Wednesday, May 16, 2012

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (စတုတ္ထပိုင်း)။

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Wednesday, 16 May 2012 at 02:01 ·
၁။ ဆင်းရဲမွဲတေမှု သက်သာရေးပဓါနအကျဆုံး၊ ဦးစားပေးအဆင့်မှာ ထိပ်ဆုံး က ရှိနေတဲ့ စီမံချက်ပါ။ ဆင်းရဲမွဲတေမှုကို သက်သာအောင် လုပ်ပေးနိုင်လျှင် ဒီ စီမံချက်သာ အောင်မြင်သွားလျှင် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဦးတည်ချက်ရဲ့ သုံးပုံတစ်ပုံလောက် အောင်မြင်သွားပြီလို့ဆိုနိုင်ပါလိမ့်မယ်။ အစိုးရအသစ်ကလည်း ထိပ်တန်းဦးစားအဖြစ် လုပ်ပါ့မယ်လို့ ကတိပေးပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကတိပြုတာနဲ့ တကယ် အလုပ်လုပ်ဖြစ်အောင်၊ ဆုံးခန်းတိုင်အောင် အောင်မြင်မှုမရမချင်း လုပ်ရမှာနဲ့တော့ မတူပါဘူး။ (Plan of Action) အကြံအစည် အစီအစဉ်နဲ့ တကယ်လုပ်ရတဲ့ အလုပ်ကြားရှိနေတဲ့ ကွာဟမှုကတော့ ဟိုရှေးပဝေသဏီကတည်းက အမြဲတစေ ရှိနေတဲ့ အဖြစ်တရားပါ။ ရည်မှန်းချက် အောင်မြင်တဲ့ နောက်ဆုံးပန်းတိုင်အထိရောက်ဖို့ကတော့ အလွန်မှ ခက်ခဲနိုင်ပါတယ် ။ ရောနှော ဆက်နွယ်နေတဲ့ ရှုပ်ထွေးပွေလီ အကြောင်းတွေကိုလည်း အများအစား တွေ့ရပါလိမ့်မယ်။ ပြည်ပမှ အထောက်အကူရနိုင်တဲ့ အပိုင်းတွေလည်းရှိမယ်။ ဒီလို ဆိုလျှင်လည်း ရလာတဲ့အကူအညီကို စနစ်ကျကျ ထိထိရောက်ရောက် အလိုအပိုမရှိ သုံးတက်ရပါမယ်။ ဖြေရှင်းပေးစရာတွေ အမျိုးမျိုး အဖုံဖုံ ရှိနေတော့ ဘယ်လိုမှ ပေါ့ပေါ့တန်တန် ကိစ္စလို့ သဘောထားလို့ မရတဲ့ မဟာ ပြဿနာကြီးပါ။

၂။ ဆင်းရဲချမ်းသာ ကွာဟရေး
နံပတ် ၁ လောက်ပဲ အရေးကြီးပါတယ်။ လာမယ့်ဘေးပြေးတွေ့လုပ်ရမယ့် ထိပ်သီးအရေးပေါ်ပြဿနာလို့ သတ်မှတ်ရမှာပါ။ ပြဿနာကအခုတောင် ခေါင်းပြုလာရုံအဆင့် မဟုတ်တော့ဘဲ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ထင်ရှားပြီပြင်တဲ့ ရုပ်အသွင်ဆောင်နေပြီဆိုတော့ အစိုးရ အနေနဲ့ မဆိုင်းမတွ ရွပ်ရွပ်ချွံချွံ ပြင်းပြင်းထန်ထန် တိုက်ဖျက်ရမယ့် ဘေးအန္တရယ်ဆိုးကြီး ဖြစ်တယ်။ ရှိနေပြီဖြစ်တဲ့ ကွာဟမှုကို ပိုကျဉ်းသွားအောင် မဖြစ်မနေ လုပ်ပေးရလိမ့်မယ်။ ယခု တွေ့နေရတဲ့ ကွာဟမှုဖြစ်စဉ်တက်ခြေနှုန်းကို ကြည့်ပြီး မှန်းရမယ်ဆိုလျှင်တော့ ကွာဟမှုဟာ ခပ်မြန်မြန်ပဲ ပိုကျယ်ပိုနက်ဖို့ရာပဲရှိတယ်။ ဒါ့ကြောင့် အခါ မလင့်ထိုက်ဘူး။ အချိန်အားဖြင့် ထိပ်သီး အရေးပေါ်လို့ သတ်မှတ်ရမှာပါ။

၃။ လာဘ်ပေးလာဘ်ယူ လုပ်မှု (ခြစားမှု) ဆိုတာကလည်း အထက်က (၁ နဲ့ ၂) ထက် တစ်ပြားသားမှ မလျော့တဲ့ ထိပ်သီးဘေးဆိုးကြီးဖြစ်တယ်။ သမ္မတကြီး ကိုယ်တိုင် ကနေဦး မိန့်ခွန်းတွေမှာ ရွေးထုတ် ဦးတည် အလေးပေးပြီး ပြောသွားတဲ့ အကြောင်းအရာ ဖြစ်တယ်။ Clean Government သန့်ရှင်းသော အစိုးရရဲ့ နယ်ပယ်စစ်ပဲ။ လုပ်ဖို့ရာ အလွန်ခက်လိမ့်မယ်လို့ ပြောခဲ့တဲ့ အထက်က ဧရာမ ပြဿနာကြီးတွေထက် ခက်တော့ခက်မယ်။ သမ္မတကြီးက သန့်ရှင်းသော အစိုးရကို ဖော်ဆောင်မယ်လို့ ရဲရဲဝံ့ဝံ့ ကတ်ပေးလိုက်တာကတော့ အာဂ သတ္တိပဲလို့ ချီးကျူးချင်ပါတယ်။ အနည်းဆုံး အနှစ် သုံးဆယ်ကျော်လောက် အုတ်မြစ်ခိုင်ခိုင်နဲ့ ရပ်တည်ခဲ့တဲ့ ကြီးမားလှတဲ့ ဧရာမ အဆောက်အအုံကြီးကို ဖြိုမယ်လို့ ချဲလိုက်တာဟာ အင်မတန်မှ လေးစားဂုဏ်ယူထိုက်တဲ့ ကောင်းမှုပဲ။ ဒါပေမယ့် လုပ်ရာမှာတော့မလွယ်ဘူး ။ မလွယ်တာမှ သိပ်ကို မလွယ်မှာ။ ကမ္ဘာတစ်ဝန်းမှာ လာဘ်ပေးလာဘ်ယူ ကြီးစိုး အုပ်ချုပ်နေတာ ကြာပြီပဲ။ ဘယ်သူက ဘာ တက်နိုင်လို့လဲ။ ဘယ်သူကကော ဒီအဖြစ် သက်သာရာသက်သာကြောင်းအတွက် မည်မည်ရရ လုပ်ခဲ့သလဲ။ အများစုကတော့ အကာအကွယ်ပေးနေကြတာ ။ ကုလသမဂ္ဂ စာရင်းဝင် ကမ္ဘာမှာရှိတဲ့ တိုင်းပြည် ၃၀၀ကျော်ထဲမှာ အများစုသော ရာနှုန်းတို့ဟာ ဒီလူဆိုး စားရင်းဝင်ဖြစ်တယ်။ မြန်မာကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးပိုင်းမှ ပါနေတာကြာပါပြီ။ ဟုတ်လည်း ဟုတ်လောက်တယ် ။ ဆန်းတော့ဆန်းတာ မဟုတ်ပါဘူး။

     အရင် အစိုးရဟောင်း များစွာ နှစ်ပေါင်း ဆယ်စုနှစ် ၃-၄စု အတွင်း (ခရိုနီအစ်ဖင်) လို့ သမုတ်ထားတဲ့ လက်သင့်ရာ စားတော်ခေါ် ကိုယ့်အချင်းချင်း ရိုင်းပင် အာဏာကို အလွဲသုံးစားလုပ်နဲ့ လာဘ်ပေးလာဘ်ယူ လုပ်ကြတာ ပေးသူရော လက်ခံသူရော ချမ်းသာလာကြတာ မျိုးစဉ်မျိုးဆက် ဖြစ်သွားပြီ။ အရိုးစွဲနေပြီ ။ ဒါကလည်း လူတိုင်း အသိပါ ။ (Transparency International=TI ) လို့ခေါ်တဲ့ အဖွဲ့ အဆိုရ စင်ကာပူဟာ လာဘ်ပေးလာဘ်ယူ အနည်းဆုံး တိုင်းပြည်တစ်ပြည်ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီခြစားမှု ဆိုတဲ့ ဖြစ်အင်မျိုးတွေ ရှိတော့ ရှိနေသေးတာပဲ။ ဒိန်းမတ်၊ ဆွီဒင် နဲ့ နော်ဝေး ကတော့ အသန့်ရှင်းဆုံးသော တိုင်းပြည်များဖြစ်တယ်လို့ ဆိုပါတယ်။  (TI ) ဆိုတာက အင်န်ဂျီအို လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပါ။ အပြည်ပြည်မှာ စုံစမ်းလေ့လာ ၊ သတင်းယူ၊ သုံးသပ်လုပ်ပြီး မှတ်တမ်းတင် အစီရင်ခံစာကို ပြုစုပြီး နှစ်စဉ် ကမ္ဘာအနှံ ဖြန့်ချီပါတယ်။ ဒီလို ခြစားမှုဟာ ဘယ်လောက်အထိ ပျံ့နှံ့ပြီး ခိုင်မာစွာ အခြေစိုက်ထားသလဲဆိုလျှင် ဆင်းရဲတဲ့ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုရဲ့ နိုင်ငံရေး စီးပွားရေး (ပုံမှန်) စနစ်လို့ ယူဆထားကြတာ။ ဒီအထဲမှာ မြန်မာပါနေတာကိုတော့ အလုပ်အပိုတွေ လုပ်ပြီး ငြင်းချက်တွေထုတ် အကာအကွယ် ပေးတာတွေ လုပ်မနေပါနဲ့တော့ ။ အလုပ်နဲ့သာ လုပ်ပြလိုက်ပါ ။ စီးပွားရေး ၊ နိုင်ငံရေး နဲ့ အခြားပြည်သူကို ထိပါးတဲ့ အစိတ်အပိုင်း အားလုံးကို လွှမ်းမိုးနေတာ ဆိုတော့ လုပ်ရတာ ဘယ်လောက် လက်ဝင် လက်ရှုပ် ဖြစ်ပေမယ့် မဖြစ်မနေ လုပ်ရမှာပဲ။ လူထုကလည်း အားပေးပြိး ဒီတိုက်ပွဲမှာ ပါဝင် ဆင်နွဲ နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    အထက်ပါ အလွန့်အလွန် အရေးကြီးပါတယ်ဆိုတဲ့ ၁ ၂  ၃  အရေးအခင်းကြီးတွေရဲ့ မြစ်ဖျားခံအကြောင်းတွေမှာ တူညီချက် နီးစပ်စွာ ဆက်နွယ်မှုတွေ ရှိပါတယ်။ အပြန်အလှန် ကောင်းကျိုးဆိုးကျိုး ပြုနေတာလည်း ရှိပါသေးတယ်။  ဒါ့ကြောင့် ဒီပြဿနာ တွေကို ရှေးရှု ကိုင်တွယ် ဖြေရှင်းရာမှာလည်း တူညီ (သို့) စုပေါင်းညှိုင်းပြီးမှ မဟာဗျူဟာနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေ ကြံဆ ဖော်ထုတ်နိုင်ပါတယ်။

      နည်းဗျူဟာနဲ့ အခြား ပို အသေးစိတ်ကျတဲ့ အစီအစဉ် ဆွဲရေးမှာတော့  ၁ ၂ ၃  တို့ဟာ လုပ်ငန်း လုပ်ရာမှာ အချိန်စကေး  time-scale မှာနည်းနည်းကွဲပြားမှာပါ။ ၁ က ရှေ့အနာဂတ်ကို ကြည့်ပြီး လုပ်ရမှာများတယ်။ အစက စပြီး လုပ်ရမှာ ၊ အစီအစဉ် ရေးဆွဲခြင်းကစမယ်။ အစ ပထမမှာ အပြောပိုင်း သီအိုရီပိုင်း ပညာပေးအပိုင်း များမယ်။

    ၂ မှာတော့ ဘေးအန္တရယ်ကိုက အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ကိုယ့် ရှေ့မှာ ရောက်ပြီးနေပြီ အစပြုနေပြီဆိုတော့ ချက်ချင်း လက်ငင်း အားကောင်းကောင်းနဲ့ ဇောင်းပေးပြီး လုပ်စရာတွေ အများအပြား ရှိမယ်။ ဆိုင်းနေလို့လည်း မရဘူး၊ လက်တွန့်နေလို့လည်း မရတဲ့ကိစ္စ ။ အနီးကပ် အနာဂတ်နဲ့ အဝေးရှိ အနာဂတ်ကို ထည့်သွင်း စဉ်းစားပြီး ကာကွယ်ရေး စီမံချက်ကိုလည်း ချပေးရမယ်။

    ၃ ကတော့ သက်ဆိုးရှည်ခဲ့တဲ့ အကြောင်းလည်းဖြစ် နှစ်ပေါင်းများစွာ အမြစ်တွယ်ပြီးသားလည်းဖြစ် ၊ ဒီတိုက်ပွဲ ၀င်မယ့်အရေးကို အာခံတိုက်ဖျက်မယ့် အင်အားစုရဲ့ အရှိန်အ၀ါကလည်း မယှဉ်ဝံ့လောက်တဲ့ အတိုင်းအတာမှာ ရှိနေတယ်ဆိုတော့ လုပ်စရာတွေက များပြားကျယ်ဝန်းပါတယ်။ ကာကွယ်ရေး ၊ ကုသရေး အပြင် မကောင်းသော အမူအကျင့်တို့ကို ပယ်ပြီး ၊ ကောင်းသော အကျိုးရလဒ်တို့ကို တင်ပြပြီး အကောင်းဘက်ကို ဆွဲဆောင်ပေးခြင်း ဆိုတဲ့ စိတ်ပြောင်းစေမယ့် ပြန်လည်ထူထောင်ရေးတို့ပါမယ်။

    သတိမူစရာ အကြောင်းတစ်ခုကတော့ ၁  ၂   ၃ မှာ အရင်းခံ အကြောင်းတွေမှာ တူညီတာ ဆက်စပ် ယှက်နွယ်နေတဲ့ ကြောင်းအင်တွေ ပါပါတယ် ။ ဒီတော့ ဒီပြဿနာတွေကို ကုစားရာမှာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ မဟာဗျူဟာ နည်းဗျူဟာ ကြံဆရာမှာ ကုသနည်းတွေကို ပေါင်းစပ်ညှိနှိုင်းလုပ်ပြီး တူညီတဲ့ ပင်မ အကြောင်းတွေပါတဲ့ စီမံချက်ကို အကောင်အထည်ဖော်နိုင်တယ်။

( ပြည်သူ့ခေတ်ဂျာနယ် ၁၇၊ မေ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၄ )

No comments: