဖက် တွေ မိတ်ဆွေဟောင်းတွေ ကို သတ်မိန့် လက်မှတ်ထိုးပေးတဲ့ကောင် ...။ အဲတာကြောင့်  ငါ ဒီဆောင်းပါးကို ရေးဖြစ်ခဲ့တာ။

ရော်နယ်အောင်နိုင်လို့ခေါ်တဲ့ အောင်နိုင်ဟာ မြေပေါ်မှာတုန်းက မန်းဆေးတက္ကသိုလ်ကျောင်းသား ၊ အနကလ လို့ခေါ်တဲ့ မန္တလေး အခြေစိုက်ပါတီ ရဲ့ ဥက္ကဌ ၊ (ဒုဥက္ကဌက သူတောထဲမှာ သတ်ပစ်ဖို့ ကြိုးစားပေမယ့် လွတ်မြောက်သွားတဲ့ ABSDF နိုင်ငံရေးနှင့် စည်းရုံးရေး တာဝန်ခံ ကိုစိုးလင်း(စက်မှုတက္ကသိုလ်)ပဲ)(လုပ်ဖော်ကိုင်ဖက်တွေ)...ကဲ...စဉ်းစားကြည့်တော့ မြေပေါ်မှာအတူတူ လုပ်ခဲ့သူ(ကိုစိုးလင်း) ကို အစိုးရ ထောက်လှမ်းရေး ဆိုပြီး  မျိုးဝင်း သံချောင်းတို့နဲ့ပေါင်းပြီး သတ်ဖို့ ကြံစည်တယ်။ အဲဒီအချိန်မှာ ကိုစိုးလင်းက တာဝန် နဲ့ တောင်ပိုင်းဗဟိုဌာနချုပ်ကို ရောက်နေတယ်။ကချင်ပြည်နယ်မှာ မရှိဘူး။ အဲဒီအချိန် ဗဟိုမှာ မိုးသီးဇွန် နဲ့ နိုင်အောင် အေဘီ နှစ်ခြမ်းကွဲ နေတဲ့ အချိန် ။ နိုင်အောင် ဆီကို အောင်နိုင် က လှမ်း အကြောင်းကြားတယ်... စိုးလင်းဟာ အစိုးရ ထောက်လှမ်းရေးပါ..လိုအပ်သလို စစ်ဆေးထားလိုက်ပါ... သူနဲ့ အနွယ်တွေကို ဒီမှာ ဖမ်းမိထားပြီ တဲ့ ။ မိုးသီးဇွန်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့နိုင်အောင်က ဒီအခွင့်အရေးကို အသုံးချခဲ့တယ်။ ကိုစိုလင်းကို ရိုက်တာ နှိပ်စက်တာ  နည်းအမျိုးမျိုးနဲ့ စစ်ဆေးတယ်။

အောင်နိုင်ပြောတဲ့ ကိုစိုးလင်းရဲ့ အဆက်အသွယ် ထောက်လှမ်းရေးဆိုတဲ့ လူတွေဟာ အဲဒီအချိန်က ABSDF (မြောက်ပိုင်း)ရဲ့ ဥက္ကဌ ကိုထွန်းအောင်ကျော် (အထက်ဗမာပြည် ဗကသ ဥက္ကဌ ဟောင်း) အပါအဝင် အောင်နိုင်နဲ့ အတူတူ မြေပေါ်မှာတုန်းက သူ ဥက္ကဌ လုပ်တဲ့ ပါတီက ပါတီဝင်တွေ ၊ မန္တလေးမှာရှိတဲ့ သမဂ္ဂမျိုးစုံက အမှုဆောင်တွေ ၊ သူကိုယ်တိုင် စည်းရုံးခေါ်ဆောင်လာတဲ့ သူတွေလည်း အများကြီးပဲ။

ဆက်လက်ရေးပါဦးမည်။

ကျော်စွာဝင်းမောင်
၁၄-၆-၀၇

No comments: