Wednesday, February 15, 2012

မောင်မောင်ကြွယ် (ခင်ငြိမ်းသစ်)

အငိုမလွယ်၊အရှိုက်ရခက်

by Khin Nyein Thit on Tuesday, 14 February 2012 at 23:55 ·

ကျမရဲ့ ဖေဖေက အ.ထ.က သုဝဏ္ဏ ကျောင်းကို စတည်ထောင်ခဲ့ သူတွေ ထဲမှာပါဝင်ပါတယ်။ ဒါကြောင့်လည်း သုဝဏ္ဏမြို့မှာ ကျမဖေဖေရဲ့ နာမည်ကို မသိသူ ရှားပါတယ်။ ဖေဖေက ကျောင်းသားတွေအပေါ်မှာလည်း အနစ်နာခံ တတ်တော့ ကျောင်းသားတွေက ကျမဖေဖေကို ချစ်ခင်ကြပါတယ်။ ဒါကြောင့် လည်း ကျမတို့အိမ်မှာ ဖေဖေရဲ့ တပည့်တွေနဲ့ အမြဲစည်ကားနေတတ်ပါတယ်။
ကျမတို့အိမ်ကိုအမြဲလာတတ်တဲ့ ကျောင်းသားတွေထဲမှာ မောင်မောင်ကြွယ်လည်းပါပါတယ်။   မောင်မောင်ကြွယ်တို့မိသားစုလည်း သုဝဏ္ဏမင်းဒင်လမ်းမှာနေထိုင်ကြပါတယ်။ သူတို့မိသားစုတွေလည်း သုဝဏ္ဏမြို့ စတည်ကတည်းက နေထိုင်ကြတဲ့ မိသားစုတွေ ပါ။ မောင်မောင်ကြွယ် တို့ မှာမောင်နှ  မ လေးယောက်ရှိပြီး အားလုံးက ဖေဖေ့ရဲ့ တပည့်ဖြစ်ခဲ့ဘူးသူချည်းပါပဲ။ မောင်မောင်ကြွယ်ရဲ့ အစ်ကိုအကြီးဆုံးနဲ့ ဒုတိယမြောက်အမဟာ ကျမတို့တွေထက် အသက်ကြီးလို့ ကျမတို့က သူတို့နဲ့ သိပ်မခင် ပါဘူး။ မောင်မောင်ကြွယ်ရဲ့ တတိယမြောက်အမ နွယ်နွယ်စိုးက ကျမနဲ့ ကျောင်းနေဖက်ပါ။ နွယ်နွယ်စိုးက ဥာဏ်လည်းကောင်းသလို ပညာလည်း တော်ပါတယ်။ မောင်မောင်ကြွယ်ကလည်း ဥာဏ်ကောင်းပြီး စာတော်သူပါပဲ။ အဲဒီအချိန်က မောင်မောင်ကြွယ်ဟာ အသက် ၁၄ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။

မောင်မောင်ကြွယ်က ခပ်ငယ်ငယ်ကတည်းက ကျမတို့ အိမ်မှာဝင်ထွက်နေတာပါ။ သူ့ရဲ့ အင်မတန်တော်တဲ့ အရည်အချင်းတစ်ခုက အိပ်ပျော်နေတဲ့ ခွေး ၂ ကောင်ကို ထကိုက်အောင် ဖန်တီးနိုင်ပါတယ်။ အစ အနောက်ဝါသနာပါလို့ မကြခဏ ပြဿနာရှင်းရတတ်ပါတယ်။ မဟုတ်ရင်မခံတတ်လို့ ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်သွားတာပါ။ ကျမတို့ သုဝဏ္ဏကျောင်းကို အသစ်ပြောင်းလာတဲ့ ဆရာက ကျောင်းသူတစ်ယောက်ကို အပြစ်မရှိဘဲ အတန်းရှေ့ထုတ်ရိုက်လိုက်လို့ အဲဒီကျောင်းသူ ရှက်ပြီးငိုတော့ မောင်မောင်ကြွယ်က ဦးဆောင်ပြီး ဆန္ဒပြလို့ ကျောင်းထုတ်ခံ ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မောင်မောင်ကြွယ်ကို ဆရာ၊ ဆရာမတွေက ချစ်ကြတော့ အားလုံးဝိုင်းဖြေရှင်းပေးကြလို့ ကျောင်းထုတ်မခံရတော့ပါ။ ကျောင်းအုပ်ကြီးကလည်း မောင်မောင်ကြွယ်မလွန်မှန်း သိလို့ပါ။ ကျမဖေဖေက သူ့ကို မျောက်လို့ခေါ်ပြီး၊ ကျမတို့က သူ့ကိုကြွက်လို့ခေါ်ပါတယ်။ ဘယ်လိုပဲခေါ်ခေါ်မောင်မောင်ကြွယ်က အပြုံးမပျက်ပါ။
အရေးအခင်း မတိုင်ခင်က ကျမက မောင်မောင်ကြွယ်တို့နဲ့ ခပ်တန်းတန်းနေပါတယ်။ မောင်မောင်ကြွယ်က ကျမညီမနဲ့ ရွယ်တူဖြစ်ပြီး ကျမမောင်လေးရဲ့ သူငယ်ချင်းပါ။ သူ့က အစအနောက်သန်မှန်းသိလို့ ကျမ သိပ်မရောတာပါ။ ၁၉၈၈ မတ်လ ၁၇ ရက်နေ့က ကျမမောင်လေး ကျောင်းထဲမှာကျန်ခဲ့တာကို မောင်မောင်ကြွယ်က သိသွားပြီး ကျမကိုလာမေးရာက ကျမသူတို့နဲ့ နိုင်ငံရေး စလုပ်ဖြစ်ပါတယ်။ သူတို့လို့ ဆိုရာမှာ ကျမမောင်လေး၊ မင်းဦး(အဲဒီ့အချိန်က ဆေးတက္ကသိုလ်ကျောင်းသား)၊ သက်နိုင် (၁၀ တန်းကျောင်းသား)၊ မောင်မောင်ကြွယ် တို့ပါပဲ။ မတ်လနောက်ပိုင်းမှာ ကျမနဲ့ စောစန္ဒာနွယ်၊ မောင်မောင်ကြွယ်၊ ကျမမောင်လေးတို့ ၄ ယောက် အစိုးရဆန့်ကျင်စာတွေကို လိုက်လံဝေငှပါတယ်။
ဇွန်လ ကျောင်းတွေပြန်ဖွင့်ပြီး ဇွန်အရေးတော်ပုံစတော့ မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးဟာ နေ့တိုင်းကျောင်းထဲက တရားပွဲတွေကို လာလေ့ရှိပါတယ်။ ဖွန်လ ၁၉ ရက်နေ့ညနေက မောင်မောင်ကြွယ်က တရားဟောဖို့ ရေးထားတဲ့ စာကြမ်းကို ကျမဖေဖေကို လာဖတ်ခိုင်းပြီး နဲနဲပါးပါး ဖြည့်စွက်ခိုင်းပါတယ်။ အဲဒီညမှာ တက္ကသိုလ်တွေကို ပိတ်လိုက်လို့ မောင်မောင်ကြွယ် တရားမဟောဖြစ်လိုက်ပါဘူး။ ဒါပေမဲ့ မောင်မောင်ကြွယ်က ဇွန်လနောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်က ထိုင်ခုံလေးပေါ်တက်ပြီး သူရေးထားတဲ့ တရားကို ရအောင်ဟောလို့ ကျမတို့က သူ့ကို အမြဲ နောက်ပြောင်လေ့ရှိပါတယ်။ အဲဒီနောက်တော့ မောင်မောင်ကြွယ်ဟာ ကျမတို့မောင်နုမနဲ့ ရဲဘော်ရဲဘက်တွေဖြစ်လာပါတယ်။ ကျမတို့မောင်နုမ ကျောင်းသားခေါင်းဆောင်မောင်မောင်ကျော်ဦးဆောင်တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး(BYLF)ရဲ့ အဖွဲ့ဝင်ဖြစ်တော့ သူလည်း ကျမတို့မောင်နှမနဲ့ အတူတူပါပဲ။ မောင်မောင်ကျော် ကျမတို့ အိမ်ကိုလာမည်ဆိုလို့ မောင်မောင်ကြွယ်တစ်ယောက် ထိုင်စောင့်နေခဲ့ပါတယ်။ သူက မောင်မောင်ကျော်ကို အထင်ကြီးလေးစားနေတာကိုး။
သူ့အကြောင်း မှတ်မှတ်ရရက ဇူလိုင်လအတွင်းမှာ မာရှယ်လောကလည်း ရှိနေပါတယ်။ ကျမစာသင်ပြီးအပြန်မှာ အရက်မူးနေတဲ့ ကုလားတစ်ယောက်က ကျမကိုလာအာနေပါတယ်။ ကံဆိုးချင်တော့ ကျမတို့လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ မောင်မောင်ကြွယ်တို့ သူငယ်ချင်းတွေထိုင်နေပါတယ်။ ကျမကိုတွေ့သွားတဲ့ မောင်မောင်ကြွယ်က လက်ဖက်ရည်ဆိုင်ကနေ ထွက်လာပြီး ကျမနောက်ကိုလိုက်အာနေတဲ့ ကုလားကို ဟောက်ပါတော့တယ်။ ကျမလည်း ဆက်ရပ်ကြည့်နေရင်မကောင်းလို့ အိမ်ပြန်လာပြီး ကျမမောင်ကို ဘာတွေဖြစ်နေလဲ စက်ဘီးနဲ့ သွားကြည့်ခိုင်းလိုက်ပါတယ်။ ကျမမောင်ပြန်လာတော့ A-4 စာရွက် တစ်ထုပ်နဲ့ မောင်မောင်ကြွယ် စက်ဘီးနောက်မှာပါလာပါတယ်။ ကျမက သူ့ကို ဆူပူတော့ သူက “အမကလည်း တော်လှန်ရေးအတွက်ပဲဟာကို၊ ဘာလဲ အမက အဲဒီဘဲကို ခိုက်နေတာလား” လို့ ပြောလို့ ကျမစိတ်တွေဆိုးခဲ့ဘူးပါတယ်။
၉.၈.၈၈ မှာတော့ ကျမမောင်လေးနဲ့ မောင်မောင်ကြွယ်က ကျမကို မခေါ်ပဲ သူတို့ ၂ ယောက်ထဲ ဆန္ဒပြနေကြတာပါ။ ကျမကိုဘာလို့ မခေါ်တာလည်းမေးတော့ အမက မပြေးနိုင်ရင် အပစ်ခံနေရမယ်လို့ သူတို့ပြန်ဖြေကြပါတယ်။ အရေးတော်ပုံ တစ်လျောက်လုံး သူက ကျမတို့အိမ်မှာပဲ နေပါတယ်။ အဲဒီ့ကာလအတွင်း ကျမတို့အိမ်မှာ သုဝဏ္ဏက ကျောင်းသားတွေ ၁၀ ယောက်လောက်ရှိပါတယ်။ ကျမတို့အိမ်မှာ အစိုးရ၀န်ထမ်း ၂ ယောက်ရှိလို့ ၀န်ထမ်းဆန် အပြည့်ရှိပါတယ်။ ကျမ အမရဲ့ ၀ိရိယကြောင့် ငါးခြောက်တွေလည်း အိမ်မှာ ရှိပါတယ်။ မနက်ဆိုရင် အမက ထမင်းချက်၊ ငါးခြောက်နဲ့ ဟင်းစီစဉ်လေ့ရှိပါတယ်။ အဲဒီအချိန်က ဈေးဆိုင်တွေလည်း မရှိတော့ မောင်မောင်ကြွယ်နဲ့ ကျမမောင်က အားလုံးစားဖို့ ဟင်းသီးဟင်းရွက် အရှာထွက်ရပါတယ်။
တရက်တော့ မောင်မောင်ကြွယ် ပဲဝါလေးတစ်ထုတ်နဲ့ အိမ်ရောက်လာပါတယ်။ ဘယ်ကယူလာတာလည်းမေးတော့ သူ့ကြီးတော်ဆီက တောင်းလာတာတဲ့။ သူ့ကြီးတော် အပျိုကြီးက မောင်မောင်ကြွယ်ကို အရမ်းချစ်ပါတယ်။ မောင်မောင်ကြွယ်က သူနေ့တိုင်း ကန်စွန်းရွက်နဲ့စားနေရတာလို့ ပြောလိုက်လို့ အားလုံးစားဖို့ ပဲဝါလေးပေးလိုက်တာပါ။ ကျမ အမေကတော့ “ဟဲ့ သား အိမ်ကလူတွေ တကယ်မှတ်နေအုံးမယ် ” လို့တောင် ပြောလိုက်ပါသေးတယ်။
အရေးတော်ပုံကာလ တစ်လျောက် အဟောအပြောကောင်းတဲ့ ကျမအဖေကို သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ခဏခဏလာခေါ်တတ်ပါတယ်။ ဖေဖေတရားဟောဖို့သွားတိုင်း မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးက ဖေ့ဖေ့ရဲ့ အစောင့်အရှောက် လုပ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကျမက ကျမအဖွားနေတဲ့ ရန်ကင်းမှာနေပါတယ်။ ကျမမောင်လေးကို အဖွားက ခေါ်ပေမဲ့ မောင်လေးက ရန်ကင်းမှာနေရင် သူလုပ်ချင်တာမလုပ်ရမှာကြောက်လို့ သုဝဏ္ဏမှာပဲနေပါတယ်။ ကျမတို့ရဲ့ ဘေးအိမ်မှာနေတဲ့ မ.ဆ.လ ဆရာတစ်ယောက်က တိုင်လိုက်လို့ ကျမမောင်လေးကို ဖမ်းသွားတဲ့ အခိုက် မောင်မောင်ကြွယ်က ကျမတို့ မိသားစုရဲ့ သားတစ်ဦးအဖြစ် နေထိုင်ပေးခဲ့ပါတယ်။ ကျမ ပုန်းအောင်းနေတဲ့ ရန်ကင်းကိုလည်း ကျမမေမေရဲ့ ဆက်သားအဖြစ် မကြာခဏ လာရောက် တတ်ပါသေးတယ်။ ကျမပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (BYLF) မှာသူလည်းပါတာမို့လို့ BYရဲ့ လုပ်ငန်းတွေကိုလည်း သူလုပ်ကိုင်နေပါတယ်။ မောင်မောင်ကြွယ်က ကျမတို့အဖွဲ့ရဲ့ ခေါင်းဆောင် မောင်မောင်ကျော်ရှိရာကို လိုက်သွားဖို့ မကြခဏတောင်းဆိုတတ်ပေမဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဖက် အေးကျော်က မသွားဖို့ တားမြစ်လို့ မောင်မောင်ကြွယ်တောင်ပိုင်းကို တောမခိုဖြစ်လိုက်ပါ။
နောက်တော့ အေးကျော်က မောင်မောင်ကြွယ်ကို အ.က.သ ရဲ့ ကိုယ်စားလှယ်အဖြစ်ထားလိုက်တဲ့ အချိန်ကစလို့ မောင်မောင်ကြွယ် အ.က.သ အုပ်စုထဲရောက်သွားခဲ့ပါတယ်။ နောက်တော့ သူ့အိမ်ကို ထောက်လှမ်းရေးဝင်လို့ အန်တီဒေါ်ချိုချိုကျော်ငြိမ်းတို့ အိမ်မှာသူနေပါတယ်။ သူက ဘယ်မှနေနေ မိသားစု စိတ်ဓါတ်ရှိသူဖြစ်လို့ အန်တီချိုက သူ့ကိုချစ်ပါတယ်။ သူက အန်တီချို့သားတွေနဲ့လည်း တဲ့အောင်ပေါင်းတတ်သူပါ။ တစ်ခါက အန်တီချိုရဲ့ ကားဂိုထောင်ထဲကနေ ဦးကျော်ငြိမ်းရဲ့ နေ့စဉ်မှတ်တမ်းကို သူက ပြပါတယ်။ ကျမက “ဟဲ့….အဲဒါအဖိုးတန်တယ်”လို့ ပြောလိုက်တော့ သူက အဲဒါ ကျွန်တော်ယူထားတာတဲ့။ ဒီသမိုင်းတွေက သူ့အတွက် အဖိုးတန်တယ်ဆိုပဲ။ အဲဒီအချိန်တုန်းက ကျမကို ကိုအောင်ဒင်က ဗကသမှာ BYရဲ့ ကိုယ်စားလှယ်အဖြစ်ထားတော့ ကျမလည်း အန်တီချိုတို့ခြံထဲကို မကြာမကြာလာတတ်ပါတယ်။ အန်တီချို့ခြံထဲမှာ ကျမသူငယ်ချင်းစောစန္ဒာလည်း နေပါတယ်။ ရွှေဘုန်းလူ(ခေါ်) ချစ်ညီညီလည်း ရှိနေပါတယ်။ ချစ်ညီညီရဲ့ စာတွေ ကဗျာတွေကို အချီးကျူးဆုံးသူက မောင်မောင်ကြွယ်ပါ။
နောက်ပိုင်း သူတောခိုမယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ ကျမမောင်လေးကိုလာခေါ်ပေမဲ့ အကြောင်းကြောင်းကြောင့် ကျမမောင် တောမခိုဖြစ်လိုက်ပါ။
ကျမမောင်လေးလည်း ကျမကို မလိုက်ရကောင်းလားလို့ တော်တော် ဒေါသထွက်နေခဲ့ပါတယ်။ ကျမမောင်လေး တော်တော်စိတ်ဆိုးပြီး ကျမကို စကားမပြောတာ တော်တော်ကြာပါတယ်။ မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးဟာ စိတ်ချင်းဆက်သွယ်နေခဲ့တယ်ထင်ပါတယ်။ မောင်မောင်ကြွယ်တို့ ကိစ္စတွေ ပြည်တွင်းမှာ မသိချင်ကတည်းက ကျမမောင်က သူ့အိပ်မက် မက်တဲ့ အကြောင်းပြောပြီး တိုက်ပွဲမှာ ကျသွားပြီထင်တယ်လို့ သူပြောပြတာ ကျမ မှတ်မိနေပါတယ်။ ကျမကတော့ စိတ်ထဲမှာ စွဲလမ်းနေလို့ပါလို့ ပြောလိုက်ပါသေးတယ်။
အဲဒီ့နောက် သိပ်မကြာခင်မှာပဲ လွတ်မြောက်လာသူတွေက သတင်းစာ ရှင်းလင်းပွဲလုပ်ကြပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာကို ကျမ မသိလိုက်ပါဘူး။ အဲဒီအချိန်က သတင်းစာရှင်းလင်းပွဲတွေလည်း မကြာမကြာ လုပ်လေ့ရှိတော့ ကျမစိတ်မ၀င်စားပါဘူး။ နောက်တစ်နေ့မနက်စောစောမှာ ကျမတို့ မောင်နုမတွေအားတဲ့ အချိန် ခဏလောက် လာဖို့ မောင်မောင်ကြွယ်ရဲ့ မိဘတွေက ခေါ်ပါတယ်။ ဒါကြောင့် ကျမတို့ မောင်နုမ ချက်ချင်းပဲသွားလိုက်ပါတယ်။ ကျမတို့ရောက်တော့ မောင်မောင်ကြွယ့်မိဘတွေက သတင်းစာရှင်းလင်းပွဲပါတဲ့ သတင်းစာကို ပေးဖတ်ပါတယ်။ အဲဒီ့သတင်းဖတ်နေချိန်မှာ ကျမတို့ မောင်နုမ အရမ်း အံအားသင့်မိကြပါတယ်။ မောင်မောင်ကြွယ်မိဘတွေကတော့ ကျမကို မောင်မောင်ကြွယ်ဟာထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျမ ရှင်းမပေးနိုင်ခဲ့ပါဘူး။ မောင်မောင်ကြွယ်ဟာ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို သူနဲ့ပတ်သက်ခဲ့သူတွေအားလုံးက သိနေခဲ့ပါတယ်။ ကျမတို့မိသားစုနဲ့ ဒီလောက်ရင်းနှီးနေတဲ့ ကလေးဟာ ဘယ်လိုမှ ထောက်လှမ်းရေးမဖြစ်နိုင်ပါဘူး။ သူတောခိုသွားခဲ့စဉ်က အသက် ၁၆ နှစ် ၀န်းကျင်ပဲ ရှိပါသေးတယ်။
မောင်မောင်ကြွယ် ကွယ်လွန်တယ်လို့ သိရပြီးတဲ့နောက် ၄ လအကြာမှာပဲ မောင်မောင်ကြွယ်ရဲ့ကြီးတော် နုလုံးရောဂါနဲ့ ကွယ်လွန်ပါတယ်။ မဆုံးခင် ဆေးရုံမှာ ကျမတို့မောင်နုမနဲ့ ကျမ မေမေသွားကြည့်ကြပါတယ်။ လက်မှာလည်း ပိုက်တန်းလန်း၊ အောင်စီဂျင်ဘူးနဲ့ နေရပေမဲ့ ကျမမောင်ရဲ့ လက်တစ်ဖက်ကိုကိုင်ပြီး အဖြစ်မှန်ကို ရှင်းပေးဖို့ အထပ်ထပ်မှာ ရှာပါတယ်။
မောင်မောင်ကြွယ့်ကြီးတော်ဆုံးတော့ သူ့ရဲ့အသုဘကို ကျမတို့ မောင်နုမ သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ ကြံတောသုဿန်ကအပြန် ကျမမောင်လေးက ကျမကို “မရေ….မောင်လေးတို့မှာ အပြစ်ရှိသလို မခံစားရဘူးလား” လို့ မေးတော့ ကျမက “အဖြစ်အပျက်တွေလည်းသေချာမသိဘူး။ ဘယ်သူ့ကို ရှင်းပြရမလဲဆိုတာလည်း မသိဘူး။” လို့ ပြန်ပြောခဲ့မိတာ ကျမ မှတ်မိနေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မောင်မောင်ကြွယ်ဟာ ကျမတို့ မောင်နုမတွေ အမြဲတမ်းသတိရနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျမဖေဖေရဲ့ တပည့်ကျော်တွေထဲက တစ်ယောက်လည်းဖြစ်ပြီး တစ်ခါတစ်ရံ ဖာသိဖာသာနေတတ်တဲ့ ကျမညီမလေးတောင် မောင်မောင်ကြွယ်(ကြွက်)ကို သတိရနေ တတ်ပါတယ်။ သတိရလောက်အောင်လည်း ကျမတို့ မိသားစုနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တာကိုး။
ခင်ငြိမ်းသစ်။

Khin Nyein Thit facebook မှကူးယူဖော်ပြသည်။

No comments: