Monday, April 23, 2012

ပြည်သူတွေ ဆက်စောင့်ကြည့်ရဦးမဲ့ ကိစ္စပါ

by Shwe Myitmakha Media Group on Monday, 23 April 2012 at 06:52 ·
မေသင်္ကြန်ဟိန်(မြစ်မခ)

ကြားဖြတ်ရွေးကောက်ပွဲအပြီး  ပြည်သူလူထုစိတ်ဝင်စားမှု အရှိဆုံးသတင်းလို့ပြောရရင်  ဧပြီလ ၂၃ ရက်နေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ လှယ်လွှတ်တော်တက်ခြင်း မ တက်ခြင်း ကိစ္စရပ်လို့ ပြောရမှာပါ။

သင်္ကြန်မတိုင်ခင်ရက်တွေကတည်းက ပြည်သူတွေ စောင့်နားထောင်နေခဲ့ကြတဲ့ သတင်းလည်းဖြစ်ပါတယ်။
သင်္ကြန်ပြီးကာလမှာလည်း ပြည်သူတွေက ဒီသတင်းကိုပဲ ဆက်နားထောင်ခဲ့ကြပါတယ်။

ဧပြီလ ၂၀ ရက်နေ့ အန်အယ်ဒီအဖွဲ့ချုပ်ရုံးက သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ပြည်သူတွေရဲ့ အသံတွေ ပိုပြီးကျယ်ကျယ်လောင်လောင် ထွက်လာကြတာ တွေ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲပြီးလို့မှ မကြာခင် ကျမဆီကိုလည်း ဖုန်းတွေ ၀င်လာပါတယ်။ အန်အယ်ဒီက ၂၃ ရက်နေ့ လွှတ်တော် မတက်ဖြစ်ဘူးဆို ဆိုတဲ့အမေးစကားတွေနဲ့ ၀င်လာခဲ့ပါတယ်။ အန်အယ်ဒီက ၂၃ ရက်နေ့ လွှတ်တော်မတက်ဖြစ်ဖို့ကရာခိုင်နှုန်းတော်တော်များတယ်လို့ ဦးဥာဏ်ဝင်းက ပြောခဲ့ကြောင်း ကျမတို့ပြန်ရှင်းပြရပါတယ်။

ကျမတို့ သတင်းမီဒီယာတွေက ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရသူတွေ ၊ သာမန်ပြည် သူတွေ လည်း ဖြစ်ကြတော့ ပြည်သူတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်မိပါတယ်။

`ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ရောက်စေချင်လို့မဲထည့်ခဲ့တာပါ၊ လွှတ်တော် ထဲ ရောက်ပြီးတိုင်းပြည်အတွက်အလုပ်လုပ်စေချင် တာပါ၊ လွှတ်တော်ထဲ အရင်ရောက်အောင် သွားသင့် ပါ တယ်၊ပြီးမှ အခြေခံဥပဒေပြင်ဆင်တာတွေ ဘာတွေ ဆက်လုပ်သင့်တယ်၊ အဲဒါကို အန်အယ်ဒီရုံးကို အကြံပြုစာပေးလို့မရဘူးလား`လို့ မရမ်းကုန်းမြို့နယ်ထဲက အိမ်ရှင်မတယောက်ကဖုန်းဆက်ပြီး မေးပါတယ်။

 နောက်တဦးကတော့ ကော့မှူးမြို့ပေါ်ကပါ၊ သူကတော့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် အတွက် ကောင်းအောင် လုပ်မယ်ဆိုတာ ယုံကြည်ကြောင်း ခုလို ပြောပြီးမေးလာပါတယ်။

`ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တဲ့ အတွက် ယုံကြည်ပါတယ်၊ ကျနော်တို့ တိုင်း ပြည်ကောင်းစားအောင်လည်း လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်၊ တိုင်းပြည်ကောင်း စားအောင် လွှတ်တော် မတက်ဘဲနဲ့ လုပ်လို့ရသလား`လို့  သူကမေးပါတယ်။

နောက် မင်္ဂလာတောင်ညွှန့်မှာ နေတဲ့ ကျမနဲ့ဆွေမျိုးတော်စပ်သူ တဦးကလည်း ဖုန်းဆက်ပြီး ပြောပါတယ်။ သူတို့အနေနဲ့ အန်အယ်ဒီကို လွှတ်တော်တက်စေချင်တယ်၊ ဒါဟာ သူတို့ရဲ့ ဆန္ဒနဲ့ သဘောထားပဲ ဒါကို ပြောပေးပါလို့ပြောလာပါတယ်။

နောက်တဦးကလည်း၂၀၁၀ခုနှစ်တုန်းကမဲမပေးခဲ့ကြောင်း၊ခုလည်းဆွေမျိုးတော်စပ်သူ ပြည်ခိုင်ဖြိုးကိုယ်စား
လှယ်ရဲ့မျက်နှာကိုတောင်မကြည့်ဘဲ အန်အယ်ဒီကို မဲပေးခဲ့ကြောင်း၊ အန်အယ်ဒီကသာလွှတ်တော်ထဲ မ၀င်ခဲ့ရင် သူတို့ပေးခဲ့တဲ့မဲတွေ အလကားဖြစ်ကုန်ကြောင်းပြောဆိုလာပါတယ်။

ဧပြီလ ၂၃ ရက်နေ့ အန်အယ်ဒီလွှတ်တော်တက်ခြင်း မတက်ခြင်းကိစ္စကို ပြည်သူတွေခုလို စိတ်ဝင်စားမှု ရှိကြတာဟာ ပြည်သူတွေ နိုင်ငံရေးကို စိတ်ဝင်စားမှုရှိတာကို ပြသလိုက်တယ်လို့မြင်မိပါတယ်။ ဒါ့အပြင် ခုလို ကျမတို့လိုသတင်းမီဒီယာတွေဆီကို ဖုန်းဆက်ပြီး နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဆွေးနွေးပြီး ကိုယ့်ဆန္ဒကို ဖော်ပြချင်တာကိုလည်းဝမ်းမြောက်ဝမ်းသာ ကြိုဆိုမိပါတယ်။

ပြည်သူလူထုဟာ နှစ်ပေါင်း များစွာ ဒီမိုကရေစီသဘောတရားတွေနဲ့ကင်းဝေးနေခဲ့ပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားမှုရှိဆဲ၊ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒရှိနေတယ် လို့ ကျမတော့မြင်မိ ပါတယ်။ပြည် သူလူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်တိုက်အားတိုက် ဆန္ဒမဲပေးခဲ့ကြပါတယ်။ သူတို့ရည်ရွယ်ချက်ကဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲရောက်ပြီး တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်စေချင်တာပါ။

အန်အယ်ဒီပါတီကလည်း ရွေးကောက်ပွဲကြေငြာစာတမ်းမှာ အချက်၃ ချက်
(၁။  တရားဥပဒေစိုးမိုးရေး၊
၂ ။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့
၃၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ) စတဲ့ ရည်ရွယ်ချက် ၃ ချက်နဲ့ရွေးကောက်ပွဲ ၀င်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စာမျက်နှာ ၄၆၊ ပုဒ်မ ၁၂၅ အရ (က)မှာပထအကြိမ်ကျင်းပသော ပြည်သူ့လွှတ်တော်ပုံမှန်အစည်းဝေးတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်သဘာပတိရှေ့မှော
က်ဇယား၎ တွင် ဖော်ပြထားသည့်အတိုင်း ကတိသစ္စာပြုရမည်။

(ခ) ကတိသစ္စာမပြုရသေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် စတင်တက်ရောက်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်ကတိသစ္စာပြုရမည်။ လို့ ဖော်ပြထားတဲ့အတွက်လွှတ်တော်တက်မဲ့ကိုယ်စားလှယ်တွေအနေနဲ့ကတိသစ္စာပြုရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရရှိပြီး ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်တက်ရန်ကိစ္စမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ စာမျက်နှာ၁၉၂၊ ဇယား ၄ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာ ဆိုချက် ပုံစံ(ပုဒ်မ ၁၂၅ ကိုရည်ညွှန်းသည်) ကျွန်ုပ်သည်------ သည် ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်/တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။
………………………………………………………………………………
…………………………………………..

ဆိုတဲ့ အဆိုပါ ကျမ်းသစ္စာ ပါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ စကားလုံးကြောင့် ဧပြီ ၂၃ ရက်နေ့လွှတ်တော်ကို မတက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အန်အယ်ဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ချက်နဲ့ရွေးကောက်ပွဲ ၀င်ခဲ့တာမို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်…ဆိုခြင်းကိုလက်မခံနိုင်ခြင်းလို့ မြင်မိပါတယ်။

အန်အယ်ဒီအနေနဲ့လွှတ်တော်ထဲ မရောက်ခင်ကတည်းက လွှတ်တော်အပြင်ကနေ အခြေခံဥပဒေကို ပြင်ဆင်နေသလားလို့လည်း စဉ်းစားမိပါတယ်။ နောက်တချက်က အခြေခံဥပဒေစာအုပ်မှာ ဒီကျမ်းသစ္စာ ဆိုချက်နဲ့ပတ်သက်ပြီး အရင်တုန်းက ဘယ်လို နားလည် စဉ်းစားခဲ့သလဲ၊ ရွေးကောက်ပွဲ မ၀င်ခင်တုန်းက ဒီကျမ်းသစ္စာကိုရော သတိပြုမိခဲ့သလား ဆိုတာကိုလည်း စဉ်းစားကြည့်မိပါတယ်။

တကယ်တော့ အခြေခံ ဥပဒေမှာပါဝင်တဲ့ ကျမ်းသစ္စာ ဆိုချက်ပုံစံဟာ သမ္မတ အမိန့်တခုတည်း နဲ့ပြင် ဆင် လို့မရ နိုင်ပါဘူး။ အခြေခံ ဥပဒေရဲ့ သဘောတရားအရကို  လွှတ်တော်တွင်း ဆုံးဖြတ်ချက် အနေနဲ့ပဲ ပြင်ဆင် လို့ရပါမယ်။

အခြေခံဥပဒေစာအုပ် ထဲမှာ စာမျက်နှာ ၁၇၃ ၊အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း မှာလည်း  ပုဒ်မ ၄၃၆ (က)မှာ ……ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁မှ ၄၈ အထိ၊ အခန်း(၂) ပုဒ်မှ ၄၉ မှ ၅၆ အထိ………………………………………………………………………
အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏  ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊

(ခ)ပုဒ်မခွဲ(က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပအခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅% နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ လို့ ပါဝင်ဖော်ပြထားတဲ့ အတွက် အချိန်ယူရဦးမဲ့ ကိစ္စရပ်လို့ နားလည်မိပါတယ်။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ဆိုတဲ့အခန်းကဏ္ဍ ပါဝင်တာကိုတွေ့ရတဲ့အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ခွင့်ပေးထားတယ်လို့လည်း နားလည်မိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်ကတော့ လွှတ်တော်ထဲကနေ ပြင် ဆင်တာအကောင်း ဆုံးဖြစ်လိမ့်မယ်လို့လည်း မြင်မိပါတယ်။ ကျမ အမေရဲ့မောင် တဦးဖြစ်တဲ့ဦးလေး တယောက် က ပြောဖူးတာ ရှိတယ်။ `ကျားဖမ်းချင်ရင်ကျားဂူထဲတော့ဝင်မှ ရမယ်`ဆိုတဲ့ စကားတခွန်းပါ။

ဘာပဲပြောပြော ကျမတို့လို သာမန်ပြည်သူတွေအနေနဲ့ စောင့်ကြည့်ရုံပဲတတ်နိုင်တဲ့အတွက်  ဒီကိစ္စရပ်ဟာ ဆက်စောင့်ကြည့်ရမဲ့ကိစ္စရပ်ကြီးလို့ပဲကျမတော့နားလည်မိပါတယ်။ဘယ်လောက်ကြာကြာစောင့်ကြည့်ရ မှာလဲ ဆိုတာကလည်း မေးခွန်းတခု ဖြစ်လာနိုင်ပါတယ်။

လွှတ်တော်ထဲမှာ ဘယ်လိုဆုံးဖြတ်ကြမလဲ၊ NLD အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲ၊ စတဲ့ … မေးခွန်းတွေအတွက် ကျမတို့အားလုံးစောင့်ကြည့်ကြရဦးမှာပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

Shwe Myitma Kha media  group

No comments: