Monday, February 20, 2012

ကိုဂျင်မီ

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို ပြည်သူအများ စိုးရိမ်
0 Comments - 21 Feb 2012
ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် မြန်မာနိုင်ငံအနှံ့အပြားသို့ စည်းရုံးရေးခရီးစဉ်ထွက်ခွာနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်သူအများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အနည်းဆုံး ခရီးတစ်ခေါက် ထွက်ခွာမည်ဟု ကြေငြာထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလုံခြုံရေးအတွက် သူမကိုယ်တိုင် ဂရုစိုက်ခြင်းမရှိသည်ကို တွေ့မြင်နေရကြောင်း ယင်း၏ခရီးစဉ်များကို လိုက်ပါသတင်းယူ...

More

အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၂၁၊ ၂၀၁၂


0 ★ အခြေခံကောင်းမှ နိုင်ငံကောင်းမည် ★-
ရေးသူ-ဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)


လူ့အဖွဲ့အစည်း မြန်ဆန်စွာ တိုးတက်ကောင်းမွန်ဖို့ ...

လူ့အဖွဲ့အစည်းတခုကို တိုးတက်ကောင်းမွန်စေလိုလျှင် အုပ်ချုပ်ရေး၏ အထက်ပိုင်းကျသော အစိုးရအဖွဲ့ဝင်များ သည် အမှန်ကို အမှန်အတိုင်း သိရှိနိုင်ရေးအတွက် ကြိုးပမ်းနေကြကြောင်း ထုတ်ဖော်ပြောဆိုနေချိန် တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ထိုအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်မည်ဆိုပါက ကျနော်တို့နိုင်ငံတွင် အခြေအနေမှာ တိုးတက်မြန်ဆန်လာလိမ့်မည်ဟု ထင်ပါသည်။

ပြုပြင်ပြောင်းလဲရေး ထိရောက်မှုရှိစေရန်


အောက်ခြေတွင် ဖြစ်ပျက်နေသမျှကို အမှန်အတိုင်းသိမှ ပြုပြင်ပြောင်းလဲရေးမှာ ထိရောက်မည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အဆင့်ရှိ သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်သည်ပင် အောက်ခြေပြည်သူများနှင့် ထိတွေ့ကာ နှုတ်ဆက်အားပေး စကားတွေပြောနေကြသော်လည်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ရပ်ကွက်ပြည်သူများနှင့် စိမ်းသလိုဖြစ်နေကြသည်ကိုလည်း တွေ့ရသည်။ ရပ်ကွက်သားအများစုမှာ သူတို့အုပ်ချုပ်ရေးမှူး ဘယ်သူဖြစ်သည်၊ ဘာလုပ်နေသည်ကို သေသေချာချာ မသိဘဲ ရှိနေကြသည်။ ထူးချွန်ထက်မြက်ပြီး ရပ်ကွက်ကျေးရွာနှင့် တသားတည်းရှိသော အုပ်ချုပ်ရေးမှူးများလည်း ရှိပါသည်။ သို့သော် အရေအတွက်အားဖြင့် နည်းပါးနေသေးသည်ဟု ဆိုနိုင်သည်။


အပြောင်းအလဲအစနှင့် စီးပွားရေးအခြေအနေ

ကျနော် ဆိုလိုသည်မှာ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အခြေခံအကျဆုံး နေရာများဆီသို့ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိရေးမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်ပေါ် မူတည်နေသည်ဟူသော သဘောဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးမှာ ပိတ်ဆို့မှုများ ဖွင့်ပေးလိုက်လျှင်တောင်မှ ချက်ချင်းကြီး ကောင်းလာနိုင်ဖို့ မဖြစ်နိုင်သေးပေ။ ဒါကိုလည်း ပြည်သူလူထုက နားလည်ကြမည်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားကြရမည်ဖြစ်သည်။ သို့သော် အရည်အချင်းရှိသမျှ ထုတ်သုံးပိုင်ခွင့်ရှိဖို့တော့ လိုအပ်ပါသည်။

“ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၄င်းတို့ကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းဥပဒေများ ကို သေချာတတ်ကျွမ်းရမည့်အပြင် ပြည်သူလူထုကိုလည်း ဥပေဒေလေးစားလိုက်နာသူများ ဖြစ်အောင် စည်းရုံးတတ်ရမည်။ တယောက်နှင့်တယောက် အပြန်အလှန် သတိပြုစောင့်ကြည့်ကာ အပြန်အလှန် စိုးရိမ်ကြောက်လန့်နေရသော ခေတ်ကုန်ပြီဟု ကျနော် ဆိုချင်ပါသည်။”

လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးခြင်း

ယခုအချိန်အခါသည် အသွင်းကူးပြောင်းရေးသဘောဆောင်သည့် ကာလဖြစ်သဖြင့် အထက်အဆင့်ဆင့်မှ ချမှတ်သော မူဝါဒများကို ကျေညက်အောင်လုပ်ပြီး အခြေခံ ရပ်ကွက်ကျေးရွာပြည်သူများကို ရင်းနှီးနွေးထွေးစွာ ပြန်လည်ဝေငှပေးပြီး ပူးပေါင်း အကောင်အထည်ဖော်ကြရမည့် အချိန်ဖြစ်သည်။ ယခင့်ယခင်ကာလများကလို သူလန့် ကိုယ်လန့် အခြေအနေများ ပပျောက်အောင်ဆောင်ရွက်ပြီး ပြည်သူနှင့် တသားတည်းဖြစ်သော ပြည်သူ့အုပ်ချုပ်ရေးမှူးတွေ ဖြစ်လာရန် အရေးကြီးနေပြီဟု ကျနော် ထင်ပါသည်။

ပြည်သူတွေ ခွန်အားဖြစ်စေဖို့ ...


ကျနော်တို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လောလောဆယ် အများပြည်သူ လိုအပ်နေသည်မှာ ခွန်အားပေးသည့် လုပ်ငန်းစဉ် ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ ဒီမိုကရေစီအစိုးရသည် နိုင်ငံသားတဦးစီ၏ အခွင့်အရေးကို အကာအကွယ်ပေးထားကြောင်း၊ နိုင်ငံသားများတွင် ရှိရမည့် အခွင့်အရေးများကို ပိုင်ဆိုင်ရမှာဖြစ်ကြောင်း ကျေးရွာ၊ ရပ်ကွက်သားများကိုလည်း သဘောပေါက်အောင် ရှင်းပြသင့်သည်။

စိုးရိမ်မှုတွေနဲ့ ခေတ်ကုန်ပြီ

ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၄င်းတို့ကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းဥပဒေများကို သေချာတတ်ကျွမ်းရမည့်အပြင် ပြည်သူလူထုကိုလည်း ဥပေဒေလေးစားလိုက်နာသူများ ဖြစ်အောင် စည်းရုံးတတ်ရမည်။ တယောက်နှင့်တယောက် အပြန်အလှန် သတိပြုစောင့်ကြည့်ကာ အပြန်အလှန် စိုးရိမ်ကြောက်လန့်နေရသော ခေတ်ကုန်ပြီဟု ကျနော် ဆိုချင်ပါသည်။

အကြောက်တရား ကင်းရှင်းမှသာ ...

ချစ်၍ ကြောက်ခြင်း(ချစ်ကြောက်)သည်လည်းကောင်း၊တခုခု ပေးမည်လောဟု မျှော်လင့်ချက်ထား၍ ကြောက်ခြင်း (မျှော်ကြောက်) သည်လည်ကောင်း၊ ရွံရှာမုန်းတီးမှုကို မြိုသိပ်၍ ကြောက်ခြင်း (ရွံကြောက်) သည်လည်းကောင်း၊ အဖြေမှန်တခုခု ရဖို့ ဝေးကွာစေသည်။ ထို့ကြောင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ပေါက်လာရန် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုကြားထဲမှ အမှန်ကို ရှာဖွေနိုင်မှသာ အထက်အဆင့်ဆင့်အတွက် မှန်ကန်သော မူဝါဒကို ချမှတ်နိုင်မည်ဖြစ်သည်။

ပြည်သူလူထုနှင့် အနီးကပ်ဆုံး ဆက်ဆံနေရသော အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူကို အကြောက်တရားကင်းဝေးအောင်အကောင်းဆုံး ဆောင်ရွက်ပေးပါက နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုမှာ ချောမွေ့မြန်ဆန်မှာ သေချာပါသည်။ ။

-ဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

ဒေါင်းမာန်ဟုန် မှကူးယူဖော်ပြသည်။

No comments: