Sunday, February 12, 2012

ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့ (မန်းကိုကို)

(စာရေးသူမန်းကိုကို က ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့။ ကျောင်းသားတပ်မတော်မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုခုတ်လိုက်တဲ့ဓားချက်ကိုလား၊ကျော်ဝေ..ဓမ္မစစ်ကျောင်းသားကွလို့ ကြွေးကြော်ရင်း အသေခံသွားတဲ့ကိုကျော်ဝေကိုခုတ်လိုက်တဲ့ဓားချက်လား၊ သေခါနီးအချိန်တောင်ရီနေနိုင်ခဲ့တဲ့  မင်းတို့  ကြိုက်တဲ့လက်နက်နဲ့ သတ်လို့  သတ္တိပြောင်တဲ့ ကိုမောင်မောင်ကြွယ်ကိုခုတ်လိုက်တဲ့ဓားချက် ကိုလား။......ဘယ်သူ့ ကိုခုတ်လိုက်တဲ့ဓားချက်ကို လက်ဝင်မလျှိုစေချင်တာလဲ ကတော့ စာရေးသူ မန်းကိုကိုပဲသိနိုင်မှာပါ။ အောက်က မန်းကိုကို ရဲ့ တစ်ကွေ့ ကြုံ AB  ဆောင်းပါး ကို ဖတ်ရှုဆင်ခြင်ကြပါကုန်)

တစ်ကွေ့ကြုံ AB

ရှေ့မှာ အခြားဋ္ဌာန အဆောက်ဦတွေလို မမြင်သာအောင် အုတ်နံရံနဲ့ကာထားတဲ့ တစ်ထပ်တိုက်
ထောက်လှမ်းရေးရုံးဟာ ကျနော့်ကို ကြိုနေတယ် ။ အတော်ခိုင်ခံ့မယ့် တစ်ဖောင်ကျော် ဂိတ်တံခါး
ကို လူတစ်ယောက် လာဖွင့်ပေးတယ် ။ မြန်မာပြည်မှာ နာမည်အကျော်ကြားဆုံး အဖွဲ့စည်းကြီးရဲ့
စည်းဝိုင်းထဲကို ဝင်ရောက်လာခဲ့ရပြီ ။ အလည်တော့မဟုတ် ၊ ရှေ့မှာ အဖွဲ့စည်းကို ကိုယ်စားပြုသူ
တစ်ယောက် ၊ နောက်မှာတော့ မောင်းပြန်သေနတ်ကိုင်အစောင့် ရဲ-ဒုတပ်ကြပ်တစ်ယောက်က
ညှပ်ပြီး လျှောက်လာကြတယ် ။

ဘယ်ဖက်မှာ တစ်ထပ်ခွဲမြင့်တယ်လို့ဆိုရမယ့် ပင်မရုံး ၊ ဒါပေမယ့် ကိုယ့်အတွက်တော့ လေ့လာ
ခွင့်က မသာ ။ ညာဖက်က ရှေ့မှာထရံကာထားတဲ့ အဆောက်ဦငယ်တစ်ခုရဲ့ အဖီအောက်ကို ဦး
ဆောင်သူ သွားတဲ့အတိုင်း လိုက်ခဲ့ရတယ် ။ အဲဒီဘေးက ခုံပတ်ပတ်လည် ကပ်ရိုက်ထားတဲ့ ကုက္ကို
ပင်နားမှာတော့ ခပ်ယို့ယို့လေး ထိုင်နေတဲ့ လူနှစ်ယောက်သုံးယောက်နဲ့ ရပ်နေတဲ့လူတချို့ကို အရင်
တွေ့မိတယ် ။

အဆောက်ဦရဲ့ အဖီထဲ စဝင်တာနဲ့ စားပွဲတစ်လုံးရှိတယ် ။ စားပွဲရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ခေါက်
ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီးတဲ့နောက် လုံခြုံရေးအတွက်လိုက်လာတဲ့ ရဲ-ဒုတပ်ကြပ် ပြန်ထွက်
သွားတယ် ။ မထိုင်ခင်မှာ ခေါက်ကုလားထိုင်ရဲ့ နောက်ဖက် ၆-၇ ပေ အကွာမှာ ကြိုးတုပ်ထားတဲ့
လူတစ်ယောက် ဒူးထောက်လျက်အနေထားနဲ့ တွေ့လိုက်ရတယ် ။ အသက် ၃၀ လောက်နဲ့ ဆံပင်
ပုံစံက ကတုံးတုံးပြီး ပြန်ပေါက်လာကာစ တစ်လက်မလောက် အရှည်မျိုးနဲ့ပါ ။

မကြာခင် ခုနက ကိုယ့်ကို ဦးဆောင်ခေါ်လာတဲ့သူက လူကို သူ့လက်ခုပ်ထဲက သနားစရာ သတ္တ
ဝါတစ်ကောင်လိုလို ၊ သူကိုယ်တိုင်ကတော့ အာဏာ လုပ်ပိုင်ခွင့်တွေနဲ့ပြည့်ဝတဲ့ အောင်နိုင်သူကြီး
လိုလိုတွေအပါဝင် အဓိပ္ပါယ်အများကြီးပါတဲ့ မျက်နှာပေးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး မာရသွန်
မေးခွန်းတွေ စတင်ပါတော့တယ် ။

အဲဒီအချိန်မှာ နောက်နားက အသံတွေက မကြားချင်လည်း ကြားနေရပြန်တယ် ။

“ဟေ့ကောင် မင်းတို့အဖွဲ့က လာမယ်ဆိုတာ တို့သိထားပြီးသား .. မင်းနဲ့ပါတဲ့ကောင်တွေ ဘယ်
မှာလဲ .. မင်း ဘာမှလိမ်ဖို့ ကြိုးစားမနေနဲ့တော့ ..” ဆိုတာတွေကစပြီး အော်ငေါက် ဆဲဆို မေးမြန်း
သံတွေ ၊

“ဆရာကြီးရယ် ကျနော် ဘာမှမသိပါဘူးဗျာ” ဆိုတဲ့ တိုးလျိုးတဲ့ ငိုညည်းသံလို ပြန်ပြောနေတာတွေ ၊

“ဖေါင်း .. ဖုန်း .. ဘုန်း ... အား ... တကယ်မသိလို့ပါ ဆရာကြီးတို့ရယ်” ဆိုတဲ့ အတိုင်ဖေါက်သံ
တွေဟာလည်း ဆက်တိုက်ဆိုသလို ကြားနေရပါတယ် ။

အာရုံက နောက်ဆီကိုရောက်လို့မှ မကြာခင် ..
“နောက်ကို လုံးဝလှည့်ကြည့်မယ် မစဉ်းစားနဲ့နော် .. ခုမေးတာတွေကို ကောင်းကောင်းမဖြေရင်
သူ့လိုပဲဖြစ်သွားမယ်” စသည်ဖြင့် ခြိမ်းခြောက်စကားတွေကို နာခံရပြန်တယ် ။

ဒီလိုနဲ့ပဲ ၊ မိနစ်က နာရီ ၊ နာရီကနေ တစ်နေ့ ၊ ပြီးတော့ တစ်ည ၊ ပြီးတော့ ...

ဒီလို ဖမ်းဆီးနှိပ်စက်ခံနေခဲ့ရသူဟာ ဘယ်သူလဲ ..
ကျနော် မသိပါ ၊ ကနေ့ပြန်တွေ့ရင်လည်း မှတ်မိကောင်းမှ မှတ်မိပါလိမ့်မယ် ။
ဒါပေမယ့် ကျနော်သိတာ တချို့တော့ရှိပါတယ် ။
ပထမတစ်ချက်က ၊ သူဟာ ABSDF ကျောင်းသားတပ်ဖွဲ့ဝင်တစ်ယောက်ပါ ။

ကျနော် အဲဒီမှာရှိခဲ့တဲ့ နှစ်ရက်နဲ့တစ်ညလုံး သူဟာ ...

... နောက်ပြန်ကြိုးတုပ် ၊ ဒူးထောက်အနေထားနဲ့ နေနေရပါတယ် ။
... ရာဘာပိုက်ပျော့အပါဝင် ခြေ လက် နည်းမျိုးစုံနဲ့ နေ့ရောညပါ မအိပ်မနေ အလှည့်ကျရိုက်နှက်
ထိုးကြိတ်စစ်ဆေးတာကို ခံနေခဲ့ရပါတယ် ။
... အစာရေစာကတော့ ဝေလာဝေးပါ ။
... တစ်ကြိမ်မှာ ယာယီတွဲဘက်အဖြစ် စခန်းကိုခေါ်ထားတဲ့ တပ်ကြပ်ကြီးတစ်ယောက်က စိတ်မ
ရှည်တော့လို့ လည်ပင်းထညှစ်တယ်လို့လည်း စကားသံတွေအရ သိရပါတယ် ။ မျက်ဖြူလန်တဲ့အထိ
အညှစ်ခံရတာပါ ။

  ဒါတွေဟာ ကျနော် လက်လှမ်းမီသမျှ တစ်စိတ်တစ်ပိုင်းလေးပါ ။ အခြား ဘာနှိပ်စက်နည်းတွေနဲ့
ဘယ်လောက်ကြာကြာ ဆက်ခံနေရမလဲဆိုတာ နတ် သိကြားနဲ့ ဘုရားတို့သာ သိပါလိမ့်မယ် ။
တော်လှန်သူတစ်ယောက်ရဲ့ ပေးဆပ်ရမှုနဲ့ သူ့ရဲ့ ဘဝနိဂုံးအစလည်း ဖြစ်ကောင်းဖြစ်ပါမယ် ။

   သူလိုလူတွေ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး ၊ ဆယ်ကဏန်း ရာကဏန်း ဘယ်လောက်ရှိမယ်
ဆိုတာ ထောက်လှမ်းရေးတွေကိုယ်တိုင်တောင် စာရင်းအင်းတွေ ရှိလိမ့်မယ်လို့ မထင်ပါ ။ ဒါပေမယ့်
သွေးနဲ့ရေးထားခဲ့တဲ့ လူမသိ သူမသိသမိုင်းတွေ ၊ ဖိနှိပ်မှုယန္တယားကြီးထဲ ကွေပျက်စတေးခဲ့ရတဲ့ မျက်
ရည်နဲ့ ဘဝတွေဟာလည်း နည်းလှတာတော့ မဟုတ်ပါဘူး ။

   ABSDF ဟာ ဘက်စုံ ပြည့်စုံကုံလုံတဲ့ အဖွဲ့မဟုတ်တာတော့ သေချာပါတယ် ။ ဒါပေမယ့် တပ်ဖွဲ့ဝင်
တွေရဲ့ စွန့်လွတ်မှု ၊ စွန့်စားမှု ၊ အနစ်နာခံမှု ၊ တည်ဆောက်ခဲ့မှုတွေကို အလေးထားပြီး ဖေါ်ထုတ်ဂုဏ်
ပြုဖို့နဲ့ အသိမှတ်ပြုဖို့တွေ မရှိသင့်ဘူးလား ။ ဘယ်သူတွေများ ကြိုးပမ်းခဲ့ကြသလဲ ။

အဖွဲ့ စတင်တည်ထောင်ခဲ့တဲ့ အနှစ် ၂၀ ကျော်လာတဲ့ အချိန်မှာတော့ -
အဖွဲ့ကို သိက္ခာအရ ၊ စိတ်ဓါတ်အရ ၊ ကဏ္ဍအတော်များများမှာ တစ်စစီ ချိုးဖဲ့ချေဖျက်ဖို့ ညီညာလှ
တဲ့ ခြေလှမ်းအချို့ကို  တွေ့နေရပါပြီ ။ ဒီခြေလှမ်းတွေကို အဖွဲ့ရဲ့ ပြင်ပကသာမကပဲ အတွင်းကနေပါ
တက်ညီလက်ညီနဲ့ အားကြိုးမာန်တက် ဖြစ်နေကြတာကိုတွေ့ရလို့ အံ့လည်း သြမိပါတယ် ။ စိတ်မ
ကောင်းလည်း ဖြစ်ရပါတယ် ။

ကျနော်ဟာ AB မဟုတ်သလို ၊ ပတ်လည်း မပတ်သက်ပါဘူး ။
ဒါပေမယ့် လူတစ်ချို့ရဲ့ အမှားတွေကြောင့် ရာထောင်ချီတဲ့တစ်ဖွဲ့လုံးကို လုံးလုံးလျားလျား တိုက်
ခိုက်ချိုးဖဲ့တာကတော့ မသင့်လှဖူးလို့ ထင်ပါတယ် ။ ရိုးသားမှု မရှိသလို ခံစားရတယ် ။ အချို့လူတွေ
ရဲ့ လုပ်ရပ်တွေ ဟာ “ငါးတစ်ကောင်ကိုဖမ်း ၊ ခေါင်းခုတ်ဖြတ်ပြီး .. ကဲ ကိုယ်လုံးရေ .. နင်ကတော့
ဆိုင်လို့ ပြန်လွှတ်ပေးပါတယ်” ဆိုတာ မျိုးလည်း ဖြစ်နေပါ့မယ်ဆိုတာ သတိပေးချင်ပါတယ် ။

ဒီနေရာမှာ ၊ ဟာ .. ဒီလောက် ကြီးမားလှတဲ့ အမှားကြီးတွေကို ခင်ဗျားက မျက်ကွယ်ပြုတာလား ၊
သူခိုး ဓါးရိုးကမ်းတာလား ၊ ကိုယ်ချင်းစာစိတ် မရှိဖူးလား ၊ အမှန်တရားကို တကယ်မြတ်နိုးရင် ဒါကို
လုပ်ကိုလုပ်ရမယ် .. စသည်ဖြင့် ပြောလာနိုင်သူတွေလည်း ရှိမှာပါ ။ ကျနော်လည်း ခံစားချက်ရှိတဲ့
လူသားတစ်ယောက်ပါ ၊ မတရားမှုကို ပျော်မွေ့သူတစ်ယောက်လည်း မဟုတ်ပါဘူး ၊ ဒါပေမယ့် ...

တစ်ဖက်ကို ဖေါ့ပြီး ၊ အခြားတစ်ဖက်ကို ဖိထောင်းတာမျိုးကို ဆင်ခြင်ဖို့ လိုပါတယ် ။ ကိုယ့်ဘဝတ
တွေကို အမှုန့်ချေဖို့ ကြိုးစားနေခဲ့သူတွေနဲ့ လက်ဆွဲနှုတ်ဆက်နိုင်ပေမယ့် ၊ အချင်းချင်းကျတော့ အ
တုံ့အလှည့်နဲ့ ပေးဆပ်မှုတွေရှိမှ တရားမယ် လက်ခံနိုင်မယ် ဆိုတာမျိုးတွေဟာ သဘာဝမကျပါဘူး ၊
သံသယဖြစ်စရာလည်း ကောင်းပါတယ် ။ အဆရာထောင်ချီတဲ့ ဆိုးရွားပြီး အော့နှလုံးနာစရာအမှုတွဲ
တွေနဲ့ လူတွေကိုကို (မထိရဲတာလားတော့ မသိ) မျက်ကွယ်ပြုပြီး (အလွယ်တကူ ပြောလို့ရနိုင်သူ
တွေကိုတော့ နိုင်ငံတကာခုံရုံးအထိ တင်မယ်ဆိုတဲ့) မြေနိမ့်ရာ လှံစိုက်တာမျိုးကို ဘယ်လိုလူတွေက
ဘယ်လိုစိတ်ထားနဲ့ လုပ်ကြမလဲ ၊ အဖြေက သိပ်မဝေးလှဘူးလို့ ထင်ပါတယ် ။

ကျနော့်အနေနဲ့ကတော့ များများနဲ့ ရှည်ရှည်ဝေးဝေး ထပ်ပြောစရာ မရှိလှပါ ။
"မျက်စိတစ်ဆုံးကြည့်ပါ"လို့ပဲ အဓိက ပြောချင်ပါတယ် ။
ထပ်ဆင့်ပြီးတော့ ပြောစေချင်သေးရင်တော့ .. "ရိုးသားပါ ၊ ဒါးခုတ်ရာ လက်ဝင်မရှိုပါနဲ့" လို့လည်း
ပြောချင်ပါတယ် ။

ဝံပုလွေအလုပ် ဝံပုလွေတွေ လုပ်ပါစေ ၊
မြေခွေးတွေအလုပ် မြေခွေးတွေ လုပ်ပါစေ ၊
ကိုယ့်ကိုယ်ကို သိုးကလေးလို့ ခံယူထားရင်တော့ ၊ “သိုးအူသံ”တွေ မလုပ်မိကြဘို့ အကြံပေးချင်
ပါတယ် ။

ဟုတ်ကဲ့ ၊ ကျနော်ဟာ ခင်ဗျားအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ် ။
ဒါပေမယ့် ပြောစရာရှိလာတာကိုတော့ ပြောရမှာပါပဲ ။

ပြောသင့်တာကို ပြောခဲ့လို့ ၊ ဆုံးရှူံးနစ်နာခဲ့ရတာတွေ ရှိခဲ့ပါတယ် ။
ဒါပေမယ့် ၊ အများအကျိုးရှိမယ်လို့ ယုံကြည်တာမို့ ၊ ဒီလမ်းကို ဆက်လျှောက်သွားဦးမှာပါ ။
ထပ်ဆင့်ပြီး ပြောပါရစေ ၊ အများအတွက်ပါ


မန်းကိုကို
၁၃ ၊ ၀၂ ၊ ၂၀၁၂
မန်းကိုကို  မှကူးယူဖော်ပြသည်။

5 comments:

လင်္ကာ said...

AnonymousFeb 12, 2012 06:44 PM

ကျွန်မက မြောက်ပိုင်းဖြစ်ရပ်တွေကို သတင်းတွေမှာ ဖတ်ရတော့မှ သိခဲ့ရတဲ့ သာမန်အိမ်ရှင်မတစ်ဦးပါ။ မန်းကိုကိုရဲ့ဘလော့ကိုလဲ အခုမှသိပြီး ဖတ်ကြည့်မိတာပါ။ ကျွန်မကတော့ သာမန်ပြည်သူတဦးအနေနဲ့ပဲ သိတော့ သိသလောက်ခံစားမှုလေးနဲ့ ပြောချင်ပါတယ်။ မတရားသေသွားခဲ့တဲ့ သူတို့ရဲ့ ဂုန်သိပ်ခါ (ပါတ်ဆင့်မရိုက်တတ်လို့ ခွင့်လွတ်ပါ)အတွက် ဒီလိုမျိုးအဖော်ထုတ်မခံသင့်ဘူးလား။ သိချင်ပါတယ်။ အခုက ပြည်သူတွေကို လိမ်လို့မရတော့ပါဘူး။ တချို့က လူတစုနဲ့ တဖွဲ့လုံးကို မကွဲဘူးဆိုပေမယ့် အများစုကတော့ သေချာခွဲခြားနိုင်စွမ်းရှိပါတယ်။ ကျွန်မ မန်းကိုကို ကို မေးချင်တာတခုရှိပါတယ်။ ABSDF ကိုပြိုကွဲမှာစိုးလို့ မတရားသေခဲ့တဲ့သူတွေ အကြောင်းကို နှုတ်ပိတ်ထား ရတာ့မှာလား။ အခုဖော်ထုတ်နေကြတာတွေကလဲ လူတစုကိုအကြောင်းပဲ ဖော်ထုတ်ထားတာပါ။ ဘယ်သူကမှ ABSDF ကိုဖျက်သိမ်းဖို့ ပြောမနေကြပါဘူး။ အားလုံးဟာ ဒီလိုမျိုးအဖွဲ့ကို ထိခိုက်မှာစိုးလို့ အနှစ်(၂၀)တောင် စောင့်နေခဲ့ကြရတာ မဟုတ်လား။ တကယ်တမ်း ABSDF မှာတိုက်ပွဲဝင်ခဲ့တဲ့ ABSDF ကကျောင်းသား စစ်စစ်တွေကတောင် အခုမှအဖြစ်မှန်သိခဲ့တဲ့အခါ နာကျင်၊ ယူကျုံးမရ ဖြစ်ပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ (ဥပမာ ဘလော့ဂါ မငယ်နိုင်)။ ဒါပေမယ့် မန်းကိုကိုလိုတော့ မရေးဖူးကြဘူး။ ကျွန်မလို ဘာမှမဆိုင်တဲ့သူတောင် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တမ်းခံခဲ့ရတဲ့ သူတွေရဲ့ မိဘတွေဆို ဘယ်လောက်တောင် စိတ်ထိခိုက်ကြမလဲ။ သားသမီးချင်း မိဘချင်းကိုယ်ချင်းစာပါလို့ပဲ ပြောချင်ပါတယ်ရှင့်။

seinnmyanaddy said...

အသင်းအဖွဲ့ကအသင်းအဖွဲ့သပ်သပ်ပါပဲ။ လူသတ်မှုကလူသတ်မှုပါပဲ။ အခုဟာက လူသတ်တရားခံဖြစ်တဲ့ လူကိုဖော်ထုတ်နေတာဆိုတော့ အသင်းအနေနဲ့ဘာမှဖြစ်စရာမလိုပါဘူး။ ဆက်လက်လုပ်ဆောင်ကြပါ။

Thu said...

မန်းကိုကို is nothing, just begging the comments to his blog with different views indirectly.
And his week writing style confuse what he wants and peoples are not interested.

စစ်မုန်းသူ said...

ဘယ်လိုအကြောင်းချက်လက်တွေ ဒီအချိန်မှာဖြစ်ပျက် ၊ ရှိနေစေဦးတော့ တချိန်က ( တိုင်းပြည်အတွက် ) အသက်ပေးသွားတဲ့ ၊ မဟုတ်မခံဘဲ အသတ်ခံခဲ့ရတဲ့ အမျိုးသားကောင်း ၊ သမီးကောင်းများအတွက် သမိုင်းမှန် ကျန်ရစ်စေရန် ၊ နောင်လာနောင်သား ကျောင်းသားမျိုးဆက်များ သင်ခန်းစာယူတတ်ရန် မိမိ၏ ကိုယ်ချင်းစာတရားတို့နှင့် အညီ ဤစပ်ဆုပ်ဖွယ် ဖြစ်ရပ်အား အော့နှလုံးနာစွာ အဖြစ်မှန်ပေါပေါ်က်သည် အထိ အားပေးဖတ်ရှုနေပါမည် ။

လင်္ကာ said...

လင်္ကာFeb 14, 2012 01:49 PM

ဒီလိုလုပ်ဗျာ။ မန်းကိုကို ကဘယ်လိုဖြစ်စေချင်တာလဲ။ တချက်ပြောကြည့်။ နားထောင်ကြည့်ချင်ပါတယ်။
ဒီကိစ္စကို ခင်ဗျားဘယ်လို ကိုင်တွယ်ချင်သလဲပေါ့။ အဲဒါရှင်းရှင်းလင်းလင်းသိချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ က တော်လှန်ရေးလုပ်ဖို့ ထွက်သွားပြီး ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေအပေါ် ခင်ဗျားဘယ်လိုသဘောထားတယ်။ သတ်ခဲ့တဲ့သူတွေအပေါ်ခင်ဗျားဘယ်လိုသဘောထားတယ်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်... စသဖြင့်ပေါ့။ အခု ဒီဆောင်းပါးကတော့ ဗလုံးပထွေးနဲ့  မရှင်းလင်းလှဘူး။ ကျနော့် အထင်တော့ ခင်ဗျားမှာ အတွေးအခေါ်အရကို သိပ်မရှင်းလင်းလှဘူးလို့ ယူဆ တာပဲ။(ဒီစာကိုဖတ်ပြီးခင်ဗျားကိုလှမ်းမြင်ရတဲ့စာဖတ်ပရိသတ်တယောက်ရဲ့ အမြင်ပါ။)

Reply
Replies

မန်းကိုကိုFeb 14, 2012 04:09 PM

လင်္ကာရဲ့ လက်ဝှေ့ထိုးသလို ထောင့်ထဲပိတ်ထိုးချင်တဲ့ အထာကို သဘောပေါက်ပါတယ် ။ ဒါပေမယ့် လင်္ကာ သိပ်သိချင်နေတာတွေကို ဖြေလို့ရသလောက် ဖြေပေးပါ့မယ် ။

- ကိုမောင်မောင်ဝမ်းလိုလူက သူ့မှာ တာဝန်မကင်းဖူးလို့ ယုံကြည်တယ် ၊ ဒီတော့ ဖေါ်ထုတ်ဖို့ သူလုပ်ပါတယ် ။
- လင်္ကာက ဒီကိစ္စ မတရားဖူးလို့ ယုံကြည်တယ် ၊ ဒီတော့ ဖေါ်ထုတ်ဖို့နဲ့ ဖြေရှင်းဖို့ အားပေးတယ် ။
- ကျနော်က ဘေးကနေ လူတွေရဲ့ စိတ်ခံစားမှုကို လူအချို့က သူတို့လိုချင်တဲ့ဖက်ကို ဆွဲယူသုံးစွဲနိုင်တာနဲ့ ချဲ့ကားနေတာကို မြင်တယ် ၊ ဒီတော့ လူတွေရဲ့ စိတ်ခံစားမှု ရေယာဉ်ကြောရှေ့မှာ ကြမ်းတုံးလေးတစ်တုံးခံပြီး လှုပ်နှိုးလိုက်တယ် ။ အတော်များများကတော့ နိုးမလာပဲ အိပ်မှုံစုံမွားနဲ့ ဒေါသထွက်ကြတယ် ၊ ဒါပါပဲ ။

အားလုံးဟာ ကိုယ်ယုံကြည်တာနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာပါပဲ ။ ဘာမှ အမှားမမြင်မိပါဘူး ။
ခု လင်္ကာက တစ်ဆင့်တက်ပြီး ထောင့်ပိတ်ဖို့ ကြိုးစားတယ် ၊ ကိုယ့်ဖဲ ချမပြပဲ သူများဆီမှာ ဝှက်ဖဲရှိမလားဆိုပြီး ချပြခိုင်းတယ် ။ ကျနော့်မှာ ဝှက်ဖဲ မရှိပါဘူး ၊ ဒါပေမယ့် လူလုံးမပြပဲ မှောင်ထဲကနေပြီး ဘယ်လိုပစ်သွင်းသွင်း ရေပက်မဝင်အောင် ခုခံလို့ ရတယ်ဆိုတာ သိစေချင်ပါတယ် ။ စကားလုံးတိုင်းလိုလိုအတွက် အဖြေရှိပေမယ့် ၊ ဖြေဖို့လိုတယ်ထင်မှ ဖတ်သူအကျိုးရှိလို့ ဖြေသင့်တယ်ယုံကြည်မှ ဖြေတတ်တယ်ဆိုတာ အသိပေးချင်ပါတယ် ။ ဒါပေမင့် နံရံထိုးမိတာကို အရှိုက်တော့ ထိသွားပြီကွလို့ ထင်နေတာမျိုးကိုတော့ ဘာမှ မတတ်နိုင်ပါ ။

မတရားလုပ်ခံရ ၊ နှိပ်စက်ခံရ ၊ သတ်ဖြတ်ခံရသူတွေ အားလုံးအတွက် စိတ်မကောင်းသလို ၊ လုပ်ကိုင်ပေးလို့ ရတာတွေရှိရင် တတ်စွမ်းသလောက် ကူညီသွားမှာပါ ။ အဲဒီလိုလူတွေဟာ နေရာအနှံ့မှာ ရှိပါတယ် ၊ တစ်စိတ်တစ်ပိုင်းကို http://thawthikho.blogspot.com.au/ မှာ flash player နဲ့ ပြထားပါတယ် ။

တိုက်ရိုက်နဲ့ သွယ်ဝိုက် တာဝန်ရှိသူတွေဟာလည်း တာဝန်ခံသူ ၊ ခေါင်းရှောင်သူတွေအပေါ် မူတည်ပြီး အခွင့်အခါ ရှိတဲ့အခါမှာ ဖြေရှင်းရမှာပါ ။ တစ်ခုပဲ အရေးကြီးတာက ဖြေရှင်းပုံ ဖြေရှင်းနည်းပါ ။ domestic လား international လား ၊ coded law သုံးမလား common law သုံးမလား ၊ prosecution လုပ်မလား healing နဲ့ reconciliation လုပ်မလား စသည်ဖြင့်ပေါ့ ။ ဒါပြင် ပါရမီမရှိတဲ့ ကျနော့်အနေနဲ့ ကိုယ်တိုင် လုပ်ဖို့ ဖြစ်လာမယ်ဆိုရင်လည်း သင်ညာကို အခြေခံတဲ့ pest analysis, swot analysis တွေသုံးပြီး strategy နဲ့ plan and goal တွေကို ချမှတ် လုပ်သွားမှာပါ ။ ဒါပေမယ့် လုပ်နေတဲ့သူတွေကို မမေးပဲ ကျနော့်ရဲ့ battle plan ကို ချပြပါ ဆိုရင်တော့လည်း ခက်ပါတယ် ။

ခုထိ လင်္ကရဲ့ မေးခွန်းတွေအတွက် ကြေနပ်လောက်တဲ့ အဖြေမပါသေးဘူး ၊ ဗလုံးဗထွေး လုပ်နေသေးတယ်လို့ ပြောချင်ပြောနိုင်ပါတယ် ။ အဆုံးသတ် ကျနော်ပေးချင်တဲ့ အကြံကတော့ "လင်္ကာသောက်နေတဲ့ ပင်လယ်ရေကို မျက်နှာ လွဲလိုက်ပါ" လို့သာ ...

Reply

လင်္ကာFeb 14, 2012 05:25 PM

လက်ဝှေ့ မထိုးတတ်ဘူး။
ဖဲမရိုက်တတ်ဘူး။
အင်္ဂလိပ်စာလည်း သိပ်မတတ်ဘူး။
အထူးသဖြင့် မန်းကိုကိုရေးထားတဲ့ domestic၊ international လား ၊ coded law common law ၊ prosecution ၊ healing ၊ reconciliation ၊ pest analysis, swot analysis strategy ၊plan and goal ၊battle plan
တော်တော်မရင်းနှီးတဲ့စကားလုံးအစိမ်းတွေပါ။
ဘာပဲဖြစ်ဖြစ်စာပြန်တာကျေးဇူးဗျို့ ။