Monday, April 30, 2012

ဒေါက်တာလွဏ်းဆွေကNLDကိုပထမဆုံးနဲ့နောက်ဆုံး အကြိမ်မေတ္တာရပ်ခံလိုက်ပါတယ်။

“ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေ”

‘ရရင်ရ မရရင်နေ’ ဆိုတဲ့NLDရဲ့လက်သုံးမူအတိုင်း ကျမ်းကျိန်စာသားပြင်ဆင်ရေး တောင်းဆိုလို့ မရတဲ့ အဆုံး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဒီလိုပဲဖြစ်လာမယ်လို့ မျှော်လင့်ပြီးသားမို့ ထူးပြီး မအံ့သြမိပါ။
“အလျှော့ပေးတယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်” လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလျှော့ပေးတာလား၊ မရှက်တတ်တာလား၊ လေးဘက်ထောက်တာလား ကျနော့်အနေနဲ့ စိတ်မ၀င်စားရိုးအမှန်ပါ။
ဒါပေမယ့် ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ကျင့်သုံးနေတာ ဒီတကြိမ် နောက်ဆုံးဖြစ်ပါစေ လို့ မေတ္တာရပ်ခံချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ခေါင်းဆောင်တွေ မျက်နှာပူရကောင်း မှန်းမသိဘဲ အကြိမ်ကြိမ် ဆက်ကျင့်သုံးနေရင် ကြာလာတာနဲ့အမျှ ကြံ့ဖွတ်ကလည်း ဟား၊ ပြည်သူကလည်း မလေးစား ဆိုတာမျိုး ဖြစ်လာပြီး လွှတ်တော်တွင်းမှာ ရှေ့ဆက်အလုပ်လုပ်ရ သိပ်ခက်သွားမှာကို စိုးလို့ပါ။

နောက်တခုက NLD တောင်းလိုက် မရလိုက်နဲ့ အခုလို မကြာခဏ အရှက်တကွဲ အကျိုးနည်းဖြစ်နေ ရခြင်း ဟာ NLD ကို မျက်စိစုံမှိတ် တခဲနက် ထောက်ခံအားပေးတဲ့ ပြည်သူလူထုကိုပါ အရှက်ခွဲသ လို ဖြစ်ဖြစ်နေ တယ်လို့ ခံစားရလို့ပါ။

ဒါကြောင့် နောင်မှာ “ရရင်ရ မရရင်ချ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းမူအတိုင်း လုပ်နိုင်လုပ်ရဲမယ့် plan ရှိမှသာ တောင်းဆိုတဲ့အလုပ်ကို လုပ်ကြပါလို့ NLD ခေါင်းဆောင်တွေကို ပထမဆုံးနဲ့ နောက် ဆုံး အကြိမ် မေတ္တာ ရပ်ခံလိုက်ရပါတယ်။

No comments: