Monday, February 20, 2012

သူ့ကြွေးရှိက ဆပ်ရမည်။ (၅)

by Soe Lynn on Monday, 20 February 2012 at 03:06 ·

        ကျွန်တော် မကဒတ ရဲ့ တတိယအကြိမ်ညီလာခံတက်ဖို့အတွက် ၁၉၉၀ နှစ်ကုန်ပိုင်းလောက်မှာ ပါဂျောင် ဒေသကနေ စတင်ခရီးထွက်ခဲ့ပါတယ်။ ၁၉၉၁ ဧပြီလဆန်းပိုင်းလောက်မှာ အေဘီ (ဗဟို) မာနယ်ပလောကို ရောက်ပါတယ်။ ညီလာခံကျင်းပဖို့ လိုသေးတာမို့ မြောက်ပိုင်းပြန်ရောက်ရင် အသုံးဝင်အကျိုး ရှိနိုင်မယ့်ဗဟိုကစခန်းတွေ၊တပ်ရင်းတွေအတော်များများ ရဲ့ရပ်တည် လည်ပါတ်နေ ရပုံတွေကို သွားရောက်လေ့လာဖြစ်ပါတယ်။ မင်းသမီး ၊ ဘုရားသုံးဆူ ၊ ၀ါးခ၊ ရေကျော် စခန်းတွေ ကို ရောက် ခဲ့ ပါတယ်။ ဗဟိုမှာရှိတုန်းအဲ့ဒီအချိန်က ဗဟိုကော်မတီ တွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ အေဘီမှာ     ကျွန်တော် အလေး စားခဲ့ရဆုံးသူက ဒေါက်တာမြင့်ချို ပါ။

         ညီလာခံမကျင်းပမီ တစ်လျှောက်လုံး အများဆုံးနေထိုင်ဖြစ်တာက သံလွင်စခန်း (တပ်ရင်း - ၂၀၉)ပါ။ အဲ့ဒီမှာ အာအိုင်တီက စိုင်းမြင့်သူ၊ ကျော်မိုး တို့လည်းရှိတယ်။ ကျွန်တော့်ဘ၀မှာ မြောက်ပိုင်းပြီးရင် ရင်ထဲ ကဖျောက်ပစ်လို့မရတဲ့ စခန်းပါ။ အားလုံးက တရင်းတနှီး နွေးနွေးထွေးထွေး မိသားစုလိုပါပဲ။ ဆရာတော် ဦးသံဝရ ကိုလည်းမှတ်မိဆဲပါ။ စခန်းကော်မတီဝင်တွေဖြစ်တဲ့ မြင့်ဦး၊ သိန်းဆန်း၊ မောင်မောင်ဦး (ရင်းမှူး)၊ အောင်နိုင်၊အောင်သူ၊ ကိုဒီ တို့အပြင် စားဖိုဆောင်က ကိုမင်းသိန်း၊ ကိုဥာဏ်ထွန်း၊ ပြီးတော့ ရဲဘော်တွေထဲက မနှဲ၊ မဲကြီး စသည် ဖြင့် လွမ်းစရာတွေပါ။ အိုးသားလေး ၊ ပလဲနေတာပဲ ဆိုတဲ့ ဒေသ သုံးစကားတွေကလည်း မှတ်သားစရာ အသစ် အဆန်းတွေပါ။ ကျွန်တော့်ကြောင့် ဒုက္ခ ရောက်ခဲ့ရတဲ့ ဆရာနေ၀င်းအောင်လည်း အဲ့ဒီစခန်းကပါပဲ။

         ဒီလိုနဲ့ ၁၉၉၁ (သြဂုတ်လလို့ထင်ပါတယ်) မှာပဲ တတိယအကြိမ်ညီလာခံကို သံလွင်စခန်းမှာ ကျင်းပခဲ့ ပါတယ်။ ကိုမိုးသီးနဲ့ ကိုနိုင်အောင်တို့ အားပြိုင်မှုတွေ တဖြေးဖြေး တွေ့ လာရပါတယ်။ ညီလာခံကာလအတွင်းမှာပဲ မြောက်ပိုင်းကိစ္စဖြစ်လာပါတယ်။ ကိုမိုးသီးက ကြေနန်းဖတ်ပြပြီး ညီလာခံထဲမှာ ရန်သူ့လူတွေ ရောက်နေပြီလို့ စွပ်စွဲပါတယ်။ မြောက်ပိုင်းမှာ ထောက်လှမ်းရေး လူတစ်ရာကျော် ဖမ်းထားပြီ တဲ့။ ကျွန်တော်ချက်ချင်းထပြီးကန့်ကွက်ပါတယ်။ “ကျွန်တော်မြောက်ပိုင်းက ရဲဘော်ပါ။ မဖြစ်နိုင်ပါဘူး။ တစ်ခုခုတော့မှားနေပြီ။” လို့ပြောပါတယ်။ ကိုလှဌေး (မြောက်ပိုင်း) က ကျွန်တော်ကို အတင်းဆွဲထိုင်ခိုင်းပြီး “မြောက်ပိုင်းကိစ္စ မြောက်ပိုင်းကပဲ ရှင်းမယ်။ ညီလာခံထဲ မဆွေးနွေးပါနဲ့” လို့ ထပြောပါတယ်။
ညီလာခံမှာလည်း ဆက်လက်ငြင်းခုန်ကြရင်း နောက်ဆုံးမှာ ညီလာခံကော်မရှင် ဥက္ကဌ ကိုကိုဦး ရဲ့စီစဉ်မှုနဲ့ မာနယ်ပလောကို အားလုံးပြောင်းရွှေ့ကျင်းပခဲ့ပါတယ်။ မာနယ်ပလောမှာလည်း ဘယ်လိုမှညှိနိုင်းလို့ မရပဲ အေဘီ ကွဲဖို့ ပိုထင်ရှားလာပါတယ်။ ဗိုလ်ချုပ်မြကိုယ်တိုင် လာပြောတာတောင်မရခဲ့ပါဘူး။ မဟာမိတ် က စေ့စပ်မရတဲ့ အဆုံး ကေအင်ယူဗဟို မှာတော့ ကျောင်းသားကွဲတဲ့သမိုင်း အဖြစ်မခံနိုင်ဘူး ။ မင်းတို့ဖာသာ ကိုယ့်စခန်းကိုယ်ပြန်လုပ်ကြတော့ ပြောပြီး ပြောင်းခိုင်းပါတယ်။ အဲ့ဒီက အပြန်မှာပဲ ကိုမိုးသီးတို့က ညီလာခံ တစ်ခု (အောင်သူငြိမ်းတပ်ရင်း)၊ ကိုနိုင်အောင်ဖက်က ညီလာခံတစ်ခု (သံလွင်စခန်း) ဆက်ကျင်းပကြပြီး ဗဟိုကော်မတီ အသီးသီးဖွဲ့လို့ အေဘီ နှစ်ခြမ်းကွဲခဲ့ရပါတယ်။ ကျွန်တော်တို့မြောက်ပိုင်းက ကိုနိုင်အောင် ဘက်မှာ ပါဝင်ပူးပေါင်းခဲ့ပါတယ်။ဒီနေရာမှာ အသေအချာပြန်ပြောရရင် မြောက်ပိုင်းပြသနာဟာ တတိယ အကြိမ် ညီလာခံ အတွင်းမှာပဲ အဖမ်းအဆီးတွေဖြစ်နေပါပြီ။ ညီလာခံက အောက်တိုဘာလထဲမှာ အဆုံး သတ်ပြီး   နှစ်ဖွဲ့ကွဲသွားတာဖြစ်လို့ နောက်ပိုင်းဆက်ဖြစ်တဲ့ မြောက်ပိုင်းကိစ္စတွေဟာ ကိုနိုင်အောင် ကော်မတီ နဲ့သာဆိုင်ပါတယ်။ ကိုနိုင်အောင် အကြောင်းပြောရရင် မန်းလေး ဆေးက ကျောင်းပြီးတာဖြစ်လို့ အောင်နိုင်နဲ့ က ရင်းနှီးပြီးသူဖြစ်ပါတယ်။ ကျွန်တော်နဲ့စတွေ့ချိန်မှာလည်း ညီတစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံပါ တယ်။ ကျွန်တော့်ဘ၀မှာတော့ ဘယ်လိုမှ မေ့ဖျောက်လို့မသင့်တဲ့ လူတစ်ယောက်ပါ။

ညီလာခံအပြီး မြောက်ပိုင်းပြန်ဖို့ ရက်စောင့်နေရင်းနဲ့ သံလွင်စခန်းမှာပဲ ကျွန်တော် ဆက်နေခဲ့ပါ တယ်။ အောက်တိုဘာလကုန်ခါနီး ညတစ်ညမှာပဲ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင် ကျ ခဲ့ရပါတယ်။ ကိုနိုင်အောင်ဦးဆောင်ပြီး သံလွင်စခန်းက ရဲဘော်တစ်စုနဲ့အတူ ကျွန်တော့်ကို လာဖမ်းကြပါတယ်။ ဆရာနေ၀င်းအောင်၊ ကျော်ကျော် (ကချင်) တို့လည်းပါပါတယ်။ “ ကျွန်တော့်မှာဘာအပြစ်ရှိလို့လည်းဗျာ “လို့ မေးတော့ ကိုနိုင်အောင်က ကြေးနန်းတစ်စောင်ထုတ်ပြပါတယ်။ ကျွန်တော့်ကိုဖမ်းဖို့ မြောက်ပိုင်းက အောင်နိုင်ရိုက်လိုက်တဲ့ ကြေးနန်းပါ။

ကျွန်တော်စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပြီး “ ဥက္ကဌ  ကျွန်တော်တို့အဖွဲ့မှားတော့မယ်။ ခင်ဗျားမှာ တာဝန်အရှိဆုံး  ။ ဒီပြသနာကို ခင်ဗျားသေချာဖြေရှင်းပါ။ “ ကျွန်တော့်ပခုံးကိုလက်နဲ့ပုတ်ရင်း “ စိတ်ချညီလေး အကိုမကြာခင်မြောက်ပိုင်းသွားမယ်။ ပြန်လာတာနဲ့ မင်းကိစ္စကို တရားမျှတအောင် ရှင်းပေးမယ် “ လို့ ကိုနိုင်အောင်က ပြောပါတယ်။ ဒီပြောစကားတွေနဲ့ပါတ်သက်ပြီး အဲ့ဒီအချိန်က ပါဝင်ခဲ့တဲ့ သံလွင်စခန်းက ရဲဘော်တွေကို သက်သေထူလို့ရပါတယ်။
     အခုအချိန်မှာတော့ ကိုနိုင်အောင်မြောက်ပိုင်းသွားတာ ငြင်းစရာမလိုတော့ပါဘူး ။ ဖေဖော်ဝါရီ ၁၂ ရက် မတိုင်ခင်လား ၊ ပြီးမှလား ဆိုတာ ပဲ ကျန်နေတာပါ။ ကျွန်တော် မြောက်ပိုင်းပြန်ရဲဘော် (စွပ်စွဲခံရသူရော၊ မခံရသူရော) အများစု ကို တွေ့ပြီးပါပြီ။ မျက်နှာအ၀တ်စည်းထားသူတိုင်း မမြင်ရဘူးထင်ရင် မှားပါလိမ့်မယ်။ မျက်နှာစည်းမထားတဲ့ ရဲဘော်တွေလည်း ရှိနေပါသေးတယ်။ ရိုက်နှက်သွားတဲ့ ကိုနိုင်အောင်က မေ့ချင်ပေမဲ့ အရိုက်ခံရတဲ့ တပ်ရင်း ၅၀၁ က ကိုသိန်းထွန်းကတော့ မမေ့သေးပါဘူးတဲ့။
ရဲဘော်တွေပြောတဲ့ Bossini အင်္ကျီလေးဝတ်ထားတဲ့               ကိုနိုင်အောင်
အာသံကုန်း လူသတ်ပွဲကို အလံတိုင်ကုန်းကကြည့်နေခဲ့တဲ့       ကိုနိုင်အောင်……………………
ကျွန်တော်တိုအားလုံး  သူ့ကြွေးရှိလို့ဆပ်နေကြရတာပါ။
(အားလုံးစဉ်းစားနိုင်ဖို့ အဖြစ်အပျက်တွေကို နောက်အပိုင်းမှာ ရေးသွားပါဦးမယ်)

soe lynn facebook မှကူးယူဖော်ပြသည်။

No comments: