Saturday, May 26, 2012

လွှတ်တော်အမတ်တချို့နဲ့ စကားပြောခြင်း

ထက်အောင်ကျော် (၂၆-၀၅-၂၀၁၂)

လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလ အတွေ့အကြုံအရဆိုရင် ဒီလို မေလ ၂၇-၀န်းကျင်မှာရေး တဲ့ ဆောင်းပါးတွေ ဟာ ၁၉၉၀- မေလ ၂၇-ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ပါတ်လည်နဲ့ အဲဒီရွေးကောက်ပွဲ မှာအနိုင်ရခဲ့တဲ့ လွတ်တော်အမတ်တွေအကြောင်းဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခါ မေ ၂၇-မှာ ကျနော် ရေးမဲ့ဆောင်းပါးက ၉၀-ရွေးကောက်ခံအမတ်တွေအကြောင်းမဟုတ်ဘဲ ၂၀၁၀-နိုဝင်ဘာရွေးကောက်ပွဲ နဲ့ ၂၀၁၂-ဧပြီ လ ကြားဖြတ်ရွေးကောက်ပွဲကနေတက်လာတဲ့ အမတ်တချို့နဲ့တွေ့ဆုံမှုအကြောင်းဖြစ် ပါတယ်။


တခါဒီအမတ်တွေကိုကျနော်တွေ့ဆုံခွင့်ရတဲ့နေရာ ဟာအမတ်တွေရုံးထိုင်တဲ့ နေပြည်တော်မှာ မဟုတ် ဘဲလွန်ခဲ့တဲ့နှစ်၂၀-ကျော်လုံးလုံး၉၀-ရွေးကောက် ပွဲ ကနေတက်လာတဲ့ ပြည်ပရောက် အမတ် တွေ။ အမျိုးသားညွန့်ပေါင်းအစိုးရ ၀န်ကြီးတွေ ကို ထောက် ခံလာခဲ့ တဲ့ နော်ဝေးနိုင် ငံ အော်စလိုမြို မှာဖြစ် နေပြန်ပါတယ်။

ညွန်ပေါင်းအစိုးရ၀န်ကြီးတွေ။ပြည်ပရောက် လွတ်တော် အ မတ်တွေနဲ့အတူ လွန်ခဲ့တဲ့နှစ်တွေ က ကျနော်တို့တက်ရောက်ဆင်နွဲခဲ့ဖူးတဲ့ မေလ ၁၇-   နော်ဝေး နိုင်ငံအမျိုးသားနေ့အခန်းနားမှာလဲ အခု တော့ ပြည်ပရောက်အမတ်တွေ အစား နေပြည်တော် က ပါလီမန်ဥက္ကဌ သူရဦးရွေမန်းနဲ့ လွတ်တော် ကိုယ်စားလှယ် အဖွဲ့တက်ရောက် ဆင်နွဲနေတာ ကို မြင် လိုက်ရတဲ့အတွက် ဒီနှစ် အော်စလိုမြင်ကွင်းဟာ အတော့်ကို ထူးထူးခြားခြားဖြစ်နေပါတယ်။

အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြင်ကွင်းတွေနဲ့ လူတွေကတော့ အယင်နဲ့မတူ တမူပြောင်းလဲနေတာ အထင် အရှားပါဘဲ့။ ဒါပေမဲ့ အပေါ်ယံမြင်ကွင်းအပြင် အနှစ်သာရအရကော တကယ်ပြောင်းလဲနေတာ ဟုတ်ပါရဲ့ လား။ ဧည့်ခံပွဲတခုမှာ ခဏတာတွေ့ဆုံခွင့်ရခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ် ၉-ကို ဒီမေးခွန်း တွေအတွက် ကျနော် စကားပြောကြည့်ခဲ့ပါတယ်။

ကျနော်တွေ့ဆုံ နှုတ်ဆက်ခွင့်ရခဲ့တဲ့ လွတ်တော်အမတ်စာရင်းကို အယင်ဆုံးတင်ပြရမယ်ဆိုရင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် NLD မှ ဒေါက်တာမျိုးအောင်နဲ့ ဦးသိန်းဆွေ။ အမျိုးသားဒီမိုကရေစီ အင်အားစု NDF မှ ဦးခင်မောင်ရည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ဦးညဏ်ဆွေ ၀င်း။ ဖလုံစဝေါပါတီ မှ စောသိန်းအောင်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေ။ ရှမ်း အမျိုးသားများ ဒီမိုက ရက် တစ်ပါတီမှ နန်းဝါနု။ မွန်ဒေသလုံးဆိုင်ရာပါတီမှ မိမြင့်သန်းနဲ့ ကချင်ပါတီမှ ဒေါ်ဒွဲဘူတို့ဖြစ်ပါတယ်။

လွတ်တော်ဥက္ကဌ ဦးရွေမန်းအပါဝင် ကြံ့ခိုင်ရေးပါတီက အမတ်တွေ။ ၀န်ကြီးတွေကတော့ DVB ရုံးမှာလုပ်တဲ့ အဲဒီ ဧည့်ခံပွဲကို မလာသလို နော်ဝေရှိ မြန်မာတွေနဲ့လဲ တွေဆုံခြင်းမရှိတဲ့အတွက် ကျနော်တွေ့ခွင့်မရ လိုက်ပါဘူး။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပါလီမန်တခုလုံး။ ပါလီမန်အမတ် တွေအားလုံး ဒီမိုကရေစီရေးအတွက် လက်တွဲအလုပ်လုပ်နေကြပါတယ်လို့ဆိုပေမဲ့ အခုချိန်ထိတော့ နိုင်ငံရေးဖြတ် သန်း မှုဆိုင်ရာ သမိုင်းကြောင်းတွေ။ သူဘက်။ ကိုယ့်ဘက်ဆိုတဲ့ အမြင်တွေရှိနေဆဲလို့ ယူ ဆရပါတယ်။

ကျနော်စကားပြောကြည့်သလောက်ကတော့ လက်ရှိအပြောင်းလဲကို တကယ့်အပြောင်းလဲ အ ဖြစ်ဒီ လွတ်တော် အမတ်တွေက ယုံကြည်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အခုအပြောင်းအလဲဟာ "စလုံးရေး စ" အဆင့် ဘဲ့ရှိသေးတဲ့အတွက် ရှေ့လျောက်အများကြီးကျိုးစားဖို့လိုနေသေးတယ်လို့ သူတို့ က ဆိုပါတယ်။ စစ်သားအမတ် ၂၅-ရာခိုင်နှုံးနဲ့ ကြံ့ခိုင်ရေးပါတီက ၇၀-ရာခိုင်နှုံးကျော်ရှိနေဆဲဖြစ်တဲ့ လက်ရှိလွတ်တော်ကနေ အပြောင်းလဲတွေတကယ်လုပ်နိုင်ပါ့မလား။ လူကြိးမင်းတို့ရဲ့အဆိုတွေကို လွတ်လပ်စွာတင်ပြခွင့် ရပါရဲ့ လား ဆိုပြီး မေးကြည့်တဲ့အခါမှာတော့ "အစောပိုင်းတုန်းကတော့ နဲနဲရှိန်နေ လို့ သိပ်မတင်ပြရဲ ဘူးပေါ့ ဗျာ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားအကြောင်း။ ထောင်တွင်းအ တွေအကြုံတွေကိုပါ ထည့်ပြော နိုင်တဲ့အထိ ပါလီမန်ကလွတ်လပ်လာပါတယ်" လို့ ၈၈-အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူ ဦးခင်မောင်ရည် ကပြောပါတယ်။

တစည အမတ် ဦးညဏ်ဆွေဝင်းကတော့ ကြံခိုင်ရေးနဲ့ စစ်တပ်ကအများစုဖြစ်နေတယ်ဆိုပေမဲ့ တိုင်းပြည် အတွက်အကျိုးရှိမဲ့အဆိုပြုချက်ဆိုရင် အားလုံးကလက်ခံပါတယ်လို့ဆိုပါတယ်။ တပ်မတော် သား ကိုယ်စား လှယ်တဦးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ အပြိုင်အဆိုင်ငြင်းကြတဲ့ အဆိုပြုချက်တခုမှာ တပ် မတော်သားဖက်က နိုင်သွားတဲ့ သာဓကတခုကို သူကထုတ်ပြပါတယ်။ တခါ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ရေးကိစ္စ။ နိုင်ငံရေးအ ကျဉ်း သားလွတ်ပေးရေးကိစ္စတွေကိုလဲ သူက ထောက်ပြပါတယ်။ ဒါပေမဲ့ ကချင် ဒေသ မှာတိုက်ပွဲ ဆက်ဖြစ်နေတဲ့ကိစ္စ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေဆဲ ကိစ္စတွေ။ ပြည်ပရောက် နေသူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်မပေးသေးတဲ့ကိစ္စတွေကိုလဲ ဆက်လုပ် ဖို့လိုနေဆဲဖြစ်ကြောင်း သူ တို့က သဘော တူကြပါတယ်။

ပါလီမန်ထဲမှာ အမတ်တွေအားလုံး တန်းတူဆွေးနွေးခွင့်ရနေပြီဆိုပေမဲ့ ပါလီမန်ခန်းမ အပြင် ဖက်ရောက် တာနဲ့ အမတ်တွေရဲ့အခွင့်ရေးကွာခြားသွားတယ်လို့ သူတို့ကဆိုပါတယ်။  "ဟောဒီဓါတ်ပုံ တွေကိုသာကြည့်။ ကျနော်တို့အမတ်မင်းတွေ နေပြည်တော်မှာ ဘယ်လိုနေရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်" ဆိုပြီး ဦးခင်မောင်ရည်က သူရဲ့လက်ကိုင်ဖုန်းထဲက ဓါတ်ပုံတွေကိုပြပါတယ်။ နေပြည်တော် စည်ပင် သာယာတည်းခိုခန်းမှာ တနေ့ ကျပ် ၂၀၀၀-နဲ့ လွတ်တော်အမတ်တွေတည်းနေ ရတဲ့အဆာင်မှာ မီးမ လာတဲ့အတွက် ဖထီးစောသန်းအောင်နဲ့အဖွဲ့ အကျီချွတ်ပြီး အပြင်မှာထွက်အိပ်နေ ရပုံအပါဝင် လွတ်တော် အမတတဦးရဲ့်အဆင့်တန်းအတိုင်း နေထိုင်ခွင့်မရတဲ့ အမတ်သစ်တွေရဲ့ ရုပ်ပုံ တွေကို မြင်ခဲ့ရပါတယ်။

ဒါပေမဲ့ အမတ်အားလုံး ဒီလိုနေရတာမျိုးတော့မဟုတ်ပါ။ နေပြည်တော်မှာ ရုံးခန်းမရှိတဲ့။ ပိုင် ဆိုင်မှုမရှိသေး တဲ့ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုအမတ်တွေသာ ဒီလိုနေရတာဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီ အမတ်တွေကတော့သူတို့ပါတီဝင်းထဲမှာ အားလုံး အိုကေပြီး အဆင်ပြေနေပါတယ်လို့ ဒီအမတ်တွေ ကဆိုပါ တယ်။

ပြည်ပရောက်နေသူတွေအပေါ် သူတို့ဘယ်လိုမြင်သလဲ

တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရေး ပြည်ရေးကိစ္စတွေအပြင် အဲဒီတိုင်းရေး-ပြည်ရေးကိစ္စလုပ်ရင်း နဲ့ ပြည်ပ ကိုရောက် သွားကြတဲ့အင်အားစုတွေအပေါ် အစိုးရသစ်နဲ့ ပါလီမန်သစ်က ဘယ်လိုသဘောထား သလဲဆို တဲ့အချက်ကိုလဲ ကျနော်အလေးပေးမေးမြန်းဖြစ်ပါတယ်။ ဒါဟာ ကိုယ်နဲ့တိုက်ရိုက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အပြင်  သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ကလဲ ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်နေ တာ ၂-ကြိမ် ရှိနေပြီဖြစ် ပါတယ်။

"နိုင်ငံရေးအကျဉ်းသားကိစ္စ။ ပြည်တွင်းစစ်ကိစ္စ။ ပြည်ပရောက်နေသူတွေကိစ္စ အားလုံးကို ကျ နော်တို့ အ ဆိုပြု တင်ပြ ခဲ့ ပါတယ်။ ဒါပေမဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လို ဥပဒေမျိုး အခုချိန်ထိ မ ထုတ်ပြန်နိုင်သေး တာကတော့ ၀မ်းနဲစရာဘဲ့" လို့ အမတ်တဦး ကပြောပါ တယ်။ နောက် အမတ်တဦး က တော့ "ငြိမ်းချမ်းရေးဆိုတာ တိုက်ပွဲတွေရပ်လိုက်ယုံနဲ့မပြီးဘူးလေ။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ မှာရောက်နေသူတွေ။ နယ်စပ်မှာရောက်နေသူတွေ မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်ရေးကလဲ ငြိမ်း ချမ်းရေး လုပ် ငန်းစဉ်တခုဘဲ့လေ" လို့ဆိုပါတယ်။

"ပြည်ပမှာရောက်နေသူတွေကိစ္စကို ခင်ဗျားတို့အလေးထားတယ်ဆိုရင် အခုခရီးစဉ်မှာ ဘာ ကြောင့် ပြည် ပရောက်မြန်မာတွေနဲ့တွေဖို့အစီစဉ်မပါသလဲ" ဆိုပြီး ကျနော်က မေးမိပါတယ်။ "အမှန် တိုင်းဝန်ခံရ ရင် နော်ဝေးမှာ မြန်မာတွေဒီလောက်များနေမှန်း။ ကျနော်သူငယ်ချင်းတွေကိုယ်တိုင် ဒီမှာရှိ နေမှန်းကြို မသိခဲ့ဘူးဗျ" လို့ ဦးခင်မောင်ရည်ကဖြေပါတယ်။ နောက်တခါ အခုခရီးစဉ်ဟာ ပထမ-ဆုံး သော မြန် မာလွတ်တော်အမတ်တွေရဲ့ ပြည်ပခရီးစဉ်။ ဥရောပခရီးစဉ် ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဖိတ် ကြား တဲ့နိုင် ငံရဲ့အစိုးရအဖွဲ့။ပါလီမန်အဖွဲ့တွေနဲ့တွေ့ဆုံရေးကသာ အဓိကလွှမ်းမိုးနေခဲ့တာဖြစ်ပုံရတယ်လို့ယူဆရပါ တယ်။

ဒါဆိုရင် ဇွန်လ ၁၅-ရက်နေ့မှာ နော်ဝေးနိုင်ငံဆီရောက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်းမှာကော ပြည်ပရောက်မြန်မာတွေနဲ့ အချိန်ပေးတွေဆုံဖို့အစီစဉ်များရှိလာနိုင်မလား။ ကျနော်တို့ ဖက်က ဘာတွေတင်ပြပြီး သူတို့ဖက်က ဘာတွေလုပ်ပေးနိုင်မလဲ။ နိုဗယ်ဆုယူမဲ့အခန်းနားအကြောင်း ကို သတင်းတွေထဲမှာတွေ့နေရပေမဲ့ မြန်မာတွေနဲ့သီးခြားတွေဆုံပွဲအခြေနေ။ ပြည်ပရောက်မြန်မာတွေ အပေါ် NLD ပါတီနဲ့ ပါလီမန်သစ်ရဲ့သဘောထားတွေကိုတော့ မကြားရသေးပါဘူး။

အစီစဉ်အတိအကျ ဘာမှမသိရသေးဘူးဆိုပေမဲ့ နော်ဝေးအပြင် ဆွီဒင်။ ဒိန်းမတ်။ နယ်သာ လန်။ ဂျာမနီနဲ့ အခြားဥရောပနိုင်ငံတချို့က ရာနဲ့ချီရှိတဲ့ အဝေးရောက်မြန်မာတွေကတော့ ဒေါ်အောင် ဆန်းစုကြည် နဲ့တွေ့ခွင့် ရဖို့ ဇွန် ၁၅-မှာ နော်ဝေးကိုလာမဲ့အကြောင်း သတင်းပို့ထားကြပါတယ်။ တခါ တခြားနိုင်ငံတွေက အဝေးရောက်မြန်မာတွေကလဲ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကိုရောက်ချိန်မှာ တွေ့ခွင့်ရဖို့ ကျိုးစားနေကြကြောင်းသိရပါတယ်။

ဒီလိုတွေဆုံတဲ့အခါ ပြည်ပရောက်နေသူတွေက ဘာတွေတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည် ဖက်က ဘာတွေ လုပ်ပေးနိုင်မလဲ။ နှစ်၂၀-ကျော်ကာလအတွက် ပထမ-ဆုံး အတွေ့အကြုံဆိုတော့ ဘယ်သူ မှကြိုမ သိနိုင်သေး ပါဘူး။

ဒါပေမဲ့ ကျနော်ကတော့ လွန်ခဲ့တဲ့နှစ် ၂၀-ကာလလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း ဘန်ကောက်မှာတွေ့ ခွင့်ရခဲ့တဲ့ အရှေ့တီမောနိုင်ငံသားတွေ အိမ်ပြန်သလိုမျိုး။ ပြည်ပ မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးတဲ့ ဂျိုဆေးရာမို့ဟိုတာ José Ramos-Horta တို့ ပြည်တော်ပြန်ပြီး တာနဲ့ ချက်ချင်းနိုင်ငံရေးလုပ်ခွင့်ရသလိုမျိုး ကျနော်တို့ အဝေးရောက်မြန်မာတွေ ရန်ကုန်ပြန်ရောက် တာနဲ့ ချက်ချင်းနိုင်ငံရေးလုပ်ခွင့်ရလာနိုင်မလား။ ဦးနုခေတ်က ရှိခဲ့ဖူးတဲ့ ၂-နိုင်ငံသား လက်မှတ်ဆိုတာ တွေကို ပါလီမန်သစ်က စဉ်းစားပေး လာနိုင် မလား ဆိုပြီး  စိတ်ကူးယဉ်နေမိပါတယ်။

မတူတာလေးတွေ

အရှေ့တီမောသားတွေကိုအားကျပြီး စိတ်ကူးယဉ်နေတဲ့ကျနော်ဟာ နောက်တနေ့မှာတော့ ဒီ စိတ်ကူးတွေ အကြောင်း လွတ်တော်အမတ်တွေဆီ အီးမေးလ်ပို့ဦးမှ။ twittter နဲ့ Facebook ကနေ ပွါးဦးမှဆိုပြီး သူတို့ပေး သွားတဲ့ လိပ်စာကဒ်တွေကိုထုတ်။ ကွန်ပြူတာရှေ့မှာထိုင်။ Gmail ကိုဖွင့်ပီး add လုပ်ဖို့ ပြင်ပါတယ်။ အဲဒီတော့မှ အမတ် ၉-ဦးမှာ ၃-ဘဲ့ အီးမေးလ်လိပ်စာပါပြီး ကျန်အမတ်တွေက တယ် လီ ဖုန်း နဲ့ ရုံးလိပ်စာတွေဘဲ့ပါတာတွေ့ ရပါတယ်။ တခါ အီမေးလ်ပါတဲ့ အမတ် ၃-ဦးရဲ့ လိပ်စာကို အသေ ချာဖတ်ကြည့်တော့ "ဟ လွတ်တော် အမတ်တွေကလဲ ငါတို့ individual တွေလို gmail ဘဲ့သုံး တာလား။ လွတ်တော်ကလုပ်ပေးထားတဲ့ ၀က်ဆိုက်တွေ။ အီမေးလ်လိပ်စာတွေမရှိဘူးလား" ဆိုပြီး ကျနော် အသံ ထွက် ငြီး မိပါတယ်။

ပြီးတော့ စိတ်ထဲမှာ နဲနဲသံသယရှိလာလို့ တခြားနိုင်ငံကအမတ်တွေလဲ gmail သုံးရင် သုံးမှာ ပေါ့လေဆိုပြီး ကျနော့်လိပ်စာကဒ် စာအုပ်ထဲက နော်ဝေးလွတ်တော်အမတ်တဦးရဲ့ ကဒ်ကိုထုတ်ပြီး ကြည့်မိပါတယ်။ gmail မသုံးပါဘူး။ ...@stortinget.no လို့ရေးထားတာတွေ့ပါတယ်။ ဒါဆိုရင် ကျနော် တို့မြန်မာနိုင်ငံက လွတ်တော် အမတ်တွေလဲ ...@parliament.mm လို့ ဘာကြောင့်မသုံးနိုင်သေးတာ လဲ။ တနိုင်ငံလုံးကို e-စနစ်ဖြစ်အောင်လုပ်နေတဲ့ အစိုးရသစ်နဲ့ ပါလီမန်အတွက် ၀က်ဆိုက်တခုဖွင့်ရေး။ အီးမေးလ်လိပ်စာ လုပ်ရေး က ဘာကြောင့်ဒီလောက်နှောက်နှေးနေရတာလဲ။ ကျနော်တောင် ဒီလိုစဉ်း စားနေရင် သူတို့ရဲ့လိပ် စာကဒ်တွေရထားတဲ့ နော်ဝေးပါလီမန်ကအမတ်တွေ။ နော်ဝေးနိုင်ငံခြားရေးဌာန က ၀န်ကြီးတွေ နဲ့အစိုးရ ၀န်ထမ်းတွေ ဘယ်လိုစဉ်းစားနေမလဲ။ နည်းပညာရှင်တွေကို မြန်မာနိုင်ငံဆီ အမြန်ပို့ပီး ပါလီမန်အတွက် ၀က်ဆိုက်ဖွင့်ပေးဖို့စဉ်းစားနေကြလေမလား။

မြန်မာအမတ်နဲ့ နော်ဝေအမတ်တို့ရဲ့လိပ်စာကဒ်ချင်းယှဉ်ပြီး စဉ်းစားခန်းဖွင့်နေတဲ့ကျနော်ဟာ နည်းပညာ ကနေတဆင့် အမတ်တဦးချင်းစီရဲ့ လုပ်ရည်ကိုင်ရည်နဲ့ မတူညီတဲ့ပညာရေးစနစ်။ နိုင်ငံရေး စနစ်တွေ အကြောင်းကိုပါ တွဲပီးစဉ်းစားမိနေပါတယ်။ ဆိုလိုတာကတော့ မြန်မာအမတ်နဲ့ နော်ဝေးအ မတ်တွေကြား မှာအီးမေးလ်လိပ်စာကွာယုံတင်မကဘဲ နေရာအတော်များများမှာ ကွာခြားချက်တွေ ရှိ နေနိုင်ပါ တယ်။ ဥပမာအားဖြင့် ကျနော်ကိုလိပ်စာကဒ်ပေး ထားတဲ့ နော်ဝေး လွတ်တော်အမတ်ဟာ အ သက် ၂၀-ကျော်ဘဲ့ရှိသေးပြီး နိုင်ငံရေးသိပ္ပံတို့။ အုပ်ချုပ်မှုပညာတို။ ဥပဒေတို့နဲ့ဘွဲရထားသူ။ တနည်း အားဖြင့်ပြောမယ်ဆိုရင် လွတ်တော်အမတ်ဖြစ်ဖို့။ နိုင်ငံရေးသမားအဖြစ် အသက်မွေးဝမ်းကြောင်း လုပ် ဖို့အတွက် ကျောင်းတက်စဉ်ကတည်းက စနစ်တကျလေ့လာသင်ကြားလာတဲ့ professional politician ဖြစ် ပါတယ်။

ဒါပေမဲ့ကျနော်တို့ မြန်မာအမတ်တွေကတော့အဲဒီခေတ်ကိုမရောက်သေး။ အဲဒီလိုလေ့လာခွင့် တွေမ ရသေး။ ကျနော် တို့နိုင်ငံရဲ့ပညာရေးစနစ်မှာ နိုင်ငံရေးသိပ္ပံတွေ။ အုပ်ချုပ်မှုအတတ်ပညာတွေ။ သ တင်း စာ ပညာတွေမရှိသေး။ဒီတော့ အယင်ကရှိပြီးသားပညာရေးစနစ်ကနေတက်လာတဲ့ ဆရာ ၀န် တွေ ။   ရှေ့နေတွေ။ အင်ဂျင်နီယာတွေ။ ကျောင်းဆရာတွေ။ စစ်ဗိုလ်ဟောင်းတွေ။ စီးပွါးရေး လုပ်ငန်း ရှင်တွေ ကနေ လွတ်တော်အမတ်ဖြစ်လာသူတွေကိုသာ ပါလီမန်ထဲမှာအများစုအဖြစ်မြင်နေရဆဲဖြစ်ပါ တယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေလို professional politician အဖြစ် အတတ်ပညာနဲ့နိုင်ငံရေးလုပ်တဲ့အဆင့်ကိုမရောက်သေးဘဲ လွန်ခဲ့တဲ့ နှစ် ၂၀- ကျနော် တို့ခေတ်ကလိုဘဲ့ စိတ်ဓါတ်နဲ့ လုပ်နေတဲ့ နိုင်ငံရေးအဆင့်မှာဘဲ့ရှိနေသေးတယ်လို့ ကျ နော် ခံစားမိပါတယ်။

ဒီအတွက် ကျနော်တို့ဘာတွေပြင်ဆင်ဖို့လိုမလဲ။ ၂၀၁၂-မှာ မပြင်နိုင်ရင်တောင် ၂၀၁၅-အမှီ တခုခုပြင် ဆင်နိုင်မလား။ လက်ရှိအမတ်တွေကို နိုင်ငံတကာပါလီမန်တွေဆီ လေ့လာရေးလွတ် တဲ့အပြင် နောက်ဖြစ် လာမဲ့အမတ်လောင်းတွေ။ အသက် ၂၀-တန်းလူငယ်တွေအတွက်ပါ စနစ်တကျ ကြိုပြင်ဖို့ လိုမနေဘူးလား။ ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်တွေ။ ပညာရေးစနစ်တွေ။ စဉ်းစားပုံတွေကို အမြန်ဆုံး ပြောင်းလဲပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းရမဲ့အချိန်ကိုရောက်နေပြီမဟုတ်လားလို့ လွတ်တော်အမတ် တွေရဲ့ မတူညီတဲ့ လိပ်စာကဒ်တွေကိုကိုင်ရင်း ကျနော်စဉ်းစားနေမိပါတယ်။ 

No comments: