Thursday, April 26, 2012

ကျမ်းကျိန်စာသား ပြင်ဆင်မည့်အဆို တင်ဖို့ ကြံ့ခိုင်ရေးပါတီအား ဒီမိုပါတီကိုယ်စားလှယ်များက မေတ္တာရပ်ခံ

by Yangon Press International on Thursday, 26 April 2012 at 13:21 ·
ဧပြီ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား ပြင်ဆင်ရန် အဆို တင်သွင်းပေးရန်အတွက်  ပြည်ခိုင်ဖြိုးပါတီကို လွှတ်တော်တွင်း တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရေစီ အင်အား စုပါတီများက မေတ္တာ ရပ်ခံစာ ပို့ခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

“အဆိုကို ကျွန်တော်တို့တင်လို့ ရပါတယ် ၊ဒါပေမဲ့ ကျွန်တော်တို့ တင်တဲ့ အဆိုကို ပြည်ခိုင်ဖြိုးက မထောက်ခံ ဘူးဆိုရင် ကျွန်တော်တို့ ရှုံးမှာပဲလေ ၊အဲဒီအခါကျတော့ နှစ်ဖက်စလုံးပိုပြီးတင်း မာသွားမယ်၊ ဒါကြောင့် ပြည် ခိုင်ဖြိုး ပါတီကပဲသဘောထားကြီးစွာ နဲ့စာသားပြင်တဲ့အဆိုတင်သွင်းဖို့ ၀ိုင်းပြီးမေတ္တာရပ်ခံကြတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါမေတ္တာ ရပ်ခံစာကို ယခုလ ၂၅ ရက်နေ့တွင် ပေးပို့ခြင်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှလွဲ၍ လွှတ်တော်ရှိ တိုင်းရင်းသားပါတီများ၊ဒီမိုကရေစီအင်အားစု ပါတီများ ပြည်ခိုင်ဖြိုးပါတီကို ဧပြီလ ၃၀ ရက်နေ့တွင်အဆိုတင်ရန် အားလုံး ၀ိုင်းဝန်းမေတ္တာ ရပ်ခံကြခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ ပါတီသစ် နှင့် ဆွေးနွေးခွင့်မရရှိခဲ့ခြင်းကြောင့် အဆိုပါပါတီ မပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ အများအပြားအနိုင်ရရှိခဲ့သော်လည်း လွှတ်တော်စတင်  တက် သည့်အခါ ကျမ်းသစ္စာကျိန်ဆိုကြိမ်ရာတွင် ရွတ်ဆိုသည့် “ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်” ဆိုသည့် စကား ရပ်အစား “လေးစားလိုက်နာပါမည်” ဟူသည့်စကားရပ်ဖြင့် အစားထိုးရန် တောင်း ဆိုခဲ့ရာ အဆင်မပြေသေးသည့်အတွက်NLD ပါတီကိုယ်စားလှယ်များသည် ယခုအချိန်ထိ လွှတ်တော် တက်ရောက် ခဲ့ကြခြင်းမရှိသေးပေ။

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်သည့်အခါ ပြည်ထောင်စုလွှတ်တော်အ မတ် ၂၀ ရာခိုင်နှုန်းက အဆိုတင်သွင်းပြီးး ၇၅ ရာခိုင်နှုန်းထောက်ခံမှသာ လျှင် ပြင်ဆင်ခွင့်ရှိကြောင်း ဖော်ပြ ထားသည်။

ကြံ့ခိုင်ရေး ပါတီဘက်မှ လုပ်ဆောင်မည် မလုပ်ဆောင်မည်ကိုမူ ဒေါက်တာအေးမောင်က “အချိန်ကလည်း မရှိတော့ဘူးလေ ၊လာမည့် ၃၀ ရက်နေ့မှာ ဘန်ကီမွန်း ပြောမဲ့ မိန့်ခွန်းထဲမှာလည်း ဒီစာသားပြင်တဲ့ အကြောင်း အရာမပါဘူး၊ အဲဒီတော့ စာသားပြင်တဲ့ကိစ္စ အဆိုတင်ဖို့ မတင်ဖို့ကတော့ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိတဲ့ သူတွေ ဘယ်လိုတွေးမလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်”ဟု ပြောသည်။

NLD လွှတ်တော်ဝင်နိုင်ရေးအတက် အားလုံးက ကြိုးစားပမ်းးစားနှင့်တည်ဆောက်ထားသည့် အတွက်   ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး အားလုံးရဲ့အနာဂတ် အတွက်ပြင် ဆင်သင့်ရင် လည်း အားလုံးပြင်ပေးစေလိုကြောင်း မေတ္တာ ရပ်ခံလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်)လွှတ်တော်ကိုယ်စားလှယ်အားလုံး လွှတ်တော်ထဲ ၀င်လာရန်အတွက် မေတ္တာ ရပ်ခံစာ ကိုလည်း ဒီမိုကရေစီအင်အားစုပါတီများနှင့်တိုင်းရင်းသားပါတီများ ကလက်မှတ်ရေး ထိုးပြီး ဒေါ်အောင် ဆန်းစုကြည်ထံ ယနေ့ပေးပို့လိုက်သည်ဟု သိရှိရသည်။          ။

No comments: