Wednesday, May 16, 2012

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (တတိယအပိုင်း)။

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Wednesday, 9 May 2012 at 07:57 ·
တစ်နှစ်သားသာရှိသေးတဲ့ ပူပူနွေးနွေး ဒီမိုကရေစီစနစ်ရောက်လာပြီး မြန်မာပြည်မှာ ဘာတွေ ပြောင်းလဲပြီး ဘယ်အခြေအနေ ရောက်ပြီလဲဆိုတာ နည်းနည်း ဆန်းစ်ကြည့်မယ်ဆိုလျှင် မြန်မာတွေဟာ ကျွန်မ အရင်တစ်ခါမက ပြောခဲ့သလို တော်ကြပါတယ်။ သင်ရ လွယ်တယ်၊ တက်လွယ် လို့ ဆိုရမယ်။ အတုခိုး မြန်တယ်။ ဘာတွေကို ရွေးပြီး အသားပေး အတုခိုးတယ် ဆိုတာကတော့ ဆွေးနွေး စရာ နောက် တစ်ကြောင်းပေါ့။ အစိုးရသစ် သက်တမ်းတစ်နှစ်မှာ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးမှုအစဉ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကိုယ်စားပြု အချို့သော သင်္ကေတတွေကတော့ ထင်သာမြင်သာ ရှိလာပါပြီ။ အခြား ဖွံ့ဖြိုးမှု အရှိန်ကောင်းကောင်းနဲ့တက်လာတဲ့ တိုင်းပြည်တွေမှာလည်းတွေ့နေရပါတယ်။ ဥပမာတွေကတော့ ဆင်းရဲချမ်းသာ ကွာဟမှုရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ ရာဇ၀တ်မှုတွေများလာခြင်း ၊ အကြီးစားလိမ်လည်မှု အလွဲသုံးစားမှုတွေ မကြုံစဖူး များလာခြင်း၊ အကြီးစား တရားရင်ဆိုင်ရာ အမှုတွေများခြင်း ၊လူပျောက်မှု၊ လူသတ်မှု လုယက်မှု ၊ အနိုင်ကျင့်မှု၊ လမ်းတွေမှာ ကားတွေအလွန်အမင်း ကျပ်နေခြင်းတွေကို စီးပွားရေးမြို့တော်ဖြစ်တဲ့ ၇န်ကုန်မှာတော့ ခပ်မြန်မြန်နဲ့ ခပ်များများ တွေ့နေ၇ပါပြီ။ ထိခိုက်ဒဏ်၇ာနဲ့သေဆုံးမှုတွေကလည်း မတရား တက်လာပါတယ်။ မော်တော်ယာဉ် တိုက်မှု၊ သေမှုကလည်း လက်ခံနိုင်ဖွယ်မရှိအောင် မရှိန်မသတ် ဆက်လက် တိုးနေပါတယ်။ ဒီပုံရိပ်အားလုံးဟာ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာလည်း အထက်အတန်းအဆင့်မှာ ရှိနေတဲ့ အထူးသဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုရှိတဲ့ တိုင်းပြည်တွေကိုကိုယ်စားပြုနေတဲ့ ပြယုဂ် (မော်ဒယ်) တွေပဲ။ အချိန်တို အတွင်းမှာထပ်ကြပ်မကွာ ဆိုသလို ဒီမော်ဒယ်တွေနဲ့ ပုံတူဖြစ်အောင် လိုက်လာနိုင်တဲ့ အဖြစ်ကို မှတ်ချက် ပေးရလျှင်တော့ မြန်မာတွေတော်တာလားး ၊ မတော်တာလား ပြောဖို့ခက်သွားပြီ ထင်ပါတယ်။ ကြွယ်ဝမှုရဲ့ ခေါင်ထိပ်မှာရှိတဲ့ ချမ်းသာတဲ့လူနဲ့ သူတို့ထက် အဆင့်နိမ့်တဲ့ လူတွေရဲ့ ဘ၀နေမှုအဆင့်နဲ့ သုံးဖြုန်းနိုင်ပုံက လုံးဝမတူနိုင် မတရားကွာသွားတာ ကလည်းအခုဆို ထင်ရှားမြင်သာ ရှိနေပါပြီ။ တရုတ်ပြည်က သူကြွယ်မက သူ့ခွေးစီးဖို့ ကယ်ဒီလက်က် ကားကို ရွှေချတယ်ဆိုတာမျိုးခက်ဆင်ဆင် ဒီမှာအခုတောင် တွေ့နေ ရပါပြီ။

  မြန်မာဖျော်ဖြေရေး လောကမှာ ထင်ပေါ်ကျော်စောသူ ၊ ရုပ်သံတွေမှာ သူတို့ပြောနေတဲ့ ဆယ်လီဘရီတီ (Celebrity) တစ်ယောက်က အဆင့်မြင့်မျိုးကောင်းခွေးတွေ မွေးထားပြီး သူ့ခွေးတွေကို တစ်လမှာ တိရိစ္ဆာန် ဆရာဝန်တစ်ဦးက လာရောက် ဆေးစစ်မှု (Medical Check-up)  လုပ်ပေးသတဲ့၊ ကျွန်မဟာ ၁၉၉၉ ခုနှစ်ကစပြီး သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့ ကို ဖွဲ့စည်းပြီး တက်နိုင်သလောက် သက်ကြီးတွေလိုအပ်နေတဲ့ ပြုစု စောင့်ရှောက်မှုမျိုးလုပ်ဆောင်ပေးနေတာပါ။ အသက်ရလာပြီဖြစ်တဲ့ ဆရာဝန်ကြီးတွေ ၊ အသက် ၇၀ ကျော်တွေ ဆိုတာ ဆေးစစ်ဆေးရေး ( Medical Check-up) ကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် (သို့) နှစ်ကြိမ် လုပ်ထိုက်ပေမယ့် မလုပ်နိုင်ကြတဲ့ သူတွေက များပါတယ်။ ဆေးစစ်ခတွေကလည်း ဈေးကြီး ၊ သွားရေးလာရေးက အဆင်မပြေ၊ အဖော်လိုက်မ့်သူကမရှိ စတဲ့ အခက်အခဲတွေရှိတယ်ဆိုတာသိလို့  ကျွန်မတို့အဖွဲ့က ဆေးခန်း၊ ဓာတ်ခွဲခန်းတွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး အဖြစ်နိုင်ဆုံး ဈေးနှုန်းသက်သာစွာနဲ့ စီစဉ်ပေးခဲ့ပါတယ်။ အချို့ဆေးခန်းတွေက ဘာမှတောင်မယူပဲ အခမဲ့လုပ်ပေးခဲ့ကြပါတယ်။ အသွားအပြန် အဌားကားစရိတ် စစ်ဆေးတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းဆရ၀န်လေးများထားပြီး အတော်ခက်ခဲ လက်ဝင်စွာ စီစဉ်ရတာပါ။ အဖွဲ့မှလည်း ငွေအတော်အတန် စိုက်ထုတ်ရပါတယ်။ ဆရာဝန် လူတန်းစားကို ချမ်းသာတဲ့လူတန်းစားပဲလို့ သတ်မှတ်တာ မမှန်ပါဘူး။ လက်တွေ့ ဆေးပညာကဏ္ဍက လက်တစ်ဆုပ်စာသော နာမည်ရအထူးကု-ဆရာဝန်တွေသာ ချမ်းသာတာပါ။ လူထုကျန်းမာရေးဌာန၊ သင်ကြားရေးက ဆရာတွေကတော့ အခုခေတ် စားဝတ်နေရေးစရိတ်နဲ့ဆိုလျှင် လူလတ်တန်း အဆင့်မှာတောင် ရပ်တည်နိုင်ပါတော့မလား မသိနိုင်တော့ပါ။ သူတို့ အလှည့်တုန်းကတော့ တက်အားသမျှ ပြည်သူတွေရဲ့ ကျန်းမာရေးကို စွမ်းဆောင်ပေးခဲကပေမယ့် သူတို့ ကျန်းမာရေးအတွက် ကျွန်မတို့အဖွဲ့က တတိအား သလောက် ပံ့ပိုးပေး နေရတာ။

    ကျွန်မက ခွေးအလွန်ချစ်တတ်သူတစ်ယောက်ပါ။ ကလေးဘ၀ကတည်းက အနီးအနားက ခွေးကလေးတွေကို အောင်နက်၊ ကုပ်ကြားလို့ နာမည်တွေပေးပြီး မိဘတွေကို မရမက ပူဆာပြီးမွေးခဲ့တာ။ နောင် တစ်သက်လုံးလည်း ခွေးမမွေးတဲ့ အချိန်မရှိခဲ့ပါဘူး ၊ အခုမှသာ လက်ရှိဘ၀ အခြေအနေတွေရဲ့ ကန့်သတ်မှုတွေကို မလွန်ဆန်နိုင်လို့ ခွေးမမွေးရတာပါ၊ အင်္ဂလိပ်စကား -  ခွေးဆိုတာ လူရဲ့ အကောင်းဆုံးမိတ်ဆွေဆိုတာ ကျွန်မက သိပ်မှန်တယ်ထင်လို့ သိပ်ယုံကြည်တာ။ ခွေးဟာ တိရစ္ဆာန်ဆိုပေမယ့် လူထက်တန်ဖိုး အရည်အသွေး သာတာတွေရှိပါတယ် ။ သစ္စာရှိတယ်၊ မျှတတယ်၊ သခင့်အတွက် ဘာမဆို ပေးဆပ်မယ်၊ ကြီးမားတဲ့သံယောဇဉ် ထားတယ်၊ သိပ်သဘောထား မြင့်မြတ်တယ်လို့ ဆိုချင်တာ ။ ကျွန်မက သူတို့ရဲ့ နှစ်သက်စရာကောင်းတာကို စိတ်ဝင်စားလို့ ခွေးလိမ္မာအကြောင်း ပုံတိုနဲ့ ၀တ္ထုကို စုခဲ့တာ။ ခွေးဆိုတာ နှစ်ပေါင်း ၂၀၀၀၀ ကျော်လောက်ကစပြီး လူတွေက အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးခဲ့တာဆိုတော့ သူတို့နဲ့ လူတွေကြားက သံယောဇဉ်အမျှင်ကြိုးက ဘယ်လောက် ခိုင်မြဲမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ခွေးတွေဟာ ကျွန်မ အချစ်တော်ပါ။ ကျွန်မက သူတို့ဘက်က အမြဲရပ်တည်မှာပါ။

  လူတွေ အမြဲတစေ မှတ်ထားဖို့လိုတာ တစ်ခုကတော့ လူဆိုတာ တစ်ယောက်တည်း တစ်ဦးတည်း နေတာတော့ မဟုတ်ဘူးဆိုတာပါပဲ။ သူ့ရဲ့ဘေးက ပတ်ဝန်းကျင် အသေးစား အကြီးစား၊ ဒါထက် ပိုကျယ်ပြန့်တဲ့ အားလုံး၊  နောက်ဆုံး ကမ္ဘာဂြိုလ်ရဲ့ ပြင်ပနဲ့တောင် ဆက်နွယ်နေပါတယ်။ လူတွေဟာ ဒီအပိုင်းကဏ္ဍတွေနဲ့ အမြဲပဲ အပြန်အလှန် ကူးလူးဆက်ဆံ ၊ တုံပြန်လုပ်နေတာပါ၊ ဒီတော့ လူက စုန်းပြူးပြူးပြီး ငါ့တစ်ကော ကောနေလို့ မဖြစ်သေးဘူး ။ ကြီးသောငယ်သောမဟူ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာ မျှတစွာနဲ့ သင့်တင့်လျှောက်ပတ်စွာနေသင့်ပါတယ်။ အတိုင်းအတာ တစ်ခု အတွင်းမှာတော့ အချိုးမျှမျှ နေထိုက်တယ် ၊ လွန်လွန်ကျူးကျူး ခွဲခြားမှုက မတရား လွန်းတယ်ဆိုတဲ့ ပုံရိပ်မပေါ်စေထိုက်ဘူး။ ကမ္ဘာကြီးမှာက ရုပ်ပိုင်းဆိုင်ရာတွေမှာ အတိုင်းအတာလွတ် တစ်ဖတ်စွန်းရောက်မှုတွေက လမ်းဆုံးကို ရောက်လုပြီ ဆိုတော့ စာနာတရား ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးလာတယ်။ တရုတ်ပြည်က အဖြစ်အပျက်တစ်ခုကိုပဲ ကြည့်ပါတော့။လမ်းလျှေက်တတ်စ ကလေးငယ် တစ်ဦးကို ကားတွေက နှစ်ခါတိုင်တိုင် ဆက်ပြီးတိုက်သွားတာကို လမ်းပေါ်က လျှောက်သွားသူ ၁၈ ယောက်က တွေ့ခဲ့ပေမယ့် ဘယ်သူမှ ဘာမှ မလုပ်ပေးခဲ့ကြပါဘူး။ ဒီလောက်ပဲ လူသားချင်းစာနာမှု ကင်းနေကြပြီလား။ ယခုထက်တိုင် မြန်မာ့ယာဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ကျွန်မတို့ တိုင်းပြည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အညစ်အပေ စရုက်တွေ တိုးမ၀င်လာနုင်အောင် ဟန့်ထားတန့်ထား လုပ်ဖို့ရာက မဏ္ဍိုင် ၃ တိုင် စလုံးနဲ့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ ဒီအဆိပ် အညွန့်ကလေးတွေကို အဆောတလျင် ပယ်သတ်ပစ်ရမှာပါ။ ဒါဟာ အောက်မှာ ပြောမယ့် ဘ၀သာယာမှု (well-being) ညွှန်းကိန်းနဲ့ သက်ဆိုင် နေပါတယ်။ တင်စားပြလို့ရတဲ့ ဥပမာတစ်ခုကတော့ သြစတေးလျတိုက်ရဲ့ဖြစ်အင်ပါ။  ဒီပထ၀ီဝင် တိုက်ငယ်ဟာ ကမ္ဘာဂြိုလ်ရဲ့ ဖြစ်စဉ် သမိုင်း (evolution) မှာ ခပ်စောစောပိုင်းထဲက ကမ္ဘာဖြစ်မယ့် မြေအစိုင်အခဲထဲ ကနေ ကျွတ်လွတ် ကြွေထွက်သွားတာကြောင့် သြစတြေးလျမှာရှိတဲ့ တိရစ္ဆာန်သတ္တ၀ါနဲ့ သစ်ပင် ပန်းမန်တွေဟာ တစ်မူထူးခြား ဖြစ်နေတယ်။ ပြင်ပက ရေားနှောလာမှုကို အထူး ဂရုဝီရီယ စိုက်ပြီး ကြပ်မတ် ထိန်းသိမ်းရတယ်။ အနှစ် ၅၀လောက် ပိတ်ထားခြင်း ခံရတဲ့ ကျွန်မတို့ တိုင်းပြည်မှာလည်း ပုံစံတူ ကူးမယူသော်လည်း စံနမူနာအဖြစ် အသိအမှတ်ပြုဖို့တော့ ကောင်းတယ်။ မကောင်းတဲ့အမူအကျင့် အရောအနှောတွေကို မျက်ခြည်မပြတ်စေဘဲ တားဆီး ပိတ်ပင်ရလိမ့်မယ်။ ဒါဟာ ထိပ်တန်းဦးစား စားရင်းဝင် ပြဿနာ ဖြစ်ရမယ်။

  ဒါ့ကြောင့် တိုင်းပြည်တစ်ပြည်ရဲ့ ချမ်းသာ သာယာမှုကို ညွှန်းပြနေတဲ့ သင်္ကေတတွေမှာ ငွေကြေးအပြင် လူ့ဘ၀ကို သာယာမှု ပေးတာတွေနဲ့ ဘ၀ကိုပျက်ဆီး ဒုက္ခရောက်စေတဲ့ အကြောင်းအခြင်းရာ အားလုံးကိုလည်း ထည့်စဉ်းစားရလိမ့်မယ် ။အ နှုတ်လက္ခဏာ ဥပမာတွေကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ မြေနေရာ သုံးစွဲပုံနဲ့ ထိန်းသိမ်းမှု စတာတွေ ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်ရှိ လူတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ဂျီအင်န်ပီနဲ့ တိုင်းတာဟာ သဘာဝမကျဘူး အခြေမှန်ကို မထင်ဟပ်နိုင်ဘူးဆိုတာ တင်ပြပြီးခဲ့ပါပြီ။ ဘ၀ သာယာမှုဆိုတဲ့ တကယ့် ချမ်းသာမှုကို တိုင်းတာချင်လျှင်တော့ ငွေကြေးကိုပဓာနထားတဲ့ ဂျီအင်န်ပီအပြင် ပိုမိုကျယ်ဝန်းပြီး ထိရောက်တဲ့ ပိုပြီး ဘ၀သာယာမှုကို ထင်ဟပ်စေတဲ့ အဓိပ္ပယ်ရှိတဲ့ အတိုင်းအတာကို ရှာဖွေတီထွင် လုပ်ရလိမ့်မယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့က ကျန်းမာရေးဆုတဲ့ ဝေါဟာရကို ရှင်းလင်းဖွင့်ဆိုပြရာမှာ ဆိုထားတာက ကျန်းမာတယ်ဆိုတာ ရောဂါမရှိဘူးဆိုတဲ့ အခြေတစ်မျိုးတည်းကို ရည်ညွှန်းတာမဟုတ်ဘူး။ လူမှုဘ၀အဆင်ပြေရေး ၊ သာယာရေးနဲ့ စိတ်ရွှင်လန်းသာယာရေး ၊ စိတ်ကျန်းမာရေးတို့လည်း ပါပါတယ်လို့ အတိအလင်း ဖော်ဆိုထားပါတယ်။

  လက်ရှိ အခြေအနေကို ယေဘုယျ အားဖြင့် သိလိုက်ရော့ ခေတ်သစ် မြန်မာမှာ လုပ်စရာတွေ သောင်းပြောင်းထွေလာ မရေမတွက်နိုင်လောက်အောင် ရှိနေမှာပဲ ဆိုတာ ပိုပြီး ထင်ရှားပီပြင် ဖြစ်လောက်ပါပြီ ။ အစိုးရအပါအ၀င် သိလည်းသိပြီး ဖြစ်နေမှာပါ။ အပြောသာမဟုတ် တကယ့်အလုပ်နဲ့ လုပ်ပြရမယ့် အခါသမယမို့ ဘာတွေကစပြီး ဘယ်လို လုပ်ကြပါ့မလဲဆိုတာ သေချာပြတ်သားတဲ့ အစီအစဉ်တွေ နေရာတကျ ရှိနေသင့်ပါပြီ။ တကယ်တော့ လုပ်စရာတွေက သောင်းခြောက်ထောင် ၊ အထက်ပိုင်းက လုပ်ရမှာတွေ- ပေါ်လစီချပေးတဲ့အပိုင်း ၊ ဒီမိုကရေစီ ခံယူချက်စစ်နဲ့ ဒီမိုကရေစီရဲ့ လုပ်နည်းလုပ်ဟန် (Democratic practices) ကို ပတ်သတ်ရာပတ်သတ်ကြောင်းရှိတဲ့ အင်အားစုတွေ သိအောင် ပညာပေးရတဲ့ အပိုင်းနဲ့ အခြားအရေးကြီးတဲ့ မဟုတ်လျှင်လည်း အရေးပေါ် ကိစ္စတွေရဲ့ လုပ်ဆောင်စရာ ၀န်ထုပ်ဝန်ထည်ကိုကပဲ နည်းမှာ မဟုတ်ဘူး။

  ဒါတွေကို လက်တွေ့ အကောင်အထည်ဖော်ပေးရမယ့် ၀န်ထမ်းတွေရဲ့ အပိုင်း အလုပ်ပမာဏက ၄-၅ဆ ပိုနေမှာ သေချာတယ် ။ ဒီလောက် လုပ်စရာတွေ များနေမှတော့ လူအမျိုးအစားပေါင်းစုံရဲ့ လုပ်အားအများကြီးလိုတော့မှာပဲ ။ ဒီတော့ ရှေးရှုရမယ့် တူကွဲပြား များပြားထွေလာရှိတဲ့ ပြဿနာပေါင်းကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ ခွန်အားရှိရဲ့လားလို့ တွေးပြီး စိတ်ပူမိပါတယ်။ (Management Science) စီမံခန့်ခွဲရေးပညာရဲ့ မူတွေကိုအားထား အသုံးပြုတော့မှာပဲ ဆိုတာကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါကတော့ နောက်ဆွေးနွေးရမယ့် အပိုင်းပါ။ ဒါပေမယ့် ခြုံငုံပြီး သုံးသပ်လို့ရတဲ့ မြင်ကွင်းက ပုံဖော်ပေးလိုက်တဲ့ ပဓာနကျတဲ့ ပုံရိပ်တွေပေါ်လာပြီမို့ ဘာတွေက အရေးကြီးပြီး ဘယ်လို ဦးစားပေး အစီအစဉ် ရှိထိုက်တယ်ဆိုတာ ရုပ်လုံးဖော်နိုင်ပါပြီ။

  လုပ်ရမှာတွေကတော့ အချိန်အားဖြင့် ပြောရလျှင် ချက်ချင်း လက်ငင်း ၊ မဆိုင်းမတွ ၊ တာတိုတာရှည်၊ တစဉ်တစိုက် ၊ အဆက်မပြတ် ၊ အားလုံးကို အချိန်အားဖြင့် ကွဲကွဲပြားပြား သိထားပြီးမှ တကယ် လုပ်ရမှာပါ။ အပြောဆိုတာတော့ အလုပ်နဲ့ ယှဉ်လိုက်လျှင် မပင်ပန်းပါဘူး။ အလုပ်ကျတော့ မဟုတ်တော့ဘူး၊ လုပ်မယ်လို့ ဆုံးဖြတ် ၊လုပ်တော့မယ်၊ အလုပ်စနေပြီ၊ အလုပ်ဆက်လုပ်နေတယ်၊ အလုပ်ပြီးပြီဆိုတဲ့ အဆင့်တိုင်းမှာ တကယ်လက်တွေ့ အလုပ်ပါလာပါတယ်။ အတိုင်းအတာအားဖြင့်လည်း သိပ်များနိုင်တယ် ဆိုတဲ့အဖြစ် အရှိ လက်တွေ့ အချက်တွေကို စီမံကိန်းကို လုပ်ပါမယ်လို့ ကတိပြုသူတွေ ဘယ်တော့မှ မမေ့ထိုက်ဘူး။ အမြဲ ထည့်တွက်ရမှာ ၊ နားလည်မှုရှိရမှာ။

  ဒါ့အပြင်လည်း တကယ်လုပ်တော့ အခြား တံတိုင်း အကာ အဆီးအတားတွေ ရှိလာနိုင်သေးတယ်။ ဦးစီးလုပ်သူတွေက ခန့်မှန်းမထားတဲ့ မရေမရာ ဟာကွက်တွေ လုပ်ငန်းလုပ်ရာ လမ်းတစ်လျှောက်မှာ ပေါ်လာနိုင်သေးတယ်။ ဒီဖြစ်နိုင်ခြေတွေကို လည်း အမြဲသတိရှိပြီး အခြား လမ်းပြောင်း လမ်းလွှဲ အစီအစဉ်ကိုလည်း အသင့် စဉ်းစားထား ပြင်ား လုပ်ထားသင့်တယ်။ မျက်မှောက်ခေတ် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ရည်မှန်းချက်ကို ရည်သန်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်နဲ့ ဒါတွေမှတစ်ဆင့် ပေါက်ဖွားလာတဲ့ အခြားတွေ့ရှိရမယ့် ကြောင်းအင်များနဲ့ ပြဿနာများကို ဆွေးနွေးချင်ပါတယ်။

                         (ဆက်လက်ဖော်ပြပါမည်)
( ပြည်သူ့ခေတ်ဂျာနယ် ၁၀၊ မေ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၃ )

No comments: