Thursday, March 22, 2012

ဦးအောင်မြင့်


 ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦးပြောအပ်သောစကား
ပြီးခဲ့တဲ့ မတ်လ၁၅ရက်နေ့က ရန်ကုန်မြို့ပေါ်မှာ ထောင်ဝတ်စုံ နဲ့ ခြေကျင်းဝတ်ပြီး နိုင်ကျဉ်း လွတ်မြောက်ရေး ပါဖေါင်းမင့် လုပ်ခဲ့တဲ့ ဘိုကလေးမြို့နယ်က ဦးအောင်မြင့်ကို ရဲက ဖမ်းဆီးပြီး စိတ်ရောဂါကုဆေးရုံကိုပို့လိုက်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပထမမျိုးဆက်ပါဖေါင်းမင့် အနုပညာရှင်တဦး အနေနဲ့ အတော်စိတ်မကောင်းဖြစ်ရပါတယ်။

ဒီအဖြစ်အပျက်ကို ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ ကိုယ်တိုင် နိုင်ငံရေး ရှူထောင့် ချဉ်းကပ်ပြီးရွာသာကြီးဆေးရုံမှာ သွားရောက်တွေ့ဆုံအားပေးတာတွေ တောင်းဆိုမှုတွေ ဦးဆောင်ပြီး လုပ်နေတာလည်းတွေ့ရပါတယ်။

မတ်လ ၁၅ ရက်မတိုင်ခင် ရွှေသံစဉ်ကိုဝင်းမော် ရဲ့ ပြောကြားချက် ဗီဒီယိုတခုတက်လာပါတယ်။ အမေရိကန်စင်တာမှာ နိုင်ငံရေး အကျဉ်းသားဟောင်း မနိုဗယ်အေး တို့ဦးစီးလုပ်တဲ့ အကျဉ်းထောင်တွင်း ဖန်တီးကြတဲ့ ဂီတ အနုပညာပွဲကို ပါဖေါင်းမင့်အနုပညာတင်ဆက်မှု အနေနဲ့ တက်ရောက်လာမှာဖြစ်ပါ တယ်လို့ ပြောကြားချက်ရှိပါတယ်။ဒါဟာ မီဒီယာပေါ်ကနေတရားဝင်ကြေညာချက်အဖြစ် အကျူံးဝင် ပါတယ်။ ဒါကြောင့် ဒီပွဲကို တက်ရောက်ဘို့ ခြေကျင်းနဲ့တက်လာတာ ကိုက သူ့ရဲ့ပါဖေါင်းမင့်ရဲ့ အစိတ်အပိုင်း ကာလရော ဒေသ အတွင်းမှာပါ အကျူးံဝင်နေပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာတာက ဦးအောင်မြင့် ရဲ့ စိတ်ကူးပါ။ တကယ်တော့ ကျွန်တော်တို့ ၀န်းကျင်မှာ ထောင်ဝတ်စုံ ၀တ်ပြီး ခြေကျင်းခတ်ထားတဲ့ လူတွေကို မီးရထားဘူတာ ဆေးရုံ သဘောင်္ဆိပ် အဝေးပြေးကားဂိတ်ဆိုတဲ့ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မကြာခဏတွေ့နေရတာမို့ အထူးအဆန်းတော့မဟုတ်လှပါဘူး။ဆန်းတာက အဲလိုတွေတွေ့ရတဲ့ လူတွေဟာ ရဲ (သို့) ထောင်ဝါဒါ တွေရဲ့ထိမ်းချုပ်မှုအောက်မှာ နေရတဲ့ အကျဉ်းသားတွေဖြစ်နေပြီး ခုဦးအောင်မြင့်ကတော့ လွတ်လပ်တဲ့ နိုင်ငံသားတဦး ဖြစ်နေတာပါပဲ။ဒါပေမယ့် ဒီလို ထောင်ဝတ်စုံဝတ်ပြီး ခြေကျင်းခတ်တဲ့ လှုပ်ရှားမှုမျိုးကို ပြည်ပ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးရှေ့တွေမှာလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါကတော့ ပုံမှန်အတိုင်း ဆန္ဒပြနေရာကနေ ပိုပြီး မီဒီယာရဲ့ အာရုံစိုက်မှုကို ရအောင်လို့ ပါဖေါင့်မင့် အနုပညာ စိတ်ကူးကို ထည့်သွင်းပြီးအသုံးချတာဖြစ်ပါတယ်။ဒီလုပ်ဆောင်မှု တော့ အနုပညာအလုပ်ကို လုပ်နေတယ်လိုကပြောလို့မရပါဘူး။ အနုပညာစိတ်ကူးသွတ်သွင်ထားသော နိုင်ငံရေးလှုပ်ရှားမှုသာ ဖြစ်ပါတယ်။

ခုဦးအောင်မြင့် ကိစ္စကတော့ အနုပညာရှင် ရွှေသံစဉ်ကိုဝင်းမော်ကိုယ်တိုင် ကြိုတင်ကြေညာထား ချက်အရ နိုင်ငံရေး ရည်ရွယ်ချက်ပါသော အနုပညာ အလုပ်ဖြစ်ပါတယ်။တိတိကျကျပြောရရင် political Performance art ဖြစ်ပါတယ်။အဲဒီထဲမှာမှ Street performance art အမျိုးအစားဖြစ်နေပြန်ပါတယ်။ ခက်တာက ကျွန်တော်တို့ဆီမှာ အနုပညာ အထူးသဖြင့် ခေတ်ပြိုင်အနုပညာလောကမှာ Political ဆိုတဲ့ စာလုံးပါလာရင် လွတ်လပ်တဲ့ လွတ်ကင်းတဲ့ အနုပညာ မဟုတ်တော့ဘူးဆိုတဲ့ အယူအဆကို အနုပညာ ရှင်နဲ့အနုပညာအကဲဖြတ်တချို့ကပါ ခံယူထားကြတာပါပဲ။ကျွန်တော် နာမည်ကို ပါဖေါင့်မင့်အနုပညာ သမိုင်းကြောင်းပြောရာမှာ ထည့်သွင်းဘို့ ငြင်းဆန်နေတာမျိုးကိုလည်း တွေ့ခဲ့ဘူးပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ ပါဖေါင်းမင့် အနုပညာ သမိုင်းကြောင်းဟာ သိပ်ရှည်လှတဲ့ သမိုင်းတော့ မဟုတ်ပါဘူး။ဆယ်စုနှစ် နှစ်ခုမပြည့်သေးတဲ့ ပါဖေါင်းမင့် အနုပညာသမိုင်းကြောင်းမှာ ပါဖေါင့်မင့် အနုပညာတင်ဆက်မှု နဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ နားလည်မှု အကောက်အယူလွဲမှားမှုဟာ ဒါ ပထမ ဆုံးအကြိမ်တော့ မဟုတ်ပါဘူး။၂၀၀၀ခုနှစ် တ၀ိုက် (ကျွန်တော် အကျဉ်းထောင်ရောက် နေတဲ့ ကာလမို့ခုနှစ်လွဲချော်နိုင်)ကိုအေးကို ရဲ့ချောင်းသာကမ်းခြေက ပါဖေါင်းမင့် တခုအတွက် ရဲစခန်းမှာ ငါးနာရီလောက် စစ်ဆေးမေးမြန်းတာခံခဲ့ရဘူးပါတယ်။ ၂၀၀၅မေလ ၆ ရက်နေ့ ရန်ကုန်မြို့လယ်က ကျွန်တော်နဲ့ ပါဖေါင်းမင့် အနုပညာရှင်ချောအိသိမ်း တို့ရဲ့ Mobile Market & Mobile art gallery ဆိုတဲ့ street performance အတွက် ကျွန်တော်တို့ အနုပညာရှင် ၂ဦးတင်မက ဓါတ်ပုံမှတ်တမ်းတင်ပေးတဲ့ ဒီဇိုင်းပညာရှင်ကိုဇော်မြင့်သူ ဗီဒီယိုမှတ်တမ်းကိုဇော်လင်း ကားနဲ့လိုက်ကူညီပေးသူ ကိုဝဏ္ဏထွန်းတို့ကို ရန်ကုန်တိုင်းထောက်လှမ်းရေးမှာ ငါးရက်ကြာ ထိမ်းသိမ်းထားပြီး မေးမြန်းစုံစမ်းတာမျိုးတွေလုပ်ခဲ့ ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ပါဖေါင်းမင့်အနုပညာကို ရှမ်းပြည်နယ်ခွဲထွက်ရေး အဖွဲ့တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုလို့ နယ်ခံသတင်းပေးတွေက သတင်းပေးလိုက်လို့ အဲဒီအချိန်က ၀န်ကြီးချူပ်(ဦးသိန်းစိန်) အမိန့်နဲ့ ဖမ်းတယ်လို့ အမှုကိုစစ်တဲ့အရာရှိက ပြောပြခဲ့ဘူးတာအမှတ်ရပါတယ်။

နောက်သတိရတာတော့ ကျွန်တော် ထောင်တွင်းကရေးခဲ့တဲ့ ရုပ်ရှင်ဇတ်ညွန်း တခုကို ကိုသူရ (ကိုဇာဂနာ)ဒါရိုက်တာလုပ်ပြီး နေဆန်း ပပ၀င်းခင်တို့ ရိုက်ကြတော့ ကျွန်တော်ဇာတ်ထဲမှာ street performance တခန်းထည့်ထားပါတယ်။ ကိုသူရတို့သုံးယောက် ငှက်လှောင်အိမ်ကြီးတွေခေါင်းစွပ်ပြီး မြို့ထဲလျောက်သွားတဲ့ အခန်းကို လူထုကြား တကယ်ထွက်ရိုက်တော့ ရဲလာတားလို့ ပြသနာတက်ကြတာမှတ်မိပါတယ်။ နောက်ဇာတ်ကားပြီးတော့လည်း ကိုရွှေဆင်ဆာ အဖွဲ့က တကားလုံး ပိတ်လိုက်ပါတယ်။ဇာတ်ကားနာမည်က ယောင်ကြီးဗွေပါ။

ကျွန်တော်ပြည်ပထွက်လာပြီး နောက်ပိုင်းမျိုးဆက် အနုပညာရှင် ကိုမိုးစက်တို့လုပ်တဲ့ လှုပ်ရှားမှုတွေမှာအာဏာပိုင်နဲ့နားလည်မှုအနည်းငယ်လွဲချော်တာလေးတွေရှိတယ်ဆိုတာတွေကြားဘူးပါတယ်။ခုဖြစ်တဲ့ ပြသနာကတော့ ပါဖေါင်းမင့်အနုပညာ သမိုင်းမှာ အရုပ်အဆိုးဆုံးလွဲချော်မှုဖြစ်ပါတယ်။ ဒီနေရာမှာ ဦးအေးမြင့်ဟာ အောင်မြင့်တို့ မိုးစက်တို့ ငြိမ်းချမ်းဆု တို့ စန်းဦးတို့လို ထင်ရှားတဲ့ အနုပညာ ရှင်တဦးမဟုတ်တဲ့ အတွက် ဒါကို အနုပညာလှုပ်ရှားမှု စာရင်းထဲ ထည့်သွင်းဘို့ ငြင်းဆန်တဲ့ ခေတ်ပြိုင် အနုပညာကျွမ်းကျင်သူ မြန်မာပညာရှင်များလည်းရှိနိုင်ပါတယ်။

ပို့မော်ဒန်အနုပညာ လမ်းကြောင်းမှာ မည်သူကမဆို မည်သည့်အရာကိုမဆို မည်သည့်ကာလ တွင်မဆို မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်၍ ထိုအရာကို သူ၏ အနုပညာဟုပြောလာခဲ့ သော် ထိုအရာသည် အနုပညာပင်ဖြစ်၏ ဆိုတဲ့ကိစ္စ ကို ကျွန်တော်တို့အနုပညာနယ်ပယ်မှာ ၁၉၉၀ လွန် သရဖူမဂ္ဂဇင်းပေါ်မှာ ဆွေးနွေးငြင်းခုန်ကြပြီး ခုဆို ဒီအယူအဆဟာ ဖုန်တောင်တက်နေပါပြီ။ဒါကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းပဲဖြစ်ဖြစ်။ဗိုလ်ချူပ်ကြီးဟောင်းပဲ ဖြစ်ဖြစ် သူကတကယ် ပါဖေါင်းမင့် အနုပညာတခုကို တင်ဆက်တော့မယ် လို့ အသိပေးပြီးတင်ဆက်လာပြီဆိုရင်တော့ ကျွန်တော်တို့ဟာ အနုပညာလှုပ်ရှားမှူ အဖြစ်သဘောထားကြည့်ရပါတော့မယ်။

ကျွန်တော်အနေနဲ့ သူတို့ လုပ်မဲ့ ဂီတပွဲကို ဘိုကလေးကနေ ဦးအောင်မြင့်တက်လာပြီး ပါဖေါင်းမင့် အနုပညာတင်ဆက်မှု အနေနဲ့ပူးပေါင်းမယ်လို့ ကိုဝင်းမော် ပြောပြတဲ့ ဗီဒီယိုကလစ် အင်တာနက်ပေါ်တက်လာတဲ့ အချိန်က စိတ်ထဲမှာ ၁၉၇၈ ကနေ ၇၉ ခုအထိ နယူယောက်မြို့ မော်ဒန် အနုပညာပြထိုက်မှာ ထိုင်ဝမ်အနုပညာရှင် Tehching Hsieh ရဲ့ တနှစ်တိတိ ကိုယ့်ကိုကို အကျဉ်းချခဲ့တဲ့ ပါဖေါင်းမင့်အနုပညာ ဖြစ်ရပ်ကိုမဆီမဆိုင်သွားအမှတ်ရမိပါသေးတယ်။

Tehching Hsieh ဟာ ၈ပေ၉ပေအကျယ် အမြင့် ၁၁ပေခွဲရှိတဲ့ သစ်သားလှောင်အိမ်တခုထဲမှာ အိပ်ယာတခုကလွဲလို့ဘာတခုမှ မထားဘဲ တနှစ်တိတိ အကျဉ်းချပြီးနေခဲ့ပါတယ်။တနှစ်အတွင်းမှာ စကားမပြော စာလုံးဝမဖတ်၊ တီဗီလုံးဝ မကြည့်ဘဲ ဘာမှကိုမလုပ်ပဲ နေခဲ့ပါတယ်။သူ့အတွက် မိတ်ဆွေတယောက်က နေ့စဉ်လာပြီး စားစရာလာပေးပါတယ် အညစ်အကြေး တွေပြန်ထုတ်ပေးပြီး တနေ့ကို မှတ်တမ်းဓါတ်ပုံ တပုံရိုက်ပေးပါတယ်။တလကို တကြိမ်(သို့) နှစ်ကြိမ် မနက် ၁၁ နာရီကနေ ညနေ ၅နာရိထိ ပရိတ်သတ်ကိုလာကြည့်ခွင့်ပေးပါတယ်။

Tehching Hsieh ရဲ့ နောက်ထပ် စိတ်ဝင်စားစရာကောင်းလှတဲ့ တင်ဆက်မှုကတော့ တနှစ်တိတိ ဘယ်လို အမိုးအကာ အဆောက်အဦး ယဉ် ကား ရထား ထဲမှ မ၀င်ဘဲ တနှစ်တိတိနေတဲ့ တင်ဆက်မှု ဖြစ်ပါတယ်။၁၉၈၁ စက်တင်ဘာ၂၆ ရက်ကနေ ၁၉၈၂ စက်တင်ဘာ ၂၆ထိ သူဟာ နယူးယောက်မြို့ ၀န်းကျင်တ၀ိုက်မှာ လှည့်လည်သွားလာပြီး သူ့ကိုယ်ပိုင်အိတ်ထဲထည့်သယ်သွားလို့ရတဲ့ အိပ်ယာထဲ မှာပဲ အိပ်စက်ပြီး ဘယ်လို အမိုးအကာရဲ့အောက်ကိုမှ မ၀င်ပဲ ဘယ်လို ကား ရထား လှေ မှ မစီးဘဲ နေခဲ့ပါတယ်။

ဒီဆောင်းပါးဟာ အဓိက ဦးအောင်မြင့်ကို ဖမ်းဆီးအရေးယူ စစ်ဆေးပြီးကောက်ချက်လွဲချခဲ့တဲ့ ပုဂ္ဂိုလ် များအတွက်အထူးပြုရေးသားချက်ဖြစ်ပါတယ်။သူတို့ကို သူတို့ ရဲ့ အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ အလွန်ရင်နှီး ကျွမ်းဝင်တဲ့ တရုတ် အစိုးရကိုပဲ နမူနာယူပါဦးလို့ပြောရတော့မလိုဖြစ်နေပါတယ်။ တရုတ်ပြည်ဟာ စီးပွါးရေးတိုးတက်လာပြီးနောက်ပိုင်း အစိုးရဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချ လာတဲ့အခါ အနုပညာလွတ်လပ်ခွင့်ကို အားလုံး ကိုဖွင့်ပေးလိုက်တယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ၂၀၀၉ ခုနှစ်က လုပ်ခဲ့တဲ့ နိုင်ငံတကာပါဖေါင်းမင်ကအနုပညာပွဲတော်ဟာ ကမ္ဘာသမိုင်းမှာ အကြီးဆုံးအနု ပညာပွဲတော်ဖြစ်ခဲ့ပါတယ် အနုပညာရှင်ချည်း လေးရာကျော် တက်ရောက်တင်ဆက်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော် ဟောင်ကောင်ကို ပန်းချီပြပွဲကိစ္စနဲ့ရောက်နေစဉ်ကာလက ကြုံခဲ့တဲ့ ပါဖေါင်းမင့်လှုပ်ရှားမှုတခုကို ဖေါက်သည်ချချင်ပါတယ်။တရက်မှာ သူငယ်ချင်းဖြစ်တဲ့ ဟောင်ကောင် အခြေစိုက် ပါဖေါင်းမင့် အနုပညာရှင် Wen Yau ကပါဖေါင်းမင့်အနုပညာရှင် Samu တယောက် ဟောင်ကောင် အနုပညာပြတိုက်ရှေ့က အိုလံပစ်ပွဲတော် အထိမ်းအမှတ် မီးအလှရုပ်စုံပန်းခြံနေရာမှ ပါဖေါင်းမင့်လုပ်မယ့် အစီအစဉ်ရှိတယ် ဆိုတာနဲ့ လိုက်သွားခဲ့ပါတယ်။ခဏနေတော့ Samu ရောက်လာပြီးတော့ သစ်သားချောင်းတခုနဲ့တွဲရိုက်ထားတဲ့ စက္ကူဘုတ်ပြားကြီးပေါ်မှာ တရုတ်ဘာသာ နဲ့ စာရေးပါတယ်။ အိုလံပစ်ပွဲတော် မတိုင်ခင်မှာ တိဘက်လူမျိုးတွေကို ဖမ်းဆီးနှိပ်စက်နေတာကို ရပ်တန့်ဘို့ တောင်းဆိုထားတဲ့စာပါ။လန်ဒန်ကိုအိုလံပစ်မီးရှူးတိုင်အရောက် တိဗက်လွတ်မြောက်ရေး လှုပ်ရှားကြတဲ့ လူတွေက ဆန္ဒပြကြပြီး မီးရှူးတိုင်ကို အတင်းဝင်လုကြနဲ့ တိဗက်အရေး အရမ်းထိပ်တန်းရောက်နေတာမို့ သူ ဆိုင်းဘုတ်ထောင်ပြီး မကြာခင်မှာပဲ တရုတ်ရဲတွေရောက်လာပါတော့တယ်။နေရာက နိုင်ငံခြားသားတွေ တကယ်များတဲ့နေရာကိုး။ှSamu ဆန္ဒပြနေတာရပ်ဘို့ပြောပါတယ်.Samu က ဆန္ဒပြနေတာမဟုတ်ဘူး သူက ပါဖေါင်းမင့်အနုပညာတင်ဆက်နေတာမို့မရပ်နိုင်ဘူးဆိုပြီးငြင်းပါတယ်။

သူတို့ချင်း အခြေအတင်ဖြစ်နေတာကြည့်ပြီး ကျွန်တော်လည်း Samu ကိုအားကောင်းအောင် ၀င်ဖြည့်မှ ဖြစ်မယ်ဆိုပြီး သူ့နောက်ကိုသွားပြီး သူ့တီရှပ်နဲ့ ကျွန်တော်တီရှပ်ကို တွယ်ချိတ်တွေနဲ့ တွဲလိုက်ပြီး ရာဘာလက်အိတ်ပေါ်မှာ freedom ဆိုတဲ့စာကို ဆော့ပင်နဲ့ရေးပြီး မိုးပေါ်မော့ပြီးပါးစပ်နဲ့ လေမှုတ်ထည့်ကာ Samu နောက်ကနေတွဲရက်ကြီးလိုက်လျောက်သွားနေပါတယ်။ Wen yan ကတော့ သူ့ဗိဒီိယိုကင်မရာနဲ့ ဘေးကပါလာပါတယ်။ ရဲတွေက ဆက်သွယ်ရေးစက်နဲ့ ကျွန်တော်တို့လုပ်နေသမျှ ကို ဘေးကနေ ကပ်လိုက်ပြီး သတင်းပို့နေပါတယ်။ကျွန်တော်တို့ကလည်း မရပ်ပဲ အဲဒီကမ်းနားတလျောက် အတွဲလိုက်ကြီးလျောက်သွားနေပါတယ်။သွားရင်းက အချူပ်ကားရောက်လာပြီးထိုးရပ်ထားတာလဲ တွေ့နေရပါတယ်။

Wen Yau ကလည်းသူ့ဖုန်းနဲ့ကျွန်တော်တို့ ဒီမှာ ဖြစ်နေတဲ့အခြေအနေကို လှမ်းပြောနေတာမို့ မကြာခင်မှာ နောက်ထပ် ပါဖေါင်းမင့်အနုပညာရှင်တယောက် ထပ်ရောက်လာပါတယ်။ သူကသူ့ပါးစပ် ကို အ၀တ်နဲ့ပိတ်ဆို့ထားတဲ့ ဒီဇိုင်းမျိုးလုပ်လာပါတယ်။ပြီးတော့သူ့မှာပါလာတဲ့ကြိုးနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ခြေကျင်းဝတ်တွေကိုချည်ပြီး သူ့ခြေထောက်နဲ့ တွဲချည်ထားလိုက်တာမို့ သုံးယောက် အတွဲကြီးဖြစ်လာပြီး အဲဒီ အိုလံပစ် အလှပြမီးအိမ်တွေနားလှည့်ပတ်နေသလို ရဲတွေကလည်း ဘေးခပ်လှမ်းလှမ်းကနေ လျောက်လိုက်နေပါတယ်။အဲလိုနဲ့သွားရင်းက တရုတ်အော်ပရာ အဖွဲ့တခုက အိုလံပစ် အကြောင်း သီဆိုဖွဲ့နွဲ့တင်ဆက်နေတဲ့ဆီရောက်သွားပါတယ်။ပတ်ပတ်လည်က ပွဲကြည့်စင်အဆင့်ဆင့်မှာလည်း ပရိတ်သတ်က အပြည့်စတ်ဝင်စားမှုကလည်းအပြည့်ပါ။ Samu က မပြောမဆိုချိုးဝင်သွားတော့ကျွန်တော်တို့အတွဲကြီးက ရှေးခေတ်ဇာတ်ဝင်ခန်းဝတ်စုံတွေနဲ့ကနေကြတဲ့ သူတွေနဲ့ ပရိတ်သတ်ကြားကို အတွဲလိုက်ကြီး ၀င်သွားပြီး မြင်ကွင်းကို ပိတ်ထားသလိုဖြစ်နေပါတယ်။ ပရိတ်သတ်ကရော ကနေသူတွေပါ အူကြောင်ကြေင်တွေဖြစ်ကုန်ပါတယ်။အဲဒီအချိန်မှာတော့ ရဲတွေက ကြည့်မနေတော့ပဲ ပြေးလာပြီး ကျွန်တော်တို့ သုံးယောက်စလုံးကို ပြဇာတ်အဖွဲ့နဲ့ ဝေးရာကို ဆွဲထုတ်သွားပါတယ်။လွတ်တဲ့နေရာရောက်တော့ ပြန်လွတ်ပေးထားပါတယ်။ ဆက်သွယ်ရေးစက်နဲ့ တော့ တောက်လျောက်သတင်းပို့နေပါတယ်။စုစုပေါင်း ၃ နာရီလောက်ကြာပြီးတဲ့ နောက်တော့ ကျွန်တော်တို့ တင်ဆက်မှုကို ရပ်လိုက်ပါတယ်။ နောက်ဆုံးပစ္စည်းတွေသိမ်းပြီး ပြန်လှည့် ဆိပ်ကမ်းဘက် သွားပြီး ဖယ်ရီသဘောင်္ပေါ်တက်သွားတဲ့ အထိ ရဲက လိုက်စောင့်ကြည့်ပြီးကျန်ရစ်ခဲ့ပါတယ်။

အဲဒါ တရုတ်ရဲတွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ Street performance တခုကို ကိုင်တွယ်ပုံ ဖြစ်ပါတယ်။အာရှရော ဥရောပ နိုင်ငံတွေမှာ လူထုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တဦးချင်း တခါတရံ ပါဖေါင်းမင့်အနုပညာတင်ဆက်ကြတဲ့အခါ များသောအားဖြင့် လွတ်လွတ်လပ်လပ်ပဲ တင်ဆက်လို့ရတာ တွေ့ရပါတယ်။တခါတလေ တင်ဆက်သူရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ကူးမျိုးကြောင့် ပြသနာဖြစ်ရတာမျိုးတော့ ရှိတတ်ပါတယ်။ဥပမာ လူထုနဲ့သက်ဆိုင်တဲ့နေရာမျိုးမှာ အ၀တ်အစားအားလုံးချွတ်ပြီး လုပ်တာမျိုး မွတ်စလင်နိုင်ငံတွေက လူထုနဲ့ဆိုင်တဲ့နေရာမျိုးမှာ ၀က်သားစားပြတာမျိုး အရက်သောက်ပြတဲ့ ပြကွက် စသည်ဖြင့် ။ အများအားဖြင့် လွတ်လွတ်လပ်လပ် ပဲ ဘယ်သူ့ခွင့်ပြုချက်ကိုမှ တောင်းစရာမလိုပဲ( တခါတရံ သက်ဆိုင်ရာ ကြို အသိပေးထားပြီး)လုပ်ခွင့်ရှိကြပါတယ်။ အနုပညာရှင်ဟာ ပတ်ဝန်းကျင်က လမ်းသွား လမ်းလာကို အသံ နဲ့ သို့ အမူအယာနဲ့ အနှောက်အယှက် မပြုတာမျိုးဆိုရင် လုပ်ခွင့် ရှိကြပါတယ်။ ရှိရပါမယ်။

ခုဦးအောင်မြင့်ကိုရဲက ဖမ်းဆီးပြီး ရွာသာကြီးစိတ်ဝေဒနာကုဆေးရုံကို ပို့လိုက်တဲ့ ကိစ္စဟာ ခုလိုနိုင်ငံရေးပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ အနုပညာလွတ်လပ်ခွင့် ရှုထောင့် ကကြည့်တဲ့အခါ တော်တော် အရုပ်ဆိုးလှပါတယ်။ အထူးသဖြင့် တာဝန်ရှိတဲ့သူများဟာ ပါဖေါင်းမင့် အနုပညာရဲ့ သဘောသဘာဝကို နားမလည် သဘောမပေါက်သေးတာကို ၀မ်းနည်းဖွယ်တွေ့ရှိရပါတယ်။ဒီဖြစ်ရပ်ဟာ ပါဖေါင်းမင့် အနုပညာ စိတ်ကူးသစ်တွေကို ဖန်တီးချင်ကြတဲ့ မျိုးဆက်သစ် လူငယ်အနုပညာရှင်များရဲ့ အနုပညာဥာဏ်ကို ပိတ်ဆို့လိုက်သလို ဖြစ်စေပါတယ်။ အစောပိုင်းနှစ်ကာလများက လိုင်စင်မဲ့အမဲသားခိုးပေါ် သလို အချင်းချင်းလက်ကုတ်ခေါ်ပြီး ပါဖေါင်းမင့် လုပ်ကြရမဲ့ ခေတ်တော့ကုန်ခဲ့ပြီလို့ ကျွန်တော်မကြာခင်က ရန်ကုန်ရောက်စဉ် လုပ်ခဲ့တဲ့ ပါဖေါင်းမင့် ၂ပွဲ အပြီးမှာ မှတ်ချက်ပြီး အတော်ပဲ ကျေနပ်ခဲ့မိပါတယ်။ အခုတော့ အဲဒါ တကယ်မဟုတ်ပါလားလို့ ယူဆရတော့မလိုလိုတောင်ဖြစ်လာပါတယ်။

လွတ်လပ်စွာ အနုပညာဖန်တီးခွင့် ဟာ အထူးသဖြင့် အစအစ တပြေးညီဖွံဖြိုးမှုဆီ ဦးတည်နေတဲ့ ခုလိုကာလမျိုးမှာ ကျွန်တော်တို့ နှလုံးသားများ နူးညံ့ရေးအတွက် မရှိမဖြစ်လိုအပ်လှပါတယ်။ဒါကြောင့် ပါဖေါင့်မင့် အနုပညာရှင်တဦးအနေနဲ့ အနုပညာလွတ်လပ်ခွင့် ရှုထောင့်ကနေ ဒီဆောင်းပါးကိုရေးသား ရခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ပါဖေါင့်မင့် အနုပညာရဲ့ အခြားအနုပညာများနဲ့သိသာကွဲပြားတဲ့ အချက်ကတော့ ပါဖေါင်းမင့် အနုပညာရှင်ဟာ သူ့ အနုပညာရဲ့ တင်ဆက်ချိန် တင်ဆက်တဲ့နေရာ တင်ဆက်မှု အစီအစဉ် တင်ဆက်မှုပုံစံ အားလုံးကို အချိန်မရွေး ပြောင်းလို့ရနေသလို သူ့ရဲ့ အနုပညာတင်ဆက်မှုထဲကို ဘယ်အနု ပညာတင်ဆက်လိုသူက မဆို အလွယ်တကူပေါင်းစပ်ပါဝင်လို့ရနေတဲ့သဘာဝရှိပါတယ်။ တခြားအနုပညာ ပုံစံတွေကို ပိတ်ဆို့လို့လွယ်နိုင် ပေမယ့် ပါဖေါင်းမင့် အနုပညာပုံစံမှာ တော့ချွင်းချက်လို့ပြောရပါမယ်။

ဒီနေရာမှာအကြောင်းစပ်လာတဲ့အတွက်Tehching Hsieh ရဲ့ ၁၉၈၅ ကနေ ၁၉၈၆ ထိ တနှစ်တိတိအချိန်ကြာတင်ဆက်ခဲ့တဲ့(No Art Piece)ဆိုတဲ့ ပါဖေါင့်မင့် အကြောင်းပြောချင်ပါတယ်။TH ဟာ တနှစ်တိတိ ပန်းချီ ကဗျာ သီချင်း ဓါတ်ပုံ ဘာအနုပညာကိုမှ မလုပ်ပဲ။ အနုပညာအကြောင်းလုံးဝ မပြောပဲ။အနုပညာအကြောင်းပါတဲ့စာမဖတ်ပဲ။ဘယ် အနုပညာပြတိုက်ပြခန်းကို မှ မသွားပဲ တနှစ်တိတိ နေမယ်ဆို ကြေညာပြီး တကယ်လည်းနေပြသွားတယ်ဆိုတာပါပဲ။

ဒါကြောင့် ဦးအောင်မြင့်ကို ဖမ်းဆီးစစ်ဆေးပြီး ရွာသာကြီးကို ပို့လိုက်တဲ့သူတွေက ထင်ကောင်းထင်ပါလိမ့်မယ် ငါတို့ သူ့ကို အနုပညာလုပ်လို့မရအောင်တားလိုက်ပြီလို့။တကယ်တော့ ဦးအောင်မြင့် တင်ဆက်မှုက ပုံစံနောက်တမျိုးနဲ့ ချိုးပြီးဆက်သွားနေပါတယ်။ဘာလို့လဲဆိုတော့ အနုပညာတင်ဆက်သူက သူ့အနုပညာတင်ဆက်မှု ပြီးသွားပြီလို့ ခုထိ သူကိုယ်တိုင် (သို့)မဟုတ် သူ့ကိုယ်စားတဦးဦးက မကြေညာသေးလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ရှစ်လေးလုံးမျိုးဆက်ကိုကိုကြီး တို့ ရွာသာကြီးဆေးရုံမှာ သွားတွေ့ပြီး အားပေးကြတာဟာ ဖေ့ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ဓါတ်ပုံတွေနဲ့ တက်လာနေတာ မှတ်ချက်တွေ ဆက်သွားနေတာတွေဟာ ဦးအောင်မြင့်တင်ဆက်ခဲ့အနုပညာပြကွက်ရဲ့ အစိတ်အပိုင်းတွေအဖြစ်ဆက်ပြီး ဖြစ်ပေါ်နေတာ လို့ကျွန်တော်ကယူဆပါတယ်။ ဒါကြောင့် ဒီနေရာထိ ကျွန်တော်ရေးသားခဲ့တဲ့ အရေးအသား ကိုလည်း ဘိုကလေးဦးအောင်မြင့်ရဲ့ အနပညာတင်ဆက်မှုရဲ့ အစိတ်အပိုင်း အဖြစ် စာရှုသူကို တခါတည်း အသိပေး လိုက်ပါတယ်။

အခြားပါဖေါင်းမင့် အနုပညာရှင်များကိုရော စာရှူသူကိုပါ ဘိုကလေးဦးအောင်မြင့် ဗဟိုပြု စတင်ထားပြီး ရဲအရာရှိတွေ စိတ်ကုဆရာဝန်ကြီးတွေ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်တွေ ပုံစံမျိုးစုံ ပူးပေါင်းပါဝင်တင်ဆက်ထားတဲ့ အဆုံးမသတ်သေးတဲ့ အနုပညာစက်ဝန်းထဲမှာ တစုံတရာပါဝင်ပတ်သက် ၀င်ရောက်ဖန်တီး လို့ရနေတဲ့အကြောင်း အသိပေး မောင်းခတ်လိုက်ပါတယ်။

မှတ်ချက်။ ။အဆုံးသတ်မှာ မောင်းခတ်လိုက်တယ် ဆိုသည့်အဓိပါယ်ကို လက်ခမောင်းခတ်လိုက်သည်ဟုယူဆပေးပါရန်။
ပါဖေါင်းမင့်သမားထိန်လင်း 


ကောင်းကင်  မှကူးယူဖော်ပြသည်။

No comments: