Sunday, June 26, 2011

မြန်မာပြည်မှပေးစာ (တိရိစ္ဆာန်တို့ အကြောင်း စကားလက်ဆုံ ၂)

အောင်ဆန်းစုကြည်
 
(လစဉ် မိုင်အိနိချိ-ကော်လံတွင် ဖော်ပြနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ “မြန်မာပြည်မှစာ”ကဏ္ဍ၏ ဆဋ္ဌမ မြောက်ဆောင်းပါးဖြစ်ပါသည်) 

၆၆ နှစ်တာကာလ ပရစ်ဇင်မ်ကို ထိုးဖောက်ကြည့်ရခြင်းဟာ လွန်ခဲ့တဲ့အနှစ် ၆၀ သို့မဟုတ် လွန်ခဲ့တဲ့ ၆ နှစ် ကိုတောင် ကြည့်မြင်ခဲ့ရခြင်းနဲ့ ကွာခြားနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ ယှက်နွယ်နေတဲ့ ကာလအ တွင်း မှာ ကမ္ဘာကြီးနဲ့ကျွန်မဟာ ပြောင်းလဲလာခဲ့လို့ပါ။ လွန်ခဲ့တဲ့ အနှစ် ၆၀ က တိရစ္ဆာန်များနဲ့ ကျွန်မရဲ့ ဆက်နွယ် မှု(ဒီလိုပဲပြောနိုင်ခဲ့မယ်ဆိုရင်)ဟာ ကွာလှမ်း ပါတယ်။ ကျွန်မရဲ့ ကလေးဘဝရဲ့မြင်ကွင်းတစိတ်တပိုင်းဖြစ် တဲ့ စိတ်ဝင်စားစရာမကောင်းတဲ့ ခွေးဗန္ဓတ်များနဲ့ သနားစရာမြင်တွေ့ရတဲ့ လှည်းဆွဲမြင်းများအကြောင်းကို ကျွန်မရေးခဲ့ပါတယ်။ကျွန်မငယ်ရွယ်စဉ်ကရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့တိရစ္ဆာန်လောကရဲ့အခြားသတ္တဝါတွေ က   တော့ ငှက်များဖြစ်ကြ ပါတယ်။
အဲဒိအချိန်တုန်းကရန်ကုန်ဟာမဖွံ့ဖြိုးသေးပါဘူး။ကျွန်မတို့ဟာ မြေနီနဲ့ ကျောက်ခဲကျိုးများခင်းထားတဲ့လမ်း မှာနေ ခဲ့ကြပါတယ်။ ရှည်တဲ့ဝါးရုံများ၊ ကျွန်မတို့နွားများရဲ့စားကျက်ဖြစ်ခဲ့တဲ့ ရှည်မျောမျော လွင်တီးခေါင် ချိုင့်ကွင်းပြင်မျာ၊ ရေမှော်ရေညှိများရှိနေတဲ့ ရေကန်နဲ့ ပြိုမ ယောင်အုဋ်ခဲနံရံများဖြင့် အနားသတ်ထားပါတယ်။

ကျွန်မတို့အိမ်ရဲ့မျက်နှာချင်းဆိုင်မှာတော့ ဘုန်းတော်ကြီးကျောင်းရှိခဲ့ပါတယ်။ ရိုးရာပုံစံရှိနေတဲ့ သစ်သား အဆောက်အဦးများ၊ ပစ္စလက္ခဖြစ်နေတဲ့မြေကြီးများ၊ ရှေးဟောင်းဗိမာန်များနဲ့ရုပ်ပွား တော်များနဲ့ နက်ရှိုင်းတဲ့ တည်ငြိမ်အေးဆေးမှုဟာ လူသာမန်များရဲ့ ပျားပန်းခတ်အလုပ်ရှုပ်နေ တဲ့ကမ္ဘာနဲ့ ခြားနား ထားကြောင်းကို အလေးအနက်ဖော်ပြနေပါတယ်။ဘုန်းကြီးကျောင်းနဲ့ကျွန်မတို့အိမ်နှစ်ခုစလုံးဟာ တောင်ငယ်လေးများလို့ခေါ် ဆိုလောက်တဲ့ကုန်းမြင့်တွေပေါ်မှာတည်ရှိနေကြတာကြောင့်ကြားထဲကလမ်းလေးဟာကျဉ်းမြောင်းတဲ့တောင် ကြားချိုင့်ဝှမ်းနဲ့တူနေ ပါတယ်။

ကျွန်မတို့ပန်းခြံဟာ ကွဲပြားတဲ့အမြင့် ၃ မျိုးပေါ်မှာဖြန့်ကျက်တည်နေပြီး၊ သစ်ပင်များစွာဟာ ငှက်ပေါင်းစုံရဲ့ စိတ်ဝင်တစားဆွဲဆောင်စရာဘုံအဖြစ် ဖန်တီးပေးထားပါတယ်။ အတွေ့များရ တဲ့ငှက်တွေ ကတော့ကျီးကန်း များ၊ သာလိကာများ၊ ချိုးများ၊ ခိုများ နဲ့ စာကလေးများဖြစ်ကြ ပါတယ်။

အရေအတွက်များလွန်းလို့ငှက်အားလုံးကိုသတိမထားနိုင်ခဲ့ပါ။ဒါပေမင့်ညနေပိုင်းကျီးကန်းများအိပ်တန်းတက် ဘို့ ပျံသန်းနေတာကိုစောင့်ကြည့်ရခြင်းကို ကျွန်မနှစ်သက်ခဲ့ပါတယ်။ သူတို့အပြန်လမ်း ကောင်းကင်ပြင်မှာ ကြီးမားတဲ့အနက်ရောင် တောင်ပံဖြန့်ကျက် ခြယ်မှုန်း လျက် ကျီးအာသံများ ပြည့်နှက်နေပါတယ်။

ခိုငှက်ကလေးရဲ့ဆွဲဆွဲငင်ငင်အော်မြည်သံဟာ နွေဦးရဲ့ဂီတသံတစိတ်တပိုင်း ဖြစ်နေခဲ့ပါတယ်။ကျွန်မကတော့ ငှက်ကလေးကို ဖြတ်ခနဲတောင် သတိမထားခဲ့ပါဘူး။ကျွန်မအထူးတလည်စူးစူးစမ်းစမ်းမရှိခဲ့တာကိုအခုအချိန် မှာ ကျွန်မအံ့သြမိပါတယ်။

သစ်ပင်ပေါ်မှာခိုနားနေတဲ့ ကျွန်မတို့ကိုဂုဏ်ထယ်စွာ မဟာဆန်ဆန်ကြည့်နေတဲ့ ကြက်တူရွေး ကလေးကို စိတ်ဝင်စားမိတာ ကျွန်မ အမှတ်ရမိပါတယ်။ ဒါဟာ သူ့ရဲ့တဒင်္ဂတည်ရှိမှုပါပဲ။

တနေ့မှာ နေ့ခင်းကြောင်တောင်ကြီး ဇီးကွက်တကောင် သစ်ပင်ကပြုတ်ကျခဲ့ပါတယ်။ ဥယျဉ် မှူးက ကျွန်မ တို့ကြည့်ဘို့ကောက်ပြခဲ့ပါတယ်။ အံ့သြထိတ်လန့်နေတဲ့ကျွန်မမျက်နှာကို ဇီးကွက် ကလေးက အိပ်ချင်မူးတူး မျက်စိနဲ့ ပေကလပ်ပေကလပ် ကြည့်နေခဲ့ပါတယ်။

ကျွန်မတို့လမ်းထိပ်မှာ ၁၉ ရာစုအိန္ဒိယပုံစံ အိမ်အိုတဆောင်ရှိခဲ့ပါတယ်။ မှေးမှိန်အားပျော့လာ တဲ့ ဒီအိမ်ရဲ့ ခန့်ညားထယ်ဝါမှုနဲ့ ဖြစ်သလိုပြန့်ကျဲနေတဲ့စွန့်ပစ်ခံခြံတို့ရဲ့ လွမ်းဆွတ်မှုကို မရေ ရာတဲ့ ပိုင်ရှင်မဲ့မှုက ပိုမိုစေခဲ့ ပါတယ်။ ပိုင်ရှင်တွေဟာ အိန္ဒိယနွယ်လူချမ်းသာများဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်မြန်မာပြည်ကို ရောက်လာ လို့ ထွက်ပြေးသွားကြောင်း ကျွန်မတို့သိထားခဲ့ပါ တယ်။

အိမ်စောင့်များလက်ထဲကို ပိုင်ရှင်တွေက တနည်းနည်းနဲ့ စီစဉ်အပ်နှံခဲ့ပါတယ်။ စစ်ကာလ အတွင်း အိမ်စောင့် များ က တလျှောက်လုံး ကြည့်ရှုစောင့်ရှောက်ပေးလျက်၊ သူတို့ရဲ့အလုပ်ရှင် များ ဘယ်တော့မှပြန်မလာလဲ သစ္စာရှိရှိနဲ့သူတို့အလုပ်မှာ ဆက်လက်ထမ်းဆောင်နေကြပါ တယ်။

ကျွန်မမှတ်မိတဲ့ ဒီအိမ်စောင့်များဖြစ်ကြတဲ့ ဒိုတီဝတ်အရပ်ရှည်ရှည် အိန္ဒိယနွယ်ဘွားများက တော့ ကျွန်မတို့ ကိုသူတို့ရဲ့ပန်းခြံထဲရှားရှားပါးပါလည်ခွင့်ပြုခဲ့ဘူးပါတယ်။အစောင့်အရှောက်ခံမဲ့သစ်ရွက်အရှုပ်အထွေးတွေ ကြား မှာ ရေပန်းနှစ်ခုနဲ့ ကြီးမားတဲ့ အညိုရောင်ကျောက်ရေကန် ကြီးများရှိခဲ့ပါတယ်။ နှစ်ခုစလုံးဟာ လုံး လုံးခြောက်သွေ့နေလင့်ကစား သူတို့ရဲ့ခန့်ညားထယ် ဝါမှုဟာ ကျွန်မကို အံ့သြစေခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ဒီဗိမာန်ရဲ့ ကျက်သရေကိုဆောင်နေတာကတော့ သူတို့အိပ်တန်းမှာနားနေတဲ့ကြီးမား တဲ့ကတ္တဝါကြီး နှစ်ကောင်ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပြိုးပြိုးပြက်ပြက်လွင် နေတဲ့အရောင်များဖြင့် အထီးကျန် ပန်းခြံကို တောက်ပနေစေခဲ့ပါတယ်။ သူတို့ဟာ ရန်ကုန် တိရစ္ဆာန်ရုံပြင်ပမှာတွေ့ရတဲ့ အရောင်အသွေးအစုံစုံ နဲ့စွဲမက်နှစ်သက်ဘွယ် တိုင်းတပါးမှလာ တဲ့ သတ္တဝါများဖြစ်ကြပါတယ်။

အဲဒီအချိန်တွေတုန်းက တိရစ္ဆာန်ရုံကို စိတ်အပန်းဖြေအလည်အပတ်သွားရတာက အလွန်ထူး တဲ့ ပြုမူချက် ပါ။ တိရစ္ဆာန်ရုံဟာ ကျွန်မတို့အိမ်နဲ့ မဝေးလှပါ။ ခြင်္သေ့များရဲ့ဟိန်းဟောက်သံတွေ ကို ဆည်းဆာချိန် ရဲ့တိတ် ဆိတ်မှုကိုကျော်လွန်ပြီး ကြားနိုင်ခဲ့ရပါတယ်။ ညနေတိုင်းမှာ ဘာ ကြောင့် ခြင်္သေ့တွေ ဟိန်းကြရတာလဲလို့ လူကြီးများကို ကျွန်မမေးခဲ့ပါတယ်။ အစာကျွေးချိန်ကို သတိပေးတာလို့တချို့က ဖြေကြပါတယ်။ တောထဲက သူတို့ ဌာနေကိုလွမ်းကြလို့ သတ္တဝါ ကြီးများက ငိုတာပါလို့ တချို့ကတော့ ဖြေခဲ့ကြပါတယ်။ 

တိရစ္ဆာန်ရုံထဲကလှောင်အိမ်တွေထဲမှာဒီတိရစ္ဆာန်များကိုကျွန်မမြင်ရတဲ့အခါသူတို့ရဲ့အငြိမ်မ နေလှုပ်ရှားမှုများ ကိုသဘောပေါက်သွားခဲ့ပါတယ်။သူတို့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ခြေလှမ်းများဟာ ဝေးကွာနေတဲ့သိုတို့ရဲ့ဌာနေ များကို လွမ်းမောတမ်းတခြင်းနဲ့ ဆက်နွယ်နေမှာပါလား လို့လဲ တွေးထင်မိခဲ့ပါတယ်။

မြန်မာ့ဝေဒအယူအရ အင်္ဂါဖွား ကျွန်မဟာ ခြင်္သေ့ဖြစ်တဲ့အတွက် ခြင်္သေ့ကြီးများကိုအထူး မျှဝေစာနာခဲ့တာပါ။

မျောက်များဟာလဲအလားတူအခြားကြောင်းအရာတခုပါ။လာလည်ပတ်သူများအကြားထင်ရှားတဲ့“မျောက်ရွာ” ဟာ ကျွန်မစိတ်ကို မချမ်းမြေ့စေခဲ့ပါ။ ကျွန်မရဲ့မျက်စိထဲမတော့ မျောက်များဟာ မဖော်ရွေသလိုမပျော်ရွှင်နေ သလို ဖြစ်နေတာမြင်တွေ့နေခဲ့ရပါတယ်။သူတို့မျက်စိများဟာယုတ်မာမှုများနဲ့တောက်ပနေတယ်လို့ထင်ခဲ့ရပါ တယ်။ သူတို့ရဲ့ ဟာသလုပ်ရပ် တွေအပေါ်ရယ်မောနေကြတဲ့သူများကိုသူတို့ရဲ့ပါးစပ်များကလှောင်ပြောင်နေ ကြပါတယ်။ သူတို့ကိုပစ်ပေးတဲ့ မြေပဲနဲ့အစားအစာများကို ရှုံ့မဲ့တဲ့မျက်နှားများဖြင့် ကျွမ်းကျင်စွာ ဖမ်းယူခဲ့ ကြ ပါတယ်။

ဒါဟာ ဆင်များနဲ့ လုံးဝ မတူတာပါပဲ။ ပေးကမ်းလာတဲ့ငှက်ပြောသီးများနဲ့ ဘန်းပေါင်မုန့်များကို ကျေနပ်နှစ် သက်တဲ့မျက်နှာကြီးများနဲ့ နှာမောင်းရဲ့ညှိုးလျလျလှုပ်ရှားမှုများဖြင့် ဆင်များက လက်ခံယူကြပါတယ်။ ဒါ ကို ကျေးဇူးတင်ကြောင်းကို ကျက်သရေရှိစွာ အလေးပြုခြင်းလို့ ကျွန်မက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ ကျွန်မ ကြီးကောင်ဝင်လာပြီးနောက် တိရစ္ဆာန်ရုံကို နှစ်ခေါက်သာ အလည်အပတ်သွားခဲ့ပါ တယ်။ တကြိမ်ကတော့ နိပေါမှာ နဲ့ နောက်တခါကတော့လန်ဒန်မှာပါ။ နေ့လည်ပိုင်းမှာအားလပ်နေလို့၊အရောက်အပေါက်ခက်ခဲလွန်း တဲ့ဟိမဝန္တာမှာရှိတိရစ္ဆာန်ရုံ ဖြစ်နေလို့မိုက်ကယ်နဲ့ကျွန်မတို့ခတ်မန္ဒူအိမ်မွေးတိရစ္ဆာန်ရုံကိုသွားရောက်ခဲ့ပါတယ်။ 

ဒီနေရာ ဟာ စိတ်မကောင်းဘွယ်၊ စိတ်အားငယ်စရာအသွင်ဆောင်နေကြတဲ့ တိရစ္ဆာန်များရှိနေတဲ့ဖုံထူတဲ့နေ ရာဖြစ်နေပါတယ်။ခြင်္သေ့များဟာများသောအားဖြင့် ခွေးသားကိုစားနေကြရတာ ဖြစ်လို့သက်ရှိခွေးရဲ့အနံ့ ကို  ရသွားရင် သူတို့အဘို့ စိတ်ကြွစရာဖြစ်စေနိုင်လို့ ကျွန်မတို့ရဲ့ ဘူတန်တယ်ရီယာခွေးလေးကို ဝင်ပေါက်အပြင် မှာထားရစ်ခဲ့ရန် အကြံပေးခံခဲ့ရပါတယ်။ ဒါ ဟာ နောက်ထပ်ပြန်မဖြစ်ပေါ်ရဘို့ ဘိတ်ခေါ်တဲ့ အတွေ့အကြုံတ ခုဖြစ်ပါတယ်။

နောက်တခါနဲ့နောက်ဆုံးအကြိမ် တိရစ္ဆာန်ရုံသွားလည်ခဲ့တာကတော့ နောက်နှစ်အနည်းငယ်အကြာမှာကျွန်မ သား အလက်ဇန္ဒရားကို “ဝစ်ပ်စနိတ်”တိရစ္ဆာန်ရုံကို ခေါ်သွားခဲ့တဲ့အချိန်ဖြစ် ပါတယ်။ ခတ်မန္ဒူတိရစ္ဆာန်ရုံထက်စာရင်တော့လှလှပပရှိပါတယ်။ဒါပေမင့် လှောင်ထားခံနေရတဲ့တိရစ္ဆာန်များကို မြင်တွေ့ ရတဲ့ ခံစားမှုရသကကျွန်မမှာပျောက်ဆုံးနေတာကိုကျွန်မ တွေ့ရပါတယ်။တိရစ္ဆာန်များကမပြောင်းလဲခဲ့ပါဘူး။ ဖမ်းချုပ်လှောင်အိမ်သွင်းခြင်းနဲ့လူသားကြီးစိုးလွှမ်းမိုးမှုအပေါ်ထားရှိတဲ့ကျွန်မရဲ့သဘောထားကသာ ပြောင်းလဲ ခဲ့တာပါ။

တိရစ္ဆာန်များနဲ့လူသားတို့ဆက်ဆံရေးအပေါ်ထားရှိခဲ့တဲ့ကျွန်မရဲ့သဘောထားအမြင်ဟာ ပြောင်းလဲသွားလိမ့် မယ်လို့အဲဒီအချိန်ကကျွန်မနားမလည်ခဲ့ပါ။ကျွန်မ မြော်လင့်မထားခဲ့တဲ့ပုံစံတွေနဲ့ကျွန်မရဲ့ပတ်ဝန်းကျင်ကမ္ဘာ ဟာလဲ ပြောင်း လဲသွားခဲ့မယ်ဆိုတာကို ပိုလို့တောင် နားမလည်ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်
ဇွန်လ ၂၅၊ ၂၀၁၁
မိုင်အိနိချိသတင်းစာ၊ ဂျပန်
(၂၀၁၁၊ ဇွန်လ ၂၅ ရက်ထုတ် ဂျပန်နိုင်ငံ မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Animal talk (2) ကို ဘာသာပြန်ပါသည်။)
မောင်မောင်လှကြိုင်
၂၀၁၁-၀၆-၂၆ 
swenaing.blogspot.com မှကူးယူဖော်ပြပါသည်။

No comments: