Sunday, March 18, 2012

ဦးစိန်ရဲ့ သမီးပြောပြတဲ့ ဦးစိန်အကြောင်း

1992 မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ ရသော သူများထဲမှလူတစ်ယောက်၏မိသားစုဘဝ

ကျွန်မဖေဖေ၏ သေဆုံးမှုတွင် ရက်စက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသော သူများသည်လည်း မိဘ၊ မိသားစုဘ၀ မျှော်လင့်ချက်၊ အနာဂတ်ဘ၀ဆိုတာ ရှိကြမှာပင်။ သို့သော် လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ ဖေဖေအပါအ၀င် လူပေါင်းများစွာ၏အသက်၊ မိသားစုဘ၀၊  အနာ ဂတ်ပေါင်း များစွာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပါသော လူတစ်စုသည် အမှန်တကယ် ရှိခဲ့ပါတယ်။ ထိုလူတစ်စု၏ လုပ်ကြံစွပ်စွဲမှုကို ခံခဲ့ရသော အမှန်တကယ်နစ်နာသူ များစွာထဲက တစ်ဦးဖြစ်သည့် ကျွန်မဖေဖေ၏ဘ၀ အကြောင်းကို ပြောပြလိုပါတယ်။

ဖေဖေဦးစိန်ကို 1944 ခု မတ်လ 28 ရက်နေ့မှာ ပဲခူးတိုင်း စစ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ ဦးသန်း၊ ဒေါ်စောညွန့်တို့၏ သားသမီး (၆)  ယောက်တွင် အငယ်ဆုံးသားပါ။ ကျွန်မ အဖွား မေမေကြီး ဒေါ်စောညွန့် ကျွန်မကို ပြောခဲ့သော စကားတစ်ခွန်း ရှိပါတယ်။ "ငါ အချစ်ဆုံးနဲ့ အမုန်းဆုံး က တစ်ယောက်တည်း" ဟုပါ။ ထိုသူမှာ ဖေဖေဦးစိန်ပဲ ဖြစ်ခဲ့ပါတယ်။ ပညာတတ်ရှားပါးသော လယ်သမား မိသားစုဘ၀ အတွင်းမှ ဥာဏ်ပညာ ထက်မြက်သော ခေတ်ပညာတတ် သားငယ်ကို ရန်ကုန်မြို့ကြီးမှာ တင့်တောင့်တင့်တယ် နေစေလိုခဲ့သည်မှာ မေမေကြီး၏ ဆန္ဒပင်ဖြစ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်း သားဘ၀မှ စ၍ ယုံကြည်ရာလုပ်ရင်း အမေ၊ ဇနီးမယား၊ သားသမီးများကို ထားခဲ့ပြီး  ထွက်သွားရာ မှ နောက် ဆုံးပြန်မဆုံနိုင်ခဲ့ခြင်းအတွက် ၀မ်းနည်းဒေါသမှန်း ကျွန်မ နားလည်ခဲ့ပါတယ်။
ဖေဖေငယ်စဉ်ကအ.ထ.က(စစ်ကွင်း)တွင်ပညာသင်ယူခဲ့ပါတယ်။ထိုခေတ်ပညာရေးစနစ်အရ ဥာဏ်အ လွန်ကောင်းသော ဖေဖေသညန၀မတန်း နှင့်တက္ကသိုလ်ဝင်တန်း ကို တစ်နှစ်တည်းဖြင့် ဖြေ ဆိုအောင်မြင် ခဲ့ပြီး 1960တွင် တက္ကသိုလ် ပ ညာရေး ကိုစတင်သင်ကြားခွင်ရခဲ့ပါတယ်။ တက္ကသိုလ် တက်ရောက် ပြီး ဇူလိုင် ၇ အရေးတော်ပုံ မှအစပြု ကာ ဖေဖေသည် သူယုံကြည် ရာလမ်းကို လျှောက် ခဲ့သူ ဖြစ်ပါတယ်။
1963-64တွင်လသာမြို့နယ်တွင်းရှိကျောင်းတစ်ခုတွင်ကျောင်းဆရာ လုပ်နေရာမှ စက္ကူစက် ပညာတော်သင်လျှောက်ရာ ရွေးချယ်ခံရပြီး 1965 မှ 67 အတွင်း တရုတ်ပြည်တွင် ၂ နှစ်ကြာ စက္ကူစက် ပညာတော်သင် သွားရောက်ခဲ့ပါတယ်။ ပညာတော်သင်မှ ပြန်ရောက်လာပြီး ပထမဦးစွာ လမ်းနီလေး သုတေသနရုံး၊ ထို့နောက် စစ်တောင်း စက္ကူစက်တွင် လက်ထောက်ဖိုမင် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ 1967 တွင် ကျွန်မ မေမေ ဒေါ်ကျင်အေးနှင့် အိမ်ထောင်ပြုခဲ့ပါတယ်။ ကျွန်မဖေဖေ ဟာ ယောက္ခမ ချစ်အောင် နေ တတ် ခဲ့သော  သမက်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ၏ ကြီးတော် (မေမေ့အစ်မ) က အခုချိန်ထိ စကားစပ်မိ တိုင်း ပြောတတ်ပါတယ်။ "မောင်စိန့်ကို   အမေ(မေမေ့အမေ)က ကိုသိန်းထွန်း (ကျွန်မကြီးတော်၏ယောက်ျား) ထက် ပိုချစ်တယ်။ အမေ့ရွာ (ဝေါမြို့နယ်အတွင်းက မေမေတို့ဇာတိ ရွာပါ) ကို သွားလည်ရင်  လိုက်သွားပြီး ငါးတွေမျှား၊ အမျိုးတွေအိမ် လျှောက်သွား။ အမေချက်ကြွေးတာတွေ ကို ကောင်းလိုက်တာဆိုပြီး  တော့စား၊ အမေ သဘောကျအောင်နေတတ်တယ်။" ဟု ပြောလေ့ရှိပါတယ်။
ကျွန်မဖေဖေက သားသမီးတွေပေါ်မှာလည်း ရည်ရွယ်ချက် ကြီးမားသော အဖေမျိုးပါ။ သမီး ဦးဖြစ်သောကျွန်မ အစ်မကို တရုတ်   အမျိုးသမီး ချောအိမန်ကို အားကျ၍ ငယ်စဉ် က ချောအိမန် ဟု ခေါ်ခဲ့ပြီး ကျောင်းနာမည်ကို စာရေးဆရာမ ခင်မာသစ်ကို သဘောကျ၍  ခင်မာသစ်ဟု ပေးခဲ့ပါတယ်။ သားသမီး (၅) ယောက်စလုံးကို ခေတ်ပညာတတ် ထူးထူးချွန်ချွန်တွေ ဖြစ်စေချင်ခဲ့တယ်။ နယ်တွင် တွဲဖက်ကျောင်းဆရာ လုပ်နေစဉ် အိမ်ကိုစာရေးတိုင်း ကျွန်မတို့ မောင်နှမတတွေ၏ ပညာရေးအတွက် အမြဲလှမ်း၍ ဆုံးမတတ်ပါတယ်။ ထို့ကြောင့်ပင် ဖေဖေထွက်သွားစဉ်က (၄) နှစ်အရွယ် အငယ်ဆုံး ညီမလေး အပါအ၀င် မောင်နှစ်မ (၅)ယောက် စလုံးကို ကျွန်မ မေမေသည် ဆင်းရဲဒုက္ခပေါင်းများစွာခံကာ ပညာဖြင့် ရပ် တည်နိုင်သော ဘ၀မျိုးရောက်အောင် မေမေ ကြိုးစားခဲ့ပါတယ်။ ဖေဖေမရှိဘဲ ဖေဖေကိုယ်စား သားသမီးများ ကို ကြိုးစား ထူထောင်ပေးခဲ့ရသော မေမေ့ ဆင်းရဲဒုက္ခများက အလွန်များခဲ့ပါတယ်။
ဖေဖေသည် စစ်တောင်စက္ကူစက်တွင် တာဝန်ထမ်းဆောင်နေရာမှ 1970 တွင် အတွင်းဝန်ရုံး ပတ်လည်တွင် စက္ကူစက်အလုပ်သမားများ ဆန္ဒပြမှုဖြင့် အလုပ်ပြုတ်ခဲ့ပါတယ်။
ထို့နောက် ဒလသင်္ဘောကျင်းတွင် ဘွဲ့ရ အလုပ်သင်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ 1976 တွင် မီးမောင်း စာစောင် ထုတ်ဝေမှု၊ မှိုင်းရာပြည့် အရေးတော်ပုံ လှုပ်ရှားမှုများအတွက် ပေါင်းပြီး ထောင်ဒဏ် (18)နှစ် ကျခံခဲ့ ရပါတယ်။ သို့သော် 1980 တွင် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီး စစ်ကွင်းမြို့ တွင် မေမေကြီးနှင့် အတူ လယ်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။
သို့သော် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်စေချင်သော ဖေဖေ၏ တွဲဖက် သူငယ်ချင်း များ၊ နိုင်ငံရေးလှုပ်ရှားဖက်များ၏ တိုက်တွန်းမှု ကြောင့်ဖေဖေသည်  1982 တွင် ရန်ကုန်မြို့တွင် ပြန်လည်နေ ထိုင်ခဲ့ပါတယ်။
1986-87 တွင် ဇလွန်မြို့နယ် တွဲဖက် အ.ထ.က (ကော့ကပ်)၊ 1988 တွင် မြောင်းမြမြို့နယ် တွဲဖက် အ.ထ.က (မြင်းကားဆိပ်)တွင် ကျောင်းဆရာလုပ်ခဲ့ပါတယ်။ ဖေဖေနှင့်အတူ ကျောင်းဆရာ လုပ်ခဲ့ ဘူးသော ဖေဖေ့သူငယ်ချင်းများက ကျွန်မတို့အိမ်ရောက်တိုင်းကိုစိန်စာသင်တုန်းကလေဟုအစချီ ကာ   ဖေဖေနှင့်  စာသင်ခန်း အတွေ့ အကြုံများကို ကျွန်မတို့ကို ဖောက်သည်ချတတ်ပါတယ်။
ဖေဖေ အိမ်က စတင် ထွက်သွားသည့် 1989 ဇူလိုင် 14 ရက် နေ့မှာ ကျွန်မတို့ မိသားစုတွေ အတွက် မှတ်မှတ်ရရပါ။ ကျွန်မမွေးနေ့  လည်းဖြစ်သလို လပြည့်ဟုခေါ်သော ၀ါဆိုလပြည့်နေ့တွင် မွေးသည့် ကျွန်မမောင် မွေးနေ့ နှစ်ခု တိုက်ခဲ့လို့ပါ။ မေမေသည် ကျွန်မတို့  မောင်နှစ်မ မွေးနေ့အတွက် မုန့်ဖက်ထုပ်များ လုပ်ပြီး အိမ်နီးနားချင်းများကို ဝေခဲ့ပါတယ်။ ကျွန်မတို့က မေမေ နှင့် ဖေဖေ အတွက်ဟုဆိုကာ မုန့်ဖက်ထုပ် အကြီးကြီး ၂ ခု လုပ်ထားခဲ့ပါတယ်။ မေမေ့အတွက်ကို မေမေကစားခဲ့ပြီး၊ အပြင်ထွက်သွားသော ဖေဖေ့ အတွက်မုန့်ကိုဘုရားစင်တွင်တင်ထားပြီးသိမ်းထားခဲ့ပါတယ်။ညရောက်သည့်တိုင်ပြန်မလာခဲ့သော ဖေဖေ့ အတွက် အိပ်ရာခင်းပြီး ကျွန်မစောင်နေခဲ့ ပေမယ့် ထိုညမှစ၍ ဖေဖေပြန်မလာခဲ့သည်မှာ ယနေ့တိုင်ပါ။
1992 ဇူလိုင်တွင် ဖေဖေဆုံးပြီဆိုသည့် သတင်းကြားသည့်တိုင် ကျွန်မတို့ အတွက်တော့ မယုံကြည်နိုင်ခဲ့၊ လက်မခံနိုင်ခဲ့ပါ။ ဒါတောင် အဲဒီအချိန် ကျွန်မတို့သိခဲ့သော ဖေဖေသေဆုံးပုံသည် ယခုသိ ရသော အဖြစ်မှန်ကဲ့သို့ အလွန်ဆိုးရွားသော ခြေအနေမှန်း ကျွန်မတို့မိသား စု မသိခဲ့ရပါ။ ခရီးထွက်သွားသော ဖခင်အပြန်ကို စောင့်မျှော်နေသည့် မိသားစုတွေလိုပဲ ကျွန်မတို့သည် ဖေဖေများ ပြန်လာမလား။ ဆက် သွယ်လာမလား။ ဘယ်တော့လောက် ဖုန်းဆက်မလဲ ဆိုတာမျိုးသည် ပြန်မလာနိုင်မှန်း သိခဲ့ရသည့် ယခုအချိန်ထိလည်း ရှိနေဆဲပါ။
ကျွန်မတို့ မောင်နှမတွေမှ မေမေ့ကို အနိုင်ရချင်လျှင် "မေမေ ... ဖေဖေက နောက်အိမ်ထောင်ပြုပြီး ဇာတ်မြှုပ်နေတာနော်။ မေမေ ဘာသိလို့လဲ" ဟု နောက်တတ်သလို၊ မေမေမှလည်း ကျွန်မတို့ တတွေကို အနိုင်ရချင်လျှင် "နင်တို့ အဖေတူ အမေကွဲ မောင်နှမတွေ ပေါ်လာအုံးမယ်နော်" ဟု အနှစ် ၂၀ ကျော် ကြာခဲ့ပေမယ့် ပြန်လာနိုး မျှော်တတ်ခဲ့သော ကျွန်မတို့ မိသားစုအတွေးသည် မဖြစ်နိုင်မှန်း သေချာနေသည့် ယခုအချိန်မှာတော့ စကားအဖြစ် ကျန်နေခဲ့ပါတယ်။
ကျွန်မ၏ အစ်မ နှင့် ညီမ (၂)ယောက် အိမ်ထောင်ကျပြီး သားလေးတွေ မွေးထားရာ ထိုကလေးတွေ၏ အမူအကျင့်၊ စရိုက်လက္ခဏာ သည် ဖေဖေနှင့် တစ်ချို့အချက်တွေ တူတတ်ရာ တစ်ခါတစ်ရံ ဖေဖေ ၀င်စားတာလား ဆိုကာ ကလေးတွေကို ကိုစိန်လေးလား မေးမိသည်မှာလည်း ကျွန်မတို့ မိသားစု အလုပ် တစ်ခုပါ။ သူတို့တွေမှာလည်း သူတို့သားတွေထဲမှ တစ်ယောက်ယောက်သည် ဖေဖေ၀င်စားတာ အဖြစ် ဂုဏ်ယူချင်ကြသည်။ ကျွန်မတို့ မိသားစုမှာ ဖေဖေ၏ သေဆုံးမှုကို သိပေမယ့်စိတ်ထဲက လက်မခံနိုင်ခဲ့ကြပါ။
မည်ကဲ့သိုသော လူအမျိုးအစားဖြစ်ပါစေ ထိုသူကို ချစ်ခင်တွယ်တာသော မိဘ၊ ညီအစ်ကိုမောင်နှစ်မ၊ သားသမီး၊ သူငယ်ချင်းမိတ်ဆွေ ဆိုတာ ရှိစမြဲပါ။ နောက်ဆုံး တိရိစ္ဆာန်များတွင်ပင် တစ်ကောင်နှင့်တစ်ကောင် တွယ်တာစိတ်ဆိုတာ ရှိကြပေသည်။ သို့သော် ဖေဖေအပါ အ၀င် ကျောင်သားများကို ရက်ရက်စက်စက် သတ်ခဲ့ကြသော ပြစ်မှုကို ကျူးလွန်ခဲ့ကြသော လူတစ်စုသည် မိသားစုဘ၀ဆိုတာ နားမလည် လူစိတ်ကင်း မဲ့ စွာဖြင့် အမှားကြီးကို ကျူးလွန်ရဲခဲ့ကြပေသည်။

စိန်စိန်သူ
၁၈ မတ်လ ၂၀၁၂

Sein Sein Thu facebook မှကူးယူဖော်ပြသည်။

No comments: