Wednesday, April 11, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈)

အထဲကို ပြန်ဝင်ခဲ့ချိန် မန္တလေး လှုပ်ရှားမှု ခေါင်းဆောင်တဦး ကျမ ရဲ့အမြင် ကို တောင်းခံလာခဲ့စဉ်က “အခုအချိန်မှာ ဘယ်သူ့ကိုမှဘာမှ ရေး မပေးနိုင် ဘူး လို့”ဖြေခဲ့ပေမဲ့တချိန်ချိန်မှာတော့ကျမနေရာကျမရဲ့ထောင့်ကနေ ကျမရဲ့ အမြင်ကို ရေးကို ရေးပေးရမဲ့တာဝန်ကျမမှာရှိပါတယ်။ကျမထောင့်ကနေ ကျမ အမှန်တကယ် မြင်ရ ကြားရ သိခဲ့ရတာတွေ ကိုသာ ရေးရတာဖြစ်လို့ အားလုံး က ဖြစ်စေချင်နေတဲ့ ဆန္ဒတွေ ပြည့်ဝမှာမဟုတ်တာ သေချာသလို ၀တ္ထုဇာတ် လမ်းရေးနေတာလည်းမဟုတ်လို့ အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။
ကျမ မသိလို့ အချိတ်အဆက်မမိဘဲ ကျန်နေရစ်တဲ့ ကွက်လပ်လေးတွေကို အမှန်တရား တကယ်လိုလား တဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေထဲက သိရှိနေသူတွေရှိခဲ့ရင်တာဝန်ကိုယ်စီယူပြီး ၀ိုင်းဝန်း ဖြည့်စွက်ပေးနိုင် ခဲ့ ရင်တော့ပြီးပြည့်စုံတဲ့ဇာတ်လမ်းတပုဒ်ပုံပေါ်လာမှာပါသေချာပါတယ်။အမှန်တကယ်ပါဝင်ပတ်သက်ခဲ့ တဲ့   မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး ပြန်လည်စဉ်းစားသုံးသပ်ကြည့်နိုင်ကြတယ်ဆိုရင်ကျမကျေနပ်ပါပြီ။

အစကတည်းကအတွင်းကျကျအနေအထားမှာပါဝင်ခဲ့ရသူတဦးမဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေးမြန်း  ခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ဘူးလို့ ရေးခဲ့ပြီးသားပါ၊  ကျည်ဆံကို အသုံးမပြုပဲ ဘာကြောင့်ဓါးကို အသုံးပြုခဲ့ကြတာလဲ။ ဘာကြောင့် အဲဒီလောက်တောင် ရက်ရက်စက်စက် စစ်ဆေးမေးမြန်း ခဲ့ကြတာလဲ ဆိုတာကတော့ တာဝန်ရှိတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုယ်တိုင် တာဝန်ခံဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။
ဒီလောက်ရက်ရက်စက်စက်လုပ်ခဲ့ကြတာမှန်ရင်ဒီလိုလုပ်ရပ်မျိုးတွေကိုတော့ ကျမတဦးတည်းအနေနဲ့ လက်မ ခံနိုင်ပါ၊ ရက်ရက်စက်စက်လုပ်ခဲ့တာတွေကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရတဲ့အတွက် ချရေးထားခြင်း မရှိသလို လုပ်ခဲ့တဲ့သူတွေကို အဲဒီ လိုလုပ်ခဲ့ကြတဲ့အပေါ် ကာရေးထားခြင်းမျိုးလည်း လုံးဝမရှိပါ။ ဒါပေမဲ့ ဒီလူတွေဟာ လူသတ်တာတခုတည်း လုပ်ခဲ့ကြသူ တွေမဟုတ်ပဲ ဒါတွေ ဒါတွေကိုလည်း လုပ်ခဲ့တဲ့သူတွေ ဆိုတာလည်း သိဖို့တော့ လိုပါတယ်။

တရားခံတွေနဲ့ ပတ်သက်ပြီး ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို လက်ချာဟောမှာ ရဲဘော်ရဲမေတွေကို ပြသခဲ့ပေမဲ့ ရိုက်နှက်စစ် ဆေးမေးမြန်းထားတဲ့ စစ်ဆေးချက်တွေအပေါ် အယုံအကြည်မရှိခဲ့တဲ့အတွက် ကျမသွား မကြည့် ပါဘူး၊ ဒါပေမဲ့ ကျမအနေ နဲ့ ဒါတွေကို အစီစဉ်ရှိရှိလုပ်သွားခဲ့ကြတယ်လို့ပဲ ယုံကြည်ထားပါတယ်၊ ကျမ သံသ ယဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် ကိုထွန်း အောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေ့ကအစ အောက်ခြေက ရဲဘော် ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ ရန်သူ့သူလျှိုတွေလို့ ဘယ် တုန်းကမှ ကျမ မသတ်မှတ်ခဲ့ လက်မခံခဲ့ပါ ဘူး။ နောက်ပိုင်းမှာ ထောင်ဘက်ကို သွားလာခွင့်တွေရတော့ ကျမ မကြာခဏ ရောက်တတ်တာလည်း ရန်သူ့ သူလျှိုတွေလို့ကျမဘယ်လိုမှ လက်မခံခဲ့လို့ပါ၊ ကိုမြင့်သိန်းက အန္တရာယ်ရှိတယ် မလာ ခိုင်းနဲ့တော့လို့ နန်းစော ကို ပြောခိုင်းခဲ့တာလည်း ကျမ မမေ့ပါဘူး။

ကျမအနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ပျက်သွားခဲ့ရတာလဲဆိုတဲ့ အကြောင်းအရင်းအမှန်နဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေအားလုံးရဲ့အမြင်တွေကိုအမှန်တကယ်သိချင်ပါတယ်။ပြောရမယ်ဆိုကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် တို့ထက် မြောက် ပိုင်းမှာ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းတို့က ရဲဘော်တွေကြားမှာ သြဇာအာဏာ ရှိပြီးသားပါ လုစရာနောက်ထပ် ဘာအာဏာ ရှိနေလဲ၊ ကိုမျိုးဝင်းက ဒေသစွဲကြီးလွန်းလို့ အညှိုးကြီးလို့ လုပ် တယ်ဆိုလည်း ကိုမျိုးဝင်းတယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။ တခြားဗဟိုကော် မတီတွေ ကရော။ကိုမျိုးဝင်းဒေသစွဲကြီးကြောင်းပြဖို့မိုးညှင်း။မိုးကောင်းကလူတွေကိုတမင်ချန်ထားပေးခဲ့တာရော မဖြစ်နိုင်ဘူးလား။

ဒီလောက်လူတွေ အများကြီး ရန်သူ့သူလျှိုတွေ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ တာဝန်ရှိခဲ့သူတွေက ဘာကြောင့် အခုမှပဲ စဉ်း စားမိခဲ့ကြတာလဲ။ ဖြစ်ပျက်ခဲ့စဉ်တုန်းက အဲဒီလို မစဉ်းစားမိခဲ့အောင် ခိုင်လုံပါတယ်ဆိုတဲ့ ဘယ် အကြောင်းတွေက သူတို့ ကို တွန်းပို့ပေးခဲ့တာလဲ။ ဒါကို ကျမ သိချင်ခဲ့တာပါ။

ကိုထွန်းအောင်ကျော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို အဲဒီညမှာပဲ ကေအိုင်အေက လာခေါ် ထုတ်သွား ပြီး ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့ ကိုညီညီရဲ့ ကျမအပေါ်တုံ့ပြန်ချက်မှာ ရေးထည့် ထားတာ ကို တွေ့ရတယ်။ မဟာ မိတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ဟာ ဘာတွေဘာတွေ ကို ဘယ်လို ဘယ်လိုတွေ အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ဂုဏ်ယူပြောကြားခဲ့တဲ့ ကိုညီညီ ရဲ့ အကို ကိုမောင်မောင် (ရွှေကရဝိတ်) ပြောခဲ့တဲ့ စ ကားတွေအရဆို ကေအိုင်အေက ခေါ်ထုတ်သွားရမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို မဟုတ်လား၊ ဘာကြောင့် သူရဲ့ညီ ကိုညီညီ ဖြစ်နေရတာလဲ။

ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။
- ဘာကြောင့် သူတို့ညီအကို နှစ် ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။
- ကေအိုင်အေရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ်ဆိုတဲ့ ကိုညီညီကရော ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အ သက်နဲ့လဲပြီး အာမခံရဲပါ တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီ မတောင်းခဲ့တာလဲ။
- ဘာကြောင့် အခုမှ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့အတွက် မခံမရပ်နိုင် အသည်း အသန် ဖြစ်ပြနေ ရတာလဲ။ – - — ရဲဘော်ရဲဘက်ဆိုတာ သေချာရဲ့လား။

ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကို ထိုးကျွေးခဲ့တဲ့အပြင် ဒေသအရ အချိုးချနဲ့ လူမှန် ရဲဘော်တွေ အများကြီးပါသွားခဲ့လို့ကို အစီစဉ်ရှိရှိ လုပ်ခဲ့ကြတာမဟုတ်ဘူး။ရန်သူ့သူလျှို မပါဘူးဆိုတာ ကျမ လုံးဝလက်မခံနိုင်တာပါ။ ဒါဟာ မြောက်ပိုင်းကျောင်းသားတပ် ဖြိုခွဲခံလိုက်ရတာပါ။ ဖော်ထုတ်နေစရာ မလိုဘဲ သက်သေသာဓကနဲ့တကွ ထင်ရှား စွာရှိနေတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုသာမက ဒါတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ တရားခံအစစ် (ရန်သူ့လူတွေ) ကိုလည်း ကျမ တို့ ရှာဖွေဖော်ထုတ်ဖို့လိုတယ်လို့ပဲ ကျမ မြင်ပါတယ်။ မဟုတ် ရင် ကျမတို့ထပ်ပြီး အညာခံ အသုံးချခံနေကြရအုံးမှာပါ။
အခု ဒါတွေကို ဦးဆောင်ပြီး ပြန်လုပ်နေသူတွေကလည်း ဖြစ်ခဲ့စဉ်က ဒုတိယအဆင့်အနေအထား ကပါဝင်ခဲ့ သူတွေသိပ်ရိုက်နှက်စစ်ဆေးစရာမလိုဘဲအစီစဉ်တကျဖြေဆိုခဲ့သူတွေကိုယ်လွတ်ရုန်းပြေးနိုင်သူတွေ ဖြစ်နေပြန် တယ်၊ ဒါလည်း ကျမတို့ ထည့်တွက်ရမဲ့အချက်ပါ။ အခုကိုပဲ အမှန်တရားဖော်ထုတ်ဖို့ထက် ဖွချခွင့်ရလိုက် တာကိုက ရန်သူ့အတွက် အ မြတ်ဖြစ်နေပါပြီ။

နန်းစော၊ နန်းအောင်ထွေးကြည် တို့နဲ့ ဖုန်းပြောတိုင်းလည်း “ရန်သူ့လူတယောက်မှ မပါဘူးဆိုတာ လက်မခံ ဘူး၊ နှစ်ဘက်စလုံးမှာရှိနိုင်တယ်”ဆိုတဲ့ကျမရဲ့အမြင်ကိုပွင့်ပွင့်လင့်လင်းပြောပြီးသားပါ။ ကိုထွန်းအောင်ကျော် ကို ထိုးကျွေးခံခဲ့ရတာ လို့ပဲ ကျမ ယူဆတယ်လို့ ပြောပြတော့ နန်းအောင်ထွေးကြည် ကိုယ်တိုင် “အေး ငါလည်း အဲဒီလိုပဲ ထင်တယ်” လို့ ပြန် ပြောခဲ့တယ်။ နန်းအောင်ထွေးကြည် ကိုယ်တိုင် အစပိုင်းက ရေးခဲ့ တဲ့မှတ်တမ်းမှာ ရန်သူ့လူရှိရင်လည်း နှစ်ဘက်စလုံးမှာ ရှိနိုင်တာပဲလို့ ရေးခဲ့တာလည်းရှိပါ တယ်။

ကျမရေးတဲ့စာ အပိုင်း (၂) ကို တင်လိုက်ပြီးတဲ့နောက်မှာ နန်းအောင်ထွေးကြည် ကျမကို ဖုန်းဆက်လာတယ်။ သူနဲ့ကျမ အပြန်အလှန်ပြောခဲ့ကြတာလေးတွေ ကျမ တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၅) နှစ်စီ မံကိန်းက ဥက္ကဋ္ဌ သံခဲ ရဲ့ မိန်းမ ကျမ လုပ်ခဲ့တဲ့ဇာတ်လမ်းပါ ကျမအသိဆုံးပဲဆိုပြီး ရေးထည့်ထားတော့ မသိတဲ့ သူတွေ ရှုပ်ကုန်မှာစိုးလို့ပါ။ နန်း အောင်ထွေးကြည် ကျမကို ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျမ ထည့်ရေးခဲ့တာတွေ မှန်သမျှ သူပြောခဲ့တဲ့စကားတွေပါ အပိုမပါပါဘူး၊ သူပြောခဲ့တာမဟုတ်ပဲ ကျမဘာသာ ကျမရေးခဲ့တာဆိုရင် သူအချိန်မရွေး ကျမဆီကို ဖုန်းဆက်ပြောနိုင်ပါတယ်၊ ကျမ အဆင်သင့်ရှိနေပါတယ်။

(အေဘီမှာ ရဲမေနဲ့ အိမ်ထောင်သည် ကွာခြားချက်က ဒီလိုပါ ရဲမေက အဖွဲ့အစည်းအဝေးတွေ ဘာတွေ တက် ပိုင်ခွင့် ၀င် ရောက်ဆွေးနွေးပိုင်ခွင့် ဗဟိုကော်မတီတွေမှာ ရွေးခြယ်တင်မြောက်ပိုင်ခွင့်တွေ ရှိပါတယ်၊ အိမ်ထောင်သည်က အဲဒီအ ခွင့်အရေးတွေ မရှိပါဘူး၊ လွတ်ကင်းအောင်လို့ အိမ်ထောင်သည် ကို ရွေးလိုက် ပါတယ် “ကိုသံခဲက တဖွဲ့လုံးကို ရှာကျွေး နေရတယ်လို့” ကျမက ပြောခဲ့တယ်ဆိုပါလား။ ဘယ်သူ့ကို ကျမ ပြောခဲ့တာလဲ။ ပြန်ပြောပြခဲ့တဲ့သူရဲ့ နာမည်လေး သိချင် လိုက်တာ။ လောကမှာ ကျောချစရာလူတွေ ဒီလောက် ပေါရသလား။ ဘယ်ဘက်ပြေးပြေး ပြေးမလွတ် ပါပဲ။)

၅ နှစ် စီမံကိန်းဆိုတာ ဒီလိုပါ (အခုနေ ပြန်တွေးကြည့်ရင် ရယ်စရာပါ)။ ရဲမေဆောင်မှာ ရည်စားထားကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျမရဲ့အမြင်ကို ကျမပြောခဲ့တယ်၊ တောထဲသွားတဲ့ မိန်းကလေးတွေကို မြို့မှာရှိတဲ့ လူတွေက အစိုးရ၀ါဒ ဖြန့်ထားတဲ့ “ပါပီမ” ဇာတ်ကားထဲကလို သူပုန်စာလေးတွေလို့ ထင်မြင်ခဲ့ကြတဲ့အပေါ် ငါတို့က အဲဒီကိစ္စအတွက် လာခဲ့ကြ တာမဟုတ်ဘူး။ မိဘကွယ်ရာမှာနေကြပေမဲ့ ငါတို့ကိုယ်ငါတို့ ထိမ်း သိမ်းနိုင်တယ်ဆိုတာကို ပြရမယ်။ တော်လှန်ရေး ရေတို ကာလ (၅) နှစ်အထိ ရည်းစားမထားသင့်ဘူးလို့ ကျမ ကပြောတော့ နန်းအောင်ထွေးကြည် နဲ့ ရဲမေအငယ်တချို့ကပါ ထောက်ခံပြောဆိုခဲ့တယ်၊ (၅) နှစ်ကျော် ရင်တော့ ရေရှည်ဖြစ်သွားပြီမို့ ကြိုက်တာလုပ်လို့ ပြောခဲ့တယ်။

ဒါနဲ့ ကျမက စာရွက်တရွက်ယူပြီး နန်းအောင်ထွေးကြည်ကို လက်မှတ်ထိုးခိုင်းလိုက်တယ်။ နောက်မှ စာတွေဖြည့်ရေးပြီး ကျမတို့ ရည်းစားမထားရေးစာချုပ် လက်မှတ်တွေထိုးပြီးချုပ်ခဲ့ကြတယ်။ အဲဒီမှာ ဥက္ကဋ္ဌ နန်းအောင်ထွေးကြည် အတွင်း ရေးမှူးက ကျမ၊ နန်းစော၊ သင်းသင်း၊ မှိုင်းဝေ၊ မခါးတို့တော့ပါတယ်၊ အန်း၊ ထက်ထက်၊ အီးတီ ပါမပါတော့မသိဘူး သူတို့ ကကြိုက်တဲ့သူများတယ်၊ ကျန်တာ မမှတ်မိတော့ဘူးတို့က အဖွဲ့ဝင်တွေ၊ (၅)နှစ်မပြည့်ပဲ ရည်းစားထားရင် ဥက္ကဋ္ဌက ထင်း ငါးကား၊ အတွင်းရေးမှူးက ထင်းသုံးကား၊ အဖွဲ့ဝင်တွေက ထင်း (၂) ကား အဆောင်အတွက် ထင်းကားပေးရမယ်။ နောက်ဆုံးတော့ ငါးနှစ်မပြည့်ခင် ကျမနဲ့ နန်းအောင်ထွေးကြည် နှစ်ယောက်ပဲ ကျန်ခဲ့တာပါ၊ အငယ်တွေက ရည်စားတွေ အလျှိုလျှိုနဲ့ ဖြစ်ကုန် တယ်။

ကျမ သြစတေားရီးယားရောက်စက နန်းအောင်ထွေးကြည် ဖုန်းဆက်လာချိန်မှာ ကျမသူ့ကို ကျမနဲ့ပတ်သက် ပြီး အရိုက်ခံရဖူးလား မေးကြည့်ဖူးပါတယ်။ မင်းနဲ့ပတ်သက်ပြီး သိပ်တော့ မခံရဘူး။ တချက်နှစ် ချက်လောက်ပဲ။ အသေးလေး (စိုးစိုးလွင်) ကတော့ ရေရေလည်လည် ခံရတယ်။ ကျောင်း သားထောက် လှမ်းရေးက “ခင်ရွှေလှိုင်နဲ့ မင်းနဲ့ (၅) နှစ်စီမံ ကိန်းဆိုတာ ဘာလဲ” လို့ မေးတော့ အဲဒါသူက “၅ နှစ်အတွင်းမှာ ကျမနဲ့ချိတ်တဲ့သူ ရောက်လာမှာမို့ ခင်ရွှေလှိုင်များ ဖြစ် နေမလားလို့ ရှာကြည့်တာပါ မဟုတ် ဘူး ဖြစ်နေတယ်” လို့ ဖြေခဲ့တာကို ပြောချင်တာပါ။

ကိုအောင်မိုးဝင်းကလည်း ကျမကို အရိုက်ခံကာကွယ်ရင်းရခဲ့တဲ့ ဇာတ်လမ်းပါဆိုပြီး အတင်းကြီး လိုင်း တင်နေပြန်တယ်။ ကျမက အဲဒီလောက်အရေးပါတဲ့သူ မဟုတ်ပါဘူး၊ တကယ်အရိုက်ခံရပြီး ကျမကို ကာ ကွယ်သွားတဲ့ သူတွေကို ကျမ တွေးကြည့်နိုင်ပါတယ်၊ အဲဒီလူတွေက အောက်ခြေက ရဲဘော်ရဲမေတွေပါ။ ရန်အောင် (မန္တလေး၊ အသတ်ခံရ)၊ မခင်ချိုဦး (ရန်ကုန်။ အသတ်ခံရ)၊ နန်းစောနဲ့ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေပါ။ မခင်ချိုဦးနဲ့ ကျမ တခါတလေ တခုခုလုပ်စားပြီး စကားလက်ဆုံကြတဲ့အချိန် ကြောင် (ခ) ကိုကျော်နိုင်ဦးလည်း ရောက်ရောက်လာတတ်လို့ အရိုက်ခံကာကွယ် ပေးတဲ့ထဲမှာ သူလည်း ပါနိုင်ပါတယ်။ “မင်းကို မျက်မြင် သက်သေအဖြစ် ချန်ထားဖို့ အားလုံးက ၀ိုင်းကာထားကြတယ်” လို့ အဆောင်ရှေ့မှာ ကျမ ကို ပြောခဲ့သူပါ။

ကျမ အမြင်အရဆို လူကြီးပိုင်းအတော်များများကို ဆွဲထည့်ဖြေခဲ့ရတဲ့ နန်းအောင်ထွေးကြည် အနေနဲ့ ကျမ ထက် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို အရိုက်အနှက်ခံပြီး ကာကွယ်ပေးခဲ့ရလို့ ရခဲ့တဲ့ဇာတ်လမ်း ပါဆို ရင်တော့ ကျမ ချွင်းချက်မရှိ လက် ခံပါတယ်။ အပွင့်လင်းဆုံး ပြောရကြေးဆိုရင် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင်တောင် နန်းအောင်ထွေးကြည်ကို မယုံကြည်ခဲ့ပါဘူး၊ နန်းအောင်ထွေးကြည်ကို သိပ်ရိုက်နှက် စစ်ဆေးစရာမလိုဘဲ သူ့ဘာသာသူ ဖြေခဲ့တယ်ဆိုတာကို ကျမ ကြားထားပြီးသားဖြစ်သလို အဲဒီအချိန်က အဖမ်းမခံရသေးတဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့ ဗဟိုကော်မတီဝင်တွေလည်း ကြားကြသိကြမှာပါ။

နန်းအောင်ထွေးကြည် ရဲ့ ကိုကြီး (ကိုထွန်းအောင်ကျော်) ချင်း ထပ်နေတဲ့ အလွမ်းစာလေးကိုဖတ်ရတော့ ကျမ အတွက် တော့ ခံစားမှုက တမျိုးကြီးပါ။ နန်းစောရေ ငါတို့ရဲ့ကိုကြီးက အခုတော့ နန်းအောင်ထွေးကြည် ရဲ့ ကိုကြီးဖြစ်သွားပြီလို့ အော်ပြောလိုက်ချင်တဲ့အထိ။ (ကျမနဲ့ နန်းစောနဲ့က ဆေးသင်တန်းမတက်ခင်ထိ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ရဲ့တဲမှာ အမြဲမပြတ်ရှိနေတတ်တဲ့ ရဲမေနှစ်ယောက်ပါ။ လူကြီးတွေအားလုံးထဲမှာ ကျမတို့နှစ်ယောက် အချစ်ခင်ဆုံးက ဥက္ကဋ္ဌ ကို ထွန်းအောင်ကျော်ပါ။)

ကျမတို့ မန္တလေးသူ မန္တလေးသားတွေ နှုတ်ကျိုးနေတဲ့ ကိုကြီး (ကိုထွန်းအောင်ကျော်) ဆိုတဲ့ အခေါ် အဝေါ် ကို တောထဲ ရောက်တာနဲ့ “ဥက္ကဋ္ဌ” ဆိုပြီး ကျမတို့ ပြောင်းခေါ်ခဲ့ရပါတယ်။ တောထဲမှာဆုံခဲ့ပြီး ထောင်ထဲ မှာလည်း စကားပြောခွင့် မရ ခဲ့တဲ့ နန်းအောင်ထွေးကြည် က ဘယ်အချိန်မှာများ “ကိုကြီး” လို့ ခေါ်ခဲ့ ဖူးလိုက် တာလဲ တမျိုးတော့ တမျိုးလေးပါပဲ။ နန်း အောင်ထွေးကြည် ပြောပြချက်အရ အဖမ်းခံထားရစဉ်က လက် နက်တွေ၊ အဆိပ်တွေ ထုတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး သူ တို့အချင်းချင်း ဆွေးနွေးခိုင်းစဉ်က တခါတည်းပဲ စကားပြောခွင့်ရခဲ့တာပါ။ အဲဒီအချိန်က ဥက္ကဋ္ဌ လို့ပဲ သူသုံးခဲ့တယ်လို့ လည်း ပြောဖူးပါတယ်။)

အမှန်တကယ် အသေအလဲခံခဲ့ရတဲ့ သူတွေက စစ်ကြောရေးမှာ သေဆုံးသွားသူတွေ။ အသတ်ခံလိုက်ရတဲ့ သူတွေနဲ့ အောက်ခြေက ရဲဘော်အများစုပါ။ ကျမရင်ထဲမှာ ရှိနေတာလည်း ဒီလူတွေပါ။ ဒီလူတွေအတွက်ပဲ တရားခံအစစ်ကို သိ ချင်လို့ နာမည်နဲ့တကွ ဖြစ်နိုင်ခြေရှိတဲ့သူတွေကို လူမိုက်လုပ်ပြီး ကျမ ချရေးခဲ့တာပါ။

၁။ ကိုမျိုးဝင်း ကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကို ထောက်လှမ်းရေး လားလို့ ခေါင်း စဉ်တပ်ပြီး ရိုက်မမေးခဲ့တာ သေချာရင်၊ (ကိုမျိုးဝင်းရဲ့လူယုံ ယခုထောက်လှမ်းရေးက ကာကွယ်စောင့် ရှောက်ထားတဲ့ ဇော်ဇော်မင်းက ပထမ မိုးကောင်းမှာနေတယ်၊ စာပေးစာယူ နဲ့ ကျောင်း တက်ပြီး သမ၀ါယမမှာလုပ်တယ်။ သူ့ရဲ့ ယောက် ဖကတော့ စသုံးလုံးကလို့ ကြားရတယ်။ နောက်မှ မိုးညှင်း-နမ္မားဘက် ရောက်လာပြီး ကိုမျိုးဝင်းရဲ့လူယုံ ဖြစ်လာတယ်။ ဘယ်တုန်းကမှ ရှေ့တန်းတိုက်ပွဲတွေမှာမပါပဲ အမြဲထောင့် ကပ်နေသူ။ အထဲပြန်ဝင်ပြီးနောက် ရွှေလီဘက်ကို ရောက်လာ တတ်တယ်။ ဘဲလေးတို့ လင်မ ယားကို အာမခံပြီး အထဲခေါ်သွားတယ်။ ကျန်တဲ့မိသားစုတွေကိုလည်း အထဲပြန်ဝင်ချင်ရင် သူအာမခံပြီး လုပ်ပေးမယ်လို့ လာပြီး ဆွဲဆောင်ခဲ့တာတွေရှိတယ်လို့ ကြားရတယ်။ အစကတည်းက ထောက်လှမ်ရေးက လွတ်တဲ့သူလား။ နောက်မှ ဘက်ပြောင်းသွားတာလား စဉ်းစားစရာတခု။)

၂။ ဒုတိယအဆင့်အနေအထားကနေ အဖမ်းခံရသူတွေထဲက အစီစဉ်ရှိရှိထိုးကျွေးပြီး ကိုယ်လွတ်ရုန်းဖို့ ရည် ရွယ်ချက်ရှိရှိနဲ့ ဆွဲထည့်ဖြေသွားခဲ့တာမျိုး မဟုတ်ဘူးဆိုရင်၊ (နန်းအောင်ထွေးကြည်၊ ကြောင်(ခ) ကိုကျော်နိုင် ဦး၊ ကိုခင်မောင်ဇော်၊ ကို ညီညီကျော်၊ ကိုညီညီ၊ ကိုမိုးကြီး၊ ကိုရဲလင်း၊ ကိုစိုးလင်း) ကိုမိုးကြီး (ရန်ကုန်၊ ကော် မတီရုံး) က လေ့ကျင့်မွန်းမံသင်တန်း မှာ ထောက်လှန်းရေးနဲ့ ပတ်သက်တဲ့ နည်းနာတွေကို ပြန် လည်ပို့ချပေး ခဲ့တယ်လို့ သင်တန်းတက်ခဲ့တဲ့ မြောက်ပိုင်း ရဲမေ တဦးက ပြောခဲ့တယ်။ ကိုမိုးကြီးကို ပြန်လွတ်ပေးသူက ကိုမျိုးဝင်းကိုယ်တိုင် ဖြစ်နေတယ်။ ဘယ်ဘက်က ထောက်လှမ်း ရေးလဲ။

၃။ အစီစဉ်ရှိရှိလုပ်နိုင်ဖို့ ဖြစ်နိုင်ချေရှိသူတွေက ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် ပဲရှိတယ်။
အပိုင်း (၂) တင်ပြီးတဲ့နောက်မှာ ကျမနဲ့ နန်းအောင်ထွေးကြည် ဖုန်းပြောခဲ့ကြပုံက ဒီလိုပါ။
(ကျမမမေးဘဲ သူဘာကြောင့် ကျမကို ဒါတွေ လာပြောခဲ့သလဲဆိုတာကိုလည်း ပါဝင်ပတ်သက်ခဲ့ကြတဲ့ ဒုတိယအဆင့်အနေအထားက အဖမ်းခံခဲ့ရတဲ့ လူမှန်ရဲဘော်တွေဆို စဉ်းစားကြည့်နိုင်မယ် ထင်ပါ တယ်။ နောက်တခုက ကျမရေးတဲ့ စာ တွေကို အများထင်ထားသလို တပိုင်းစီရေးပြီး တင်နေတာ မဟုတ် ပါဘူး။ ဒါတွေ စတက်လာကတည်းက ရေးနေတာမို့ ကျမ မြင်ရကြားရသိတာတွေ မှန်သမျှရေးထားပြီးသား အားလုံးကို ပို့ထားပြီး အားလုံး ၀ိုင်းဝန်းစဉ်းစားချိန်ရအောင် တပိုင်း စီခွဲပြီး တင်ခိုင်းခဲ့တာပါ။ ကျမပို့လိုက်တဲ့ အချိန်မှာပဲ ကိုနိုင်အောင်ရဲ့စာက ထွက်လာခဲ့တာပါ။)
နန်း) အရွှေ မင်းမရောက်သေးပဲနဲ့ ဘာပြသနာမှ မရှိခဲ့ဘူးလို့ မင်းဘာလို့ပြောခဲ့တာလဲ။
ကျမ) ငါမရောက်သေးပေမဲ့ ကြားထားသိထားတယ်လေ။ ဒါကြောင့် ဒေသခံအုပ်စု တစုစီအတွင်းမှာရော၊ အုပ်စုလိုက်အနေနဲ့ရော နေရာလုပွဲတွေရှိခဲ့တယ်လို့ ရေးထားတာပဲ။ ငါဘယ်အချိန်မှာ ရောက်တယ် ဆိုတာ လည်း ရေးထားတာပဲ။ မင်း အသေအချာ  မဖတ်ဘဲနဲ့။
နန်း) မင်းကို ငါပြောခဲ့တယ်မဟုတ်လား။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ။ သံချောင်း ကို ငါဝတ္ထုတပုဒ် ရေးပေးလိုက်တာ၊ ကိုထွန်းအောင်ကျော်။ ကိုစိုးလင်း။ ကိုရဲလင်း။ ကိုညီညီကျော်တို့ကို လည်း ငါပဲဖြေခဲ့တာ၊ မမညိုတို့ မမနှင်းမေတို့ (ကေအိုင်အေဘက် မြန်မာအမျိုးသမီး အရာရှိကတော်များ) တို့ကိုလည်း ငါပဲထည့်ဖြေခဲ့တာ၊ အဲ ဒါ ဗိုလ်မှူးပန်းအောင်နဲ့ မမညိုရဲ့ယောက်ျား ဒူခွန်နောင်တို့ရောက်လာပြီး ငါ့တယောက်တည်း သီးသန့်ခေါ်ထုတ်မေးခဲ့ တယ်။
ကျမ) ရေလှိုင်းတွေ လေလှိုင်းတွေ ငါမသိဘူး။ ငါသိတာက မင်းပြောခဲ့တဲ့လိုင်းတွေ ခွဲထားတာပဲ။ (ဒီမတိုင်ခင် ဖုန်းဆက်တုန်းက အဲဒီလိုင်းတွေအကြောင်းကျမထပ်မေးခဲ့တယ်။ သူမဖြေဘဲ တခြားအကြောင်းတွေ ပဲ ဝှေ့ လည်ချောင်ပတ် ဖြေခဲ့ တယ်။) အဲဒီလိုင်းတွေ မင်းလုပ်ထားမှန်း အခု မင်းပြောမှ ငါသိတာ။
ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ရတဲ့ထဲမှာ မင်းပါတယ်ဆိုတာ အခု မင်းပြောမှ ငါသိတာ။ ငါသိတာက ကိုစိုးလင်းက တောင်ပိုင်းမှာရှိနေလို့ တောင်ပိုင်းမှာ ဒါမျိုးတွေ မရှိလောက်ဘူးဆိုပြီး ကိုစိုးလင်းကို မင်း ထည့်ဖြေ လိုက်တယ်ဆိုတာကိုပဲ သိတယ်။
နန်း) ကျောင်းသားတပ်ကို ထောက်လှမ်းရေး ထည့်နေစရာမလိုဘူး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပိုင်ကိုင် နိုင်ရင် ပြီးသွားတာပဲ။
ကျမ) မထည့်လို့ပေါ့ မြို့မှာကတည်း တခုခုလုပ်ဖို့ ယုံကြည်ရတဲ့ လူဆယ်ယောက်စုပါတယ်။ ဘာမှ မလုပ်ရသေးခင် အ ဖမ်းခံလိုက်ရပြီ။ ဘိုဘိုတို့အုပ်စုလည်း အဲဒီလိုပဲ ခံလိုက်ရတာပဲ။ လက်နက်မကိုင်တဲ့ ဘုန်းကြီးထဲမှာတောင် ထောက်လှမ်း ရေးက ထည့်ထားတဲ့ ဘုန်းကြီး ရှိသေးတယ်။
နန်း) ထောက်လှမ်းရေးပါတယ်ဆိုလည်း ကိုမျိုးဝင်းက ထောက်လှမ်းရေး။ မဖြစ်နိုင်ဖူးလား။
ကျမ) မင်းပဲ ဒေသစွဲကြီးလို့ အညှိုးနဲ့လုပ်တယ်လို့ စွပ်စွဲထားပြီးတော့။ မင်းပြောသလို ဒေသစွဲကြီးရင် ဗမာစစ် အစိုးရ အောက်မှာ သူက ဘာလို့ ထောက်လှမ်းရေးသွားလုပ်နေမလဲ။ ဒေသစွဲကြီးလို့ အညှိုးနဲ့ လုပ်တယ်ဆို ရအောင်လည်း သူ့ တယောက်တည်း လုပ်ချင်တိုင်းလုပ်လို့ ရနေသလား။ ထောက်လှမ်းရေးက အသေခံပြီး တိုက်ပွဲဝင်မယ်တော့ မထင်ပါဘူး၊ အာဏာလုတာ ပြောရအောင်လည်း ဒီထက်မြင့်တဲ့ အာဏာလိုချင်ရင် မိုးပေါ်ပဲ တက်ကြပေတော့။ အမှန်က ကိုမျိုးဝင်း မသေရင် ကောင်းမယ်၊ သူ အဓိကရှင်းရမှာ။
နန်း) သူက လူမွေးထားတာသန်းဇော်တို့ကသူ့လူတွေပဲ၊လုပ်ချင်လုပ်လို့ရမှာပေါ့။ သူသေတာပဲ ကောင်းတယ် မဟုတ်ရင် ငါအသတ်ခံနေရအုံးမယ်။
ကျမ) မင်းကို မသတ်ချင်လို့ပဲ (၁၅) ယောက်ထဲ မင်းမပါတာပေါ့။ သတ်ချင်ရင် မခင်ချိုဦးကို ဘာထည့် စရာရှိလဲ။ မင်းကမခင်ချိုဦးထက်တောင် ရာထူးပိုကြီးသေးတာပဲ။ မင်းပဲပြောခဲ့တာပဲ ကိုသံချောင်းနဲ့ ကိုမျိုးဝင်း က မင်းကို လက်ဖျားနဲ့ တောင် မတို့ဘူးဆို။ စစ်တာကြမ်းလာရင်တောင် ၀င်ကာပေးတတ်တယ်ဆို။
နန်း) အဲဒါကတော့ ငါအမှန်အတိုင်း ပြောတာ။ ငါ့ကိုလုပ်တဲ့သူက သန်းဇော်နဲ့ လဆိုင်း။ မင်းလုပ်ခဲ့တဲ့ (၅) နှစ်စီမံကိန်းဆို တာလေ၊ အဲဒါ ငါဘယ်လိုဖြေသလဲသိလား၊ အဲဒါ CS (ကိုသံချောင်း)တို့ လူကြီးတွေကို အနုနည်းနဲ့ဆွဲဆောင်ပြီး ဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်။
ကျမ) “မင်းငါ့ကို ပြောခဲ့တုန်းက အဲဒီလို မဟုတ်ပါဘူး။ “ဆိုပြီး သူပြောပြခဲ့ဖူးတာ ပြန်ပြောပြတော့။
နန်း) “အေး ငါကလည်း ပုံပြင်တွေများနေတော့ မမှတ်မိတော့ဘူး”။ မင်းက “ကို” တွေဘာတွေ တပ်ပြီး ဘာကြောင့် ခေါ် ခိုင်းရတာလဲ။ ငါတို့က ခံရတဲ့သူတွေ ဒီကောင်တွေ ဘာခေါ်စရာရှိလဲ။
ကျမ) မင်းကိုပြောတာမဟုတ်ဘူး၊ မင်းက ဘယ်သူ့ကိုမှ “ကို” တတ်ခေါ်တာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ငါပြောချင် တာက သင်းသင်း သူက ဒီလောက်ငယ်တာ၊ သူ့ကိုလည်း ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ဒီလောက် ချစ်တာ။ သူ့ကိုအရမ်း ကြီး ထိခိုက်နစ်နာအောင်လည်း လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ငါနားထဲမှာ သူ အဲဒီလိုခေါ် တာ ရိုင်းတယ်လို့ ခံစားမိလို့။
နန်း) အေး မင်းရေးချင်ရင်လည်း မင်းမြင်ရတဲ့အတိုင်းပဲရေး။ ငါ့ဘက်ကလူတွေက ငါ့နာမည်ပါနေလို့ ဒီကောင်မကြီးကို ၀ိုင်းဆော်ရမလား လုပ်နေကြတာ။ ငါ မင်းနဲ့သွေးသောက်ထားတယ် ဆိုတာလည်း ပြောပြထားတယ်။
ကျမ) ပြသနာမရှိဘူး။ ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ခုတ်သတ်လိုက်တယ်ပြောလည်း ဂရုမစိုက်ဘူး။ ကြိုးစင် တက်ရမယ်ဆိုရင်လည်း တက်လိုက်မယ်။ ငါ့ကိုထိလို့ ငါရေးနေတာ မဟုတ်ဘူး။ နန်းစောတောင် ငါရေးခိုင်း တင်ခိုင်းခဲ့ သေးတယ်။ အဖြစ်အပျက်တွေကို အမှန်အတိုင်းရေးလို့ကတော့ ဘယ်သူပဲ ရေးရေး ဘာမှပြောစရာမရှိဘူး။ ငါမသိတာ တွေ အများကြီးရှိသေးလို့ ငါလည်း စိတ်ဝင်စားတယ်။ ပါဝင်ခဲ့သူတွေ အားလုံးရေးလေ ထောင့်စုံကစဉ်းစားနိုင်လေ အား လုံးအတွက် ပိုကောင်းလေပဲ၊ ဘယ်သူ့နာမည်ပဲပါပါ အမှန်အတိုင်း ရေးဖို့ပဲလိုတယ်၊ မင်းတို့ပဲ အမှန်တရားကို ဖော်ထုတ် ဖို့ဆို၊ မင်းတို့ပြောတာကိုပဲ မင်းတို့လက်ခံတယ်ဆိုရင် အမှန်တရားက ဘယ်ကနေထွက်လာမှာလဲ၊ အစကတင်ဖို့ ရည်ရွယ် မထားဘူး။ မြောက်ပိုင်းက ရဲဘော်တွေအားလုံး သုံးစားမရသလို ပြောနေကြလို့။ လက်ရှိအဖွဲ့ကိုပဲ လာလာထိနေလို့ တင် လိုက်တာ။ မင်းကိုယ်တိုင်လည်း ငါ့ကိုရေးခိုင်းခဲ့တယ် မဟုတ်လား။ မဟုတ်တာ မမှန်တာတွေလည်း ငါရေးမှာ မဟုတ်ဘူး ငါကြားရ မြင်ရ သိရတဲ့အတိုင်းပဲ ငါရေးထားတာ မင်းစောင့်ဖတ် ကြည့်လိုက်။
နန်း) ဒါဆိုလည်းပြီးရော ငါကတော့ တဖွဲ့လုံးကို သိမ်းကြုံးမစော်ကားဘူး။ မြောက်ပိုင်းက လုပ်တဲ့သူတွေကိုပဲ နာမည်ဖော် ထုတ်ပြောတယ်။ လူ (၁၅) ယောက်သတ်တဲ့ကိစ္စ ကိုနိုင်အောင် လက်မှတ်ထိုးတဲ့ စာ ငါ့ဆီမှာရှိတယ်။
ကျမ) မင်းဘယ်က ရလဲ။
နန်း) အဲဒါမင်းမသိဘူးလား၊ ငါရေးထားတင်ထားတယ်လေ၊ ငါ ဘန်ကောက်မှာ နေတုန်းက လာလာပေးကြတာ စာရွက် တွေ စာရွက်တွေ ငါ့ဆီမှာ တထပ်ကြီးပဲ။ ဘယ်သူတွေမှန်းလည်း မသိဘူး။ နိုင်အောင်တို့ ဘယ်လောက်အကျင့်ပုတ်လဲ သိလား။ သူတို့က အန်ဂျီအိုကရတဲ့ပိုက်ဆံတွေနဲ့ ချမ်းသာနေကြတာ။ အခုတော့ သူတို့ပဲ နအဖကိုလက်ဆွဲနှုတ်ဆက်ပြီး နအဖ …. နမ်းနေကြတာ။
ကျမ) ငါမသိဘူး၊ ငါအိမ်မှာ အင်တာနက်လည်း မရှိဘူး၊ အဲဒါက သူတို့အပိုင်းပဲ၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင် တယ်။ အေဘီကို အင်အားချိနဲ့အောင် လုပ်သွားတဲ့တရားခံကို ရှာမယ်ဆိုရင်တော့ ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ဗဟိုကော်မတီတွေ ထိပ်ဆုံးကပဲ။ ဒါပေမဲ့ ဒါက အဲဒီကိစ္စ မဟုတ်ဘူး။ ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ကို ချချင်လို့ပဲ ပြော ပြော အမှန်တရားကို ဖော်ထုတ်ချင်တာပဲ ပြောပြော၊ ဘာပဲပြောပြော နောက်ဆုံးတော့ အဖွဲ့ကိုလာထိမှာ လာထိမှာပဲ၊ နေ ပါအုံး ငါမေးပါအုံးမယ်။ ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်ချင်တယ်လို့ ငါပြောခဲ့တယ်ဆိုတာ မင်းယုံ လား။
နန်း) အဲဒါတွေထွက်လာတော့ ငါမင်းဆီကို ဖုန်းဆက်တာပဲ ဆက်လို့မရလို့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ကိုညီညီဆီကို အီမေးပို့ခဲ့တာရှိတယ်။ မင်းကိုတောင် ပို့ပေးလို့ရတယ် မင်းမှာအီးမေးရှိလား။ ဒါပေမဲ့ မပို့တော့ပါဘူး၊ ကျော်ခိုင်ဝင်းကိုပါ ဆွဲထည့်လာတော့ ဘိုဘိုနဲ့ ကိုညီညီလည်း ရန်ဖြစ်ကြတယ်။
ကျမ) ငါ့ကို ဘယ်လိုပြောပြော ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မြားက ဘယ်ကိုသွားနေသလဲဆိုတာ သိနေလို့ ငါတင်လိုက်တာ။
နန်း) မင်းမှန်တယ်ထင်ရင် မင်းသမိုင်းနဲ့မင်းပဲ ဆက်လုပ်။ ငါကတော့ မင်းအပေါ်မှာ ဘယ်လိုမှ သဘောမထားဘူး။ နဂို ကအတိုင်းပဲ၊ နန်းစောလည်း စိတ်မကောင်းဖြစ်နေတယ်။
ကျမ) သမိုင်းဝင်တာတွေ မ၀င်တာတွေ ငါ စိတ်မ၀င်စားဘူး။ နဂိုကတည်းက နန်းစောရော မင်းကိုရော ငါပြောခဲ့တာပဲ။ ဒီလောက်ကြီးကြီးမားမား နစ်နာဆုံးရှုံးရတဲ့ကိစ္စ ရန်သူ့သူလျှို မပါဘူးဆိုတာ ငါလက်မခံဘူးလို့။ ရက်ရက်စက်စက် လုပ်ခဲ့ တဲ့သူတွေကို ကာစရာအကြောင်းမရှိဘူး။ လုပ်သွားတဲ့ တရားခံအစစ်ကိုပဲ ငါ သိချင်နေတာ။ နန်းစောနဲ့ ဖုန်းပြောတိုင်း လည်း ရန်ဖြစ်ပြီး သူငိုတာနဲ့ပဲ အဆုံးသတ်ရလို့ ဖုန်းတောင်မဆက်ဖြစ်တာ ကြာပြီ။
နန်း) ဒါဆိုလည်းပြီးရော၊ နောက်မှ ဖုန်းပြန်ဆက်မယ်။
ရင်းမှူး သိုက်ထွန်းဦးကလည်း ဖုန်းဆက်ပြောလာတယ်၊ “ဗန်းမော်။ မြစ်ကြီးနား အနားထိပဲရောက်တာ အထဲ အထိဝင်ချ နိုင်တယ်ဆိုတာ မဟုတ်ဘူး။ ငါတို့ တပ်နဲ့ သွားမချနိုင်သေးပါဘူး၊” “ဟုတ်တယ် ရင်းမှူး ကျမ ဆိုလိုတာက တပ်နဲ့ဝင်ချ နိုင်တာကို ပြောချင်တာမဟုတ်ဘူး။ အဲဒီအချိန်က ဗန်းမော်။ မိုးညှင်း၊ မြစ်ကြီးနားအပြင် မန္တလေး၊ ရန်ကုန်အထိ လက်နက် တွေ ပစ္စည်းတွေ ပို့နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လူတွေ အဖမ်းခံခဲ့ရသလို လက်နက်တွေပစ္စည်းတွေလည်း အသိမ်းခံခဲ့ရ တယ်၊ ဒါကို ပြောချင်တာပါ၊” လို့ ပြန်ဖြေခဲ့တယ်။
နောက်တခါ ဖုန်းပြောတဲ့အချိန်မှာ “စိုးမင်းအောင်ကို ငါ့အတွက် ခွဲမှူးသက်ထွန်း ထည့်ပေးတယ်ဆိုတာ ဟုတ်တယ်။ ခင် မောင်စိုး (အင်းတော်) ကိုတော့ ကိုထွန်းအောင်ကျော် အတွက် ကိုညီညီကျော်တို့ ထည့်ပေးလိုက်တာ အဲဒါနည်းနည်း မှား နေတယ်၊” လို့ ပြန်ပြောပြခဲ့တယ်။ ကျေးဇူးပဲ ရင်းမှူးရေ။
စလုပ်တဲ့အချိန်တုန်းက ဒါတွေကို ဘယ်သူတွေ လုပ်သွားတာလဲ တရားခံရှာဖို့ အဖြစ်အပျက်အမှန်ကို ဖော်ထုတ်ဖို့၊မဟုတ် ပဲ အသတ်ခံရ အဖမ်းခံခဲ့ရတဲ့လူတွေရဲ့ ဂုဏ်သိက္ခာပြန်ဆည်ဖို့၊ (ဒါကို ကျမ လက်ခံတယ်) နောက်တော့ ရန်သူ့သူလျှို တယောက်မှ မပါဘူး အာဏာရူးပြီး ကျောင်းသားက ကျောင်းသားကိုသတ်တာ ဖြစ်သွားတယ်၊ (ဒါကို လက်မခံဘူး)
အခုကျ ရန်သူ့သူလျှိုဖြစ်တာ မဖြစ်တာက အရေးမကြီးဘူး လူ့အခွင့်ရေးချိုးဖောက်မှုက အဓိကတဲ့။ (ဒါလည်း ငြင်းစရာ မရှိဘူး။ လက်ခံတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ။) ဘယ်သူသတ်တာလဲဆိုတာလည်း သိနေတယ်။ ဘယ်သူ နှိပ်စက် တာလဲဆိုတာလည်း သိနေတယ်။ သက်သေပြစရာ ဒဏ်ရာဒဏ်ချက်တွေကလည်း အသင့်ပဲဆိုတော့ ကြိုက်တဲ့တရားရုံး ကသာ တရားစွဲ လိုက်ကြပေတော့။
ဒါမှမဟုတ်ရင်လည်း … “နင်တို့မြောက်ပိုင်းမှာ အဲဒီလောက်တောင် လူတွေကိုသတ်တာလား” လို့ တအံ့တသြ မေးခဲ့တဲ့ အပေါ် မြောက်ပိုင်းကရဲမေတဦး ဖြေလိုက်သလိုပဲ ဖြေဖို့ပဲကျန်တော့တယ်။
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)

No comments: