Sunday, May 13, 2012

မနောမြေမှကျောင်းသားတပ်မတော် ( ၂ )

by Nang Aung Htwe Kyi on Sunday, 13 May 2012 at 11:55 ·
ဒီနေ့မနက်အိပ်ယာထတော့လဲထုံးစံအတိုင်းပေါ့ ။ ဝမ်းနည်းကြေကွဲခြင်းရယ် ရှင်သန်မှု အတွက် မျှော် လင့် ချက်တဝက်၊ မမျှော်လင့်ချက်တဝက်နဲ့ ရင်တွင်းနာကြင်မွန်းသိပ်မှု့တွေနဲ့ ဘဝတူ AB-NB ထောင်နန်း စံတွေအတွက်ထမင်းချက်ဖို့ပြင်ဆင်ရတယ်။နည်းနည်းလောက် ရှင်းအောင်ပြောပြ  ပါရစေ။

မှတ်မိသလောက်ပြောပြရရင် ကျမအပါအဝင် ထောင်အတွင်းမတရား ဖမ်းဆီးစွပ်စွဲပြီး ညှင်းပမ်းနှိပ်စက်မှု့ မျိုးစုံခံနေကြရတဲ့အထဲကမှ ကျောင်းသားအယောက်၂၀ ခန့်(အားလုံးမမှတ်မိတော့ပါ) ကို ဒုတိယအကြိမ် လက်တွေမှာ ယမ်းပျော့တွေနဲ့ ကပ်ချည်ပြီးဖြတ်တဲ့နေ့မှာပေါ့။ ကိုအောင်ဖိုး(ကိုအေးသက်လတ်) ကိုခြေ ထောက်ဖြတ်တာ မပြတ်ဘဲတွဲနေသေးတာကို ဒါးနဲ့မသုံးဘဲ လက်နဲ့ဆွဲ ဖြတ်တယ်။ အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး ကျမဆုံးဖြတ်ချက်ချမိတာကတော့ ကိုယ့်အလှည့်ကြရင် သူတို့လက် ထဲကဝါ ယာနှစ်ပင်ပူးလိုက်တာနဲ့ ကိုယ့်လက်ကိုလည်ပင်းနားဆွဲကပ်ပြီးတခါထဲ အသေခံလိုက်တော့ဖို့ဘဲလေ။

ကံကောင်းခြင်တော့လဲ .. သေကံမရောက်သေးတော့လဲ .. နောက်တယောက်ကိုမိုင်းခွဲမဖြတ်ခင်လေး အချိန် မီ လေး KIA ကဗိုလ်မှုးပန်းအောင်ရောက်လာပြီး ဘာလုပ်နေကြတာလဲ ဆိုပြီးဘေး မှာခြေထောက်ပြတ်နေ တဲ့ကို အောင်ဖိုးကိုမြင်သွားတော့အခြေအနေတွေကို ဘယ်သူမှမဖြေလဲ သိသွား တာပေါ့။နောက်ဗိုလ်မှုး ပန်းအောင် က ကျမတို့အားလုံးရဲ့လက်မှာချည်ထားကြရတဲ့ယမ်းပျော့တွေမြင်သွားတော့      သံချောင်း..ငါ မငယ်ကိုမေးစရာရှိ တယ်..ပြောလို့ကျမကိုသီးသန့်တဲထဲခေါ်တွေ့တယ်။ သံချောင်းတို့တွေအားလုံးကိုမင်းတို့အားလုံးထွက်..ငါ မငယ် နဲ့ဘဲတွေ့ခြင်တယ်ဆိုလို့ အားလုံးထွက် သွားကြ တယ်။

မငယ်.. မင်းတို့ဘာတွေဖြစ်နေကြတာလဲ..ရှင်းရှင်းပြောပါ ဆိုလာတော့ ကျမကပြောလိုက်တယ် ... ဒူကမ္ဘာ ဖြစ် စေခြင်တာတွေကို ဖြစ်အောင်ညှင်းလာရင်ဖြစ်ကုန်မှာဘဲ..ခုလဲတယောက်ကိုခြေထောက်ဖြတ်တယ်ပြီးခဲ့တဲ့ တပတ်ကလဲတယောက်ကိုလက်ဖြတ်တယ်လို့ဆိုတော့. ငါစိတ်မကောင်းဘူး..ငါစိတ်မကောင်းဘူး ခက်ကြပြီကောမင်းတို့တွေ ဆိုပြီးမင်းဘာမှမဖြစ်ဘူး လို့ပြောတယ်။သေတာတွေရှိလားမေးတော့ သေ ကုန်ကြပြီ  ဘယ်နှစ်ယောက်လဲတော့မသိဘူး၊များတယ်လို့ပြောလိုက်တယ်။

ဗိုလ်မှုးပန်းအောင်သံချောင်းနဲ့စကားပြောတယ်။မင်းတို့အခုချိန်ကစပြီး စစ်ကြောရေးတွေရပ် တဲ့။
သံချောင်းလဲ   ပြန်တော့ပြောတယ် .မသဲကွဲဘူး။နောက်တော့ဒူကမ္ဘာ့ ကအချုပ်သားတွေအားလုံး အတွက်ဆေးကုသခွင့်ပေး မယ်။စစ်ကြောရေးတွေအကုန်ရပ်ဖို့ တင်းတင်းကြပ်ကြပ်ပြောတော့ မှ သံချောင်းတို့ အောင်နိုင်တို့ မျိုးဝင်းတို့ သဘောတူလက်ခံလိုက်ကြတယ်။မိုင်းခွဲလက်ဖြတ်ပွဲကြီး တရားဝင်ရပ်ဆိုင်းသွားတော့တယ်။KIA ရဲ့ကျေးဇူးပါ။
အဲ့ဒီကစပြီးပြင်းထန်တဲ့စစ်ကြောရေးတွေ နှိပ်စက်ညှင်းပန်းမှု့တွေသိပ်မရှိတော့ဘဲမကြာခင်မှာရပ်စဲသွားပါတယ်။

အဲ့ဒီတုန်းကထောင်က ကျောင်းသားတပ်အလည်မှာရှိတဲ့ လက်ချာဟောထဲမှာဖြစ်ပြီးယောကျာင်္းလေး တွေ အတွက်ဖြစ်တယ်။လက်ချာဟောဘေးကစားဖိုဆောင်ကမိန်းကလေးတွေအတွက်ဖြစ် တယ်။နောက်တော့ အသံတွေကြားတာကတော့စစ်ကြောေ၇းတွေပြီးဆုံးသွားပြီ ၊ ထောင်ရွှေ့မယ်ဆိုတာတွေပေါ့။ မှန်ပါတယ် ၊မကြာခင်မှာဘဲ ထောင်ကို အလံတိုင်ကုန်းအနောက်က ရဲဘော်တွေနေတဲ့ အဆောင် ကိုရွှေ့ကြရပါ တယ်။ အဲ့ဒီမှာ ကျမတို့မိန်းကလေးတွေအတွက် သပ်သပ်အကန့်လေးဖြစ်ပေမဲ့ထောင် သားတွေ အားလုံး အတူတူ တဆောင်ထဲ ဖြစ်သွားပါတယ်။အဲ့ဒီထောင်ကုန်းမှာကြတော့မှ စစ်ကြောရေးတွေပြီးသွားပြီဆို တဲ့ အတွက် လွတ်လပ်မှုအနည်း ငယ်ရလာတယ်။

ထောင်သားတွေကို သူတို့ရဲ့ကျေးကျွန်တွေလိုမျိုးတတပ်လုံးရဲ့အလုပ် လုပ်ခိုင်းကြတော့တာပါဘဲ။ထောင် သား အားလုံးကိုသံခြေကျဉ်းတွေခတ်ထားတယ်။၂၄ နာရီပြောတာနော။စပြီးဖမ်းဆီးထားတဲ့နေ့တွေ  ကတည်းကနေ သူတို့ထွက်ပြေးလွတ်မြောက်သွားတဲ့ အထိ ခြေကွင်းစွပ်မင်းသားများ ဘဝနဲ့နေ့စဉ်ည ဆက် ပါ။  ၇ လ ၊၈ လ ကာလလုံးလုံးခြေကျဉ်းတွေ၊ခြေထောက်ကြိုး တုတ်၊လက်နောက်ပြန်ကြိုး တုတ်၊ မျက် လုံးကိုအဝတ်နဲ့  တင်းကြပ်စွာစည်းထားတာခံခဲ့ရပါ တယ်။နောက်ဒီထောင်ကုန်း ကိုစပြီးရွှေ့ တဲ့နေ့ ကစပြီး ကျမတို့မိန်းကလေး တွေကဘဝတူတွေအတွက်ထမင်းချက်ပေးကြရတယ်။
တယောက်နဲ့တယောက်စကားပြောခွင့်တွေရလာကြတယ်။အားလုံးလဲတယောက်နဲ့တယောက်နီးစပ်ရာမှာကြတာပေါ့။
ကျမဆို နန်းစောကိုငါများသေခဲ့ပြီးနင်လွတ်သွားရင်ကျေးဇူးပြုပြီးငါ့အိမ်ကိုဆက်သွယ်ပေးပါလို့ မကြာခဏ သတိပေးမိတယ်။ကိုယ့်ကိုကိုယ်အသတ်ခံရဖို့တွက်ထားမိတာကတော့လက်ဖြတ်ပွဲကြီးထဲပါဝင် ခဲ့ရတဲ့အချိန် ကစတာပါဘဲ။

ထောင်ကုန်းပေါ်မှာပြောင်းရွှေ့ကတည်းက ကျန်းမာသူတွေကနေ့စဉ်ကျေးကျွန်တွေလိုအလုပ်သွား လုပ်နေပေ မဲ့ ပြင်းထန်တဲ့ လူမဆန်တဲ့စစ်ကြောရေးကာလမှာ ခြေပြတ် လက်ပြတ်ဖြစ်နေသူတွေနဲ့ လူစဉ်တောင် မမီဖြစ်သွားရ  တဲ့ကိုကြီး (ကိုထွန်းအောင်ကျော်) တို့တော့ဒီထောင်ကုန်းပေါ်မှာဘဲကျမတို့ မိန်းကလေးတွေနဲ့အတူ အမြဲရှိနေတာပေါ့။

တရားလက်လွတ်နှိပ်စက်ခံထားရတဲ့ဒဏ်ကြောင့် ခြေနှစ်ဘက်လုံးဖြောင့်မတ်လို့မရနိုင်တော့တဲ့အတွက်  ဒုတ်ချောင်းလေးကိုအားပြုပြီးအမြဲရေလာတောင်းသောက်တိုင်းငါတို့အကြောင်းတနေ့ပြန်ပြောပြပါလို့ပြောတိုင်း ဟုတ်ကဲ့လို့အမြဲပြန်ဖြေပေးခဲ့ရတယ်။တကယ်တော့ကျမကိုယ်တိုင်ကတောင်နန်းစောကိုမှာကြားနေရတဲ့အခြေ အနေကို ကိုကြီးကိုမဖွင့်ပြောဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့တနေ့ ကိုထွန်းအောင်ကျော်ရယ်၊ကိုချိုကြီး၊ကျော်ကျော်မင်း၊OK ၊ကိုကျော်ဝေ တို့ကို လူသတ် ကုန်းခေါ်   သွားကြတယ်။ကျမတို့ထောင်ကုန်းကနေဆိုလူသတ်ကုန်း (ဆိုင်းရော်ကုန်း - အာသံကုန်း) ကိုရှင်းရှင်းလင်းလင်း မြင်ရတယ်လေ။ကိုကြီးဆီကအကြည့်တချက်ရလိုက်တယ်။ထမင်းချက်တဲ့နေရာမှာဘဲ
မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ သူတို့ကိုကျောခိုင်းနေမိလိုက်တယ်။နည်းနည်းကြာမှ လူသတ်ကုန်းဘက်ကြည့် လိုက်တော့သူတို့အားလုံး  ကုန်းထိပ်ကိုရောက်နေပြီဖြစ်တယ်။

ကျမတို့မိန်းကလေးတွေအားလုံးလဲ ဆိတ်ငြိမ်စွာနဲ့အတွေးကိုယ်စီနဲ့စားဖို ဆောင်တွင်းမှာဘဲ အလုက်ဆက် လုပ်နေကြတယ်။တော်တော်ကြာတော့ မချိုက ပြန်လာကြပြီပြောလို့ လှည့် ကြည့်လိုက်တော့ တအုပ်ကြီးပြန် လာနေတာတွေ့ရတယ်။သက်ပြင်းချမိတယ်။
အော်.. ကျမတို့ဘဝ စစ်အာဏာရှင် ကြီးတွေကိုတော်လှန်ဖို့လာကာမှဘဲဖက်ဆစ်စစ်အာဏာရှင်လေးတွေ နဲ့ကြုံနေရပါလားနော်လို့။

ကျော်ကျော်မင်းနဲ့OK ကိုတွေ့တော့သူတို့မျက်နှာကြည့်တာနဲ့တခုခုတော့ဖြစ်ခဲ့ပြီလို့သိလိုက် တယ်။သွေး ပျက် ခြောက်ခြားနေတဲ့ မှုပျက်နေတဲ့ ကျော်ကျော်မင်းမျက်နှာကိုမြင်တွေ့ရတယ်။
OK လဲခေါင်းငိုက်စိုက်နဲ့ပေါ့။နောက်မှာကိုထွန်းအောင်ကျော်ပါလာ တယ်။သူ့ကိုယ်မှာသွေးစွန်းနေ တာတွေ့ရတယ်။တော်တော်ကြာခပ်လှမ်းလှမ်းကကိုချိုကြီးကိုတွေ့ရတယ်။မြတ်စွာဘုရားတမိတယ်။

ကိုချိုကြီးလက်ပြတ်နေပြီကော။ဗိုလ်မှုးပန်းအောင်တားမြစ် ထားတဲ့ကြားကသူတို့လက်ဖြတ်ပြစ်ပြန်ပြီ။  ကိုကျော်ဝေတယောက်တော့အဲ့ဒီနေ့ကထာဝရပြန်မလာတော့ ပါဘူး။ ရက်စက်စွာခေါင်းဖြတ်သတ်ခြင်းခံလိုက်ရတယ်။အဲ့ဒီနေ့ရဲ့လူသတ်ကုန်းပေါ်ကအဖြစ်အပျက်က
ကျော်ကျော်မင်းကိုတွင်းထဲမှာခေါင်းငိုက်စိုက်ထားထားပြီး ကိုကျော်ဝေကိုခေါင်းဖြတ် သတ်ပြီးလည်ပြတ် ကသွေး  ကို ကိုထွန်းအောင်ကျော်ကိုသောက်ခိုင်းတယ်။ကိုချိုကြီးလက်ကိုဒါးနဲ့ခုတ်ဖြတ်ပြီး လက်ပြတ်ကို ကိုထွန်းအောင် ကျော်ကိုကိုက်ထားခိုင်းတယ်တဲ့။

ခံစားချက်တွေထုံကြင်လာတယ်။မျှော်လင့်ချက်တွေကင်းဝေးလာတယ်။
ကိုယ့်အလှည့်ဘယ်တော့လဲလို့အတွေးနက်လာတယ်။

ဒီနေ့မနက်အိပ်ယာထတော့လဲထုံးစံအတိုင်းပေါ့ ။ ဝမ်းနည်းကြေကွဲခြင်းရယ် ရှင်သန်မှု့အတွက်  မျှော်လင့် ချက် တဝက်၊ မမျှော်လင့်ချက်တဝက်နဲ့ ရင်တွင်းနာကြင်မွန်းသိပ်မှု့တွေနဲ့ ဘဝတူ AB-NB ထောင်နန်း စံတွေအတွက် ထမင်း ချက်ဖို့ပြင်ဆင်ရပြန်တယ်။ ဒါပေမဲ့ဒီနေ့ကျမတို့ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော်အ   တွင်းမှာမတရားသဖြင့် ဖမ်းဆီး စွပ်စွဲ နှိပ်စက်ညှင်းပန်းမှု့တွေတနင့်တပိုးခံစားခဲ့ကြရတဲ့ ကံသီလို့အသက်ရှင်နေ ကြပေ မဲ့ နှစ်၂၀တိုင် ဘဝသေ သမိုင်းမဲ့ခဲ့တဲ့ ဘဝတူတွေ တသက်မေ့မရနိုင်တဲ့နေ့၊လူမဆန်စွာရက်ရက် စက်စက် ခေါင်းဖြတ် သတ်ခံခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားတစုအတွက်ဖြေမဆယ်နိုင်ဖြစ်ခဲ့ရတဲ့နေ့၊မြန်မာတိုင်းရင်းသား
အားလုံးရဲ့ အထွတ်အမြတ်နေ့၊ ပြည်ထောင်စုနေ့ ဒို့မမေ့ဆိုတဲ့ကဗျာလိုဘဲလေ …။

တကယ်ပါ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၉၉၂ ခုနှစ်။ ကျမတို့အတွက်တော့ရင်ထဲမှာနင့်နင့်နဲနဲ ကဗျည်း  ထိုးခဲ့တဲ့နေ့ပါ။
ကိုထွန်းအောင်ကျော်နဲ့တကွအပြစ်မဲ့တဲ့စစ်မှန်သောကျောင်းသား ၁၅ ဦးရက်စက်စွာခေါင်းဖြတ် အသတ်ခံရ တဲ့ နေ့ဖြစ်ပါတယ်။

မနက်ပိုင်းအိပ်ရာထ စားဖိုဆောင်ဝင် ထမင်းချက်ဖို့ပြင် ပုံမှန်ပေါ့။ယောင်္ကျားလေးတွေ ကတော့ တာဝန်တွေ ခွဲပြီး တတပ်လုံးအတွက်ထင်းခွေ၊ထင်းခွဲ ၊သစ်ပင်ခုတ်၊လွှဆွဲ စတဲ့အလုပ်တွေနဲ့ထူးခြားတဲ့နောက် ထပ်အလုပ် အသစ် တခုက ထောင်နဲ့ မီတာ၂၅၀ (ခန့်မှန်းခြေ) အကွာမှာမှန်းခြေ ၄ မီတာ ၃မီတာ ပတ်လည် ။အနက် မှန်းခြေ ၃ မီ  တာခန့်ရှိတဲ့ကျင်းကြီးတခုတူးတဲ့အလုပ်ပါခွဲဝေလုပ်ကိုင်ကြရပါတယ်။
စိတ်မသက်မသာစရာကောင်းတာကတော့ သေနပ်ကိုင်ထားတဲ့အစောင့်တွေကကျမတို့တတွေ ကို သတ္တဝါ တကောင်လောက်တောင်မှတန်ဘိုးမထားဘဲ   တူးကြ အဲ့ဒါမင်းတို့အားလုံးစုနေရမှာကွ၊လို့ပြောပြောပြီးရီကြ ပါတယ်။ဘာရည်ရွယ်ချက်နဲ့မှန်းမသိတဲ့အဲ့ဒီကျင်း ကြီးကြည့်တိုင်းရင်ထဲမွန်းကြပ်လာတတ်တယ်။

တနေ့လုံးဒီလိုဘဲ။အားလုံးပုံမှန်အလုပ်သွားကြတယ်။နေ့လည်ခင်းပိုင်းအလုပ်နား အားလုံး ထောင်ကုန်းပြန် လာ  ထမင်းစား။နောက်အသီးသီးပြန်အလုပ်ဝင်ကြ ။ကျမတို့မိန်းကလေးတွေက ညနေစာတွက်ပုံမှန်ပြင်ကြ တာပေါ့။ ကျမကအမှတ်တမဲ့တွေ့လိုက်ရတယ်။ရဲဘော်တစုပေါက်တူးတွေနဲ့လူသတ်ကုန်းတက်သွားကြတာ။ထိတ်ကနဲ 
ဖြစ်မိတယ်။ဘာလဲ၊ဒီနေ့လား၊ငါ့အလှည့်လား၊ရင်ထဲမှာဆို့နင့်လာတယ်။လည်ချောင်းမှာတစ်ဆို့နေတယ်။

မချို နဲ့နန်းစောကိုကြည့်မိတယ်။ဒီလိုဘဲ။ပုံမှန်ပါဘဲ။မဟုတ်တန်ပါဘူး။မဟုတ်ပါစေနဲ့။
မျှော်လင့်ချက်မှိန်မှိန်လေးနဲ့ဆု တောင်းမိတယ်။ထောင်သားတွေကိုအလုပ်အစောကြီးသိမ်းပြီးပြန်ခေါ်လာကြတယ်။
ရင်တွေကြပ်လာတယ်။ထမင်းစောစောကျွေးဘို့ပြောလာလို့ ကျမတို့ပြင်ဆင်ကြတယ်။ အားလုံးကိုထမင်းကျွေးပြီးတာနဲ့အားလုံးထောင်  ထဲမှာနေကြဖို့အမိန့်ပေးလာတယ်။ ထူးပြီ။တအားထူးခြားနေပြီ။အကဲစမ်းပြီးထောင်မှုးကိုမေးကြည့်လိုက်တယ်။ ကျမတို့မိန်းကလေးတွေထမင်း မစားရသေးလို့ ကျမတို့ရောထောင်ထဲအခုဝင်ရမလားဆိုတော့ကျမကိုကြည့်ပြီးစားမနေနဲ့ .. မထူးဘူးတဲ့။ အသက်ရှုကြပ်လာတယ်။
ဟုတ်ကဲ့လို့ဆိုပြီးအားလုံးထောင်ထဲဝင်လိုက်ကြတယ်။

လက်နက်အပြည့်အစုံနဲ့ရဲဘော်တွေခါတိုင်းထက်ပိုများနေတယ်။ထောင်ထဲရောက်တာနဲ့အားလုံးပုံစံထိုင်ကြ  တယ်။ခြေထောက်ကြိုးချည်ရတယ်။လက်နောက်ပြန်ကြိုးပြန်တုတ်တယ်။မျက်လုံးတွေအဝတ်စတွေနဲ့ပြန်စည်း ရတယ်။ဒီတခါကြိုးတုတ်တာခါတိုင်းထက်တင်းကြပ်တယ်လေ။ရင်ထဲမှာတလှပ်လှပ်ဖြစ်နေပြီ။ဇွတ်အတင်းမဟုတ်ဘူး .. မဖြစ်နိုင်ဘူးဆိုပေမဲ့ နောက်ဆုံးအချိန်ဟာလက်တကမ်းမှာမှန်း သိနေတယ်။အခြေအနေအရပ်ရပ်ကို  မှန်းတွက်လို့ရနေတယ်လေ။နောက်တော့ပြောလာတယ်။အားလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြဖို့။အသံမထွက်  နဲ့၊မလှုပ်နဲ့။အားလုံးနံရံဖက်ကိုမျက်နှာမူဖို့။သေချာပါပြီ။ဒီနေ့ဟာကျမရဲ့နောက်ဆုံးနေ့ပါ။
ရင်ထဲကထုံကြင်မှု  တွေများတော့ ခံစားချက်မဲ့သွားတယ်။

ဝင်လာတဲ့အသံတွေကြားရပြီးတချို့နာမည်တွေပြောပြီးဆွဲခေါ်ထုတ်သွားသံကြားရတယ်။ခြေသံကျမနားရပ်   သွားပြီး ကျမလက်နှစ်ဘက်ကိုလာဆွဲထူတယ်။ကျားလေး(အောင်စိုး)လာဆွဲထူတယ်။မငယ်ထ .. အသာတ ကြည်လိုက်သွားနော်..တဲ့။လေသံတိုးတိုးလေးနဲ့မှာတယ်။ကျမမတ်တပ်ထရပ်လိုက်တော့ရင်ထဲမှာလှပ်ဟာသွား တယ်။ခံစားချက်မဲ့သွားပြီ။ထုံကြင်မှု့ကအနိုင်ယူသွားပြီ။အဲ့ဒီအချိန်ရဲ့ခံစားချက်ကိုဖွင့်ဟလို့ပြောမရဘူး။စကား လုံးရှာလို့မရတော့ဘူး။ဘာဆိုဘာမှမရှိသလို..မသိတော့သလို..ရင်ထဲဟာနေတယ်။

အမေ .. အမေဆိုပြီးတမိတယ်။ပြောမှားဆိုမှားတာတွေခွင့်လွှတ်ဖို့ တောင်းပန်ရှိခိုးမိတယ်။အောင်စိုးကိုဘိ နပ်ကလေးတော့စီးခွင့်ပေးပါတောင်းဆိုမိတယ်။အောင်စိုးကလည်းဘိနပ်ယူပြီးဝတ်ပေးရှာပါတယ်။
ဒါဟာ နောက်ဆုံးဘဲပေါ့လို့ နားလည်လိုက်တယ်။မျက်လုံးပိတ်ထားတော့အောင်စိုးဆွဲခေါ်ရာလိုက်ဖို့ခြေစ လှမ်းတုန်း ပြေးဝင်လာတဲ့စစ်ဘိနပ်သံနဲ့အတူမဟုတ်ဘူး..မငယ်မဟုတ်ဘူးတဲ့။
နားမလည်နိုင်တော့ဘူး..မယုံကြည်နိုင်ဘူး..
 အောင်စိုးကဝမ်းသာသံနဲ့ မငယ်ထိုင်နေ မလှုပ်နဲ့နော် ငြိမ်ငြိမ်နေနော်..တဲ့။
ကျမပြန်ထိုင်လိုက်တုန်း ခင်ချိုဦး ထ တဲ့ဆိုပြီးဆွဲထူလိုက်တယ်။
မချို ကျမနားကထွက်ခွာသွားတာ ထာဝရခွဲခွာသွားတာပါ။ထမင်းတောင်မစားသွားရဘူး။

ခဏကြတော့လုံးဝတိတ်ဆိတ်သွားတယ်။အပြင်မှာ၁၅ဦးကိုတန်းစီထားခိုင်းတယ်။လူပြန်စီစစ်တယ်ထင်တာဘဲ။  ထွက်ခွာသွားကြတဲ့ခြေကျင်းသံတွေကြားရတယ်။တဖြေးဖြေးဝေးသွားပြီလေ။သွားကြပြီလေ..လျှောက်လှမ်းသွား ကြပြီ..တနေရာကိုသူတို့သွားကြပြီ..အချိန်မတိုင်သေးဘဲ ဇွတ်အတင်းပို့ဆောင်ပေးလိုက်ကြပြီလေ။

ထောင်အတွင်းမှာတော့တိတ်ဆိတ်နေဆဲ။အချိန်မသိဘူး။သေနပ်သံတချက်ကြားတယ်။ခဏတော့နောက်တချက်ထပ်ကြားတယ်။
၁၅ ဦးမှာသေနပ်သံက နှစ်ချက်ဆိုတော့.ဘယ်သူဖြစ်မလဲပေါ့။နောက်တော့မှသိရတာက မျက်မြင် သက်သေတွေပြော ကြား ချက်အရ မချိုနဲ့ဌေးမြင့်ဝင်းကိုသေနပ်နဲ့ပြစ်ပြီး ကျန်၁၃ ဦးကိုခေါင်းဖြတ်သတ် ပါတယ်တဲ့။

ယုံကြည်စိတ်ချရတဲ့မျက်မြင်သက်သေကဘဲအတိအကျထပ်ပြောပြတာကတော့ မချိုကိုမသတ်  ခင်မှာ တကိုယ်လုံးဝစ်လစ်စလစ်ချွှတ်ပြီးမှသတ်တာဖြစ်တယ်လို့ပြောပါတယ်။ဒါကတော့ကျမကိုယ်တိုင် နှစ်ကြိမ်  တိုင်တိုင်ဖုန်းဆက်မေးလို့သိရတာပါ။သူကအစမှအဆုံးကိုယ်တိုင်မြင်ခဲ့တဲ့သူပါ။ဘယ်သူဆိုတာ နာမည် ကိုထပ်ကာတလဲလဲမပြောပါရစေနဲ့တော့။ကာယံကံရှင်အတွက်မကောင်းလို့ပါ။

အဲ့ဒီညမှာအားလုံးစောစောအိပ်ယာဝင်ကြရတယ်။ညတော်တော်နက်တော့သတ်ဖြတ်မှု့တွေကိုအတွေ့ အကြုံအနေနဲ့အရက်တွေမူးပြီးပြောတာတွေ ပထမဦးဆုံးအကြိမ်သဲ့သဲ့ကြားရတယ်။ စဉ်းစားလို့မှမရနိုင်လောက်အောင် ဘဲ မယုံကြည်နိုင်လောက်အောင်ဘဲဖြစ်ခဲ့ရတယ်။
ရက်စက်လှပါလား။ဒုတိယတသုတ်ရှိသေးတယ်ပြောနေကြပြန်တယ်။
တွေးထားလိုက်ပြန်ပါတယ်။ဒုတိယတသုတ်ဆိုရင်တော့သေချာပါပြီပေါ့။ထောင်ဘေးနားကတောင်ကုန်း  ကျင်းအကြီးကြီးတူးခိုင်းထားတာဒီ ဒုတိယသုတ်အတွက်လား .. လားပေါင်းများစွာအတွေးနက်ပြီးအိပ်မရတော့ဘူး။

နောက်တနေ့မနက် ၁၃ ရက်. ၂ လ. ၁၉၉၂ ခုနှစ်ပေါ့။
ထုံးစံအတိုင်းထမင်းချက်ကြတယ်။မချို တယောက်လျော့နေတော့.. ဝမ်းနည်းယူကြုံးမရဖြစ်ရတယ်။ ခုဆိုတော့   ထောင်ထဲမှာမိန်းကလေး ၃ယောက်ကျန်တယ်ပေါ့။ ကျမရယ်၊တူးတူးရယ်။နန်းစောရယ်ပေါ့။နေ့လည်လောက် ကြတော့ IO ရုံးကလာခေါ်တယ်။                   မငယ် လိုက်ခဲ့ပါဆိုတော့ သွားပါပြီ . ဒီတခါတော့ပေါ့။ကိုညီညီ(စမား)၊ကိုကျော် နိုင်ဦး၊ကိုဂျိုးဖြူ ၊ကိုတိုးကြည် နဲ့ကျမတို့ ၅ ဦး သူတို့ခေါ်ဆောင်ရာလိုက်ခဲ့ကြတယ်။မျိုးဝင်းရဲ့တဲ ထင်ပါတယ်။
ယိုးဒယားသတင်းထောက် ယင်ဒီး နဲ့တွေ့ဆုံခိုင်းပါတယ်။
အဲ့ဒီနေ့ရဲ့ယင်ဒီး နဲ့တွေ့ဆုံမှု့ကို Nation သတင်းစာ မှာဖေါ်ပြခဲ့ပါတယ်။

၁၉.ဝ၂.၁၉၉၂ မှာညကြီး မငယ်လိုက်ခဲ့ပါဆိုပြန်တော့ .. အော ..ခက်ဘဲခက်ရပါတော့တယ်။ သတ်ပြီထင်တယ်ဆိုတဲ့စိတ်နဲ့ဘဲထောင်အပြင်မှာရပ်နေရတယ်။နောက်ယောက်ပြီးတယောက် ခေါ်ထုတ် လာတော့ ကျော်နိုင်ဦး၊ဘို  ဘို၊ကိုညီညီ(စမား)၊ကိုရဲလင်း ၊ညီညီအောင် ၊ဝဏ္ဏဇော် နဲ့ ကျမ တို့(၇) ဦးကို မျိုးဝင်းမှခေါ်တွေ့ပါတယ်။အ ကြောင်းကတော့ မိဘတွေဆီစာရေးခိုင်းပြီးပြန်လာခေါ်ခိုင်းတာ။စာက ကိုမောင်မောင်(ရွှေကရဝိတ်)ကယူသွား ပေးတယ်။ အဲ့ဒီညမှာဘဲ စိုးဝင်းသန်းကို ခုတ်သတ် တာပေါ့။  သန်းဇော် ပါတယ်သတ်ဖို့သွားကြတော့။

၁၉. ဝ၃.၁၉၉၂ မှာမိဘ (၇) ဦး ABSDF-NB ကိုရောက်ရှိလာကြတယ်။ကျမ အမေလာတွေ့တယ်။
၂၀.ဝ၃.၁၉၉၂  မှာ အမေနဲ့တွေ့ခွင့်ရခဲ့ပေမဲ့လဲ မိဘတွေနဲ့ပြန်ထဲ့ပေးမယ်ဆိုတဲ့ဂတိကို ဖျက်ခဲ့ တယ်။ မိဘများရဲ့   တောင်းပန်မှု့တွေရယ်၊ကျမအမေအိုရဲ့ အောင်နိုင် ကိုဒူးချတောင်းပန် မှု့တွေ၇ယ်ကြောင့်နောက် ဆုံးတော့၂၄.ဝ၃.၁၉၉၂ မှာ ကျမတို့ (၇)ဦးကို ABSDF-NB ထောင်မှလွှတ်ပေးခဲ့ပါတယ်။

ကျမတို့ထောင်ကလွတ်ပြီးတာနဲ့အမေ့ကိုမြန်မြန်ပြန်ကြဖို့ပြောရတယ်။ကြာကြာမနေကြဖို့ပြောရတယ်။ ဆို တော့ ခဏဘဲသားသမီးပြန်လာခေါ်တဲ့မိဘ (၇)ဦး သားသမီးမပါဘဲပြန်ကြရရှာတယ်။ ဒီအချိန်ထောင်ထဲမှာ ကျောင်းသား(၅၅)ဦးအကျဉ်းကျခံနေရစဲဖြစ်တယ်။

တရက်တော့ညကြီးတပ်ထဲမှာမီးတွေ လင်းလာတယ်။
ပြေး လွှားအော်ဟစ်သံတွေကြားရတယ်။
အဲ့ဒီညက၂၁.ဝ၅.၁၉၉၂ ဖြစ်ပြီးရာဇဝင်မြောက်ABSDF-NB ထောင်အတွင်းမှ ကျောင်းသား(၅၅)ဦးအောင်မြင် စွာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

ကျမတို့မိဘလာခေါ်လို့ ထောင်ကလွှတ်ပေးလိုက်တဲ့ (၇)ဦးနဲ့မျိုးဝင်းသဘောအရလွှတ်ထားပေးတဲ့
ကိုခင်မောင်ဇော်နဲ့မိုးဇော်ထွန်းတို့(၉)ဦးညတွင်းခြင်းဘဲဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးထိမ်းသိမ်းခြင်းခံခဲ့ရပြန်ပါတယ်။

နန်းအောင်ထွေးကြည်။

(မနောမြေမှကျောင်းသားတပ်မတော် ၃)ဆက်ရေးပါမည်။


ထောင်နဲ့ မီတာ၂၅၀ (ခန့်မှန်းခြေ) အကွာမှာ မှန်းခြေ ၄ မီတာ ၃မီတာပတ်လည် ။အနက်မှန်းခြေ ၃ မီ  တာခန့်ရှိတဲ့ကျင်းကြီးတခုတူးထားတာပါ။
source : Nang Aung Htwe Kyi facebook 

No comments: