Friday, February 10, 2012

ပြောပြကြပါ..နှလုံးသားချင်းနီးစပ်နေကြသူချင်းမျှဝေခံစားပါမယ် (နွယ်နီထွန်း)

ဒီလပိုင်းအဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန်နဲ့ များများပြောင်းလဲနေတာ အားရစရာအားတက်စရာတွေချည်းပဲ ကိုယ်တော့ ကြိုက်တယ်လို့  သူငယ်ချင်းတယောက်က မြန်မာပြည်နဲ့ ပါတ်သတ်တဲ့ အပြောင်းအလဲတွေ အကြောင်းဆွေးနွေးနေရင်း မှတ်ချက်ပေးပါတယ်.. ပြီးတော့ အေဘီမြောက်ပိုင်းကိစ္စတဲ့ စကားစလာပါတယ်.. ဟုတ်ပါတယ် ဘယ်နေရာသွားသွား ဘာဘဲပြောပြော သူငယ်ချင်းတွေနဲ့  စကားဖွဲ့ မိတိုင်း ဒီကိစ္စ.. စိတ်မချမ်းမြေ့စရာကိစ္စပါ.. ယူကြုံးမရစရာ ကိစ္စပါ.. ကြေကွဲစရာကိစ္စပါ..

ဒီအဖြစ်အပျက်တွေက မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့တာ.. ကျောင်းသားတွေ အသတ်ခံရတယ်ဆိုတာပဲ သိခဲ့တာ.. ဘယ်သူဘယ်ဝါဆိုတာ သိခဲ့တာမဟုတ်.. သိအောင်လဲမစုံစမ်းဖြစ်ခဲ့.. စုံစမ်းဖို့  ဆိုတာကလဲ..သာမန်ရဲမေတယောက်အနေနဲ့ လွယ်တဲ့အခြေအနေမဟုတ်.. ဆက်သွယ်ရေးကလဲမကောင်း.. ကိုယ်တွေစခန်းမှာကလဲ ကိုယ်တွေအခြေအနေနဲ့ ကိုယ် ရုတ်ရုတ်သဲသဲ.. စခန်းကလဲ ရန်သူ စစ်ထိုးလို့ ဆုတ်ပေးခဲ့ရတော့.. အချို့ က ဒုက္ခသည်စခန်းတွေမှာ အချို့ ကတော့ စစ်စခန်းတွေမှာ..အဲဒီသတင်းကြားတော့ အေဘီက နှစ်ခြမ်းကွဲပြီးနေပြီ.. ပြီးတော့ ကြားနေတဲ့ ရဲဘော်တွေကလဲ ကိုယ့်ရပ်တည်ရေးအတွက် ရုန်းကန်မှုကိုယ်စီနဲ့ .. ကဲဘယ်မှာလဲ..အေဘီရဲ့ သာမာန် ရဲဘော်ရဲမေတွေအနေနဲ့  ဒီကိစ္စတွေ စုံစမ်းသိရှိဘို့ .. ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုအခြေအနေအဖြစ်မှန်တွေကို သိနိုင်ဖို့ မပြောနဲ့ .. အေဘီမှာ တပ်ရင်း ဘယ်နှစ်ရင်းရှိတယ်ဆိုတာတောင် သိနိုင်ဖို့  အခြေအနေရှိခဲ့တာမဟုတ်..

တောထဲမှာနေတုန်းက မှတ်မှတ်ယယ မင်းသမီးစခန်းက ရဲမေတွေနဲ့  စာအဆက်အသွယ်တခါလုပ်ခဲ့ဘူးတယ်..ဒါတောင် ဗဟိုကော်မတီတွေ လူကြုံရှိတာနဲ့ .. အဲဒီတုန်းကစာလေးတစ်စောင်နဲ့  အဆက်အသွယ်လုပ်ခဲ့ဖူးတာ ဒီနေ့ အထိ မင်းသမီးစခန်းကရဲမေတွေနဲ့  ဆက်ဆံရေးက ညီအမတွေလို နွေးထွေးနေတာ.. စိတ်ထဲမှာဘယ်လိုကြည်နူးမိမှန်းမသိဘူး..ဟုတ်တယ် ကျမတို့  ကတော်လှန်ရေးညီအမတွေ သူတို့ အားလုံးကို ချစ်တယ်..အဲဒီလိုဘဲ.. ဒီမိုကရေစီနဲ့  လူ့  အခွင့်အရေးအတွက်တိုက်ပွဲဝင်နေတဲ့သူအားလုံးကိုချစ်တယ်..၈၈ကိုချစ်တယ်..၈၈ကမွေး ဖွားလာတဲ့ သမိုင်းရဲ့လိုအပ်ချက်ကြောင့်မွေးဖွားလာတဲ့ မကဒတကိုချစ်တယ် အေဘီကိုချစ်တယ်.. ဟုတ်တယ် သူတို့ အားလုံးကိုသိပ်ချစ်တယ်..

ကျမတို့ တတွေ ပထ၀ီအနေအထားအရ အနေဝေးကွာကြပေမဲ့.. နှလုံးသားချင်းနီးနေကြတာ.. ယုံကြည်ချက်တွေတူတယ်..စွန့် လွှတ် အနစ်နာခံမှုတွေတူတယ်.. အမှန်တရားကိုမြတ်နိုးတာချင်း..အာဏာရှင်ကိုတော်လှန်ကြတာချင်း..အကုန်တူတယ်..
တောင်ပိုင်း အေဘီနဲ့ မြောက်ပိုင်းအေဘီ.. ညီအကိုမောင်နှမတွေပါပဲ.. အခုမြောက်ပိုင်း အေဘီက အကိုအမတွေရဲ့ အဖြစ်ဆိုးတွေကြားရတယ်.. အချို့ သေတယ်.. အချို့  ထောင်ကျတယ်.. အချို့ ဇာတ်မြုတ်ပြီးရှိနေကြတယ်..ပြောပြကြပါ..အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း..အကိုတို့ အမတို့ ရဲ့စွန့် လွှတ် စွန့်  စားမှုတွေအကြောင်း.. ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်..ကြေကွဲမယ်..နာကြည်းမယ်..ဒီအထဲမှာမှ အကိုတို့ အမတို့ ရဲ့  တော်လှန်ရေးမှာစွမ်းဆောင်ခဲ့တာတွေကို ၀မ်းသာဂုဏ်ယူမယ်..

အကိုတို့ အမတို့ တွေ အထီးမကျန်ပါဘူး.. ကျမတို့ လို ၈၈မျိုးဆက်တွေ..အကိုတို့ အမတို့  ရဲ့ တော်လှန်ရေး ညီအကိုမောင်နှမတွေ မြန်မာပြည်ထဲမှာရှိနေကြတယ်.. နယ်စပ်မှာရှိနေကြတယ်..နိုင်ငံတကာမှာရှိနေကြတယ်.. အကိုတို့ အမတို့ ဟာ သိုးမဲ အေဘီဟောင်းတွေမဟုတ်ပါဘူး.. အေဘီဟာ ယနေ့ အထိ အကိုတို့ အမတို့ ချစ်တဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို စွဲကိုင်ထားတုန်းပါ.. အကိုတို့ အမတို့ လိုချင်တဲ့ ဒီမိုကရေစီရရှိရေးနဲ့  ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးတိုက်ပွဲဝင်နေတုန်းပါ..

ပြောပြကြပါ…ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်…အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း.. အဆိုးအကောင်းအားလုံး..

အစဉ်လေးစားလျှက်
NNT
Hlaing Bwa Maung facebook မှကူးယူဖော်ပြသည်။

No comments: