by Zaw Win on Tuesday, 10 April 2012 at 21:46 ·
ဒီမိုကရေစီဆိုတာ အရင်းရှင်စနစ်ကို ပြောတာမဟုတ်
ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီ အစစ်အမှန်ကို လိုချင်တယ်ဆိုရင် ကိုယ့်ဖာသာ လုပ်ယူရ မှာပဲ။ ပြည်ပကို အားကိုးလို့ မရသလို NLD တခုတည်းကို ပုံအပ်ထားလို့လည်း မဖြစ်တော့ဘူး။ ဗမာပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် အလုပ်သမားလယ်သမားအရေးကို အကာအကွယ်ပေးဖို့ သိပ်အရေးကြီးတယ်။ အလုပ်သမား၊ လယ်သမားကို အကာအကွယ်မပေးဘဲနဲ့ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်မရပ်ဘဲ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ ဒါဟာ ဗမာပြည်ရဲ့ ဘဝပေးအခြေအနေပဲ။
ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ အားလုံးခံစားခွင့် ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အားလုံးခံစားခွင့်ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ မပါတဲ့ ခရိုနီ ဒီိမိုကရေစီဆိုတာဟာ ဒီမိုကရေစီ မမည်ဘူး။ ဒီမိုကရေစီဆိုတာဟာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ရလိမ့်မယ်။ အရင်းရှင်စနစ်ဟာ ဒီမိုကရေစီ မဟုတ်ဘူး။ အရင်းရှင် ဒီမိုကရေစီ ဆိုတာဟာ ဒီမိုကရေစီ မဟုတ်ဘူး။
ဒါပေမဲ့ စစ်အာဏာရှင်နဲ့ NLD တို့လက်တွဲပူးပေါင်းပြီး စစ်တပ်စိုးမိုးတဲ့ အရင်းရှင် အာဏာရှင်စနစ်သစ်ဆီ ဦးတည်သွားဖို့ လိုလားနေသူ မျှော်မှန်းနေသူတွေလည်း အများအပြားရှိကြတယ်။ အခုဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ထင်ပြီး ခရိုနီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်လာတာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကပ်ခံတာကို မြင်နေရတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် အလိုတော်ရိလုပ်သူတွေဟာ ဂျပန်ခေတ်ရောက်တော့ ဂျပန်ကို ပြေးကပ်ပြီး ဂျပန်စကားပြန်လုပ်တဲ့ အလုပ်မျိုးကို အခုလည်း ငို့ဘသမားတွေ လုပ်လာကြတာ မြင်လာရတယ်။ အရင်က အဘ၊ အဘ နဲ့ မရှက်မကြောက်ဖားခဲ့သူတွေဟာ အခုလည်း အမ၊ အမနဲ့ မရှက်မကြောက်ထဘီနားဆွဲရမှာကို ဝန်မလေးကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံစည်းရိုးကို ဘယ် ခရိုနီက ကာပေးလိုက်တယ်ဆို တာ မျိုး၊ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ဆင်းဖို့ လေယာဉ်စင်းလုံးငှားပေးတယ်ဆိုတာ မျိုး၊ ဒေါ်အောင် ဆန်းစုကြည်ကို သိန်းဘယ်နှဆယ်တန် ထဘီလက်ဆောင်ပေးတယ် ဆိုတာမျိုးတွေကို ကြားလာရတယ်။
ကျွန်တော် သူဌေးမောင်ဘယ်သူဟာ အခုမှ မဟုတ်၊ ဘယ်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည် ကို ထောက် ပံ့ ခဲ့ဖူးပါတယ်ဆိုတဲ့ အပြောမျိုးတွေ ပြောလာကြသူတွေကိုလည်း ကြားရရဲ့။ ဒါမျိုးတွေဟာ ဒေါ်စုနောက်အစိုးရဖြစ်လာရင် ခရိုနီလုပ်ချင်သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ စီးပွားရေးပညာ တတ်ဖို့တောင်မလိုပါဘူး၊ ရန်ကုန်မှာ အိမ်ပွဲစား၊ ကားပွဲစားလောက်လုပ်ဖူးသူတွေတောင် နောကြေနေအောင် နားလည်ပါတယ်။
စစ်အစိုးရဘက်ကတော့ သူတို့ချည်း စားသောက်နေရာက၊ NLD ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ NLD ခရိုနီသစ်တွေ ကိုပါ နည်းနည်းပါးပါး ခွဲဝေမျှပြီး ကျွေးလိုက်ရင် သူတို့ရဲ့ အာဏာသစ်ဟာ နှစ်ပေါင်း ငါးဆယ် တရာ ဆက်လက်တည်မြဲနိုင်မယ်လို့ မျှော်လင့်ထားကြပုံရ ပါတယ်။ NLD ဟာ စစ်အစိုးရဘက်က လုပ်လာမယ့် အဲဒီ အပေးအယူမျိုးကို သဘောတူမတူ၊ လက်ခံမခံဆိုတာကိုတော့ အချိန်နည်း နည်းယူပြီး ဆက်ပြီးစောင့်ကြည့် ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲသလို အလားအလာမျိုးဆီ ဦးတည်နေတဲ့ ရှေ့ပြေးအရိပ်လက္ခ ဏာ တချို့ကိုတော့ ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ NLD ဟာ ဒီမိုကရေစီပါတီအဖြစ်ကနေ အခွင့်ထူးခံပါတီတခု ဖြစ် သွားမသွား ဆိုတာ ပြည်သူတွေရဲ့ ဖိအား၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှု အပေါ်မှာလည်း အများကြီးမူတည်သလို၊ NLD မှာ နောက်မျိုးဆက်ခေါင်းဆောင် ကောင်း ထွက်လာမလာဆိုတဲ့ အချက်ပေါ်လည်း မူတည်ပါတယ်။
ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ့လက်ထဲမှာ အာဏာရလာဖို့၊ လွတ်လပ်ခွင့်တွေ ရလာဖို့ ၊ ပြည်သူတွေ စားဝတ်နေရေး ချောင်လည်ဖို့ ဖြစ်တယ်။
ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဟာ နှောင်ကြိုးမဲ့ အရင်းရှင်စနစ် unfettered capitalism မဟုတ်ဘူး။ အများပြည်သူကို လွတ်လွတ်လပ်လပ်ကြီး မတရား သွေးစုပ်ခိုင်းစေနိုင်တဲ့စနစ်ကို ကျွန်တော်တို့ လိုလား တာ မဟုတ်ဘူး။ အဲသလို ဒီမိုကရေစီမျိုး ထွန်းကားလာရင် စစ်အစိုးရနဲ့ ပေါင်းတဲ့ ခရိုနီကြီးတွေ၊အတိုက်အခံ NLD ကို ကပ်ဖားရပ်ဖားလုပ်နေတဲ့ ခရိုနီဟောင်း၊ ခရိုနီသစ်တွေလောက်ပဲ အကျိုးရှိပြီး အများစု ပြည် သူကြီးက လည်စင်းပေးရလိမ့်မယ်။
စစ်ကျွန်ဘဝမှ နင်းပြားဘဝသို့ သွားမည်လော
ကမ္ဘာမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ ဆောင်ရွက်ချက်တွေကို လူထုကိုယ်စားပြုတဲ့ သူတွေက ဆန့်ကျင် ဝေဖန်နေကြတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှု အပါအဝင် Wold Bank, IMF, WTO တို့ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တွေ၊ G8၊ G20 ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ သိမ်းပိုက်ရေး (occupy) လှုပ်ရှားမှုတွေကို ကြည့်ပါ။ ကျွန်တော်တို့ဆီမှာတော့ အစိုးရကရော၊ အတိုက်အခံ ကပါ IMF နဲ့ World Bank တို့ဆီက အကူအညီရရေးကို အရူးအမူးတောင်းဆိုနေကြပါတယ်။ ဒီတော့ အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်ပါသလဲ။
တကယ်တော့ IMF ၊ World Bank ရဲ့အကူအညီကို မယူရမဟုတ်။ ယူနိုင်ပါတယ်။ ဒါပေမဲ့ မူရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနိုင်ဖို့ လိုတယ်။ ကိုယ့်နိုင်ငံက အလုပ်သမား၊ လယ်သမားတွေ ကို အကာ အကွယ်ပေးဖို့လိုတယ်။ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းထားဖို့ လိုပါတယ်။ ဘာ့ကြောင့် IMF ၊ World Bank ရောက်လာရင်၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေရောက်လာရင် အလုပ် သမား၊ လယ်သမားကို အကာ အကွယ်ပေးဖို့ လိုသလဲဆိုတော့ IMF ၊ World Bank ဟာ လယ်သမားနဲ့ အလုပ်သမားတွေ ဒုက္ခရောက် သွားစေနိုင်တဲ့ စီးပွားရေး မူဝါဒအပြောင်း အလဲတွေ လုပ်ဖို့ရာ အစိုးရကို အကြပ်ကိုင်တတ်လို့ပါ။ အဲသလို အကြပ်ကိုင်ခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့လို့ပါ။
IMF ၊ World Bank ဟာ သူတို့ ငွေကို ထုတ်ချေးတော့မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ စီးပွားရေးကို သူတို့ လိုသလို ပြောင်းခိုင်းတယ်။ သူတို့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ပစ္စည်းတွေကို အဟန့်အတား မရှိ ရောင်း ချနိုင်အောင် စာချုပ်ချုပ်တယ်။ သူတို့ ဝယ်ချင်တဲ့ ပစ္စည်းကို အကန့်အသတ်မရှိ ဝယ်လို့ရအောင် စာချုပ် ချုပ်တယ်။ အဲဒီတိုင်းပြည်မှာ လုပ်ခဈေးချိုအောင် ဖန်တီးတယ်။ အလုပ်သမားအင်အား တိုးပွား လာအောင် လုပ်တယ်။ လယ်သမားတွေ အလုပ်သမားဖြစ်ကုန်အောင်လုပ်တယ်။ လယ်မြေတွေ ကုမ္ပဏီတွေ လက် ထဲ ရောက်သွားအောင်လုပ်တယ်။ IMF ၊ World Bank ရောက်လာပြီးတဲ့ နောက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လယ်သမားတွေ၊ အလုပ်သမားတွေ အတိဒုက္ခရောက် သွားကြတဲ့ နမူနာတွေ ရှေ့မှာ အများကြီး။ ဘရာဇီး၊ အာဂျင်တီးနား၊ အီရတ်၊ ရဝမ်ဒါ၊ အင်ဒိုနီးရှားတို့မှာ Unholy Trinity လို့ ခေါ်တဲ့ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ တက်ညီလက်ညီ ပူးပေါင်းပြီး ဘယ်လို ဒုက္ခပေးခဲ့ကြတယ်ဆိုတာ ကို လေ့ လာ ကြဖို့ သင့်ပါတယ်။
IMF ၊ World Bank ဆိုတာဟာ ဒီမိုကရေစီ မကျတဲ့ အဖွဲ့အစည်းပါ။ ဥရောပနဲ့ အမေရိကန်က ဗိုလ်ကျစိုးမိုး ထားတဲ့ အဖွဲ့အစည်း၊ ဒီမိုကရေစီနည်းနဲ့ တနိုင်ငံတမဲ မဲခွဲခွင့် မရှိတဲ့ အဖွဲ့အစည်း၊ လက်တဆုပ် စာ နိုင်ငံ တကာ ကော်ပိုရေးရှင်းကြီး တွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများဟာ အလုပ်သမားအရေး၊ လယ်သမားအရေးကို ဘယ်လောက်များ အကာအကွယ်ပေးကြပါသလဲ။
အခု နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ မျှော်လင့်နေကြတဲ့ အချိန်မှာလည်း NLD လို ဒီမိုကရေစီ ရည်မှန်းချက်ထားရှိတဲ့ ပါတီမျိုးကတောင် ရင်းနှီးမြုပ်နှံမယ့်သူတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြုပ်နှံမှု ဥပဒေထားရှိပေးဖို့ကိုသာ တောင်းဆိုပြီး၊ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေမျိုး ထားရှိ ဖို့ တောင်းဆိုတာမျိုး မတွေ့ရဘူး။ တိုင်ယီ အလုပ်သမားအရေး လိုဟာမျိုးမှာလည်း ဘာတခုမှ ဝင်မပြော၊ ဝင်မပါဘဲ ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ်နေတာမျိုးကိုပဲ တွေ့ရတယ်။ တိုင်ယီအရေးဟာ အလုပ်သမား အရေးပါ။ ဗမာနိုင်ငံလို နိုင်ငံမျိုးမှာ အလုပ်သမား ပြဿနာ၊ လယ်သမားပြဿနာဆိုတာဟာ တနိုင်ငံ လုံး ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဆိုင်တဲ့ ရှေ့ပြေးပြဿနာဖြစ်တယ်။ ကြိုတင်ပြသတဲ့ နိုင်ငံရေး အတိတ် နိမိတ်ဖြစ်တယ်။ ဒါဟာ အသေးအဖွဲပြဿနာ မဟုတ်ဘူးဆိုတာကို ဗမာ့နိုင်ငံရေး မှာ ခြေမြှောက် လက်မြှောက်လောက် ပါဖူးသူတောင် သိကြပါတယ်။
မကြာခင်က လယ်ယာမြေဥပဒေ ပြဌာန်းသွားခဲ့တယ်။ တောင်သူလယ်သမားတွေက မကွေးစစ္စရံညီလာခံ၊ ဟင်္သာတ သပြုအိုင်ညီလာခံ တွေလုပ်ပြီး အကြိမ်ကြိမ်ကန့်ကွက်ခဲ့တဲ့ကြားက ပြဌာန်းသွားခဲ့တဲ့ ဥပဒေပါ။ ကျွန်တော်တို့ကို ပြည်သူကရွေးကောက်ထားတာပါလို့ မရှက် မကြောက် အကြိမ်ကြိမ်ပြောင်ညာရဲကြတဲ့ ၂၀၁၀ မဲခိုး ကြံ့ဖွတ်အမတ်တွေဟာ အဲဒီလယ်သမားတွေရဲ့ အသံကို တချက်မှ အရေးမလုပ်ခဲ့ ကြဘူး။ တတိယအကြိမ်ပြုလုပ်မယ့် ကြို့ပင်ကောက်ညီလာခံကိုတောင် အာဏာသုံးပြီး တားခဲ့တယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ နှာစေးခဲ့ပြန်တယ်။ သမ္မတကြီးစိတ်ဆိုးမှာ ကြောက်ကြပြန်သလား မပြောတတ်၊ လယ်သမားအရေးကို လျစ်လျူရှုခဲ့တယ်။
ဒီလိုနည်းနဲ့ ကိုယ့်လယ်မြေကိုယ်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ ကြိုက်တဲ့ သီးနှံစိုက်ပျိုးခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ စီမံကိန်းသီးနှံ စိုက်ရဦးမယ့် လယ်ယာမြေဥပဒေ၊ စစ်တပ်နဲ့ အစိုးရက လယ်သိမ်းပိုင် ခွင့်ရှိတဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေ ကန့်ကွက်တဲ့ ကြားထဲက အတည်ဖြစ်သွားခဲ့ပြန်တယ်။ လယ်သမားတွေကန့်ကွက်တဲ့ကြားက ပြည်သူ့လွှတ်တော်က အတည်ပြုသတဲ့။ ဒါလား.. ပြည်သူ့လွှတ်တော်။ ဒီလိုနာမည်မျိုးကို မရှက်မကြောက် မှည့်မှမှည့်ရဲကြပလေ။
စစ်အစိုးရကတော့ အလုပ်သမား၊ လယ်သမားတွေ ထိခိုက်မယ့် ကိစ္စမျိုးကို IMF ၊ World Bank ကပြင်ခိုင်း လုပ်ခိုင်းရင် လုပ်မှာပဲ။ တသက်လုံး အလုပ်သမားအကျိုး ၊ လယ်သမား အကျိုး မကြည့်ခဲ့တဲ့ စစ်အစိုးရဟာ အခုအချိန်ကျမှ ဘာမှ အကာအကွယ်ပေးနေမှာ မဟုတ်ဘူးဆိုတာ သိပ်သေချာတယ်။ သူတို့က IMF ၊ World Bank ကိုသိပ်လိုလားတာကိုး။ ဘာ့ကြောင့်သိပ်လိုလား သလဲဆိုတော့ အစိုးရနဲ့ သူတို့ရဲ့ ပုလင်းတူဗူးဆို့ ခရိုနီတွေ အတွက် သိပ်အကျိုးရှိမယ့် အချက်ဖြစ်လို့။ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးကို ကြည့်တဲ့ IMF ၊ World Bank ရဲ့ မူဟာ ဗမာခရိုနီတွေရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်နေလို့ပဲ။ IMF ၊ World Bank ရောက်လာပြီးနောက်မှာ ဒေသခံ ခရိုနီတွေ ကမ္ဘာကျော် ဘီလျံနာ၊ မီလျံနာကြီးတွေ ဖြစ်သွားကြတဲ့ အစဉ်အလာဟောင်းတွေကိုလည်း သူတို့ သိကြပြီးသား။ IMF ၊ World Bank တို့ရောက်လာပြီးနောက် မှာ ပြည်တွင်းကခရိုနီတွေနဲ့ ပြည်ပက နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတူတကွ ချမ်းသာသထက် ချမ်းသာ သွားကြတာကလည်း ထုံးစံပဲ။ ဒါတွေကို သူတို့ သိပြီးသား။ တကယ်တန်း ဒုက္ခရောက်ကြမယ့် သူတွေကတော့ အလုပ်သမား၊ လယ်သမားအပါအဝင်ဖြစ်တဲ့ လူများစုပြည်သူကြီးပါ။ ၉၉% ပါ။
လယ်သမားတွေ လယ်မြေတွေ ဆုံးရှုံးပြီး လက်ခစားအလုပ်သမားတွေ ဖြစ်ကုန်ကြတာကိုပဲ အလုပ်အကိုင် ရှာဖွေပေးနိုင်တယ်လို့ သူတို့ အမြဲ ကြွားဝါကြပါတယ်။ လုပ်ခဈေးချိုလို့ အလုပ်သမားတွေပေါပေါရှိတဲ့နေရာကို စက်ရုံတွေရောက်လာပြီး ညှင်းပန်းခိုင်းစေကြတာကိုပဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင် လုပ် ပေးနိုင်ခဲ့တယ်လို့ အမြဲ ကြွေးကြော်ပါတယ်။ တကယ်တန်းမှာ အလုပ်သမားတွေဟာ အလုပ်ပိုလုပ် လာရတာပဲ ရှိတယ်။ ဘဝက ဘာမှ တိုးတက်မလာကြဘူး။ အလုပ်ပဲ ပိုရလာတယ်၊ ဝင်ငွေ ပိုရမလာဘူး။ သက်ဆိုင်ရာ နိုင်ငံတွေမှာ အလုပ်သမားတွေကို ခုခံကာကွယ်ပေးထားတဲ့ ဥပဒေတွေ အလုံ အလောက် မရှိ ရင် အလုပ်သမားတွေဟာ စက်ရုံ အလုပ်ရုံတွေထဲမှာ ကျွန်စုပ်တဲ့သရက်စေ့ ဘဝ ရောက်သွားကြ တာချည့် ပဲ။ နီးနီးနားနား အင်ဒိုနီးရှားကိုပဲ ကြည့်ပါ။
အခုကျွန်တော်တို့ကို စစ်အစိုးရက တွန်းပို့နေတဲ့ လမ်းကြောင်းက စစ်ကျွန်ဘဝကနေ နင်းပြားဘဝ တွန်းပို့နေ တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်တစုတည်းက ဗိုလ်ကျ ကျွန်ပြုနေရာက စစ်အာဏာရှင် အပါအဝင်၊ ပြည်တွင်းပြည်ပ ဧရာမ အရင်းရှင်ကြီး တွေက ဝိုင်းဝန်း ကျွန်ပြုနိုင်မယ့် စနစ်ဆီ ဦးတည်နေတာပါ။ အဲဒီလမ်းကြောင်းပေါ်ကို သူတို့ ချောချောမောမောရောက်ဖို့ အတွက် အမေရိကန်ရဲ့ အကူအညီနဲ့ NLD ရဲ့ အကူအညီကို ရယူဖို့ သူတို့ ကြိုးစားနေကြတာပါ။ အမေရိကန်နဲ့ NLD ပါမှသာ ပြည်သူကို လှည့်စားလို့ ရနိုင်မှာမို့ သူတို့ အကူအညီကို လိုလားနေတာဖြစ်ပါတယ်။ သူတို့ဖာသာ သူတို့ ပြောင်းနေပါတယ် ပြောတာ ကို ပြည်သူက ဘယ်တော့မှ မယုံ၊ ဘယ်တော့မှ လက်မခံဘူး။ အခု NLD က အစိုးရပြောင်း ပါပြီပြောတော့ တော်တော်များများ လက်ခံလာတယ်။ တော်တော်များများ ဇဝေဇဝါဖြစ်လာတယ်။ အချင်းချင်း အငြင်းအ ခုန်တွေ ဖြစ်ကုန်တယ်။ ဒါ့ကြောင့် အစိုးရဟာ NLD ရဲ့ အကူအညီ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကူအညီကိုလည်း သူတို့လိုအပ်တယ်။ အမေရိကန်ရဲ့ အကူအညီမပါဘဲ သူတို့ ဒီ့ထက် ချမ်းသာဖို့ မဖြစ်နိုင် ဘူး။ အမေရိကန်ရဲ့ အကူအညီမပါဘဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလာနိုင်ဘူး။ ဒါ့ကြောင့် အမေရိကန်ရဲ့ အကူအညီကို သူတို့ လိုအပ်တာဖြစ်ပါတယ်။
အခု အမေရိကန်က စိတ်ပါလက်ပါနဲ့ ကူညီနေတာ တွေ့ရတယ်။ သူ့ရည်ရွယ်ချက်နဲ့ သူပါ။ NLD ကတော့ စိတ်မပါ့တပါနဲ့ ကူညီ နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ သူ့အခက်အခဲနဲ့ သူပါ။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အမေရိကန်နဲ့ NLD ဟာ စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက်တွေ ဖြစ်လာပါတယ်။
အခုချိန်မှာ အမေရိကန်ဟာ NLD နဲ့ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရေးထက် သူတို့ ရင်းနှီးမြုပ်နှံဖို့ သူတို့ နောက်ကျမကျန်ဖို့ကိုသာ စိတ်စော နေပုံရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ မှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကြိုလုပ်ခဲ့ တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဟာ မတရားဘူး လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို မလျော့ပါနဲ့ဦးလို့ သတင်းစကားပေးပို့တာပါ။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့တဲ့သူတွေအနေနဲ့ သူတို့ ပိတ်ဆို့တဲ့ ရည်ရွယ်ချက်ကို ရပြီလားဆိုတာ စဉ်းစားပြီးမှ ပိတ်ဆို့တာကို ဖွင့်ပါလို့လည်း ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတန်တန် သတိပေးပါတယ်။ ဒါပေမဲ့ အမေရိကန် ဘာလုပ်ခဲ့သလဲ။ စစ်အစိုးရ အငမ်းမရ လိုချင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖွင့်ပေးပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်လို့ရအောင် တံခါးဖွင့်ပေးလိုက်တာပဲ မဟုတ်လား။ စစ်အစိုးရဘက်က သိပ်အူမြူးသွားသလောက်၊ ဒေါ်အောင်ဆန်း စုကြည် ဘက် ကတော့ အောင့်သက်သက်နဲ့ အခံရခက်မဲ့ပုံပါပဲ။
စစ်အစိုးရ အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာလေးဆယ်ကျော်ပေးရကျိုး နပ်လှပါပေရဲ့။ ပေးရ တာ သိပ်ကို တန်လှပါပေရဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီး အသုံးချရတာဟာ ဒေါ်အောင် ဆန်းစုကြည် ကို အိမ်ထဲမှာ ချုပ်ထားရတာထက် အများကြီး ပိုအကျိုး ရှိတယ်ဆိုတာကို အသိနောက်ကျလေခြင်းလို့ စစ် အစိုးရမှာ တက်တခေါက်ခေါက်ဖြစ်ကောင်းဖြစ်နေမှာပါ။ ကုန်ခဲ့တဲ့ နှစ်တွေကို နှမျောကောင်း နှမျောနေမှာပါ။
NLD ကို ဘယ်လို သဘောထားရမလဲ
ကျွန်တော်တို့ ပြည်သူတွေဟာ NLD ကို ထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြ တယ်။ မကြုံစဖူး ကြီးမားတဲ့ အင်အားနဲ့ ထောက်ခံကြပါတယ်။ အဲသလို ထောက်ခံကြတာ ဟာ စစ်အာဏာ ရှင်စနစ်ကို စက်ဆုပ်ရွံရှာလို့သာ ဖြစ်တယ်။ NLD ဟာ စစ်အာဏာရှင်စနစ်ကို ဖြိုချပေးနိုင်မယ် လို့ မျှော် လင့်နေကြသေးလို့သာဖြစ်တယ်။ ဒါပေမဲ့ NLD ကို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အသုံးချပြီး သူ့လိုဘ ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရင် ကျွန်တော်တို့ဟာ NLD ကို ထောက်ခံရင်းနဲ့ စစ်အစိုးရလို ဘ ဖြည့်ပေးတဲ့ အဖြည့်ခံဘဝ ရောက်သွားနိုင်တာကိုတော့ သတိထားကြရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် က စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက် ဆိုရင် ကျွန်တော်တို့လည်း ဘုမသိဘမသိ ကူညီပါရမီဖြည့်ရာရောက်တော့ မယ်။ ကျွန်ဝယ်ရာမှာ ကျွန်တော်တို့ အဆစ်ပါကြလိမ့်မယ်။
ကျွန်တော်တို့မှာ ရွေးစရာလမ်းနှစ်လမ်းရှိတယ်။ NLD ကို ဒီမိုကရေစီ အသွင်သဏ္ဍန် စစ်စစ်မှန်မှန် ပြန်ဖြစ် လာအောင် ကြိုးစားကြမလား။ ဒါမှမဟုတ် NLD ကို စွန့်ခွာကြမလားဆိုတဲ့ လမ်းနှစ်လမ်းဖြစ်ပါတယ်။ NLD အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်သေးသမျှ၊ NLD ကိုလူထု က ထောက်ခံနေသေးသမျှမှာ ကျွန်တော်တို့ဟာ သည်းခံပြီး လက်တွဲ ရဦးမယ် ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို မပြင်တော့ဘူးလို့ NLD ကပြောလာတဲ့ အခါ၊ ဒါမှ မဟုတ် မပြင်နိုင်တော့ဘူးလို့ လူထုက ယူဆလာတဲ့ အချိန်မှာတော့ NLD ကို ကျွန်တော်တို့ စွန့်ခွာကောင်း စွန့်ခွာရပါလိမ့်မယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနှစ်ခွန်းကို သတိထားသင့်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ် မိန့်ခွန်းမှာပြောတဲ့ စစ်သား တမတ်သား လွှတ်တော်ထဲမှာ ရှိနေတာဟာ ဒီမိုကရေစီ မကျဘူးဆိုတာနဲ့၊ စစ် တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ သူမပြောဘူးဆိုတဲ့ စကားဖြစ်ပါတယ်။
ဒီစကားနှစ်ခွန်းဟာ ရှေ့နောက်မညီပါဘူး။ မရှင်းလင်းပါဘူး။ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ တပ်မတော်သား ၂၅ % ကို လွှတ်တော်ထဲက ထွက်ခွာပေးဖို့ရာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား မပြောရဲတာထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားဝဲလာတယ်။ မပီကလာ ပီကလာ ဖြစ်လာပါ တယ်။ ရပ်တည်ချက် မပြတ်သားလို့ အပြောအဆို မပြတ်သားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ မကိုက် ညီသော်ငြားလည်း စစ်တပ်ကို မဖယ်ရှားပါဘူးလို့ သူ့အနေနဲ့ ဆိုလိုသလား ဆိုတာလည်း စဉ်းစား စရာဖြစ်ပါ တယ်။ စစ်တပ် ၂၅ % ကို ဖယ်ရှားဖို့တောင် မပြောရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လက်ညှိုးထောင် ခေါင်းငြိမ့် NLD ကို ကျွန်တော်တို့ ဘယ်လောက် ဆက်အားကိုးလို့ရမလဲဆိုတာလဲ စဉ်းစားစရာ….။
တကယ်လို့ တပ်မတော်သား ၂၅ % ကို ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင် အခြေခံဥပဒေပြင်မယ်ဆိုတာ ဘာပြင်မှာပါလဲ။ ဒါ့အပြင် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပြီး လွှတ်တော်ထဲမှာ အင်အားတိုးချဲ့သွားဦးမယ်လို့လည်း ဆိုပါတယ်။ တပ်မတော် ကြီးစိုးတဲ့ စစ်အာဏာရှင် အခြေခံဥပဒေကို ပြင်ဖို့ အတွက် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဘယ်လိုစည်းရုံးမှာပါလဲ။ ဘယ်နှယောက်စည်းရုံး လို့ ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်နေ ပါသလား။ ဒါမှမဟုတ် ပြည်သူတွေကို မျှော်လင့်ချက်မှားတွေ ပေးနေပါသလား။ ဒါမှ မဟုတ်တခြားလည်း ဘာမှ မလုပ်တတ်တော့လို့ အလုပ်မဖြစ်မှန်းသိပေမဲ့ သိသိနဲ့ ရှေ့ဆက်တိုးနေတာလား။ ဒီအဖြေကို သိဖို့ရာ ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ရပါလိမ့်မယ်။
ဗမာပြည်ကို သိမ်းပိုက်ကြ
ကျွန်တော်တို့ နိုင်ငံဟာ အစွန်းရောက် အရင်းရှင်စနစ်ဆီ ဦးတည်မယ့် အရိပ်အယောင်တွေ မြင်နေရချိန် မှာ နိုင်ငံတကာမှာတော့ အရင်းရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကျယ်ပြန့်လာတယ်။
IMF ၊ World Bank၊ WTO ( World Trade Organization ) တို့နဲ့ ကမ္ဘာမှာ ၁ ရာနှုန်းတောင်မရှိ တဲ့ နိုင်ငံပေါင်း စုံ ကော်ပိုရေး ရှင်းကြီးတို့ ပူးပေါင်းပြီး လူများစု ကမ္ဘာ့လူထုကြီးကို အမြတ်ထုတ်သွေးစုပ်တာကို မခံနိုင်ကြတော့လို့ ကမ္ဘာပေါ်မှာ ၉၉ ရာနှုန်း သို့မဟုတ် Occupy ဆိုတဲ့ လှုပ်ရှားမှုတွေ အနှံ့ အပြားပေါ်လာ တယ်။
ဒီနေ့ Occupy လှုပ်ရှားမှုတွေဟာ ၁၉၉၉ ခုနှစ်တုန်းက ဆီယယ်တဲလ်မှာ ဖြစ်ခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင် လှုပ်ရှားမှု (antiglobalization ) ၊ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး လှုပ်ရှားမှု ( global justice movement) ရဲ့ အဆက်လို့ ဆိုရင် ဆိုနိုင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှုဟာ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ရဲ့ တကမ္ဘာလုံးမှာ မတရားလုပ်နေတာတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကြီးပါ။
အခု Occupy လှုပ်ရှားမှုတွေကတော့ ဒီ့ထက်ပိုကြီး ဒီ့ထက်ပိုလေးနက်ပါတယ်။ အနောက်ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်တော့ ကော်ပို ရေးရှင်းကြီးတွေ၊ ကမ္ဘာ့ထိပ်သီးလက်တဆုပ်စာတွေကို အစိုးရတွေက အကာအကွယ်ပေးကြတယ်။ သူတို့အတွက် ငွေကြေးအမြောက် အများစိုက်ထုတ် ပံ့ပိုးပေးကြတယ်။ အဲဒီလို ပံ့ပိုးပေးနိုင်ဖို့ အတွက် အများပြည်သူတွေအတွက် သုံးတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက် ကြတယ်။ အများပြည်သူ အတွက် အသုံးစရိတ်ဆိုတာဟာ နို့စို့ကလေးတွေအတွက် ထောက်ပံ့ကြေး၊ သက်ကြီးရွယ်အိုတွေ အတွက် ထောက်ပံ့ကြေး၊ ပင်စင်ငွေတွေက အစ၊ အများပြည်သူအတွက် ကျန်းမာရေး ထောက်ပံ့စရိတ်၊ လူမှုဖူလုံရေး အတွက်ပေးတဲ့ ငွေဆိုတာ မျိုးတွေ အားလုံးဖြစ်ပါတယ်။
ဒီတော့ ၁ ရာနှုန်းအကျိုးအတွက် မတရားလုပ်နေတဲ့ လုပ်ရပ်တွေကို တားမြစ်ဟန့်တားဖို့ သိမ်းပိုက်ရေး လှုပ်ရှားမှုတွေဟာ တကမ္ဘာလုံး ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားတဲ့ ပထမဆုံး သိမ်းပိုက်ရေး လှုပ်ရှားမှုက Occupy Wallstreet ဝေါလမ်းမကို သိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ၂၀၁၁ ခု စက်တင်ဘာလ ၁၇ ရက်နေ့မှာ စဖြစ်ခဲ့ပါတယ်။ အခုအထိ နိုင်ငံပေါင်း ၈၂ နိုင်ငံက မြို့ကြီးပေါင်းမှာ ၉၅ မြို့မှာ သိမ်းပိုက်ရေးလှုပ်ရှားမှုတွေဖြစ်ခဲ့၊ တချို့ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ငါတို့ဟာ ၉၉ ရာနှုန်း We are 99 % ဆိုတာဟာ သူတို့ရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။
အာရပ်နွေဦး လှုပ်ရှားမှုတွေဟာလည်း သိမ်းပိုက်ရေး လှုပ်ရှားမှုတွေကို ပိုမိုတက်ကြွအားကောင်းလာစေခဲ့ တယ်။ ၂၀၁၂ ခုနှစ်ထဲမှာတော့ IOPS International Organization for a Participatory Society ကို ဖွဲ့စည်းခဲ့ပါတယ်။
အခုချိန်အထိ မြင်တွေ့နေရတာက သူတို့ လှုပ်ရှားမှုတွေကို နိုင်ငံနယ်နမိတ်စည်းကန့်သတ်ချက် ကို ကျော် လွန် ဆောင်ရွက်နိုင်လာတဲ့ အချက်နဲ့ သူတို့လှုပ်ရှားမှုတွေဟာ ပါတီတခု အဖွဲ့အစည်းတခုတည်းက ဦးဆောင်နေတာ မဟုတ်ဘဲ၊ လူများစု ဆင်းရဲသား လူထုကြီးရဲ့ လှုပ်ရှားမှုဖြစ်နေတာကို တွေ့ရတဲ့ အချက်ပါပဲ။
သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ ခေါင်းဆောင်တဦးတယောက်ကို ဒါမှမဟုတ် တချို့ကို ဗဟိုပြုလှုပ်ရှားတာမျိုး မဟုတ်တာကိုလည်း အတိတ်က လှုပ်ရှားမှုတွေနဲ့ မတူတဲ့ ထူးခြားချက်တရပ် အဖြစ်တွေ့ရပါတယ်။ သူတို့လှုပ်ရှားမှုတွေနဲ့ တွဲပြီး နာမည်ကျော်ခေါင်းဆောင်ကြီး ဘယ်သူဘယ်ဝါဆိုပြီး ထွက်ပေါ်လာတာမျိုး အခုထိ မတွေ့ရသေးဘူး။ ခေါင်းဆောင်ရဲ့ နောက်မှာ အားလုံးစုဝေးလိုက်ပါတာမျိုးမဟုတ်ဘဲ၊ ခေါင်းဆောင် ကြည်ညိုကိုးကွယ်မှုနဲ့ လှုပ်ရှားကြတာမဟုတ်ဘဲ၊ ကိုယ့်အစုနဲ့ ကိုယ်၊ ကိုယ့်အသိနဲ့ ကိုယ် လှုပ်ရှားကြ တာ မျိုးကို တွေ့ရတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ လေ့လာသင့်တဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတွေ၊ ဝန်ထမ်းတွေကရော ဗမာပြည်ကို သိမ်းပိုက်ကြဖို့ မသင့်ပေဘူးလား။ ကျွန်တော်တို့တတွေ ကိုယ့်အား ကိုယ်ကိုး ကြဖို့ မသင့်ပေဘူးလား။ ဗမာပြည်ဟာ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်ပဲ မဟုတ်လား။ ဗမာပြည်ကို သိမ်းပိုက်ရေး အတွေးအခေါ်ကလည်း ကျွန်တော်တို့ အတွက်သိပ်မစိမ်းလှပါဘူး။ ဒို့ဗမာ သီချင်းမှာကတည်းက ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါတို့ပြေ လို့ ကြွေးကြော်ခဲ့ကြတယ်မဟုတ်လား။
ဒါ့ကြောင့် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ ၊ သံဃာတွေ ခေတ်နဲ့ အမီလိုက်ကြ ရအောင်ပါ။ ဆီပူဒယ်အိုးထဲကနေ မီးပုံထဲကို ခုန်မချကြပါနဲ့။ ၁% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ မလို၊ ၉၉% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ လိုပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ကျောင်းသားနဲ့ သံဃာတွေဟာ ၉၉% ပါ။ ဘယ်နိုင်ငံခြားကိုမှ မမီခိုဘဲ၊ ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ့်အားကိုကိုးပြီး ဗမာပြည်ကို သိမ်းပိုက်ကြပါစို့။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဧပြီ ၁၀ ရက်။ ၂၀၁၂ခု။
zaw win facebook မှကူးယူဖော်ပြသည်။
No comments:
Post a Comment