Thursday, March 15, 2012

ထောင်ကလွတ်လာတဲ့တူရိယာတွေ



ကိုဝင်းမော်နဲ့ အင်တာဗျူး


Uploaded by on Mar 15, 2012
ထောင်ထဲမှာ ဖန်တီးထားတဲ့ တူရိယာတွေနဲ့ တေးသီချင်းတွေကို ပြန်လည် တီးခတ် ဖျော်ဖြေကြမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အနုပညာပြပွဲတခုကို ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ညနေ ၄း၃၀ နာရီ အချိန်ကနေ စတင်ပြီး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ကြသည့် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကျင်းပပြုလုပ်ဖို့ ရည်စူးထားပေမဲ့ ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာမှ ကျင်းပပြုလုပ်ဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအတွင်း အကျဉ်းထောင်ထဲ ရောက်ရှိသွားကြတဲ့ သူတွေရဲ့ အနုပညာတွေ ထောင်ထဲမှာ ဘယ်လိုရှင်သန်ခဲ့ကြသလဲ ဆိုတာကို ပြချင်တာ၊ ဂီတ တခုတည်းတင် မဟုတ်ဘဲ ပန်းချီ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ လက်မှု (hand made) ပစ္စည်းတွေကိုပါ ပြသချင်တာ ဖြစ်တယ်လို့ ရွှေသံစဉ်တေးဂီတမှူး ကိုဝင်းမော် က ဆိုပါတယ်။ အဓိက ကတော့ လူကို ထောင်ချလိုက်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အနုပညာကတော့ ရှင်သန်နေဆဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဒီပွဲလေးနဲ့ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပွဲလေးမှာ တေးသီချင်း ၈ ပုဒ် တီးခတ်ဖျော်ဖြေမှာဖြစ်ပြီး တခြား ပါဖော်မန့်တွေလဲ ပါဝင်မှာပါ။ အကျဉ်းထောင်တွင်း ရေးစပ်ခဲ့တဲ့ သီချင်းတွေ၊ အကျဉ်းထောင်တွင်းက ရရှိတဲ့ ပုလင်းကွဲစလေးတွေ၊ ပလတ်စတစ်ဗူးတွေနဲ့ ဂစ်တာလေး တလက်ဖြစ်လာအောင် အများကြီး အားစိုက်ပြုလုပ်ခဲ့တဲ့ တူရိယာပစ္စည်းတွေနဲ့ အကျဉ်းထောင်တွင်းမှာပဲ တေးသီချင်းတွေကို စပ်ဆိုခဲ့ကြပြီး အခု အပြင်မှာလဲ အဲ့ဒီအတိုင်းပဲ သီဆိုဖျော်ဖြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်စင်တာမှာ လက်ရှိကျောင်း တက်နေကြတဲ့ လူငယ်တွေ ဖြစ်တဲ့ ကိုမျိုးအောင်ထွေး၊ မနိုဘယ်လ်အေးတို့က ဦးစီးပြီး ကျင်းပပြု လုပ်တာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး နေအိမ်မှာ သီချင်းတွေ တိုက်ကြပြီး တေးဂီတပိုင်းကိုတော့ ဂီတမှူး ကိုဝင်းမော်က တာဝန်ယူမှာဖြစ်ပါတယ်။ အဲ့ဒီပွဲလေးအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ဆန္ဒပြနေဆဲဖြစ်တဲ့ ဘိုကလေး က ကိုမြင့်အောင်ကလဲ အကျဉ်းသားဝတ်စုံကို သံခြေကျဉ်း ဝတ်ပြီး တက်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments: