Saturday, April 28, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါ်ပေါက်လာပုံနှင့် ကျမ၏ အစောပိုင်းကာလ ဒိုင်ယာယီ (အပိုင်း ၂) ရိုဘီနာ

by Yeyint Kyaw on Friday, 17 February 2012 at 11:13 ·
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(မကဒတ) သေဘောဘိုး စခန်းတွင် ကျမတွေ့ ကြုံခဲ့ရသော မှတ်တမ်းဒိုင်ယာယီ ပထမပိုင်းကိုဖော်ပြ ပြီး ၊ ယခု ဒုတိယပိုင်း အတွေ့ အကြုံများကို ဆက်လက်ဝေငှလိုက်ခြင်းဖြစ်ပါသည်။
သို့ရာတွင် ကျမရေးသားသော အကြောင်းအရာများသည် (မကဒတ) ကျောင်းသား စခန်းတွင် ရှိစဉ် အညတရ ရဲမေတဦး ၏ နေ့စဉ်တွေ့ကြုံခဲ့ရသော အဖြစ်များကို ရေးသားခြင်းသာဖြစ်ပြီး ၊ သမိုင်းဟု ပြော၍တော့ မရပါ ၊ ရဲမေတဦး၏ ကိုယ်တွေ့  မှတ်တမ်းသာဖြစ်ပါသည် ။
ကျောင်းသားများထွက်လာခါစအချိန်က ၊ ကွန်ပျူတာခေတ်မဟုတ်၊ လက်နှိပ်စက်၊စာကူးစက်လည်း မ၀ယ်နိုင်၊ ကင်မရာပင် ရှါးရှါးပါးပါး အချိန်အခါဖြစ်သောကြောင့်၊ စာရွက်စာတမ်းများ ကို လက်ရေးမူ ဖြစ်သာရေးခဲ့ကြရသည်။ အချက်အလက်မှတ်တမ်း များကိုအစပိုင်းတွင် မည်သူမျှ ထိမ်းသိမ်းနိုင်ခြင်း မရှိခဲ့ပေ၊ သို့ရာတွင် (မကဒတ) ဗဟိုကော်မတီဖွဲ့ စည်း ပြီးချိန်မှစ၍ ၊ သမိုင်းမှတ်တမ်းတင်အဖွဲ့ က ၊ မှတ်တမ်းများတင်ထားကြပြီးဖြစ်ပါသည်။

၁၉၈၈ ခု နိုဝင်ဘာလ ၁ -ရက်နေ့ တွင်၊ ကျောင်းသားစခန်း ၁၃ -ခုအတွက် ကရင်အမျိုးသား နယ်မြေ ၀မ်းခ စခန်းတွင် ကျောင်းသားများ ညီလာခံကို ကျင်းပပြီး(မကဒတ) အမည်သည် ၊နိုဝင်ဘာလ ၅ -ရက်နေ့တွင် တရားဝင်ဖြစ်သွားပြီးနောက်၊ ကရင်အမျိုးသား အစည်းအရုံးမှ ကျမတို့ ကျောင်းသားများအတွက်၊ စခန်းနေရာများ ချမှတ်ပေးလိုက်ကြသည်။

ကျောင်းသားများ စခန်းတွင်းသို့ မ၀င်မှီ ယာယီ အုပ်ချုပ်ရေး ကော်မတီလေးကိုလည်း၊ ဖွဲ့ စည်းခဲ့သည်။

ထိုအချိန်က နယ်စပ်သို့ ရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များထဲတွင် ၊ ပထမဦးဆုံး ရောက် ရှိလာသော၊ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မောင်မောင်ကျော် သည် ထင်ရှား၍ နံမည်ရနေသူ တဦးဖြစ်သည်။ သူ၏ခေါင်းဆောင်မှု နှင့် အကြံပေးချက်များကို ကျောင်းသားအများစုက တသွေမတိမ်း လက် ခံနေသော အချိန်လည်ုးဖြစ် သည်။ ကျောင်းသားများက သူအား ကျောင်းသားအားလုံး၏ ခေါင်းဆောင် တဦး အဖြစ်တင်ရန် အသင့် ရှိနေကြသည်။ ကိုမိုးသီးဇွန် မှာ အပြင်သို့ ထွက်မလာသေး၊ မြန်မာပြည် အတွင်း ၌ပင်လှုပ်ရှါးနေရသောအချိန်ဖြစ်သည်။

သိုသော် မောင်မောင်ကျော်မှာလည်း ၊ ခရီးများအဆက်မပြတ်ထွက်ရပြီး၊ အလုပ်ရှုတ်နေ ရသော အချိန်ဖြစ်သောကြောင့်၊သေဘောဘိုးဈေး တွင်ကျောင်းသားများနှင့် လာရောက်တွေ့ ဆုံပြီး ခရီးပြန် ထွက် သွားရာ၊ အချိန်မှီပြန်ရောက်မလာနိုင်ခဲ့ပါ။ထို့ ကြောင့်ယာယီအုပ်ချုပ်ရေး ကော်မတီ
ရွေးချယ်သောအခါတွင် ကိုလှအောင် ( ရန်ကုန်လုပ်သားများကောလိပ် စိတ္တဗေဒ ဌာနမှဆရာ)အား စခန်း၏ အတွင်းရေးမှုးအဖြစ်ရွှေးချယ်ခဲ့ကြသည်။

ကိုလှအောင်အား အတွင်းရေးမှူးအဖြစ် ရွှေးချယ်ပြီး ၂ ရက်အတွင်း ၊ စစ်တပ်မှ ကျောင်းသားများ အတွင်း ရောနှောလွတ်ထား သူများ၏ စည်းရုံးမှုနှင့် မြန်မာပြည်သို့  အလင်းပြန်ဝင် သွားကြောင်း ကြားသိ ခဲ့ရသည်။ သူနှင့်အတူ သေဘောဘိုးစခန်း၏ ပထမဆုံး မှတ်တမ်းနှင့် စာရွက်စာတမ်း များလည်းပါ သွားခဲ့ သည်။

ထို့ကြောင့် ၁၉၈၈ ခု နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စခန်းကော်မတီ အသစ်ကို ပြန်လည်ရွှေးချယ်ခဲ့ရသည်၊ ထိုအတောအတွင်းမှာပင် ကျောင်းသားများအားလုံး စုပေါင်း၍ တောရိုင်းများကိုရှင်း ကာ နေစရာ တဲအိမ် များကို ကိုယ်တိုင်ဆောက်လုပ်ကြရသည်၊၀ါးခုတ် ၊သစ်ခုတ် ၊ သက်ကယ်ရိက်၊ ထမ်း သယ် အလုပ်များသည်၊ ကျမတို့ အမျိုးသမီးများအတွက် ၊အတော် ပင်ပန်းဆင်းရဲခဲ့ကြသည်၊ သက်ကယ်ပင်တပင်စီအား ဒါးဖြင့် ခုတ်ရင်း၊ သွေးများနီရဲနေသည့် ကျမလက်အား ကြည့်၍ မျက်ရည်ကျခဲ့ရသည်၊ ကျမကဲ့ သို့ ပင် ခေါင်း နှင့်တိုင်ဆောင့်ကာငိုနေသော ကျောင်းသားများကိုလည်းတွေ့ နေရသည်။

သေဘောဘိုးစခန်းသည် ကျောင်းသားဦးရေများသည့်အတွက် တပ်ရင်း ၃ -ရင်းထားရသည် ၊ တပ်ရင်း  ၂၀၄ ၊ ၂၀၅ ၊ ၂၀၆  တို့ ဖြစ်သည်။ နောက်ပိုင်းတွင် နယ်မြေအခြေအနေကိုကြည့်၍ တပ်ရင်း ( ၂၀၅) ကို မိုးကဲ စခန်းဘေးနားသို့ ၎င်း၊ ရင်း (၂၀၆ )ကို ဝေါ်လေသို့ ၎င်း ရွှေ့ပြောင်းခဲ့ကြသည်။

စခန်းတွင် နေစရာတဲအိမ်များဆောက်လုပ်နေစဉ်အတွင်း၊ အမေရိကန် နိုင်ငံသား တဦးဖြစ်သော   G Shate  သည် စခန်းတွင်းသို့ ရောက်လာပြီး ၊ ကယ်လီဖိုးနီးယား ကျောင်းသားများလှု ဒါန်းသောငွေဖြင့်ဆေး ၀ါး ၊စားစရာနှင့်အသုံးအဆောင်ပစ္စည်း အချို့ ပေးအပ်ပြီး၊ စခန်း လုံခြုံရေးကိစ္စ ကိုစိစဉ်ရင်း စခန်းတွင် တည်းခိုနေ ထိုင်ခဲ့သည်။

၁၉၈၈ ခု နိုဝင်ဘာ ၁၅ ရက်နေ့  ညသန်းခေါင်အချိန်တွင်၊ ကရင်အမျိုးသားအစည်းအရုံး မှ စောတယ်နက်ဆင် သည် စခန်းတွင်းသို့ ဆိုင်ကယ်ဖြင့်ရောက်လာကာ ၊ စခန်းဥက္ကဌအက်စ်အောင်လွင်အား မဲဆောက် ရှိ ဗိုလ်မှူး စိုးစိုးအိမ်သို့ ခေါ်ဆောင်သွားသည်။

အက်စ်အောင်လွင်မှာ မနက် ၄ နာရီအချိန်တွင် စခန်းသို့ ပြန်ရောက်လာပြီး၊စခန်း တခုလုံး၏ လုံခြုံရေးကိစ္စကို အရေးတကြီးဆောင်ရွက်ကြသည်။ အကြောင်းမှာ အမေရိကန်လွတ်တော်အမတ် Dana Rohrabacher စခန်း သို့ လာရောက်မည်ဆိုသောကြောင့်ပင်၊ G Shate စခန်းတွင်းကြိုတင်ရောက်နေသည်မှာ ၊ ထိုကိစ္စ အတွက် ရှေ့ပြေး လာရောက်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်လွတ်တော်အမတ် Dana Rohrabacher သည် နေ့ လည်ဘက်တွင် စခန်းသို့ ရောက်ရှိ လာပြီး ကျောင်းသားများအားနှုတ်ခွန်းဆက်စကားပြောကြား၍၊၊မြန်မာကျောင်းသားများအတွက်၊ နိုင်ငံရေး အကူအညီနှင့်အခြားလိုအပ်သောအကူအညီများကိုပေးမည်ဖြစ်ကြောင်းပြောဆိုသွားခဲ့ကြသည်။

မြန်မာစစ်တပ်မှ၊ ကျောင်းသားတဦး ပြန်ပို့ ပေးပါက ဆုငွေဘတ် ၅ ထောင်ပေးမည်ဟု စာထုတ် ထားသောကြောင့် ထိုင်း တက်ခ်(Tak) မြို့ ကအကြီးဆုံးအာဏာပိုင်တဦး သည်၊သေဘော ဘိုး ကျောင်း သားစခန်း တပ်ရင်း(၂၀၅) သို့ ရောက်လာပြီး ၊ကျောင်းသားများအား ပြန်ဝင်ရန်စည်းရုံးသည်၊ တပ်ရင်း (၂၀၅) ကျောင်းသားများက ထိုင်းအာဏာပိုင်ကို ဖမ်းကာ ၀က်ခြံထဲ (အချုပ်ထဲ)ထည့်ထားလိုက်ကြသည်။

ထို့ ကြောင့်သောင်ရင်းမြစ်တဖက်ကမ်း၌ ထိုင်းစစ်တပ်များ ၊ လက်နက်အပြည့် ဖြင့်နေရာယူ ထားကြ သည်၊လက်နက်မဲ့ကျောင်းသားများမှာ၊ မနီးမဝေးရှိ ကေအင်ယူမူဆလင် တပ်မှလက်နက်များ ကိုငှားရန်းကာ၊ ထိုင်းတပ်များမြင်သာမည့် တောင်ကုန်းများပေါ်တွင် ကိုင်ဆောင်ပြခဲ့ကြသည်။

တပ်ရင်း (၂၀၅) ကျောင်းသားများ၏အစီစဉ်မှာ ၊ထိုင်းအာဏာပိုင်ထံ၊ သဘောတူညီချက် အချို့ တောင်းဆို ကာ၊ နိုင်ငံတကာသတင်းထောက်များရှေ့၌  ၊သောင်ရင်းမြစ်ကူး တံတားပေါ် တွင် လွတ်ပေးလိုက်မည့် အစီစဉ်အား ကမ္ဘ၁သိအောင် လုပ်မည်ဟုစီစဉ်ထားခြင်းဖြစ်သည်။

သို့ သော် ရွှေးချယ်ပြီးကာစ (မကဒတ)ဗဟိုကော်မတီမှ ခေါင်းဆောင် တချို့ က မလိုလားအပ်သည့် ကိစ္စများ ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် ၊ကေအင်ယူနှင့် ညှိနှိုင်းကာ ၊ကျောင်းသား စခန်းအနောက်ပေါက် မှ ထိုင်းအာဏာပိုင်ကိုလွတ်ပေးလိုက်သည်။ တပ်ရင်း(၂၀၅) ကျောင်းသားများလည်း သူတို့ အစီစဉ်ပျက် သွားသဖြင့်(မကဒတ)ဗဟိုကော်မတီခေါင်းဆောင်များနှင့် ပြသနာအနည်းငယ်ဖြစ်ခဲ့ကြသည်။

၁၉၈၈ ခု ဒီဇင်ဘာလ ၁၄ -ရက်နေ့ တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး  Chavalit Yongchayuth  ကမြန်မာပြည်သို့ သွားပြီး၊ ဗိုလ်ချုပ်ကြီးစောမောင် နှင့်တွေ့ ဆုံရာ ၊ ဗိုလ်ချုပ်ကြီးစောမောင်က ထိုင်းရောက် မြန်မာကျောင်းသားများကို ပြန်ပို့ ပေးမည်ဆိုကမြန်မာနိုင်ငံမှ သစ်နှင့် ငါးဖမ်းလုပ် ငန်းများကိုလုပ်ခွင့်ပေးမည်ဟု ဂတိပြုလိုက်သည်။

ထို့ ကြောင့် ၁၉၈၈ ခု ဒီဇင်ဘာ ၂၁ ရက်နေ့ တွင်(Tak) လေဆိပ်တွင်ကျောင်းသားများကိုပြန်ပို့ ရန်(  repatriation Center) စခန်းကိုထိုင်းအာဏာပိုင်များကဖွင့်လှစ်လိုက်သည်။

၁၉၈၈  ခု ဒီဇင်ဘာ ၂၆ -ရက်နေ့ တွင်ပထမဦးဆုံး၊ မြန်မာကျောင်းသား အယောက်  ၈၀ -ကို ထိုင်းအာဏာပိုင်များက( repatriation Certer) စခန်းမှ မြန်မာပြည်သို့ ပြန်ပို့ လိုက်ကြပါသည်။

ရိုဘီနာ
(မူရင်း စာရေးသူ၏အာဘော်သာဖြစ်ပါကြောင်း- ကိုဝိုင်ဝိုင်ကေ)

No comments: