Friday, May 25, 2012

မိုးတိတ်တေး

အထည်ချုပ်စက်ရုံကြီးထဲက
ချည်မွှေးညှပ်ကောင်မလေးရေ
မင်းရဲ့ မြွေရေခွံအိတ် အဟောင်းလေးထဲမှာ
လုံခြုံမှုတွေကြည့်ကောင်းသေးရဲ့ လား
ထဘီတပတ်နွမ်းလေးကိုပဲ 
အကြိမ်ကြိမ်အထပ်ထပ် ဆင်မြန်းရှာခဲ့ရ

သမ္မာအာဇီဝဆိုတာ
စကားလုံးအားဖြင့် လှပါရဲ့ 
ပရိုတိန်းတော့ ကြွယ်ဝလိမ့်မှာ မဟုတ်ဘူး။

နတ်ပြည်ခြောက်ထပ်ရဲ့ အဝေး
စပို့ ရှပ်ဒီဇိုင်းတွေရဲ့ အဝေး
ရွှေမြို့ တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့လယ်ကွင်းတွေကို
မင်းထားခဲ့တယ်

တဘ၀လုံးပတ်ကြားအက်နေတဲ့
တောသူတောင်သားမိဘမောင်ဘွားတွေကို
မင်းထားခဲ့တယ်

ထနောင်းပင်မြစ်၊ ထန်းမြစ်နဲ့ 
သဲထဲရေသွန်နေ့ ရက်တွေကို
မင်းထားခဲ့တယ်

မင်းကတော့
အတောင်အလက်မစုံလင်ဘဲ
တောင်ဒဂုံစက်မှုဇုန်ထဲမှာ
ဒဏ်ရာရငှက်ကလေးတကောင်လို တုန်ယင်လို့ 
ကြုံလှီဖျော့တော့ 
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘ၀ကို အမျောမခံနဲ့ 
သံမဏိကြိုးတချောင်းလိုအားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ ကြံ့ ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆံလို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဌာရုံချည်းပဲမဟုတ်ဘူး
လတ်ဆတ်တဲ့သစ်သီးဝလံတွေနဲ့ 
ပျော်စရာသီချင်းသံတွေလည်းရှိတယ်ကွယ်

အဲဒီအခါကျ
မင်းဟာသားကောင်းမိခင်လည်းဖြစ်ခွင့်ရှိ
အိမ်မက်ကို ပုခက်လွှဲရင်း
လောကကို နို့ ချိုတိုက်ကျွေးခွင့်လည်းရှိ
အစစ်အမှန်သာယာပျော်ရွှင်ချမ်းမြေ့ ခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ  အကုန်ရှိပေရဲ့ ။

အခုလို မိုးပြိုချိန်မှာတော့
ဒုက္ခကို 
သရုပ်ပြတင်ဆက်ရင်း  မင်းရယ်မော
သောကကို
ကကြိုးဆင်ရင်း  မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို
မင်းယုံကြည်လိုက်ပါ
ရှင်နေမင်းဟာ
ငါတို့ ထင်သလို 
အဝေးကြီးမဟုတ်ရပါဘူးကွာ။     ။

မိုဃ်းဇော်

No comments: