Friday, March 23, 2012

ဂွင်ပြောင်းလာတဲ့ ကျောင်းသားလှုပ်ရှားမှု

(ဗဩ)

အခုအခါမှာ ကျောင်းသားတွေ နိုင်ငံရေးမလုဎ်ရဘူးဆိုတာ မမှန်တဲ့အကြောင်း ဆွေးနွေးငြင်းခုံနေတယ် ဆိုရင် ခေတ်နောက်ကျကျန်ရစ်တဲ့ စကားဝိုင်းတစ်ခုလို့ အပြောခံရမှာ မလွဲပါဘူး။ ဒါဖြင့် ဘာနိုင်ငံရေး၊ ဘယ်လိုနိုင်ငံရေးမျိုးကို လုဎ်ကြမှာလဲ။

ကျောင်းသားတွေမှာ တဦးချင်းအနေနဲ့ ကိုယ်ယုံကြည်လိုတဲ့ အယူဝါဒကို ယုံကြည်နိုင်ခွင့်ရှိတယ်။ ပါချင်တဲ့အသင်းအပင်း၊ နိုင်ငံရေးပါတီတွေထဲမှာလည်း ပါဝင်ခွင့်ရှိတယ်။ ဒါပေမယ့် ကျောင်းသားထုတစ်ရပ်လုံး၊ ဒါမှမဟုတ် ကျောင်းသားထုကို ကိုယ်စားပြုတဲ့ ကျောင်းသား သမဂ္ဂလို ဟာကတော့ ပါတီတခုခုကို ကိုယ်စားပြုလို့မဖြစ်ဘူး။ တနိုင်ငံလုံးက ကျောင်းသားတွေ တမျိုးသားလုံးရဲ့ အဖူး အညွန့်တွေကို ကိုယ်စားပြုတာ ဖြစ်ရမယ်။ ဒါကြောင့်မို့ ဟိုတုန်းကဆိုရင် ပါလီမံရွေးကောက် ပွဲ၊ မြူနီ စပယ် လူကြီး ရွေးကောက်ပွဲ၊ သူကြီးရွေးကောက်ပွဲ စတာတွေမှာ ကျောင်းသားသမဂ္ဂက ဘယ်သူ့ကိုမဲပေးပါ၊ ဘယ် အဖွဲ့အစည်းကို မဲပေးပါလို့ မပြောခဲ့ပါဘူး။ ကင်းကင်းပဲနေခဲ့တာပဲ။ မှတ်မိသလောက်ဆိုရင် ရွေးကောက်ပွဲကျင်းပချိန်မှာ ကျောင်းတက်နေကြရတာ များတယ်။ ဒါကြောင့်မို့ နယ်ကျောင်းသားတွေအနေနဲ့ မဲပေးနိုင်တာ အင်မတန်နည်းပါတယ်။ တချို့ ပိုက်ဆံရှိတဲ့ အမတ်လောင်း၊ အထူးသဖြင့် အာဏာရပါတီက အမတ်လောင်းတွေက သူတို့ကိုမဲထည့် မယ့် ကျောင်းသားတွေကို စရိတ် ထုတ်ပေးပြီး ကိုယ့်အရပ်ကိုယ်ပြန် မဲထည့်နိုင်အောင် စီစဉ်ပေးတယ်။ ဒါပေမယ့် ဒါကလည်း အနည်း စု။   ယေဘုယျအာဖြင့် ကျောင်းသားအများအပြားဟာ ဘယ်လိုမှ ဝင်မပါနိုင် ဘူးလို့ ဆိုနိုင်တယ်။

 ဒါဖြင့် ကျောင်းသားသမဂ္ဂက လုဎ်တဲ့နိုင်ငံရေးဆိုတာ ဘယ်လိုဟာမျိုးလဲလို့ မေးစရာ ရှိလာ တယ်။   ကျောင်းသားသမဂ္ဂဟာ အထက်မှာပြောခဲ့တဲ့ တနိုင်ငံလုံးက ကျောင်းသားတွေနဲ့ဆိုင်တဲ့၊ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေးကိုတော့ ဝင်ပါတယ်။ ကိုလိုနီခေတ်ကဆိုရင် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ သံမဏိတပ် ဖွဲ့ခြင်း၊ ရွှေတိဂုံအလယ်ပစ္စယံ ဇရပ်ကြီးက လွတ်လပ်ရေးဆန္ဒ ဖော်ပြမှု၊ လွတ်လပ်ရေးခေတ် ဒီဘက်ပိုင်းမှာ တရုတ်ဖြူ (ကူမင်တန်) ကျူးကျော်မှု ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဦးသန့်အရေးအခင်း၊ ရှစ်လေး လုံးအရေးတော်ပုံ စတာတွေ မှာ ကျောင်းသားတွေဟာ မိဘတွေနဲ့အတူ လက်တွဲတိုက်ပွဲ ဝင်ခဲ့ကြ တယ်။   ကျောင်းသား ကိစ္စမဟုတ် တဲ့ အရေးအခင်းတွေမှာကိုပဲ ဝင်ပါကြတာဖြစ်တယ်။ ဒီလိုနဲ့ ကိုလိုနီခေတ်ကနေ ဒီနေ့အထိ တမျိုးသား လုံး အတွက်အသက်သွေးတွေ စတေးခဲ့တဲ့ ကျောင်းသားတွေ မနည်းတော့ဘူး မဟုတ်လား။

ကျောင်းသားတွေကို အသက်သေတဲ့အထိ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အာဏာပိုင်တွေဟာ ကျောင်းသားတွေရဲ့ သာမာန်တောင်းဆိုချက်ကြောင့် မဟုတ်ပါဘူး။ သူတို့အာဏာကို ထိပါးတယ်လို့ ယူဆလို့ သတ်ပစ် တာဖြစ် တယ်။ ဗိုလ်အောင်ကျော် အသတ်ခံရတာဟာ လမ်းမပေါ်မြို့လယ်ခေါင်မှာ တက်ဆန္ဒပြလို့၊ သူတို့ရဲ့ အာဏာ အရှိန်အဝါကို ထိခိုက်တယ်ထင်လို့ လှုပ်ရှားမှုကို ရက်ရက်စက်စက်ဖြိုခွဲတာဖြစ်တယ်။ မန္တလေးက အာဇာနည် ၁၇ဦးကို သတ်တာဟာလည်း အလားတူစဉ်းစားမှုမျိုး၊ ကိုလိုနီမောက်မာမှုမျိုး၊ ကိုလိုနီအရှင်သခင်ကို မျက်နှာ လုဎ်လိုမှု စတာတွေပေါင်းစည်းမိပြီး ရက်ရက်စက်စက်သတ်ခဲ့တာဖြစ်တယ်။

၁၉၆၂ ခုနှစ်၊ အာဏာသိမ်းတဲ့ ကာလအထိ ကျောင်းသားတွေဟာ ကျောင်းပရဝဏ်ထဲမှာ ပဲနေပြီး ကျောင်း သားရေးရာကိစ္စလောက် တောင်းဆိုတိုက်ပွဲဝင်နေရင် အာဏာပိုင်တွေဟာ သိပ်ဂရုမစိုက် ဘူး။ ပြင်းပြင်း ထန်ထန် နှိပ်ကွပ်တာတွေ လုဎ်ခဲ့တယ်။ ဒါပေမယ့် ဗိုလ်နေဝင်းဟာ ၇ ရက် ဇူလိုင် အရေးအခင်းက စပြီး ကျောင်းသားတွေကို ကျောင်းတွင်းကျောင်းပြင်မကျန် ရက်ရက်စက်စက်သတ်ဖြတ်တဲ့အစဉ်အလာကို ထူထောင်လိုက်တယ်။ အဲဒီနောက် ဦးသန့်ဈာပန အရေးအခင်းမှာ ထပ်ဖော်ပြခဲ့လို့ ကျောင်းသားတွေအဖို့ စစ်မြေပြင်ဟာ တက္ကသိုလ်ပရဝဏ်နဲ့ လမ်းမများ၊ နောင်မှာ တောထဲတောင်ထဲအထိ တဆက်စပ်ထဲ ဖြစ် သွားရတော့တယ်။

ဗမာပြည်မှာ စစ်အာဏာရှင်အုပ်စိုးမှု သက်တမ်းကြာရှည်လာတာနဲ့အမျှ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေအကြားမှာ တင်းမာမှုဟာ ပြန်စေ့စပ်လို့ မရတော့အောင် ဖြစ်လာရုံမက ဘယ်တော့မှ မကြေနိုင်တဲ့ ရန်ငြှိုးတွေ၊ သွေးကြွေးတွေလည်း တခုပြီးတခု တိုးလို့သာ လာခဲ့တာ ဒီနေ့အထိပဲ။ တခါတလေမှာ ဆရာများနဲ့တောင် ဆက်ဆံရေးတွေ တန်းကုန်ရတယ်။

ဒီလိုအကြောင်းတွေကြောင့်ပဲ ကျောင်းသားတွေဟာ အခုအခါမှာ ကျောင်းသားအရေးသက်သက်သာမက လူထုတိုက်ပွဲတွေမှာလည်း ပါဝင်သထက် ပါဝင်လာကြရတယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာတင် ဆင်နွှဲတဲ့ ဆန္ဒပြပွဲဆိုတာ မရှိသလောက် နည်းသွားပြီ။ နောက်ပြီး တိုက်ပွဲရယ်လို့ ဖော်မယ်ကြံလိုက်တိုင်း ကိုယ့်ကိုယ်ကို အဖမ်းခံရဲသလား၊ သေရဲလားဆိုတာကို အရင်မေးရတဲ့ ကိန်းဆိုက်သွားပြီ။ တချိန်ကတော့ ကျောင်းသားတွေဟာ 'အမေကမွေး၊ ထောင်ကကျွေး၊ နေရေးမခက်ပါ' ဆိုပြီး  ကိုယ့်ပိုင်းဖြတ်ချက်ကိုလည်း ဖော်ပြ၊ အစိုးရကိုလည်း သရော်တာ၊ သံချပ်ထိုးတာတွေ လုဎ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ နအဖရဲ့ ထောင်ဆိုတာ သေတွင်းနဲ့ သိပ်ကွာတာမဟုတ်တော့ဘူးဖြစ်နေတော့ အဲဒီလို သံချပ်မထိုးနိုင်ကြတော့ဘူး။ အသေအချာ စဉ်းစားပိုင်းဖြတ်ရတဲ့ ကိစ္စ ဖြစ်နေပြီ။

ဘာပဲပြောပြော ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ရှိနေကရက်နဲ့ တွန့်ဆုတ်သွားတယ်လို့ မရှိတာဟာ ကျောင်းသားသမိုင်းရဲ့ ဂုဏ်ပြောင်တဲ့ လက္ခဏာတရပ်ဖြစ်တယ်။ တချိန်ကတော့ ကျောင်းသားတွေဟာ သူတို့ဘဝ၊ လူထုအတွက် လတ်တလောအားဖြင့် အရေးတကြီး လိုအပ်နေတဲ့ ကိုလိုနီဘဝက လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးတို့အတွက် မိဘပြည်သူတွေနဲ့ အတူလက်တွဲပြီး ဆန္ဒပြခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့အခါမှာ လူထုကြီးအတွက် လတ်တလောအလိုအပ်ဆုံးဟာ ဒီမိုကရေစီရရှိရေးဖြစ်နေတယ်။ ဒါဟာ ကျောင်းသားတွေအတွက်လည်း တကယ့်လိုအပ်ချက်ဖြစ်တယ်။ ဒါကြောင့်မို့ ကျောင်းသားတွေဟာ ဒီအရေးတော်ပုံ မှာ ကျောင်းဝိုင်းအပြင် ထွက် ဆန္ဒပြရတဲ့ဘဝကို ရောက်ခဲ့တာပဲ။

မကြာခင်မှာဆိုရင် ပြည်သူလူထုကြီးတရပ်လုံးဟာ နအဖ ရဲ့ ဆန္ဒခံယူပွဲဆိုတာမှာ ဆန့်ကျင်မဲပေးတဲ့နည်းနဲ့ တိုက်ပွဲကြီးတရပ် ဆင်နွှဲကြပါလိမ့်အုန်းမယ်။ ဒီတိုက်ပွဲဟာ ကျောင်းသားတွေရဲ့ဘဝနဲ့ တိုက်ရိုက်ပတ်သတ်နေ တာမို့ ကျောင်းသားတွေဟာ မပျက်မကွက် ဆန္ဒဖော်ပြကြသင့်ပါတယ်။ တိုက်ပွဲသဏ္ဋာန်မျိုးစုံဆိုတဲ့အထဲမှာ ဆန္ဒမဲပေးတဲ့ပုံစံဟာလည်း ခြွင်းချက်မဟုတ်ဘူး။

-ဗဩ
 (ဒေါင်းအိုးဝေ၊ အတွဲ (၁)၊ အမှတ် (၅)၊ Jan- Feb- Mar ၂၀၀၈)

No comments: