Saturday, May 26, 2012

လူဖြစ်တည်ခွင့်နောက်ဆုံးအချိန် ( ၃ )

by Kyaw Gyi AB on Saturday, 26 May 2012 at 15:48 ·
ထိပ်တုံးထဲက လူတစ်ယောက်
အောက်ပိုင်းကပုဆိုး နဲ့ ၊ အထက်ပိုင်းက စစ်အင်္ကျီ(ဘက်တံဆိပ် မပါ) နဲ့
ဒါပေမဲ့ လူ ခန္ဓာကိုယ်လား၊ အဝတ်အစားလား ခွဲခြားမရတော့
သွေးတွေ၊ မြေမှုံ့  ဖုံမှုံ့တွေ အလိမ်းလိမ်း နဲ့ အရောင်တွေ အားလုံးဟာ ပေါင်းစပ်နေတယ်
လူရုပ် မပီ
အဝတ်အစားတွေ အပိုင်းပိုင်းပြတ် သူ့ခန္ဓာကိုယ် မှာလဲ အပိုင်းအပိုင်း ဒါဏ်ရာတွေ ထပ်လို့ 
သူ့ ကို ငါးကင်တကောင်လို ဒါးနဲ့ မွှန်းထားတယ်လေ
ပြီးတော့  ဒါဏ်ရာတွေကို ဆားပက်ထားလို့ ပေါ့

သူ -    ကိုတင့်လွင်  တဲ့
အသက်(၃၀)လောက်၊ စစ်ကိုင်းမြို့သား၊ မြစ်ကြီးနားကလို့ လူသိများပါတယ်
အရင်က တပ်ထွက် (တပ်ကြပ်)
ကိုတူးတူး(ခေါင်းဖြတ်ခံရ ၁၅ယောက်) ရဲ့ ယောက်ဖ
ကိုတူးတူးရဲ့အမ (မခင်အုန်းကြူ- မြစ်ကြီးနား) နဲ့ အိမ်ထောင်ကျတယ်လေ
ကလေးတစ်ယောက်(သို့) နှစ်ယောက် ရှိတယ်
တပ်ကထွက်ပြီး တီးဆရာလုပ်ခဲ့သေးသတဲ့၊ အမဖြစ်သူ( ကိုတင့်လွင်ဇနီး)က
မောင်အတွက် စိတ်မချလို့ တောထဲလွှတ်ပုံရပါတယ်
အပတ်စဉ်(၆)ဆင်းပါ

ဗန်းမော်ခရိုင် တည်ထောင်နေချိန်ပေါ့
ရက်တိုသင်တန်းတွေ ပေးဖို့ ဖြစ်လာတယ်
ဗန်းမော်မြို့က (၆)တန်းနဲ့ (၇)တန်းကျောင်းသားလေးတွေ တော်တော်မျာများရောက်လာလို့ ပါ
ဘာလုပ်ရမှန်းမသိ၊ ချော့မော့ ပြန်လွှတ်ပေမဲ့ ဒီအထဲကျန်တဲ့တချို့
မောင်ငယ်၊ သက်လင်း၊ ဖိုးနှောင်း၊ မောင်ထွေး၊ နိုင်စော
ငယ်လွန်းလို့ အန္တရာယ်ကင်းအောင် ဗဟိုကို ပို့ခဲ့တယ်၊ ဗဟိုရုံးအကူတွေအနေနဲ့ မွေးဖို့
ဒါပေမဲ့ အသုံးချသူတို့ မူမမှန်မှုအရ
သူတို့ဟာ ပုရွက်ဆိပ်တပ်ကြီးဆိုတဲ့နာမည်နဲ့ ကျောင်းသားချင်းသက်ဖြတ်မှုမှာ စစ်ကျောရေး အဖွဲ့တွေ ဖြစ်ခဲ့တယ်
ဟေ့ကောင် ထွန်းအောင်ကျော်၊ မင်းကို ငါတို့မမေးဘူး၊ ပုရွက်ဆိပ်တပ်ကြီးနဲ့ပဲလွှတ်ပေးမယ်၊
မင်းဥက္ကဌ ပြန်မဖြစ်နိုင်တော့ဘူးလို့ မျိုးဝင်း ရည်ညွှန်းပြောခဲ့တဲ့ ပုရွက်ဆိပ်တပ်ကြီးဆိုတဲ့ ကလေးတွေပေါ့
တောတွင်းကို ဖြူစင်တဲ့ ကလေးစိတ်နဲ့ လာပေမဲ့
လူသတ်ညှင်းပန်း တရားခံတွေ ဖြစ်ခဲ့ရတယ်၊ ရင်နာစရာပါ
သူတို့တတွေကို ရက်တိုသင်တန်းပေးပြီး ပြန်လွှတ်ဖို့ ကြိုးစားရာက သင်တန်းပြုလုပ်ဖို့ စိတ်ကူးရခဲ့တာပါ
ပုံမှန်ကတော့ ဗဟို (ပါဂျောင်) နဲ့  နောင်ရာပါ မှာပဲ သင်တန်းပေးလေ့ရှိပါတယ်

အဲဒီနောက်-
ဧရာဝတီမြစ်ရိုး ရှမ်းရွာတွေက လူငယ်တွေ အများကြီးရောက်လာတယ်
ဗဟိုခွင့်ပြုချက်နဲ့ သင်တန်းကွင်းလုပ်ဖို့ ဖြစ်လာတော့
ညီညီနိုင်(မန္တလေး)နဲ့ ယာယီ PT မောင်ထားရင်းက ဆရာထိန်လွန်၊ ကျော်စွာဝင်း(ဇီးကုန်း၊မိုင်းထိကျဆုံး)တို့နဲ့ အတူ
ကိုတင့်လွင်ကို သင်တန်းဆရာအဖြစ် ခေါ်ယူအားဖြည့်ခဲ့ရပါတယ်
အဲဒီမှာ ကိုတင့်လွင် ရောက်ခဲ့တာပေါ့
ကိုတင့်လွင်ကို သင်တန်းကွင်းလုပ်ဖို့ တာဝန်ပေးချိန်မှာ ခါးခါးသီးသီးငြင်းတယ်၊ စစ်ထွက်ဆိုတာကို လူသိပ်မသိစေချင်ဘူး၊
အများနည်းတူပဲ နေပါရစေ စစ်သားဆို သိပ်မုန်းကြတာလို့ ပြောပါတယ်
တာဝန်ဆိုတော့လဲ နောက်ဆုံးမငြင်းသာတော့ပါဘူး၊ လက်စွမ်းပြ သင်တန်းကွင်းကို လျှိုတွေကြားမှာ ကောင်းကင်ကြိုးတွေ၊
အခက်အခဲကျော်တွေနဲ့ ပြုလုပ်လို့ ကိုယ်တိုင်သင်တန်းဆရာအဖြစ်
သူ့ ကိုတက်တက်ကြွကြွ၊တာဝန်ကျေကျေ မြင်ခဲ့ကြရပါတယ်

သင်တန်းကာလ တစ်လခွဲအပြီးမှာ တော့
သင်တန်းပြီးသူ အများစုကို ရွာမှာပဲ ပြန်နေစေခဲ့ပါတယ်၊ အခြေခံပြည်သူ့စစ်အသွင်မျိုး နဲ့ ပါ
(ခင်ရွှေလှိုင် ရဲ့ ရဲဘော်သံချောင်း၊ ရဲဘော်အောင်နိုင် လုပ်ခဲ့တယ်ဆိုတာ အဲဒါကို ပြောတာပါ)
နောက် KIA စုဆောင်းရေးဆွဲလာတဲ့အထဲက တချို့ကို လွှဲယူပြီ ၂ပါတ်သင်တန်းပေး ပြန်လွှတ်ခဲ့ပြန်ပါတယ်၊
သူတို့ကျေးဇူးတင်ကြသလို၊ နယ်မြေရဲ့ ထောက်ခံမှုလဲ ရလာပါတယ်
သူတို့ကို အားပြုလို့ ဗန်းမော်အတွက် ခြုံခိုတိုက်ပွဲဖော်တော့ မလူလာတိုက်ပွဲ( ဗိုလ်စိုးလွင်နဲ့  (၅)ဦးခန့်ကျ၊ လက်နက်ရ တိုက်ပွဲပါ)
သံချောင်း လက်ဒဏ်ရာရတယ်၊ ဒါပေမဲ့ တိုက်ပွဲအတွက် (၃)ရက် စောင့်ဆိုင်းနေတဲ့ကာလအတွင်း
ရွာတွေကပို့ တဲ့မကုန်နိုင်မခန်းနိုင် ထမင်းထုပ်တွေကို မဖျောက်ဖျက်ပဲ ထားခဲ့ကြတော့ တိုက်ပွဲပြီးရှင်းလင်းစဉ်မှာ -
တချို့ အထုပ်ငါးခြောက်၊ တချို့ဘဲဥ၊ တချို့ဝက်သားဆိုတော့ ရွာတွေ ဒုက္ခရောက်ကြရတာပေါ့၊ ရွာတွေကို ပြောင်းပြစ်မယ်ထိ ဖြစ်ခဲ့ရတယ်
ဒါကို ပြန်ပြောရတာက ကိုတင့်လွင်လို ရဲဘော်တစ်ယောက်ရဲ့ စွမ်းဆောင်ချက်နဲ့ 
ကိုယ် နာမည်ကြီးဖို့ အလွဲသုံးစားလုပ်၊
ရွာကရဲဘော်တွေ ထောင်ကျ၊ ကိုစန်းအောင် (မိုးညှင်း) တိုက်ပွဲပြီးအဖမ်းခံ အသက်ခံရ၊ ရွာသားတွေစွမ်းဆောင်မှု ပျောက်ပြီး
ကိုကြီးသံချောင်း၊ ကိုကြီအောင်နိုင် တို့ကို သူရဲကောင်းလုပ်
ကိုတင့်လွင်က ထောက်လှမ်းရေး ဖြစ်ခဲ့ရတဲ့ အဖြစ်ကို နှိုင်းယှဉ်စေချင်လို့ ပါ
သူလိုပဲ ထောက်လှမ်းရေးဖြစ်ခဲ့ရတဲ့ စိုးကြိုင်(ကမ်းနီရွာ)သားနဲ့ ဥတည်ဘွားလို့ တွင်ခဲ့တဲ့ -ကျော်သိန်း( ကျွန်းကြီးရွာ)သားတို့ဟာ
ဧရာဝတီမြစ်ရိုးက ဒေသခံရှမ်းရွာသားတွေပါ
ဆက်ပြောရရင် သင်တန်းအပါတ်စဉ်(၃)ခုအထိ ကြိုးစားလုပ်ဆောင်နေဆဲမှာ
ကိုတင့်လွင်အဖမ်းခံရပါတယ်၊

ကိုတူးတူးကို ဖမ်းပြီးမကြာခင်ပေါ့
အစကတော့ သူကိုဘာမှမမေးပဲ အကြောင်းပြချက်မဲ့ ဖမ်းထားခဲ့ပါတယ်
၂၀-၈-၁၉၉၁ ခန့်မှာ စစ်ကြောရေး နာရီပိုင်းနဲ့ ကိုအေးကျော် ကျဆုံးပြီးချိန်မှာတော့
ကိုတင့်လွင် အလှည့်ကျပါတယ်
ကိုအေးကျော် နောက် (၃)ရက်လောက်ခြားပြီး ရက်စက်မှုဒါဏ် ခံလိုက်ရပြန်ပါတယ်
သူဟာ ကျောင်းသားချင်းသတ်ဖြတ်မှုမှာ  ဒုတိယမြောက် ကျဆုံးသူပါ
သူ့နောက်မှ ရက်စက်မှုအပေါင်းရဲ့ဒါဏ်နဲ့ ပထမဆုံးအဖမ်းခံရတဲ့ စိုးမင်းအောင် က တတိယမြောက်ကျဆုံးခဲ့ရတာပါ

ကိုတင့်လွင်ရဲ့ နောက်ဆုံးအချိန်လေးကတော့ ...

ကျွန်တော်ကို ရေလေးတော့တိုက်ပါဗျာ
ကျွန်တော်ရေနဲနဲလောက်သောက်ပါရစေ
ရေလေးနဲနဲတော့ပေးပါ
ရေသောက်ချင်ပါတယ်
ရေ  .  .  . ရေ .  .  . ရေ

ဒီလိုနဲ့ 
နေ့ဝက်တိတိ တစာစာရေ တောင်းခံရင်း
ရေတစ်ခွက်ကို တမ်းတရင်းနဲ့ပဲ .  .  .  .  .

                                  ကိုတင့်လွင် ကောင်းရာသုဂတိလားပါစေ . . .


1 comment:

ICT said...

Thank you for nice information
https://uhamka.ac.id