Tuesday, January 31, 2012

ကျွန်တော် မှတ်မိသမျှ ကိုမောင်မောင်ကြွယ် (အပိုင်း-၂)

Sunday, 29 January 2012

ယခင်အပိုင်း(၁)မှ အဆက် …

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင် အချုပ်ခံရသော၁၉၈၉ ခုနှစ် ဇူလိုင်လ  မတိုင်ခင်မှာ ကျနော်တို့ အ.က.သ BESUရန်ကုန်တိုင်းရုံးအဖွဲ့ဟာ ကိုမောင်မောင်ကြွယ်၏ မွေးစားမိခင်ဒေါ်ချို ချိုကျော်ငြိမ်း ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် အုတ်လမ်းမှယခု ဗိုလ်ဆွန်ပက်လမ်း (ယခင် မောင်ထော်လေး လမ်း- အလယ်ဘလောက်-ဂေါဇာ)ရှိဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့်ကျောင်းသားဟောင်းများပါတီသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ပါတယ်၊ အဲဒီကာ လနောက် ပိုင်းမောင်မောင်ကြွယ်နှင့် ကျနော် သိပ်မ ဆုံဖြစ်တော့ပါ၊ တနေ့ တွင်အ.က.သ လုံ/စည်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ညိုမောင်ဦးထံမေးကြည့်သော အခါ၊ မောင်မောင်ကြွယ် တစ်ယောက် နယ်စပ်သို့ထွက်ခွာရန် ဆုံးဖြတ်ပြီး ခြေရာဖျောက်နေကြောင်း သိရပါတယ်။

အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အ.က.သ)ရဲ့ ခေါင်းဆောင်များဖြစ်သော ကိုသီဟ၊ (ကို)မင်းဇင်နှင့် ကိုနေလင်းတို့ဆိုတာ ကျနော်တို့ အားလုံးနဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေပါ၊ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦးထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့အင်မတန်ခက်ပါတယ်၊မကြာခဏဆိုသလိုအချိန်အနည်းငယ်အ တွင်း   ပေတရာပေါ် ဆန္ဒပြ အော်ဟစ်လှုပ်ရှားမှုတွေမှာ ကျောင်းသားများအပြင် ကျောင်းသူများပါ ပါဝင်လေ့ရှိ ပါ တယ်၊ အရေးအကြောင်းရှိလို့ ပြေးရလွှားရတဲ့ အခါပေါင်းများစွာရှိခဲ့ဖူးပါတယ်၊ အဲလို အခါ မျိုးတွေ မှာ ကိုမောင်မောင်ကြွယ်ဟာ ပြေးဖို့လွှားဖို့ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသူတွေကို ထားရစ် ခဲ့တာမျိုးလုံးဝ မရှိပါ၊ ဒါကြောင့် အစည်းအဝေးတချို့မှာ ပျောက်ကြားသပိတ်များအတွင်း ကျောင်းသူတွေ မပါဝင်ဖို့ ကိုမောင်မောင်ကြွယ်နှင့်ကျနော် မကြာခဏဆိုသလို ငြင်းခုန် စကားများခဲ့ရ ဖူးပါတယ်၊ သြော်
… အခုတော့လည်း ကျနော်တို့ အ.က.သ အပေါင်းရဲ့ သူငယ်ချင်းဟောင်း … သူငယ်ချင်းကောင်း ကိုမောင်မောင်ကြွယ်တစ်ယောက်မြန်မာပြည် မြောက်ဖျားတစ်နေရာမှာ ကြွေလွှင့်ခဲ့ပါပြီ …. ။

ဒီလိုနဲ့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဂန္ဒီခန်းမကြေညာစာတမ်းအပြီးမှာတော့ ယင်းကြေညာစာ တမ်းကို အ.က.သBESU က ထောက်ခံလိုက်ပါတယ်၊ ၁၉၉၀ -၉၁ ခုနှစ်တွေမှာမြန် မာနိုင်ငံ တလွှား က အ.က.သ အဖွဲ့ဝင် ကျောင်းသားများဟာစစ်အစိုးရ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင် များဆီကျော်ဖြတ်ရပါတော့တယ်၊၁၉၉၁-၉၂ခုနှစ်မှာကျောင်းသားလှုပ်ရှားမှုအချို့ပြန် လည်ပြီး ခေါင်းထောင် လာတယ်လို့ ပြောလို့ရပါတယ် …

နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင် …..

-၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရမှုနဲ့ စပ်လျဉ်းပြီး ရန်ကုန် တက္ကသိုလ်ပင်မမှာ ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွားခဲ့ပါတယ်၊ ရန်ကုန် တနေရာတည်းမှာပဲ ဖြစ်ပွားခဲ့တဲ့အ တွက် လူသိနည်းပါ ပါတယ်၊ တန်းဒီ (10-D) ခေါ် ဒီဇင်ဘာလ၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ပင်မ၊ စက်မှုတက္ကသိုလ် R.I.Tတို့မှာ ဖြစ်ပွားခဲ့ပြီး ကျောင်းသား ကျောင်းသူ (၄၀၀) နီးပါး အဖမ်းခံခဲ့ရပါတယ် …

-၁၉၉၁ ခုနှစ် အောက်တိုဘာလ (၄)ရက်ကနေ ဒီဇင်ဘာလ (၁၈)ရက်နေ့အကြား မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း၊ ဘိုးကလေးမြို့နယ်မှာမုန်တိုင်းစစ်ဆင်ရေး အမည်ဖြင့် မြစ်ဝကျွန်းပေါ် ဒေသကို ထိုးဖောက်
လှုပ်ရှားလာတဲ့ KNU လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်အစိုးရအပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ် ….

အထက်က `နိုဘယ်ဆု၊ 10-D၊ ဘိုးကလေးနှင့် ဦးစောမောင်´ဆိုတဲ့ခေါင်းစဉ်က ကျနော် ပေးတဲ့ ခေါင်းစဉ် မဟုတ်ပါဘူး၊ အဲဒီအချိန်က နိုင်ငံရေးနဲ့ ပက်သက်ပြီး အသက်အရွယ်အရ သုံးသပ်နိုင်စွမ်းလည်း အဲဒီလောက် မရှိခဲ့ဘူးလို့ ရိုးရိုးသားသား ၀န်ခံပါရစေ၊ဒီခေါင်းစဉ်ကို ဘာကြောင့် ပေးခဲ့ရသလဲ ဆိုတာ နောက် ပိုင်းမှာကျနော် ရှင်းပြပါ့မယ် ….

၁၉၉၁ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒီဇင်ဘာ အုံကြွမှုနောက်ပိုင်းကျောင်းသားငယ် လှုပ်ရှားမှု အတော် အသင့် ပြန်လည် အသက်ဝင်လာပါတယ်၊ ၁၉၉၀- ၉၁ ခုနှစ်များအတွင်း အထိမ်းသိမ်းခံရတဲ့
ကျနော်တို့အ.က.သ BESU ကျောင်းသားတွေထဲက အတော်များများလည်း ပြန်လည် လွတ်မြောက် လာ ကြပါတယ်၊ အဲဒီ ၁၉၉၁- ၉၂ ခုနှစ်မှာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသဖြစ်တဲ့ တောင်ဥက္ကလာပ မြို့နယ်
နဲ့ သင်္ဃန်းကျွန်းမြို့နယ် အကြားမှာ (၁၆)ကွေ့ဖက်မှာ ကျောင်းသားအရေအတွက် ရာဂဏန်းရှိတဲ့ ကျူရှင်တွေ ရှိပါတယ်၊ ကျူရှင်ဆရာတွေဖြစ်တဲ့ ဓါတုဗေဒ ဦးညီညီ၊ ရူပဗေဒဆရာ ဦးဥာဏ်လွင်၊ သင်္ချာဆရာ
လက်ပြတ်ဦးတင်ရွှေ အစရှိတဲ့ ကျူရှင်တွေက တစ်ခုနဲ့ တစ်ခု နီးပါတယ်၊
ကျူရှင်ချိန် (၂)နာရီ ပြီးတာနဲ့ နောက်ထပ် ကျူရှင်တစ်ခုဆီ ပြေးလွှားနေရတဲ့ ဆယ်တန်းကျောင်းသား အရေ အတွက်ဟာ ထောင်ဂဏန်းပတ်ဝန်းကျင် ရှိပါတယ်၊ အဲဒီ ကျောင်းသားတွေ အားလုံးနီးပါး ၁၉၈၈ခုနှစ်၊   ရှစ်လေးလုံး တော်လှန်ရေးအတွင်းမှာ အနည်းနဲ့ အများ ဆိုသလိုဆန္ဒပြခဲ့ဖူးသူတွေပါ ...။

၉ တန်း စာမေးပွဲကြီး ပြီးကာစ သင်္ကြန်ကာလ မတိုင်ခင်ကတည်းက၁၀ တန်းအတွက် ကျူရှင်တွေမှာ လူ အပြည့်ပါ၊ အဲဒီလို စည်ကားနေတဲ့ ကျူရှင်အများစုရှိရာ နေရာတွေမှာ အစိုးရ ဆန့်ကျင်ရေးစာရွက်စာ တမ်း ဖြန့်ဝေရတာ အင်မတန် လွယ်ကူပါတယ်၊ စစ်အစိုးရဆန့်ကျင်ရေး၊ လက်နက်ကိုင် တော်လှန်ရေး၊ သပိတ်စုံ သူပုန်ထ၊အစရှိတဲ့ စာရွက်စာတမ်းကို ဖြန့်ဝေခဲ့တဲ့သူက စပ်စိန်မင်းလို့ ခေါ်ပါတယ်၊ (စပ်စိန်မင်း ဟာ ကိုမိုးသီးဇွန်ရဲ့ တူတော်စပ်ပါတယ်)၊ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့၊ တောခိုဖို့ လက်ကမ်း စာစောင် ဖြန့်ဝေ စည်းရုံးမှုဟာ တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်၊ ၁၉၉၂ ခုနှစ်ဧပြီ လ မှာ စစ်အစိုးရ အာဏာသိမ်း စစ်ကောင်စီအတွင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်လာပါတယ်၊ဒါကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း အပြင်းအထန် ဖိနှိပ်ခြင်းခံရ တဲ့ ကျောင်းသားငယ် လှုပ်ရှားမှု ခြေလှမ်း ပြန်သွက်လာပါတယ်။

စပ်စိန်မင်း ဦးဆောင် စည်းရုံးတဲ့ လက်နက်ကိုင်ဖို့ တောခိုမယ့်လှုပ်ရှားမှု တော်တော်လေး အားကောင်း လာသော ၁၉၉၂ ခုနှစ်ဇွန်လမှာ ကျနော်တို့ ဆီ သတင်းဆိုးတစ်ခု ရောက်လာပါတယ်၊၁၉၉၂ ခုနှစ် ဇွန်လ (၄)ရက်နေ့ထုတ်အစိုးရသတင်းစာတွေဖော်ပြချက်အရကိုမောင်မောင်ကြွယ်တစ်ယောက် ABSDF မြောက် ပိုင်းမှာအချင်းချင်း သူလျှိုအဖြစ် စွပ်စွဲ သတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားကြောင်း သိရပါ တယ်၊ ဒီသတင်း ဟာ ချက်ချင်း တောမီးပမာ ပြန့်နှံသွားပြီး စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသား လှုပ်ရှားမှုကို အားလျှော့ သွားစေပါတယ်၊အဲဒီကာလနောက်ပိုင်းနိုင်ငံရေးကိုစိတ်ဝင်စားသောကျောင်းသားများအကြားABSDF အမည် ဟာ မထင်ရှားတော့ပါ၊ စပ်စိန်မင်း အပါအ၀င် ကျောင်းသား အနည်းငယ်သာ နယ်စပ်ကို ထွက်ခွာ သွား ခဲ့ကြ ပါတယ်။
….. …. ….

၁၉၉၅ ခုနှစ်မှာ ရန်ကုန် ပန်းဘဲတန်းမြို့နယ်က လျှပ်စစ်ပစ္စည်း ရောင်းဝယ်တဲ့ သူငယ်ချင်းတစ်ဦးကြောင့် ဗိုလ်တထောင်မြို့နယ် အခြေစိုက်ထောက်လှမ်းရေး အမှတ်(၁၃) ၀န်းထဲကို ရောက်ရှိခဲ့ပါတယ်၊ အဲဒီခေတ်
က ရန်ကုန်မြို့ရဲ့ နေရာတိုင်းမှာ လျှပ်စစ်မီး မှန်မှန် မရပါ၊ မြို့သစ်တွေမှာ ရှိတဲ့ စက်မှုဇုန်တွေမှာလည်း လျှပ်စစ်မီးက မမှန်ပါ၊ မီးလာရင်လည်းလိုချင်တဲ့ ဓါတ်အားက မပြည့်ပါ၊ ဒါကြောင့် စက်မှု လုပ်ငန်းရှင် အများစုဟာ လျှပ်စစ်မီး ပုံမှန်ရပြီး ဓါတ်အားပြည့်ရရှိနိုင်မယ့် ထောက်လှမ်းရေးဝန်းတွေထဲ နေရာ သွားဌားရပါတယ်၊ လုပ်ငန်းပိုင်ရှင် ကျနော့်သူငယ်ချင်းမှာအသိမိတ်ဆွေ ထောက်လှမ်းရေး အရာရှိတစ်ဦး ရှိပါတယ်၊ သူ့အမည်ကကိုမြတ်စိုး လား … ကိုမြတ်နိုင် လား … သူ့ရဲ့ နောက်ဆုံးအမည်က `စိုး´သို့မဟုတ် `နိုင်´ ဖြစ်နိုင်ပါတယ်၊ ရှေ့အမည်က `မြတ်´ပါ၊ သူက အရက်စွဲနေတဲ့ ထောက်လှမ်းရေး အရာရှိတစ်ဦးပါ၊ ကျနော့်သူငယ်ချင်းကို အဲဒီအရာရှိက ညနေတိုင်း စားသောက်ဆိုင်တစ်ခုခုမှာ အရက် လိုက်တိုက်ခိုင်းပါ တယ်၊ ကျနော့် သူငယ်ချင်းက အရက်ဆိုင်မှာ အရက်လိုက်တိုက်ရတဲ့ဒုက္ခအတွက် ကျနော့်ကိုယ် အကူအညီ တောင်းပါတယ်၊ ဒါနဲ့ပဲ အဲဒီထောက်လှမ်းရေး အရာရှိနဲ့ တစ်ပတ်မှာ သုံး … လေးရက်လောက် အရက်ဆိုင် လိုက်ထိုင် ပေးရပါတယ်၊ သူ အရက်မှူးလာတဲ့အခါ သူ့ခံစားချက်တွေ နားထောင်ရင်းကနေ ကိုမောင်မောင်ကြွယ်တို့ မြောက်ပိုင်းဇာတ်လမ်းသူ ပြောပြသမျှ သိခဲ့ရပုံက ….

(မှတ်ချက်။ ။ ယခုအခါ အချိန်ကာလအားဖြင့် အတန်ကြာခဲ့ပြီ ဖြစ်တဲ့အတွက် အဲဒီအချိန် က သူ ပြောခဲ့သမျှ အလုံးစုံကို စာရေးသူကျနော်အနေဖြင့် မမှတ်မိတော့ပါ၊ မှတ်မိသလောက်ကိုပဲ တိတိကျကျတင်ပြပါရစေ …)
အဲဒီအရာရှိက ကိုမောင်မောင်ကြွယ်တို့ သတ်ဖြတ်ခံရတဲ့ ၁၉၉၁- ၉၂ ခုနှစ်ကာလက နယ်စပ်ဒေသ တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်ထဲကို ကုန်သည်ပုံစံ သွားရောက်ပြီး သတင်းယူရတဲ့ NIB ရုံးက ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးပါ၊ ၀င်ငွေ ကောင်းတဲ့ သူ့မှာ ဒုတိယ မယားအဖြစ် နယ်စပ်ဒေသက တိုင်းရင်း
သူလေးတစ်ဦးရှိကြောင်း ပြောပြပါတယ်၊ ကိုမောင်မောင်ကြွယ် အပါအ၀င်ကျောင်းသားအုပ်စုလိုက် အချင်း ချင်း စွပ်စွဲပြီး သတ်ဖြတ်ခံရတဲ့ သတင်းကို ကြိုတင် မရရှိသောကြောင့် သူ့ရာထူးဖြစ်တဲ့ ဗိုလ်ကြီး အဆင့် ကနေဗိုလ်အဆင့်ကို တဆင့်အလျှော့ခံရပြီး ရန်ကုန်ကို အရွှေ့ခံရကြောင်း သူကပြောပြ ပါတယ်၊ နယ်မှာ ကျန်ခဲ့တဲ့ သူ့ တိတ်တိတ်ပုန်း ဒုတိယ မယားလည်း ကုန်သည်တစ်ဦးဆီမှာ မယားငယ်အဖြစ် ပြောင်းသွားပြီး သူလည်းအဲဒီစိတ်နဲ့ အသဲကွဲအရက်သမား ဖြစ် လာကြောင်း ပြောပြ ပါတယ် …

ကျနော် သိချင်တာတွေကို သူ မူးလာတိုင်း အခြေအနေကြည့်ပြီးထပ်ခါတလဲလဲ မေးခဲ့ပါတယ်၊ သူ့အဖြေက တစ်ရက်နဲ့ တစ်ရက်၊ တစ်ခါနဲ့တစ်ခါ သိပ်တော့ မပြောင်းလဲပါ၊ `အကိုတို့ ထောက်လှမ်းရေးတွေ၊ ABSDF
မြောက်ပိုင်းမှာ အဖမ်းခံရတယ်ဆို ...´ လို့ ကျနော် မေးလိုက်တော့ …

`ညီလေး၊ အဲဒီအကြောင်း မပြောပါနဲ့ကွာ၊ အသဲနာလို့ပါ၊ ရန်သူ့စခန်းနဲ့ အနီးဆုံးရွာမှာ MI က မွေးထားတဲ့ သတင်းပေးက ငါတို့ကိုအဲဒီဖြစ်စဉ် မဖြစ်ခင် (၅)လလောက်ကတည်းက ကြို သတင်းပေးတယ်၊ ရန်သူ့စခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်၊ အချင်းချင်း ဖမ်းလားဆီးလား ဖြစ်နေတယ်လို့ ပြောတယ်၊ ငါတို့က အဲဒီအချိန်က `ဂဲ(ဂဲလုံး)´(ကျောက်စိမ်း မှောင်ခို) သယ်ဖို့ပဲ စိတ်ဝင်စားတယ်၊ ထောက်လှမ်းရေး
ဆိုရင် အမေးအမြန်း လုပ်လို့ မရဘူး၊ ငါတို့ကို လူတိုင်းက ကြောက်နေရတာ၊ ရန်သူ့စခန်းထဲ ထိုးဖောက် ၀င်ရောက်ပြီး လှုပ်ရှားတယ်ဆိုတာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေ လျှောက်ကြည့်ပြီး သူတို့ဘာသာသူတို့ တောင် ထင် မြောက်ထင် လျှောက်ထင်နေတာ၊ သူတို့အုပ်စုလိုက် ပြေးလာတော့ လမ်းမှာ တရုတ်ရဲနဲ့ ပက်ပင်း တိုးပြီးတရုတ်ရဲ အဲဒီသူတွေကို ဒို့ဆီအပ်မှ ဒို့လည်း သိရတာ၊ အဲဒီလောက်ဖြစ်နေမှန်း ငါတို့ရော MI ပါ ထင်တောင် မထင်ထားဘူး၊ ဒါနဲ့ အထက်က ရန်သူ့သတင်း ဘာကြောင့် ကြိုမရသလဲ ထုချေလွှာ တင် ခိုင်းတော့၊ ဂျူတီကျ(တာဝန်ကျ)တဲ့သူက တစ်ရစ်လျှော့၊စခန်းထိုင်က နယ်ပြောင်းရတယ် ညီလေး …

ဒို့အဘ(သူတို့စခန်းရဲ့ အုပ်ချုပ်သူ တပ်ရင်းမှူးအဆင့်) တွေ ဟိုးအရင်၈၈ ခုနှစ် မတိုင်ခင် ပြည်ကြီးဖက် နယ်စပ်မြို့တွေထဲ ၀င်ပြီး ရုံးဖွင့်မိလို့တရုတ်ထောက်လှမ်းရေးက ဖမ်းတာ နှစ်ခါလောက် ခံရဖူးတယ်၊ ဗကပ
စစ်ရေးသတင်းကို သိချင်လို့ လိုက်တာ၊ နောက်တော့ တရုတ်နဲ့ ညှိပြီးမူးယစ်ဆေးဝါး ဖြတ်ကျော်မှု တား ဆီးရေးလို့ အကြောင်းပြပြီး သူတို့လည်း ငါတို့ဖက်က နယ်စပ်တွေမှာ ကုန်သည်ပုံစံ စခန်းဖွင့်၊ ငါတို့ လည်းသူတို့ဖက်က နယ်စပ်မြို့မှာစခန်းသွားဖွင့်လို့ ရလာတယ်၊ ဒါပေမယ့်`အတို´(သေနတ်) ကိုင်ခွင့်တောင် မရှိဘူး၊ သတင်းစု၊သတင်းစစ်၊သတင်းပို့ အဆင့်ပဲ ရတယ်၊ MI လည်း ရန်သူ့စခန်းထဲထိ မသွား ဘူး၊ သို့ပေမယ့် ကုန်သည်ပုံစံနဲ့ တခါတလေ ရန်သူ့စခန်းထဲထိ ရောက်ဖူးတဲ့သူတွေ ရှိတယ်၊ MI ရော ငါတို့ရော နယ်စပ်မှာ ဖွဲ့စည်းပုံ မပြည့်ဘူး၊ဒါကြောင့် MI ဆိုရင် ခြေလျင်တို့ ခြေမြန်တို့ကနေ `တပ်အကူထောက် လှမ်းရေး´ ထပ်ဖြည့် ရတယ်၊ ၉၃ ခုနှစ် ကျော်လောက်မှဖွဲ့စည်းပုံက အားကောင်းလာတာ၊ ၉၁- ၉၂ တုန်းကဆို`နိုဘယ်ဆု၊ 10-D၊ ဘိုကလေးနှင့် ဦးစောမောင်´ ဆိုပြီး အော်ပရေရှင်းတွေ အများကြီး၊ ရန်သူ့ လည်း ကြည့်ရ … ကိုယ့်အချင်းချင်းလည်းကြည့်ရနဲ့ ထောက် လှမ်းရေးမှာ လူတောင် မလောက်ဘူး၊ အဲဒါနဲ့ တချိုSB ကိုင်ရမယ့် ဂွင်တွေကို MI ကို ကိုင်ခိုင်း ရတယ်၊ MI ဆိုတာ သတင်းပေးနဲ့ အလုပ် လုပ်တာ၊ ရန်သူ့ စခန်းနဲ့ အနီးဆုံးရွာ၊ ရန်သူ့ ဂွင်ထဲကရန်သူ့ အမာခံ ရွာတွေမှာ နေရာ လိုက်ယူရတယ်၊ ရန်သူနဲ့ သမီးရည်း စားပုံစံ ချစ်ကြိုက်နေတဲ့ ရွာထဲက မိန်းကလေးတွေကို အ၀တ်စတွေ အလကားပေး၊ မိတ်ကပ်တွေ အကြွေးနဲ့ လိုက်ရောင်း၊ အဲဒီဒေသကထွက်တဲ့သီးနှံကို ဈေး ပိုပေးတဲ့ ကုန်သည် လုပ်ပြီး ရန်သူ့သတင်း အနံ့ခံ ရ တယ်၊တခါတလေ ကုန်သည်ပုံစံ ပစ္စည်းလိုက်ရောင်းရင် ရန်သူ့စခန်းထဲရောက်ဖူးတဲ့ MI တွေ ရှိပါတယ်၊ ဒါပေမယ့် နိုင်ငံခြား ရုပ်ရှင်တွေထဲကလို ဘယ်သူမှ အသက် အန္တရာယ် ရှိတဲ့ ထိုးဖောက်စွန့် စားတဲ့ သူလျှို အလုပ်မျိုး မလုပ်ဘူး၊ အထက်ကလည်း အဲဒီလောက်ထိဘယ် သူ့ကိုမှ မလုပ်ခိုင်းဘူး၊ လုပ်ဖို့လည်း မလိုဘူး၊ ကုန်သည်ကငါတို့ကို သတင်းပေးချင်နေတာ … ရန်သူ့ သတင်းကို တိတိကျကျပေးနိုင်တဲ့ ကုန်သည်တွေကို ငါတို့က ခွင့်မပြုတဲ့ ကုန်ပစ္စည်းတစ်ခေါက်လောက်ဖြစ်   ဖြစ် သယ်ခွင့် ပေးလိုက်တယ်၊ ရန်သူကပြည်တွင်းကို ထိုးဖောက်ဖို့ အထဲကို ၀င်လာမယ် ဆိုရင်လည်း
အဲဒီ ကုန်သည်လမ်းကြောင်းကနေ ၀င်လာလေ့ရှိတယ်၊ အဲဒီတော့MI မွေးထားတဲ့သူ ဆိုတာ အဲဒီ ကုန်သည်တို့ အထမ်းသမားတို့ထဲမှာပဲ နေလေ့ရှိတယ်၊ စခန်းထဲအထိ အသက်စွန့်ပြီး သွားဖို့မလိုပါဘူး ...
…..

မမူ(ဒေါ်မူမူကျော်လွင်)နှင့် ကိုလတ်တို့ထံမှ သိခဲ့ရသမျှ

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင် ရက်အနည်းငယ်အလိုမှာ မလေးရှားနိုင်ငံရောက် မြန်မာ့နိုင် ငံရေးလှုပ်ရှားသူများအစုအဖွဲ့ကိုစတင်စုဖွဲ့ခဲ့ကြပါတယ်၊အဲဒီအစုအဖွဲ့အတွက်လှုပ်ရှားရင်းABSDF မြောက်ပိုင်း မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မမူ(ဒေါ်မူမူကျော်လွင်)၊ ကိုလတ်တို့နှင့် ခင်မင်ရင်းနှီးခဲ့ပါတယ် ..

ကိုမောင်မောင်ကြွယ်အပါအ၀င် ခေါင်းဖြတ် အသတ်ခံရတဲ့အခင်း ဖြစ်ပွားခဲ့ချိန် ၁၉၉၂ ခုနှစ်မှာ လိုင်စင်စခန်း တွင် မမူ မရှိပါ၊သို့သော် ယင်းကာလ မတိုင်ခင်ကတည်း AB မြောက်ပိုင်းစခန်းမှာ `မြို့´အစွဲ `အုပ်စု´အစွဲ များ ရှိကြောင်း ပြောပြပါတယ်၊ဘောလုံးကစားကြလို့ တစ်ဖက်နဲ့ တစ်ဖက် ငြင်းခုန်ရာကနေ`ဘားတိုက်´(စစ်တန်း လျား)ထဲကလက်နက်ပြေးဆွဲပြီးသေနတ်ချိန်ရွယ်တာမျိုးတွေမကြာခဏဖြစ်ပွားလေ့ရှိပါတယ်၊ အဲလို ပြဿနာမျိုးတွေ ဖြစ်ပွားရင် ရဲဘော်များ၊ ခေါင်းဆောင်များ ၀င်ရောက်ထိန်းသိမ်းဖို့ ခက်ပါတယ်၊ အမျိုး သမီး ရဲမေများက ကြားကနေဖြန့်ဖြေပေးရပါတယ်၊ ဦးဆောင်သူ ခေါင်းဆောင်များနှင့် ရဲဘော်များအ ကြား `ဒေသအစွဲ´ တွေရှိပါတယ်၊ ဥပမာ … ခေါင်းဆောင်ဖြစ်သူက သူနှင့် ဒေသ မတူသော တော ခိုကျောင်းသား အားအမိန့်ပေးရာတွင် အခက်အခဲများစွာ ရှိပါတယ်၊ ကိုမောင်မောင်ကြွယ်အပါအ၀င် အသတ်ခံ ရသော ကျောင်းသားများအားလုံးမှာ သူလျှိုလုံးဝ မဟုတ်ကြောင်း မ(ဒေါ်)မူမူကျော်လွင် က ပြောပြပါတယ် …

ကိုလတ်ဟာ ABSDF မြောက်ပိုင်း အကျဉ်းစခန်းကနေ သူလျှိုအဖြစ်စွပ်စွဲခံရတဲ့ အကျဉ်းသား ၅၀ ကျော် အကျဉ်းထောင်ကိုဖောက်ပြီးထွက်ပြေးတဲ့ ညမှာ စခန်းရဲ့ ကင်းတာဝန်ကျ စာရင်းမှာ ပါဝင်ခဲ့သူလို့ ဆိုပါတယ်၊ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့နောက်ပိုင်း ကိုလတ်ဟာ စစ်အစိုးရထံ လက်နက်ချ ခဲ့ပါတယ်၊
ကိုလတ် ပြောစကားများအရ … ABSDF မြောက်ပိုင်းဒေသဟာရာသီဥတုအရ အင်မတန် အေးပါတယ်၊ စခန်းပတ်ဝန်းကျင် ကျေးရွာတချို့မှာလည်း ဆေးခြောက်ရှုတဲ့ အလေ့အထ ရှိပါတယ်၊ ထောက်လှမ်းရေး သူလျှိုအဖြစ် စတင်ဖမ်းဆီးဖြစ်ခဲ့ခြင်းဟာ စစ်သုံး စကားပြောကြေးနန်း `ဆိုက်ဘာ´ စကားဝှက် တစ်ခုကြောင့် လို့ ပြောပြပါတယ်၊
အဲဒီ စကားဝှက်အမည်က `ပလပ် ရိုက်မယ်´ ဆိုတဲ့ စကားလုံးပါ၊စခန်းပတ်ဝန်းကျင်ရှိ ကျေးရွာတချို့က ရလာတဲ့ ဆေးခြောက်ကိုဆေးပေါ့လိပ်ထဲက ဆေးသားနဲ့ ရောသမအောင် မွှေနှောက်ပြီးဆေးပေါ့လိပ် ထဲ ပြန် ထည့်ရပါတယ်၊ အဲလို ဆေးသားကို အပြင်ထုတ်ပြီး အထဲ ပြန်ထည့်တာကို ရန်ကုန်မြို့၊ မန္တလေးမြို့ က တော ခိုလာသော ကျောင်းသားများရဲ့ ဗန်းစကား အခေါ်အရ `ပလပ် ရိုက်မယ်´လို့ ခေါ်လေ့ရှိပါတယ်၊ အဲဒီ အချိန် က ကချင်ပြည်နယ် အခြေစိုက်စစ်အစိုးရ တိုက်ခိုက်ရေး တပ်ဖွဲ့များ လှုပ်ရှားတဲ့ဒေသများတွင်
စစ်အစိုးရတပ်ဖွဲ့များ အချင်းချင်းဆက်သွယ်လေ့ရှိသော စကားလုံးကလည်း `ပလပ် ရိုက်မယ်´ ဆိုတဲ့ စကား လုံး ဖြစ်နေခဲ့ပါတယ်၊
အဲဒီ သူလျှိုအဖြစ် လူအများစုကို စဖမ်းဆီးခဲ့တဲ့ အချိန်ကာကကစခန်းအတွင်း ညနေခင်းတွေမှာ `မင်းတို့ ပလပ် ရိုက်ပြီးပြီလား´...
စသဖြင့် အချင်းချင်း စနောက်လေ့ရှိပါတယ်၊ ဒီစကားလုံးဟာစစ်အစိုးရ စေလွှတ်လိုက်သော သူလျှိုဖြစ်သူ များဟာ မိမိတို့တပ်ဖွဲ့ဝင်များအကြား ရောက်နေပြီလားလို့ ယူဆသူများအကြား သံသယကို တိုးပွားစေ ခဲ့ တယ်လို့ ကိုလတ်ထံမှ သိရပါတယ် ….

စစ်ကြောရေး စခန်းများအတွင်း လူမဆန်အောင် ညှင်းပမ်းနှိပ်စက်ပြီး ဇွတ်အတင်း ၀န်ခံခိုင်းတယ် လို့ ပြောပြ ပါတယ်၊ သူလျှိုအဖြစ်စွပ်စွဲခံရသူတွေဟာ သူလျှိုမဖြစ်နိုင်ကြောင်း မည်သူမျှ နူတ်မဟရဲပါ၊
အနိမ့်ဆုံးအဆင့် ပါးရိုက် အပြစ်ပေးခြင်းကို ခံရနိုင်သလို အခြေအနေမကောင်းပါက သေဒဏ် အထိ ဖြစ် သွားနိုင်တယ်လို့ ဦးဆောင်သူများဖြစ်တဲ့ ကိုရော်နယ်အောင်နိုင်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က
ကြိမ်းမောင်း ပြောဆိုကြတယ်လို့ ကိုလတ်ထံမှ သိရပါတယ် ...

မမူ(ဒေါ်မူမူကျော်လွင်)နှင့် ကိုလတ်တို့ထံမှ သိရသမျှကိုမောင်မောင်ကြွယ်အား သတ်ဖြတ်ခဲ့သူမှာ ယခုအခါ သာယာဝတီအကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသော သံချောင်းဖြစ်ကြောင်းပြောပြပါတယ် …
…. ….. ….

စာရေးသူ ကျနော် ရေးသားနေသာ `ကျွန်တော် မှတ်မိသမျှကိုမောင်မောင်ကြွယ်´ အကြောင်းကို ဤမျှသာ ဖြစ်ပါတယ်၊ကိုမောင်မောင်ကြွယ် အပါအ၀င်၊ သူလျှိုအဖြစ် အတင်းအဓမ္မစွပ်စွဲပြီး သေဒဏ် အပေး ခံခဲ့ရသောကျောင်းသားလူငယ်များနှင့်ပက်သက်ပြီးဆက်လက်၍ ယခုအခါ ကျနော်ရ ရှိထား  သော၊စုဆောင်း ထားသော သတင်း အချက်အလက်များကို ပြည်တွင်းရှိ ...
-၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
-ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗ.က.သ)
-အခြေခံပညာကျောင်းသားများ သမဂ္ဂ
-၇၄- ၇၅- ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ နိုင်ငံရေး မျိုးဆက်များ
နှင့် နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှ အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်တစ်ဦးချင်းတို့ ထံ တိုင်ကြားပေးပို့ အစီရင် ခံသွားမှာ ဖြစ်ပါတယ်။

ABSDFမြောက်ပိုင်းတွင်သူလျှိုအဖြစ်စွပ်စွဲပြီး၁၉၉၂ခုနှစ်ဖေဖ်ါဝါရီလ (၁၂)ရက်နေ့တွင် မတရား သေဒဏ် အပေးခံခဲ့ရသော အခြေခံပညာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမောင်မောင်ကြွယ် သည် …
စွပ်စွဲထားသလို စစ်အစိုးရမှ စေလွှတ်လိုက်သည့်စစ်ထောက်လှမ်းရေး သူလျှို လုံးဝ မဟုတ်ပါ ...
ယုတ္တိမရှိသော၊ အဓမ္မ အနိုင်ကျင့်မှုတစ်ခုသာဖြစ်ပါတယ် ….။   ။

-စစ်ငြိမ်းဒီရေ

(ပြီးပါပြီ။)

(မှတ်ချက်။ ။ စာရေးသူရဲ့ အမည်အရင်းက အောင်ခင်မြင့် ဖြစ်ပါတယ်၊ ဘလော့ပေါ်မှာ `စစ်ငြိမ်းဒီရေ´ အမည်နဲ့ စာရေးပါတယ်၊
ဘလော့ဂါ အများစုက ကိုအောင်(ပျူနိုင်ငံ)လို့ ခေါ်ကြပါတယ်၊၁၉၈၈- ၈၉ -၉၀ ခုနှစ်များအတွင်း အခြေခံပညာကျောင်းသားများ
သမဂ္ဂ (BESU) ရဲ့ အဖွဲ့ဝင် ကျောင်းသားအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်၊ လက်ရှိ ဒိန်းမတ်နိုင်ငံမှာ နေထိုင်နေဆဲ အိမ်ထောင် သည်တစ်ဦးပါ။) 
ပျူနိုင်ငံ မှကူးယူဖော်ပြသည်။ 

မောင်မောင်ကြွယ်
(နောက်ဆုံးအချိန်အထိရီနိုင်ခဲ့တဲ့ စိတ်ချမ်းသာမယ်ထင်တဲ့လက်နက်နဲ့ သတ်လို့ပြောတဲ့ ကျောင်းသားအာဇာနည်)

No comments: