Sunday, June 26, 2011

ကြိုးစင်ပေါ်မှ စကားများ

ခင်မမမျိုး
Sunday, June 26, 2011

ကြိုးစင်။

ဒီစကားလုံးကို ကြားရသည့်အခါတိုင်းရုရှားသူရဲကောင်းမလေးဇိုယာကကျွန်မရဲ့အတွေးအိမ်ထဲသို့ဝင်ရောက် လာတတ်သည်။ ခုနစ်တန်း ကျောင်းသူဘ၀၊ ပြင်ပ စာပေများ၊ ဗဟုသုတများကို သဲသဲမတ်မတ် လိုက်ရှာနေ ချိန်မှာ ဇိုယာက ကျွန်မနှလုံးသားထဲသို့ ရုတ်ခြည်း ၀င်ရောက်လာခဲ့တာဖြစ်သည်။ လည်ပင်းမှာ ကြိုးကွင်းစွပ် ခံထားရချိန်တွင် ဇိုယာ ပြောကြားလိုက်သော စကားလုံးများက ကျွန်မ သွေးကြောများ အတွင်းသို့တစုံတရာ အင်အားတို့ကို စီးဝင်သွားစေခဲ့သည်။

ရဲဘော်တို့။ သေရမှာကို ငါမကြောက်ဘူး။ ဖက်ဆစ်တွေကို သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်ကြ

ကြိုးပေးသတ်တာကို ၀ိုင်းကြည့်နေကြတဲ့ ပရိသတ်အပေါင်းကို ကြိုးစင်ပေါ်ကနေ ပြန်အားပေးသွားခဲ့တဲ့ သူရဲကောင်းမလေး ဇိုယာအကြောင်းကို သိရပြီး များမကြာမီသော အချိန်ကာလတခုမှာပင် ဂျူးလီးယက် ဖူးချစ်ကိုလဲ ကျွန်မ ရင်းနှီးခွင့် ရသွားခဲ့ပြန်သည်။ ကားမောင်းသမားကို မြို့ပတ်မောင်းခိုင်းပြီး၊ ချောင်ကြိုချောင်ကြား စာအုပ်အငှားဆိုင် များကို ရှာဖွေတွေ့ ရှိ ရင်း မည်သူမည်ဝါဟု မမှတ်မိတော့သည့် ဦးလေးကြီးများ၊ အစ်ကိုကြီးများ၏ ဖတ်သင့်သော စာအုပ်များကို လမ်းညွှန်ပေးတာတွေ ကြုံခဲ့ရသည်။ ဦးလေးကြီးတယောက်က ငှားဖို့ ထားတာ မဟုတ်ပဲ သိမ်းထားတဲ့ စာ အုပ် ဆိုပြီး စာအုပ်တအုပ် ပေးဖတ်ဖူးသည်။ စာအုပ်ငှားခလဲ မယူပဲ ပေးဖတ်ခဲ့သည်။ ထိုစာအုပ်ကား ဂျူးလီ ယက်ဖူးချစ်၏ ကြိုးစင်ပေါ်မှ မှတ်တမ်းများ။

“ ကျနော်၏ ပြဇာတ်သည်လဲ အဆုံးသို့ တိုင်လှပေပြီ။ ထိုဇာတ်သိမ်းခဏ်းကိုကား ကျနော်မရေးခဲ့တော့။ သိလဲ မသိတော့။ ထိုဇာတ်သိမ်းခဏ်းကား ပြဇာတ်မဟုတ်တော့။ ဘ၀ ပင် ဖြစ်လေသည်။
ဘ၀တွင်ကား ပွဲကြည့်သူ ဟူ၍ မရှိ။
ကားလိပ်လဲ ပွင့်လေပြီ။
လူအပေါင်းတို့
ခင်ဗျားတို့အား ကျနော် ချစ်ခဲ့သည်။
နိုးနိုးကြားကြား ရှိကြလော့"

ဂျူးလီးယက်ဖူးချစ်၏ နောက်ဆုံးစကားလုံးများကကျွန်မအားဘ၀နှင့်ပတ်သက်၍ မေးခွန်းများကို ပေးအပ်လာ

ခဲ့သည်။

"ဘ၀တွင်ကား ပွဲကြည့်သူ ဟူ၍မရှိ" “ နိုးနိုးကြားကြား ရှိကြလော့"

ဒီစကားလုံးလေးကို ကျွန်မ အကြိမ်ကြိမ် ပြန်လည်ရေရွတ်မိဘူးသည်။ နီးစပ်ရာလူကြီးများကိုလိုက်မေးကြည့် မိသည်။ ဒဿန အမျိုးမျိုးဖြင့် အဖြေထုတ်ခဲ့ကြသည်။ တွေးစရာများက အများအပြား။ ကြိုးစင်များ၊ ထောင်နံရံများကို ကျွန်မ စိတ်ဝင်စားလာသည်။ နိုင်ငံတကာ တော်လှန်ရေး ရုပ်ရှင်ကားများကို လိုက်ကြည့်မိသည်။ ဆရာစံကို ကြိုးပေးသတ်ခဲ့သောသာယာဝတီထောင်ကို မြင်ဖူးချင်လာသည်။ ထောင်နှင့် ပတ်သက်သော စာများကို လိုက်ရှာဖတ်ဖြစ်သည်။ ကြိုးမိန့်ပေး ခံထားရသော အကျဉ်းသားတယောက်ရဲ့ စိတ်အခြေအနေ၊ ကြိုးစင်ပေါ်သို့ သွားရာ ခြေလှမ်းများ၊ သေခြင်းတရားကို ရင်ဆိုင်ပုံရင်ဆိုင်နည်းများစသည် များပါသော ထောင်၊ ကြိုးတိုက်၊ ကြိုးစင် စာများကို လိုက်ရှာ ဖြစ်ခဲ့သည်။

နောင်သုံးနှစ်လောက်အကြာမှာ ဆယ်တန်းအောင်တော့ မွေးရပ်ဇာတိကို ခေတ္တခွာ၍ ရန်ကုန်မှာ ခဏတာ သွားနေဖြစ်ချိန်မှာ စာအုပ်အဟောင်းဆိုင်များမှ ဦးကြီးများနှင့် ခင်မင်သွားခဲ့သည်။ စာအုပ်အဟောင်းများရွေးရင်း ဆိုင်ရှင်နှင့်စကားအပြန်အလှန် ပြောရင်းမှ ဘေးမှနားထောင်နေတဲ့ဦးလေးကြီး တယောက်နှင့်လဲ မိတ်ဆွေ ဖြစ်ခဲ့ဘူးသည်။ သူက ကျွန်မကို ကလေးမလို့ ခေါ်သည်။ ကျွန်မနာမည်ကိုမမေး ခဲ့။ သူ့နာမည်ကိုလဲ ဦး....လို့သာ မှတ်ထားလိုက်လို့ ဆိုသည်။ ထိုနေ့က ကျွန်မ ရှာနေသော စာအုပ်ကို သူ့ဆီမှာ လာယူဖို့ ပြောသည်။ မြေနီကုန်းမှ လက်ဖရည်ဆိုင် တဆိုင်မှာ ချိန်းသည်။ မမြင်ဖူး၊မတွေ့ဖူးသည့် သူစိမ်းတယောက်ကိုလက်ဖရည်ဆိုင်မှာသွားတွေ့ရလောက်အောင်အသက်ဆယ့်ခုနစ်နှစ်အရွယ်မိန်းကလေး တယောက်မှာ ဘယ်လို အင်အားရှိခဲ့လေသည်မသိ။ သေချာသည်ကတော့ ကျွန်မ သွားဖြစ်ခဲ့ ပါသည်။

နောက်ပိုင်းမှာလဲဦးလေးကြီးနှင့်တခါတရံ တွေ့ဖြစ်ခဲ့သည်။ဆူးလေဘုရားအနီးမှာ၊ မြေနီကုန်းမှာ၊လှည်းတန်းမှာ ကျွန်မတို့ ဆုံဖြစ်ခဲ့ကြသည်။ဦးလေးကြီးကတက္ကစီစီးလာသောကျွန်မကိုသင်္ကန်းကျွန်း၊ ရွှေပေါက်ကံ၊သာကေ တသို့သွားသောဘတ်စ်ကားများစီးကြည့်ရန်တိုက်တွန်းခဲ့သည်။ကမ်းနားမှအလုပ်သမားများ၊ကုန်စိမ်းဈေးများ သို့ သွားကြည့်ခိုင်းခဲ့သည်။ ပဲခူးအရှေ့ခြမ်း၊အနောက်ခြမ်း ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများဘက်သို့ခရီး ထွက်ရန် တိုက်တွန်းခဲ့သည်။ ရှမ်းပြည်ဘက်အသွားအပြန်မှာ ရထားကို ရိုးရိုးတန်းမှ စီးကြည့်ရန် ဆိုခဲ့သည်။

အခါအခွင့်သင့်တဲ့ အခါများမှာ သူပြောသည်များကို ကျွန်မလိုက်လုပ်ဖြစ်ခဲ့ပါသည်။ဦးလေးကြီးကထိုအတွေ့  အကြုံများကို ပေးခဲ့သည်မကပဲ၊ဗဟုသုတ ဖြစ်ဖွယ်အကြောင်းအရာများကိုလဲ ပြောပြခဲ့ပြန်သည်။ကျွန်မ မေးသော ဖူးချစ်၏စကားလုံးများကိုလဲကျွန်မလက်ခံနိုင်သောအတွေးအခေါ်များဖြင့်ရှင်းပြခဲ့သည်။ထောင်၊ကြိုးတိုက်၊ကြိုးစင် အကြောင်းများကလဲတစွန်းတစ။ ပြီးတော့ဗိုလ်ကြီးအုန်းကျော်မြင့်၊ဆလိုင်းတင်မောင် ဦး စသော အမည်များ။

ဦးလေးကြီးပြောပြလို့ အမည်များကို ကြားဖူးခဲ့ပေမယ့် ဖြစ်စဉ်များကို အသေးစိတ် မသိခဲ့ရ။ နယ်မှ အဖွားက လွမ်းသည်ဆိုပြီး အတင်း ပြန်ခေါ်တာမို့ သတ်မှတ်ချိန်ထက် စောပြန်ခဲ့ရသည်။ ဦးလေးကြီးကို နှုတ်မဆက်ဖြစ်ခဲ့။ အဆက်အသွယ် ပြတ်သွားခဲ့တာမို့ အသေးစိတ် ထပ်မမေးဖြစ်ခဲ့တာလဲ ပါမည်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစင်၊ ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သော ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဦးသန့် အရေးအခင်းနှင့် ဆလိုင်းတင်မောင်ဦး စသောအမည်များကတော့ကျွန်မရဲ့အတွေးအိမ်ထဲမှာတွဲခိုနေခဲ့သည်။

နောက်ပိုင်းမှာတော့ အတွေးရိပ်များတွင် အမည်နာမတခုအဖြစ် ရှိနေခဲ့ဖူးသော ဆလိုင်းကိုတင်မောင်ဦး၏ ကြိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့သွားခဲ့သော ခြေလှမ်းများ၊ ပြောဆိုခဲ့သော စကားလုံးများကို အသေးစိတ် သိခွင့် ရလာ ခဲ့ပါတော့သည်။ ကြိုးစင်ပေါ်သို့ ဦးတည်သော ခြေလှမ်းများမှာ ဆလိုင်းကိုတင်မောင်ဦး ပြောကြားခဲ့သည်က

မင်းတို့ ငါ့ကို သတ်လို့ ရပေမယ့်၊ ငါ့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့ မရဘူး။
မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။

တော်လှန်ရေးသူရဲကောင်းတို့၏ကြိုးစင်ပေါ်မှစကားများသည် တော်လှန်ရေးစိတ်ဓာတ်၊ တော်လှန်ရေး ၀ိဥာဉ်တို့ကို နောင်မျိုးဆက်များ၏ သွေးကြောများတွင်းသို့ စီးဝင်စေ စမြဲ။ နှလုံးအိမ်တို့ကို ကိုင်လှုပ်နိုင်စွမ်း ရှိစမြဲ။

ကျွန်မ ယုံကြည်သည်။

ကြိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲသော ခြေလှမ်းများ၊ သေခြင်းတရားကို မတုပ်မလှုပ် ရင်ဆိုင်ရဲသော တည်ကြည်ခိုင်မာမှုများနှင့် စစ်ဖိနပ်အောက်မှာ ဒူးမထောက်သော စိတ်ဓာတ်များ၏ အရှိန်အဟုန်များ ပေါင်းဆုံသွားသော တနေ့မှာ ….........................................။

ခင်မမမျိုး (၂၆၊ ၆၊ ၂၀၁၁)

(ဆလိုင်းကိုတင်မောင်ဦးကဲ့သို့ ဒူးမထောက်၊ လက်မမြှောက်ပဲ ကြိုးစင်ပေါ်သို့ ရဲဝံ့စွာ တက်ခဲ့ကြသည့်
ကမ္ဘာ့တော်လှန်ရေး၊ မြန်မာ့တော်လှန်ရေး သူရဲကောင်းများအား လေးစားဦးညွတ်လျက်)

No comments: