Tuesday, May 1, 2012

အကြပ်အတည်းတွေ ဆီက သင်ခန်းစာများ

by Aung Moe Win on Monday, 30 April 2012 at 23:39 ·
ဒီဆောင်းပါးဟာ လွှတ်တော်ဝင်ခြင်း မဝင်ခြင်း ဆိုတဲ့ အယူအဆကိုငြင်းခုန်နေတာမဟုတ်ပါ။   နိုင်ငံရေးသမားတွေ ဟာ စကားတွေကို ထင်သလို လွှတ်ပြော၊ ပြီးရင်ထင်သလို လုပ်လေ့လုပ်ထရှိတတ်တော့ တခါတလေ မမျှော်လင့်တာတွေ ဖြစ်တတ်တယ် ဆိုတဲ့အချက်ကို သတိရှိစေချင်လို့ပါ။ ကျနော်ချင်ခင်လေးစားသော နိုင်ငံရေးသမားများကို အဲ့သလို အဖြစ်မျိုးတွေနဲ့ မကြုံစေချင်လို့ တင်ပြဆွေးနွေးကြည့်တာပါ။


(၁)

မလုပ်နိုင်တာကို ဂတိမပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးကို  ငြိမ်ငြိမ်းလေးထိုင်ပြီး နားထောင်ခဲ့ပါတယ်။
“မပျော့တာဆိုလို့ ဒူးပဲရှိတယ်။ ဒူးတော့မထောက်နိုင်ဘူး” ဆိုတဲ့ အင်တာဗျူးအပြီးမှာ မိတ်ဆွေ (၆) ယောက်လောက်က ကျနော့ကို လွှတ်တော်တက်မတက် ဘယ်လိုမြင်လဲလို့ မေးပါတယ်။ ကျနော်က “ မပူပါနဲ့ အန်အယ်ဒီက လွှတ်တော်ထဲသွားကို သွားမှာပါ” လို့ ဖြေလိုက်တယ်။
ဒါကလည်း ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး တွက်ချက်ကြည့်တာပါ။
နောက်တရက်မှာပဲ ဥရောပ သမဂ္ဂ နဲ့ အိမ်ဖြူတော် ကိုယ်စားလှယ်တွေက အန်အယ်ဒီ ကို တရားခံစစ်သလို စစ်နေတဲ့ အမေးအဖြေတွေကို ဖတ်လိုက်ရတယ်။ ဒီကနေ့မှာပဲ “ ပြည်သူတွေက ကျမကို လွှတ်တော်ထဲ သွားစေချင်တယ်” ဆိုတဲ့ အရာတွေကို ဆက်နားထောင်နေခဲ့ရတယ်။ ကျနော့စိတ်ထဲမှာ ထူးထူးခြားခြား မဖြစ်မိပါ။ အဆင်ပြေကြတယ် ဆိုရင်လည်း ပြီးရောပေါ့ ။ ပျော်ရွှင်ဘွယ်ဇာတ်သိမ်းမှုတွေက အကောင်း ဆုံးမို့လား။  ဒါပေမဲ့ တချို့စာရေးဆရာတွေရဲ့ ကောက်ချက်တွေ၊ ခံစားမှုတွေကိုတော့ အံ့သြသင့်ခဲ့ရတယ်။
 ဆရာမောင်ဝံသ က
“၁၉၆၂ခုနှစ်က ကျူးဘားဒုံးပျံအရေးအခင်းဖြစ်တုန်းက ကျွန်တော် ကျောင်းသားဘ၀မှာပဲ ဖြစ်ပေမယ့် အဏုမြူစစ်ပွဲကြီး ဖြစ်သွားနိုင်တဲ့ အရေးအခင်းကြီး ဖြစ်လို့ ရင်တထိတ်ထိတ်နဲ့ သတင်းစောင့်နားထောင် ခဲ့ရပါတယ်။ နောက်ဆုံး ကနေဒီတင်းတာကို ခရူးရှက်က လျှော့ပေးပြီး ဒုံးပျံတင် သင်္ဘောတွေ ပြန်ဆုတ် သွားပြီဆိုတဲ့ သတင်း အခိုင်အမာ ထွက်လာတော့ တစ်ကမ္ဘာလုံး ပျော်လိုက်ကြတာ။ ကျွန်တော် အခု ဖြစ်နေတာ အဲဒီ ဖီလင်မျိုးပဲဗျ။” တဲ့
ဆရာမောင်ဝံသ တိုင်းပြည်အပေါ်စေတနာထားရေးနေသူတဦးမို့ သူရဲ့စာတွေကို ကျနော်က တလေးတစား ဖတ်ဖြစ်ပါတယ်။  သူ့အပျော်တွေကိုလည်း မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ မေးခွန်းတခုတော့ ဝင်လာတယ်။
အဲ့သလို ကျူးဘားဒုံးပျံအရေးအခင်းကြီးလို စစ်ပွဲကြီးဆီ ဦးတည်သွားရလောက်အောင် အန်အယ်ဒီက ဘယ်တုံးကများ စစ်ပွဲကို ဦးတည်မဲ့ တိုက်ပွဲမျိုး လုပ်ခဲ့ဘူးလို့လဲ။  ကြိုးစားမှာလည်း မဟုတ်ပါ။ တောင်း လို့မရရင် စစ်အစိုးရခင်းထားတဲ့လမ်းအတိုင်းလိုက်သွားလိမ့်မယ် ဆိုတာကိုလည်း လူတွေတော်တော် များများသဘောပေါက်နေတော့ ဒီကိစ္စကြီးကို ရင်ခုန်စရာကြီးတခုလို မျှော်လင့်မနေကြပါ။
တပြိုင်နက်တည်းမှာပဲ  ပြည်ပနိုင်ငံကြီးတွေကလည်း ဗမာပြည်နိုင်ငံရေးဘယ်လိုသွားရမယ် ဆိုတာကို ကြိုတင် ဘောင်ခပ်ထားပြီးသားပါ။ ဦးသိန်းစိန်တို့ရဲ့ စစ်အုပ်စုက  အန်အယ်ဒီ ရဲ့ သဘောသဘာဝ နဲ့ နိုင်ငံ တကာအခင်းအကျင်း ကို တိတိကျကျနားလည်ထားပြီးသားပါ။
(၂)
ကျူးဘားဒုံးပျံအရေးအခင်းဆိုတာ တတိယကမ္ဘာက နိုင်ငံငယ်တွေအတွက် သင်ခန်းစာယူ သင့်တဲ့ အဖြစ်အပျက်ပါ။ အမေရိကန်သမ္မတ ကနေဒီ ရဲ့ စစ်ဗိုလ်ချုပ်တွေက အင်မတန် စစ်သွေးကြွသလို၊ ဆိုဗီယက်ယူနီယံမှာလည်း စစ်ချီတေးသံတွေက တဂျိန်းဂျိန်းချနေပါပြီ။ ဂျွန်အက် ကနေဒီက အမေရိကန် စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ပွဲကို ဦးတည်ရေးအကြံပြုချက်တွေကို လက်မခံပါ။ ကနေဒီဟာ အကြပ်အတည်း ဆိုက်ရောက်တိုင်း သူ့ရဲ့ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့ တိုင်ပင်လေ့ရှိပါတယ်။
ချုပ်ပြီး ပြောရရင် ကျူးဘားဒုံးပျံအကြပ်အတည်းဟာ အပေးအယူ (၃) ခုနဲ့ အဆုံးသတ်ခဲ့တယ်။
အမေရိကန်သမ္မတဘက်ကနေ
(က) တူရကီ၊ ဂရိစ်၊ အီတလီနိုင်ငံတွေမှာ လျှို့ဝှက်ဖြန့်ကျက်ထားပြီး ဆိုဗီယက်ပြည်ထောင်စုကို ချိန်ရွယ်ထားတဲ့သူ့ရဲ့ နျူကလီးယားလက်နက်တွေကို ဖြုတ်သိမ်းခဲ့ရတယ်။ သူတို့ကိုလေးစားအားကိုးနေတဲ့ NATO မသိစေချင်တဲ့အချက်ဖြစ်တယ်။
(ခ) ကျူးဘားနိုင်ငံကို ကျူးကျော်ခြင်း မပြုပါဘူး
(ဂ) စီအိုင်အေအနေနဲ့ ကျူးဘားကွန်မြူနစ်ခေါင်းဆောင် ကပ်စထရို ကို ဆက်လက်လုပ်ကြံခြင်းမပြုတော့ပါဘူး ဆိုတဲ့ ဂတိတွေပဲဖြစ်တယ်။
ဆိုဗီယက်ပြည်ထောင်စု ကတော့ အားလုံးသိကြတဲ့အတိုင်း ကျူးဘားနိုင်ငံဆီ တင်ပို့မဲ့ သူတို့ရဲ့ စစ်ရေ ယာဉ် ကြီး ကို လာလမ်းအတိုင်းပြန်လှည့်သွားခဲ့တယ်။ဒစ်ပလိုမေစီ ဆန်တဲ့ အပေးအယူ လုပ်မှုတွေကို ရုပ်ရှင်လို ကြည့်ချင်တယ် ဆိုရင်တော့ ကယ်ဗင်ကော်စနာ ပါဝင်တဲ့             13 Days  ရုပ်ရှင်ကို ကြည့်ကြည့် ပါ။ ကျူးဘားဒုံးပျံ အကြပ်အတည်းအကြောင်း ရိုက်ကူးထားတဲ့ကားပါ။
(၃)
အမေရိကန်နိုင်ငံခြားရေးမူ နဲ့ အမျိုးသားလုံခြုံရေး ဘာသာရပ်ကို သင်ကြားတဲ့အခါ ဒီ အဖြစ်အပျက်ကို ဘက်ပေါင်းစုံကနေ သုံးသပ်ကြတယ်။ ဆိုဗီယက်၊ အမေရိကန် အင်အားကြီး နိုင်ငံနှစ်ခုရဲ့ တုန့်ပြန်ပုံတွေသာ မကဘူး။ ကပ်စရို ရဲ့ အင်တာဗျူးတွေ၊ ကနေဒီ ကို ဆန့်ကျင်ရှုတ်ချတဲ့ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ အသံတွေ၊ ကပ်စထရိုကို ပုန်ကန်ဖို့ကြိုးစားနေတဲ့ ပြည်ပြေးတွေရဲ့ နာကျင်မှုတွေ အားလုံးကို လေ့ လာသုံးသပ်ကြရတယ်။ အချက်တချက်ကို သွားတွေ့တယ်။ အဲ့ဒါကတော့ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်ပေးထားတဲ့ ဂတိတွေကို ကပျက်ကချော်လုပ်မိရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ကို အားကိုးမျှော်လင့်ထားတဲ့ မိတ်ဆွေတွေကို သစ္စာဖောက်မိ၊ မလေးမစားလုပ်မိရင်ပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြရတော့တယ်။
ကျူးဘားခေါင်းဆောင် ကပ်စထရိုအတွက်တော့ ဆိုဗီယက်ယူနီယံရဲ့ နိုင်ငံရေးပါဝါကစားမှုကို မျက်ဝါးထင် ထင်တွေ့မြင်လိုက်ရတယ်။ အင်တာဗျူးမှာ နာနာကျင်ကျင်ရင်ဖွင့်ခဲ့တယ်။ ခရူးရှက် တယောက်လည်း ကွန်မြူနစ်ကမ္ဘာမှာ နာမည်ပျက်မှု့များစွာ နဲ့ ကျဆုံးခဲ့ရတယ်။
ကနေဒီ ကိုလည်း ကျူးဘားပြည်ပြေးတွေက မကျေလည်ဘူး။ ကျူးဘားခေါင်းဆောင် ကပ်စထရို ကို ဖြုတ်ချဖို့ကြိုးစားတဲ့ Bay of Pigs စစ်ဆင်ရေးမှာ၊ အမေရိကန်ပြည်ထောင်စုက ပေးခဲ့တဲ့ ဂတိအ တိုင်း လေကြောင်း မှ ဗုံးမကြဲခဲ့တာတွေ၊ ဆိုဗီယက်နဲ့အပေးအယူလုပ်တဲ့ကိစ္စတွေကို တေးထားတယ်။ ကျူးဘားပြည်ပြေးတွေဟာ အယ်ဖာ (၆၆) လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး ဂိုဏ်းတွေဖွဲ့ကြတယ်။ ဂျွန်အက်ကနေဒီ လည်း လုပ်ကြံခံလိုက်ရတယ်။ ကနေဒီ လုပ်ကြံခံရမှုမှာ ကျူးဘားပြည်ပြေးတွေ ရဲ့နောက်ကွယ်က အကြံအ စည်တွေ၊ ကြိုးစားမှုတွေ အများကြီးပါတယ် လို့ ထောက်လှမ်းရေးသတင်းရပ်ကွက်တွေက ခိုင်ခိုင်မာမာ ဆို တယ်။
(၄)
တကယ်တော့ စစ်အေးတိုက်ပွဲကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရဲ့ အရှည်လျားဆုံး ငြိမ်းချမ်းရေးကာလ လို့ နိုင်ငံရေး ပါမောက္ခတွေက ညွှန်းဆိုလေ့ရှိတယ်။ အင်အားကြီး နိုင်ငံနှစ်ခုလုံးက စစ်မဖြစ်ကြပါဘူး။ သူတို့ သုံးလို့ရ မဲ့ နိုင်ငံတွေကို Proxy Wars တွေ လုပ်ခိုင်းတယ်။ လူတွေသေကြတယ်။ အင်အားကြီး နိုင်ငံနှစ်ခုလုံးကတော့ ခေါင်းတလူလူနဲ့လေ။ အရာရာကို သူတို့ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိနေတယ်။  အင်အားကြီးတယ်။ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပြီး ကိုယ့်ရဲ့မဟာမိတ်တွေကို မလေးမစားလုပ်ခဲ့တဲ့ အပြုအ မူတွေကြောင့်ပဲ၊ နိုင်ငံ ခေါင်းဆောင်တွေဟာ မထင်မှတ်တဲ့ ကံကြမ္မာဆိုးတွေ တိုးခဲ့ရတယ်။ နောက်ထပ် ရန်သူအသစ်တွေကို ရင်ဆိုင်လိုက်ရတယ်။ စစ်ပွဲအသစ်တွေကို ပြင်ဆင်ရကြပြန်တယ်။
ကျူးဘားဒုံးပျံအရေးအခင်း ဆီကနေ သင်ခန်းစာယူနိုင်ကြပါစေ။
အောင်မိုးဝင်း

No comments: