Sunday, May 13, 2012

သူ့ကြွေးရှိက ဆပ်ရမည်။ (၈)

   
by Soe Lynn on Sunday, 13 May 2012 at 04:49 ·
  •    ကျောင်းသားစစ်ကြောရေးစခန်း(ဒါးခွင်)မှာ ကျွန်တော်တို့ အချိန်တော်တော်ကြာကြာနေ ခဲ့ရပါ တယ်။ ထောင် ချပြီးတဲ့နောက် အဲ့ဒီ စခန်းမှာ ကိုလှဌေး၊ ကျော်ကျော်(ကချင်) တို့ကိုသိပ် မတွေရတော့ပါဘူး။ခင်မောင်ဆွေနဲ့ တပ်ရင်း(၃၀၃)ကရဲဘော်တွေပဲ အဓိကရှိပါတော့တယ်။ ဆရာနေ၀င်းအောင်ကိုလည်း ဆရာမ (သူ့အမျိုးသမီ) နဲ့ တွေဆုံစကားပြောခွင့် အကန့် အသတ်နဲ့ပေးလာတာ   တွေ့ရပါတယ် ။ အလုပ်အနေနဲ့ကတော သူတို့ခိုင်းတာတွေ ကိုပုံမှန် လုပ်ပေးနေရတုန်းပါပဲ ။ ဒီလိုနဲ့ တစ်ရက်မှာ ထိုင်းဖက်ကမ်းကို   ပြောင်းရပါတယ်။ စစ်ရေးအခြေအနေကြောင့်လို့တော့ ရဲဘော်တွေပြောတာကြားရပါတယ် သံလွင်အရှေဘက်ကမ်းမှာ (၂)လကျော်လောက်နေခဲ့ရပါတယ် ။နောက်တော့စခန်းပြောင်းရမယ်လို့ပြောလာပါတယ်။ လမ်းမှာထွက်ပြေးဖို့ လုံးဝ မကြိုးစားနဲ့လို့ ရဲဘော်ဖိုးထောင်(၃၀၃)က အထူးသတိပေးပါတယ် ကျွန်တော်တို့နေရာကနေ အရှေ့ဖက်ကို လမ်းအတော်လေးလျှောက်ရပြီး ထိုင်းရွာလေးတစ်ရွာကိုရောက်ပါတယ်။ အဲ့ဒီကနေ သူတို့ကြိုတင်စီစဉ်ထားတဲ့အမိုးဖွင့်ကား(ဒတ်ဆန်းလိုထင်ပါတယ်)နဲ့ ခရီးဆက် ရပါတယ် ခင်မောင်ဆွေနဲ့ ဒရိုင်ဘာကရှေ့ခန်းမှာထိုင်ပြီး နောက်ခန်းမှာ ကျွန်တော်တို့ကို အလယ်မှာထား တပ်ရင်း(၃၀၃)ရဲဘော်တွေက ၀န်းရံလိုက်ပါခဲ့ကြပါတယ်။ မဲဟောင်ဆောင် ကိုကျော်ပြီး သိပ်မကြာခင်မှာ လမ်းရဲ့လက်ဝဲဘက်ကိုချိုးကွေ့မောင်းနှင်ခဲ့ပါတယ်။ လမ်းမှာ ကြီးမားတဲ့ထိုင်းရွာကြီးတစ်ရွာကို ဖြတ်ခဲ့ရပါတယ်။ ညနေစောင်းလောက်မှာပဲ ရွာလေးတစ်ရွာကိုေ၇ာက်ပါတယ်။ ရွာနဘေးမှာ စမ်းချောင်းလေးတစ်ခုဖြတ်စီးနေပါတယ်။ ကရင်နီနယ်ထဲရောက်ပြီလို့(၃၀၃)ရဲဘော်တွေကပြောပါတယ်။ အဲ့ဒီည အဲ့ဒီရွာမှာပဲ လက်ထိပ်တန်းလန်းနဲ့ အိပ်ခဲ့ကြရပါတယ်...။
  •             မနက်လင်းတာနဲ့ ချောင်းကလေးကိုဖြတ်ပြီး တောင်ကြောလေးတစ်ခုပေါ်ကိုတက်ရပါတယ်.။ (၁)နာရီကျော်ကျော်လောက် သွားပြီး ကျောင်းသားတပ်ရင်း(၃၀၃)စခန်းကိုရောက်ပါတယ် ။ အဲဒီမှာကျွန်တော်တို့(၃)ရက်လောက် အချုပ်ခန်းနဲ့နေခဲ့ရပါတယ်   နောက်မှ တောင်ကြောတစ်ခုဘေးမှာရှိတဲ့ လျှိုလေးထဲမှာ စခန်းအသစ်တစ်ခုဆောက်ရပါတယ် ယာယီစခန်းသဘောမျိုးမို့ ရတဲ့သစ်ဝါးတွေနဲ့ပဲ အဆင်ပြေသလိုဆောက်ရပါတယ်.။ စခန်းအောက်ဖက်မှာ တောင်ကျချောင်းလေးတစ်ခုစီးနေပါတယ်။ ကျွန်တော်တို့(၄)ယောက်စလုံးကို အချုပ်ခန်းတစ်ခုတည်းမှာဘဲ အတူတူထားပါတယ်။ ဆရာမလည်း အခက်အခဲတွေကြားထဲကပဲ အဲဒီစခန်းအထိ ဆရာကိုလာလာတွေ့ရှာပါတယ်။ (ဆရာတို့ အခုလိုဖြစ်ရတာ ကျွန်တော့်ကြောင့်လို့တွေးမိတိုင်း အမြဲပဲ စိတ်မကောင်းဖြစ်ရပါတယ်) အဲဒီစခန်းမှာလဲ အလုပ်တွေကလုပ်ပေးနေရတုန်းပါပဲ. တစ်ခါတစ်လေ ဆရာကစားဖိုမှုးဝင်လုပ်ရသလို ကျွန်တော်လည်း ခ၀ါသည်လုပ်ပေးရတုန်းပါပဲ တပ်ရင်း(၃၀၃)အတွက် ပစ္စည်းတွေသည်ပို့ပေးရတာလဲရှိပါတယ်.။တစ်ကယ်ဆိုရင် အဲဒီအချိန်မတိုင်မှီကတည်းက ဆရာတို့(၃)ယောက်က ထွက်ပြေးဖို့တိုင်ပင်နေကြပါပြီ(သူတို့ပြန်ပြောပြလို့နောက်မှသိခဲ့ရတာပါ) စခန်းခဏ ခဏပြောင်းရရင် တစ်ချိန်ချိန်မှာ ကျွန်တော်တို့ကိုအပါမခေါ်တော့ဘဲ သတ်ပြစ်ထားခဲ့နိုင်တယ်လို့ သူတို့တွေးမိကြလို့ပါ။ ကျွန်တော်ကတော့ ကိုနိုင်အောင်ကို ပြောမိလို့ အရိုက်ခံရတဲ့ညကစပြီး ဘာမှစိတ်မကူးတော့ပါဘူး ..။ခေါ်ရင်သွားတယ် ခိုင်းရင်လုပ်တယ်၊ (၁၀)နှစ်ပြည့်လို့လွတ်ရင်အိမ်ပြန်မယ်..အဲ့ဒါပဲကျွန်တော်တွေးထားတယ်။တစ်ကယ်တမ်းတော့ အခုလို   ရေးနိုင်ပြောနိုင်နေတာ ဆရာတို့(၃)ယောက်ကျေးဇူးပါ ကျွန်တော်လိုသာဆိုရင် လွတ်ဖို့ဝေးပါသေးတယ်ဗျာ...............။
  •              တစ်ည သန်းခေါင်လောက်မှာပဲ ဆရာတို့ကျွန်တော့်ကို ၀ိုင်းနှိုးကြပါတယ် ထကြည့်လိုက်တော့ သူတို့(၃)ယောက်က ပြေးဖို့အဆင်သင့်ဖြစ်နေကြပါပြီ ဆရာနေ၀င်းအောင်ကပြောပါတယ် "ကိုစိုးလင်းကျွန်တော်တို့ပြေးတော့မယ် ခင်ဗျားကိုမထားခဲ့ရက်ဘူး...ကြိုပြီးမတိုင်ပင်တာတော့နားလည်ပေးပါ လိုက်မယ်မဟုတ်လား" တဲ့ ဆရာတို့သွားမှတော့ကျွန်တော် တစ်ယောက်တည်း မနေခဲ့ရဲပါဘူးဗျာ ဆိုပြီးကမန်းကတမ်း ထလိုက်ခဲ့ရပါတယ်..။ အချုပ်ခန်းရဲ့ ခပ်သေးသေးတိုင်လေး(၂)ချောင်းက သံဖြတ်လွှသေးသေးလေးကြောင့်  လူတစ်ယောက်တိုးထွက်လို့ကောင်းကောင်းရနေပါပြီ။ ကျွန်တော့်ရင်တွေ ခုန်နေလိုက်တာဗျာ . ချွှေးတွေပြန်လာတာလဲသတိထားမိတယ် ဒီကြားထဲ ကိုထင်ကျော်နှင့်မြင့်ဦးက အစောင့်ရဲဘော်တွေဆီက သေနတ်ယူပြီး တစ်ခါတည်း ပစ်သတ်ခဲ့ဖို့ပြောနေလို့ ဆရာနှင့်ကျွန်တော်က မနည်းဖျောင်းဖျပြီးတားခဲ့ရတယ်(အဲ့ဒီလို လုပ်ခဲ့ရင်ကျွန်တော်တို့ကို ပိုပြီးအထင်လွဲသွားစေနိုင်ပါတယ်) အစောင့်ရဲဘော်တွေကလည်း အိပ်လိုက်ကြတာဗျာ ကျွန်တော်တို့ဆီက ဒီလောက် အသံတွေ ထွက်နေတာတောင် တုတ်တုတ်မှမလှုပ်ကြဘူး။ မြင့်ဦးကဦးဆောင်ပြီး ရှေ့ဆုံးကသွားပါတယ် ဒီနေရာမှာတော့ ရွာသားလေးက ကျွန်တော်တို့ရဲ့ခေါင်းဆောင်ပါပဲ ဆရာ၊ ကိုထင်ကျော်၊ ကျွန်တော် အစဉ်အတိုင်းလိုက်ကြပါတယ်။ ကိုထင်ကျော်က  ခြေထောက်သိပ်မသန်လို့ ဖြေးဖြေးချင်းစောင့်ခေါ်သွားရပါတယ်.။ အလင်းရောင်ကလည်း ကောင်းကောင်းမရပါဘူး မြင့်ဦးရဲ့တောရွာမှာ နေထိုင်ကြီးပြင်းဖြတ်သန်းခဲ့မှုက ကျွန်တော်တို့ကို ကယ်တင်သွားတာပါ ထိုင်းရွာကြီးကိုဖြတ်တဲ့ အချိန်မှာတော့ ခွေးတွေဝိုင်းဟောင်လိုက်တာ တစ်ရွာလုံး ဆူညံနေတာပဲ နောက်ကနေများ လိုက်လာရင်တော့ ဒုက္ခဆိုပြီးပူလိုက်ရတာဗျာ.......။
  •               ထိုင်းရွာကြီးကို ဖြတ်ပြီးတဲ့နောက်မှာတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး မှောင်မည်းမည်းကြီးမှာ လမ်းဆက်လျှောက်ရပါတယ် နယ်စပ်ထိုင်းဂိတ်တဲ တစ်ခုကိုဖြတ်ရချိန်ကျ ရင်ပြန်ခုန်လာပါတယ်.....။ကျွန်တော်တို့ ကံကောင်းပါတယ် အစောင့်တွေက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေသလို တွေ့ရတဲ့ခွေး(၂)ကောင်ကလည်း လုံးဝ မဟောင်ပါဘူး ကံမကောင်းတာက ဆရာမကြိုတင်စောင့်နေတဲ့နေရာကို ကျွန်တော်တို့ရောက်အောင်မသွားနိုင်ခဲ့တာပါပဲ..။ လေးယောက်စလုံးနဲ့ စိမ်းတဲ့ဒေသမို့ သဘာဝကျစွာ လမ်းမှားခဲ့ကြပါတယ်။ မနက်လင်းတော့ လူတွေမြင်လို့ မဖြစ်တာနဲ့ ကားလမ်းအောက်က ချောင်းလေး တစ်ခုမှာပုန်းနေကြရပါတယ်။ထိုင်းစကားနည်းနည်းတတ်တဲ့ ဆရာကအပြင်ထွက် စနည်းနာပြီး စားစရာဝယ်လာလို့ ကျွန်တော်တို့ ဗိုက်ဖြည့်ကြရပါတယ်(နောက်ဆုံးအခေါက် ဆရာမ -ဆရာ့ကိုလာတွေ့တုန်း ဟိုလူတွေမသိအောင် ထိုင်းငွေနည်းနည်း ကြိုပေးထားပါတယ်)  ။ ညနေစောင်းတော့မှ အပြင်ထွက်ပြီး တွေတဲ့ဘတ်(စ်)ကားတစ်စီးကို တားစီးခဲ့ကြပါတယ်။ မဲဟောင်ဆောင်ကို သွားတဲ့ကားပါ..လမ်းမှာဘုန်းကြီးကျောင်းကြီးတစ်ခုတွေ့တာနဲ့ အဲ့ဒီမှာကားရပ်ခိုင်းပြီးဆင်းခဲ့ကြပါတယ်..။ကျောင်းထိုင်ဆရာတော်ကို  ခွင့်တောင်းပြီး တစ်ညတာ တည်းခိုခွင့်ရခဲ့ကြပါတယ်။ မနက်လင်းတာနဲ့ ကျောင်းမှာလုပ်စရာရှိတာတွေ ၀ိုင်းလုပ်ပေးရပါတယ်။ ပိုက်ဆံမကျန်တော့လို့ အလုပ်တစ်ခုအရင်ဆုံးရဖို့ကြိုးစားရပါတယ်။ဘုန်းကြီးကျောင်းမှာတွေတဲ့ လူတစ်ယောက်က လိုက်ပို့လို့ ကားလမ်းအရှေ့ဘက်ကိုတော်တော်လေးဝင်သွားပြီး ချောင်းလေးတစ်ခုဖြတ်လိုက်တာနဲ့ မျက်စီ တစ်ဆုံးလယ်ကွင်းတွေနဲ့ ထိုင်းလယ်ယာလုပ်ငန်းခွင်တစ်ခုကိုရောက်ပါတယ်။ အဲဒီမှာ အလုပ်လုပ်ငွေစုရင်း ဆရာမနဲ့အဆက်အသွယ်   ပြန်ရဖို့ကြိုးစားကြ ပါတယ်။ ပေးထားတဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်ပေမဲ့ ဘယ်လိုမှ မရခဲ့ပါဘူး။ ကျွန်တော်တို့နှင့် ဆက်သွယ်မရလို့ ဆရာမလည်း ဗျာများနေလိမ့်မယ်လို့တွေးပြီး ချင်းမိုင်ဘက်ကိုသွားမယ် ပြီးမှပြန်ဆက်သွယ်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ (ကိုထင်ကျော်ပြန်ပြောပြလို့ မှားယွင်းပြီးသူအဖမ်းမခံရခင် တပ်ရင်း(၂၁၀)မှာ မြောက်ပိုင်းအခွေသာမကပဲ ကျွန်တော်နဲ့ဆရာရဲ့ ၀န်ခံချက် အခွေတွေပါ သူကြည့်ခဲ့ရကြောင်း သိရပါတယ်)
  •               ပိုက်ဆံအတော်အသင့် စုမိတာနဲ့ ခရီးထွက်ဖို့ပြင်ဆင်ကြရပါတယ်။ ညမိုးချုပ်မှာ ကားလမ်းမဘက် ထွက်ပြီး တွေတဲ့ဘက်(စ်)ကား တစ်စီးကိုတားစီးခဲ့ကြပါတယ်။ ချင်းမိုင်ကိုတိုက်ရိုက်သွားတဲ့ကားမဟုတ်ဘဲ ထိုင်းမြို့လေးတစ်ခုကိုရောက်ပါတယ်။ (ပိုင်မြို့လို့ထင်ပါတယ်) မြို့ပြင်က ကောက်ရိုးပုံတွေကြားမှာ ညအိပ်ရင်းတိုင်ပင်ကြပါတယ်။ မနက်ကားစီးရင် နှစ်ယောက်တစ်တွဲစီ ခွဲစီးဖို့နှင့်ဘယ်သူ့ကို ထိုင်းရဲ(လ၀က)ဖမ်းဖမ်း မသိသလိုနေပြီး ချင်းမိုင်ရောက်မှ ဆရာမနှင့် အဆက်အသွယ်လုပ်၊ အကျိုးအကြောင်းပြောဖို့ပါ။ ဆရာနှင့်မြင့်ဦး ၊ကျွန်တော်နှင့်ကိုထင်ကျော်တွဲကြတယ်။ လမ်းမှာ လ၀က ဂိတ်တစ်ခုကိုဖြတ်တော့ ဆရာနှင့်မြင့်ဦးကိုထိုင်းရဲက ဆွဲချသွားပါတယ်။ ကျွန်တော်တို့ကို ဟန်မပျက်နေဖို့ ဆရာက မျက်ရိပ်လှမ်းပြပါတယ်။ ဒီလိုနဲ့ ကျွန်တော်နှင့် ကိုထင်ကျော်ချင်းမိုင်ကို ရောက်သွားပါတယ်။တစ်ခါမှ မရောက်ဖူးတဲ့မြို့မို့ ဘယ်သွားလို့ဘယ်လာရမှန်းမသိပါဘူး..ကံဆိုးတာက ကျွန်တော်တို့လူချင်းသာ အတွဲခွဲပြီး ပိုက်ဆံမခွဲခဲ့မိကြပါဘူး.ပါလာတဲ့ ပိုက်ဆံလေး(၁၀ ဘတ်ကျော်ကျော်ပဲထင်ပါတယ်)နဲ့ ဖုန်းဆက်တော့လည်း အကြောင်းမထူးခဲ့ပါဘူး။ဒါနဲ့ ကောက်ညှင်းပေါင်းနှင့် အကြော်ဝယ်စားပြီး...လမ်းဘေးကတဲလေးတစ်ခုမှာ တစ်ည၀င်အိပ်ကြပါတယ်။မနက်လင်းတော့ အလုပ်လိုက်ရှာကြပေမဲ့ အဆင်မပြေပါဘူး။ ဘုန်းကြီးကျောင်းတစ်ချို့ဆိုရင် ကျွန်တော်တို့ဝင်လာတာနဲ့ ကိုရင်လေးတွေက ၀ိုင်းမောင်းထုတ်ကြပါတယ်..။ ကျွန်တော်တို့ပုံတွေက အရမ်းစုတ်ပြတ်နေပါပြီ နောက်ဆုံးတော့ ထိုင်းရဲဖမ်းတာခံလိုက်ပြီး ချင်းမိုင်ထောင်ကိုရောက်ခဲ့ကြပါတယ်။
  •                ညပိုင်းမှာ မီရှူးမီးပန်းဖောက်သံတွေ ဆူညံနေတာ ထောင်ထဲကကြားနေရပါတယ်(၉၅ ခုနှစ်ဆီးဂိမ်းဖွင့်ပွဲနေ့လို့   နောက်မှပြန်သိရပါတယ်)။ချင်းမိုင်ထောင်မှာ(၁)လလောက်နေရပြီး နယ်စပ်မြို့ တစ်ခုကိုကားနှင့်ပို့ပါတယ် ကျွန်တော်တို့နှင့် အတူလူ(၁၀)ယောက်ကျော်ပါလာပါတယ်။အဲဒီမြို့( နောင်အုပ်)ကိုညနေစောင်းလောက်မှာရောက်ပါတယ်  မြန်မာပြည်ဖက်ကို ပြန်ကြ ဖို့ထိုင်းရဲကပြောပြီးမြို့ပြင်လယ်ကွင်းတွေမှာကားကိုရပ်ကာ မောင်းချပါတယ်။ကျွန်တော်တို့ကအတွေအကြုံမရှိလို့ ကြောင်နေပေမဲ့  အခြားလူတွေက အေးအေးဆေးဆေး သူတို့နောက်လိုက်ခဲ့ဖို့ပြောတာနဲ့ ရောယောင်လိုက်ခဲ့ကြပါတယ်။ လယ်ကွင်းတွေကို ပတ်သွားပြီးတာနဲ့ မြို့စွန်ကိုပြန်ဝင်ကြပါတယ်။ ကိုထင်ကျော်ကသူ မြန်မာပြည်မပြန်တော့ဘူးလို့ပြောပါတယ်။ ကျွန်တော်ကတော့ အိပ်မက်ဆိုးတွေကြုံလိုက်ရကတည်းက စိတ်ဓါတ်အရမ်းကျပြီး အပြင်မှာနေချင်စိတ်မရှိတော့ပါဘူး။မူလ ကိုယ်ထွက်လာစဉ်တုန်းက ထားခဲ့တဲ့ရည်မှန်းချက်မပြည့်ဝသေးပေမဲ့ တွေကြုံခဲ့တဲ့အခြေအနေကဘယ်လိုမှမခံစားနိုင်အောင်မွန်းကြပ်လွန်းပါတယ်။                   
  • ကျွန်တော်အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်..။
  • (ဆရာ၊ကိုထင်ကျော်၊ မြင့်ဦးတို့နှင့်လည်းအဲ့ဒီကတည်းကကွဲသွားလိုက်တာပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၁၂)ရက်ပွဲကြမှပဲအဆက်အသွယ်ပြန်ရပါတော့တယ် အားလုံးကျန်းကျန်းမာမာရှိကြလို့ဝမ်းသာရပါတယ်..မြောက်ပိုင်းနှင့်ဗဟိုမှာ ဖြစ်ပျက်ခဲ့တာတွေနှင့်ပက်သတ်ပြီးကျွန်တော့်ရဲ့ အမြင်သုံးသပ်ချက်တွေကို ဆက်ရေးသွားပါအုံးမယ်) 
 

No comments: