by Kyaw Thet on Monday, 20 February 2012 at 04:53 ·
ကောက်ရိုးတမျှင်ကြောင့်
ရိုးပြတ်ကို ပြန်လွမ်းတာ
အရင်းအတိုင်း ခံစားမှု..။
ရေနစ်နေတာ မဟုတ်
ဒဏ်ရာ နစ်သထက် နစ်မှာကို
မလိုချင်တော့တာနဲ့ 
အိပ်မက်ကို ပစ်ခွဲခဲ့တာ
ရဲတဲ့သူ ကောက်ယူလေ။
ဘယ်သူက စခဲ့တာလဲ မသိချင်တော့..။
ဘယ်တော့ ပြီးမှာလဲ ဆိုတာလဲ မသေချာ..။
နေရာမှားလာရင် ဘာမဆို အမှိုက်ဖြစ်တတ်တာဘဲ။
ကောက်သင်းနံ့ ကို သယ်ဆောင်လာသည့် လေပြေတချက် ကွင်းပြင်ကို ဖြတ်တိုက်လာသည်။
အသက်ပြင်းပြင်းရှူသွင်းလိုက်လို့ တချက်ဖို့ လန်းဆန်းလာသည်ဟု ထင်ရသော်လည်း ခဏ အတွင်းမှာ ဘဲရင်ဘတ်ထဲမှ စူးကနဲတချက် အောင့်တက်လာပြန်သည်။
အိုးရွဲ့ ကို ဖုံးဖို့  စလောင်းရွဲ့ ကို ထုတ်လုပ်ရမည်လား။ သိပ်မသေချာတော့။
၉ နာရီကို တချက် အပို တီး မိလို့ တချက် ပြန်နုတ်ပေးလိုက်ရတဲ့ 
ဘုန်းကြီးကျောင်းသားလေးလို ဘ၀ ဟာ ဟာသ တွေနဲ့ နာ ကျင် တတ် လာပြီ။
ဒုက္ခိတ ပျားတုပ်ဘ၀ တွေထဲ ဘယ်သူ့ ကို ဘယ်လို အပြစ်တင်ရ မလဲ။
မုဆိုးပစ်တမ်း ကစားရအောင်ကလဲ နေရာလွဲနေခဲ့ပြီ။
ချိုးကူသံ က ဘာလို လို အလွမ်းကို ဝေဒနာတိုးစေသည်။
နေ၀င်သွားခဲ့ပြီ။
လ ကားထွက်မလာသေး။
မှောင်စပြုပြီ။
ကောင်းကင်ထက် စိန် တပွင့် လက်နေခဲ့သလား။
မိုးတွေရွာဦးမှာလား။
အမေ မျှော်နေလိမ့်မည်။
သူမ ရော..။
ညဘက်တွေကလပ်တခုခု ကို ရောက်နေနိုင် သလား။
တစုံတဦးနှင့် တနေရာရာ တဆိုင်ဆိုင်တွင် စကားလက်ဆုံကြ နေနိုင် ပါသည်။
သို့ မဟုတ်ကင်တင်းထဲတွင် သူငယ်ချင်းများနှင့် တစုံတရာကို ပွဲကြ နေနိုင်ပါသည်။
ပြဒါး တလမ်း သံတလမ်းဘ၀မှာ သွားလိုရာ သွားပါတော့ သီတာ။
ရွှေသမင်လဲ ဖမ်းမလာနိုင်ခဲ့။
မြှားချက်နဲ့  တစစ်စစ်ကိုက်ခဲ နာကျင်။
လွတ်ကျသွားတဲ့ အဲဒီပင်လယ်ပြင်ကြီးထဲ ငါတို့ အနာဂါတ်ပါသွားခဲ့ပြီ။
သူမ ကတော့ တသီးပုဂ္ဂလ ခံစားမှုတွေ ဟု ဖော့ပြောလိမ့်မည်။
မဟုတ်ဘူး မသီတာ။
အဲဒီပင်လယ်ကြီးကို ဆုံးရှုံးရမှာစိုးလို့ ဝေဒနာကို ကြိတ်မှိတ်ခံစား
ထားတာ ၊အဲဒါကို ခင်ဗျားတူးဆွပြီး လွတ်ချသွားတယ်။
အဲဒီ ပင်လယ်မှာ ကျနော်တို့ ဘ၀ ရဲ့ အထင်ကရ အစိတ်အပိုင်း တခုရှိတာ တက္ကသိုလ် ပရ၀ုဏ်မှာ ကျမ်းပြုနေတဲ့ မသီတာ
ပြဌာန်းချက် တွေရဲ့ အလွန်က စာတကြောင်းကျနော့
အတွက် ပေါင်းရေးပေးနိုင်ပါစေ။
တကယ်တော့ တောအုပ်ဟာ မုန်တိုင်းကို ဘယ်တုန်းကမှ မမွေး ဖွား ခဲ့ ပါဘူးဗျာ။
တားဆီးမပေးနိုင်ခဲ့လို့ ကြေကွဲနေခဲ့တာပါ။
ပြသနာ ကိုလဲ လောဘတကြီးသိုဝှက်စုဆောင်းတတ်ရဲ့ ။
ဘာကြောင့်လို့ ထင်သလဲ မသီတာ။
အတ္တကြီးလို့ လို့  ခင်ဗျားတို့ စွပ်စွဲမှာကို ကျနော် ဟာ ကျေနပ်နေ ဦးမှာပါ။
ချစ်ခြင်းကလွဲလို့ ဘာမှ မရှိတဲ့သူ.
အဲဒီချစ်ခြင်းကဘဲ ကောင်းကင်တွေနဲ့ ဝင်တိုက်မိဖို့ အချိန် မတိုင်ခင် ဖြစ်စေခဲ့တယ်ထင်ပါ့။
တကယ်က ဘာဆိုင်လို့ လဲ..။
ဘ၀မှာ ကောင်းကင်ဆိုတာကို ဓါတ်ပုံထဲ ဘဲ မြင်ဘူးတဲ့လူတွေနဲ့ အတူ။ ကျနော်လဲ သူလို ကိုယ်လို။
ခင်ဗျားဟာ ကျနော့ ရဲ့ ဟိုဝေးဝေး က မိုးကောင်ကင်ပါ။
ဘယ်လိုမှ တွန်းတိုက်မိစရာကို မရှိအောင်ကျနော်တို့ က အနေရှင်းခဲ့ကြတာ ပင်လယ်ကြီးတခုစာ လွတ်မကျခင် အချိန်ထိဆိုပါတော့။
ဘ၀တခု သေဆုံးပြီးရင် နောက်ဘ၀ တခု အစ ပြုမှာပေါ့။
တကယ်က ဘ၀ ဘယ်နှစ်ခုစာ ပါသွားခဲ့သလဲ ။
ကျနော်လဲ မသိချင်တော့ဘူး။
နှစ်တွေ ဘယ်လောက် ပြန်စောင့်စား ရမလဲ။
ဒီနေရာ ဟာ တကယ်က အရိုင်းဆန်တယ်။ ဒါပေမယ့် သူတို့ 
ပါးစပ်နဲ့  သေနတ်ပစ်ပြီး စစ်ပွဲကို ဖြေရှင်းတတ်တာ။
ဟာသ ဆန် နေမလား။ ကျနော်က တော့ အဲဒီလို လူတွေကို ချစ်တယ်။
ပြီးတော့ သဘောတူလိုက်ကြမယ်။
အဲဒါ မအေ..နှမ နဲ့ ဆဲတတ် တဲ့ သူ တွေ ရောက်မလာခင် ထိပါဘဲ။
ခုတော့ သူတို့ လဲ ပုံမကျ ပန်းမကျ ခေတ်မီ နေကြပါပြီ။ ကျနော် ကျေနပ်နေရဦးမှာပါ မသီတာ။ ဒါပေမယ့် နှလုံးသားတခုစာအတွက်တော့ ခင်ဗျားကို ကျနော် လျော်ကြေးတောင်းဖြစ်ဦးမှာပါ။
အများတကာ လိုဘဲ ကောင်းကင်ကြီးကို မြင်ဘူးချင်ခဲ့တာဟာ
တကယ်က ပြစ်မှုတခုကို ကျူးလွန်တာ မဟုတ်ပြန်ဘူး။
သူမကို စပြီး သတိထားမိတာက သူ မရဲ့ လက်ချောင်းတွေကိုပါ။
အဲတုန်းက ကိုင်ရိုစာအုပ်တွေ ဖတ်နေတဲ့ကျနော်ဟာ တွေ့ သမျှလူ
ရဲ့ လက်ချောင်းတွေကို လိုက်ကြည့်တတ်တဲ့ အကျင့်က ဘဲ သူမကို တခုတ် တရ ဖြစ်စေခဲ့တာထင်ပါရဲ့ ။
သူမ ရဲ့  လက်ချောင်း တွေဟာ သူ တွေ့ ဖူးသမျှတွေထဲမှာ အလှဆုံးဟုထင်သည်။
သူမ ရဲ့  လက်ချောင်း တွေဟာ သူ တွေ့ ဖူးသမျှတွေထဲမှာ အလှဆုံးဟုထင်သည်။
ကျနော် လူကို မကြည့်ဘဲ အဲဒီလက်ချောင်းတွေကို တချောင်းခြင်း
အသေးစိတ်လိုက်ကြည့်နေခဲ့မိတယ်။
အဲဒီပြစ်မှုဟာ ကျနော်ကို လက်တချောင်းခြင်း အရိုက်ခံရဖို့ 
နောက်ပိုင်း ဖြစ်လာခဲ့တယ်ထင်ပါရဲ့ ။
ကောင်လေး မိုးမရွာခင် အိမ်ကို ပြန်ရအောင်။
စကားသံကြောင့် အတွေးစ ပြတ်သွားသည်။
ဦးကျန်လူ က ပြောရင်း နွားကျောင်းသားခမောက်ကို ကောက်ယူလိုက်သည်။
ဒီတော့မှ သူ ဦးကျန်လူရဲ့ လက်ချောင်းတွေကို သတိထား မိသွားသည်။
ခုနှစ်ချောင်းတည်း။
ပြီးတော့ သူ့ ရဲ့ လက်တွေဟာမသီတာ ရဲ့ လက် ချောင်း များလို မလှပ ကြပါ။
ဦးကျန်လူ ဟာ အဲဒီ ခုနှစ်ချောင်းထဲရှိတဲ့ လက်နဲ့  လုပ်စရာအလုပ် တွေ ကို အကုန် လုပ်နိုင်တယ်။ ကျနော်ကတော့ ဘာမှ မလုပ်တတ် သလောက်ပဲ။
အဲဒါ ကြောင့်ပဲ ကျနော် မသီတာရဲ့ လက်ချောင်းတွေ နောက်ကို ပြေးလိုက်ခဲ့မိတာလား။
စာရေးဆရာ မ ခင်ဝင်းသစ် ကတော့ လမ်းလျှောက် နေတဲ့ လက်ဆစ်များ ဟု တင်စားဖူးသည်။
သူမရဲ့ လက်ချောင်းတွေကရော။
လက်ချောင်းတွေက လမ်းလျောက်တဲ့အဆင့်မဟုတ် တော့ မိုးပေါ်ပျံလို့ ရ နေပြီ ဆိုတာကို ကျနော်နားလည်ပါသည်။
သို့ သော်ကျနော့တွင် ထိုသို့ လက်ချောင်းမျိုး မရှိခဲ့ပါ။
ကောင်းကင် ထက်ကျော်လွန်ပြီးတော့ ဘယ်သူမှတော့
မပျံသန်း နိုင်ပါ ဘူးလေ။
ဒါပေမယ့် တခါက တော့ ကောင်းကင်သစ်တခုအတွက် ဖောက်ထွက်ပျံသန်းပြမယ်ဆို ပြီး သူငယ်ချင်းတွေကြားကျနော် လဲ အားကောင်းမောင်းသန် ပြောဘူးတာပေါ့။
ပြောတဲ့အတိုင်းလဲ လုပ်ဖူးတယ်။
ရေဒီယိုမှ သီချင်းသံ လွင့် ပျံ့ လာသည်။
ဦးကျန်လူ အားလုံးသိမ်းဆည်းပြီးနေပြီ။ ရေဒီယို ကို ဖွင့် ပြီး လွယ်အိတ် ထဲ ထည့် မည်။ လေတချွန်ချွန် နှင့် အိမ်ကို ပြန်မည်။
ကျနော်ကရော သည်လယ်ကွင်းထဲ ဘာလုပ်နေခဲ့တာလဲ။
ထွန်တရေး ငင်ခဲ့ဖူးသလား။
ကောက် တပင်ရိတ်ခဲ့ဘူးသလား။
စပါးရိတ်လိုက်လာခဲ့တဲ့သူ။ ဖြစ်ဖြစ်မြောက်မြောက် လဲမရှိတော့
ထိုင်ပြီး တွေးချင်ရာ တွေးနေသည်။
နေရာ မှားနေရင်တော့ အမှိုက်ဘဲ။
အဲဒီအမှိုက်ကို ဘဲ ဦးကျန်လူက လေးလေးစားစား အစစအရာရာ လာမေးနေသည်။
နောက်ဆုံး အလုပ်ပြီးလို့ အိမ်
နောက်ဆုံး အလုပ်ပြီးလို့ အိမ်
ပြန်ဖို့  ကိစ္စထိ လာပြီးအဖော်ညှိနေသည်။
သူက တော့ ဒီနေရာမှာ လူပိုတယောက်ဆိုတာ ကိုယ့်ကို ကိုယ်ကောင်းကောင်းသိနေခဲ့ပါသည်။
သူတို့ အတွက်တော့ သူဟာ ဗြဟ္မာ မင်း ဦးခေါင်း။
ဒီလိုနဲ့ လက်ချောင်းလှလှတွေနောက်ကို ပြေးလိုက်မိပြန်ရော။
ဒါပေမယ့် အသည်းခွဲတတ်တဲ့ အဓိပတိ လမ်းမကြီးကို ကျနော်မုန်းသွားပြီ မသီတာ။
လက်ချောင်း လှလှလေးတွေနောက်ကို ပြေးလိုက်ရင်း ပင်လယ်ကြီး တခုစာ ပျောက်ရှ တော့မှာကို သိတဲ့အချိန်မှာ
မသီတာ ကတော့ ဟာသ လုပ်ရယ်မော ကောင်းနေခဲ့တယ်။
ကလိမ်ကကျစ်တွေ ကြားမှာ ကျနော် ဟာ စစ်မျက်နှာ များခဲ့တဲ့သူပါ။
အဲဒီ ပင်လယ်ထဲက ကျွန်းကလေးထဲမှာ ကျနော်ဘဝ
ရဲ့ အနာဂါတ်ရှိတယ် မသီတာ။ ဒါဟာရယ် စရာ မဟုတ်ပါဘူး။
ရာဇ၀င်ထဲမှာ ထားရစ်ခဲ့ရင်လဲ ရာဇ၀င်ထဲမှာဘဲ နေရစ်ခဲ့ပါရစေ။
ရာဇ၀င်တွေကို ဖုံးဖိကျော်လွှားသွားနေကြသမျှပေါ့။
အဲဒီနောက်မှာတော့ ကျနော် ဟာ ဆိပ်ကမ်းကို ထမ်းပိုးပြီး သွားလေရာ ကို ယူသွားတတ်လာတဲ့ သင်္ဘောတစီး ဖြစ်လာခဲ့တယ်။
သူမ ကတော့ နိုင်ငံခြားက ဘွဲ့ လက်မှတ် တချပ်ရဲ့ နောက်မှာ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို သိပ်စဉ်းစားခဲ့ပုံမရပါဘူး။
မျိုးဆက်ဝိုင် မကလို့  ရောမ စာလုံးတွေပါ ပါလာဦးမှာလား။
လွတ်လပ်ရေးဆိုတာ မရှိတဲ့အခါ မျိုးဆက်ဟာ ကိုယ်ပိုင်
ရတနာ မဟုတ်တော့တာကို မြင်ခဲ့ပြီဘဲ မသီတာ။
ပြီးတော့ လူ့ အခွင့်အရေး ကြော်ငြာနဲ့  ဒဏ်ရာကို ဆေးမပေးဘဲ
ဖြတ်ပစ်ဖို့ ထိ ခင်ဗျားရက်စက်ဖို့ ကြိုးစားခဲ့ဘူးတယ်။
ခင်ဗျား ညာတယ် ။
ခင်ဗျားရဲ့ လက်ချောင်းလှလှလေးတွေနဲ့ မနူးမနပ်မှာ ပစ်သတ် သွားတယ်။
မြေနိမ့်ရာ လှံစိုက်တတ်တာက ရာဇ၀င်ထဲမှာလို့  ဘဲထင်ခဲ့တာ။ ခုရောဘာထူးလာခဲ့သလဲဗျာ။
အဝေးကြီးကိုထွက်ပြေးပြီး အိပ်မက်တွေကို ထုပ်ပိုးတတ်စ အချိန်မှာ မျိုသိပ်ခဲ့သမျှကို တူးဆွ ပြီး ခင်ဗျား ဒုတိယ တကြိမ် ပစ်ချသွားတယ်။
ဒီတခါ တော့ တကယ် အထိနာတယ် မသီတာ။
ခင်ဗျားအတွက် အိုးပစ် အိမ်ပစ် ဒေါသတွေ ထွက်ပြီး မုဆိုးကို ပစ်ချဖို့  ကျနော် လေးတလက်နဲ့ ထွက်ခဲ့ဖူးတယ်။
အဲဒီမှာ မုဆိုးပစ်တမ်း ကစားကြတဲ့ ယဉ်ကျေးမှုလေး ရှိတယ်မသီတာ။
သူတို့ သားကောင်မရှာဘူး။
သူတို့ သားကောင်မရှာဘူး။
ဒါပေမယ့် မုဆိုးကြီးလွန်း လာတဲ့အခါတော့ သူတို့  အားလုံး ငြိမ်ငြိမ်ကုပ်ကုပ်လေး ကိုယ့်အလုပ်ကိုယ် လုပ်ချင်ယောင် ဆောင်ပြီး မျိုသိပ်နေ လိုက်ကြတယ်။
ကျနော်ကတော့အဲလို စွန့် စားမှုတွေကိုပျော်တယ်။တခါကပေါ့။
တောကြီး မျက်မည်း မှာ အဖော် ဆိုတာ ကျနော့ အတွက် တော့ အိပ်မက်ကို ဖက်တွယ်ထားရုံပါ။
ခင်ဗျားအတွက် ကြေကွဲမိတာကို တခါတခါ နှမျှောတယ် ။
ဝန်ခံပါတယ်။ ခင်ဗျားအတွက် သွေးပျက်လုခမန်း ခံစားဖူးတယ်။
ဘာမှ ပြောမထွက်နိုင်အောင် နုတ်ဆွံ့ အ သွားဘူးတယ်။ ဒါပေမယ့် အဲဒါကို အချစ်လို့ တော့ ဘာသာ မပြန်လိုက်ပါနဲ့ ဗျာ။
ခင်ဗျား ညာ ခဲ့တဲ့အတွက် အဲသလို ဘာသာပြန်ခွင့်မရှိတော့ဘူး။
ကျနော် လှလှပပ လှည့်စားခံလိုက်ရတယ်။
ဓါးတောင်ကို ကျော်ပြီး ကြာပန်းကို လက်ကြမ်းကြီးနဲ့ သွားလှမ်း
ရဲတဲ့ ခင်ဗျားရဲ့ စိတ်ဓါတ်ကို လေးစားမိပါရဲ့ ။
ကြောက်လဲ ကြောက်သွားတယ် မသီတာ။
ပဉ္စလက် အတတ်နဲ့ မူးနောက်အောင် လုပ်ပြီးမှကြိုးတုပ်ပြီး ရိုက်သမျှ ကို ကြိတ်ခံခဲ့တာ အတ္တတခု ကြောင့်လို့ ဘဲခင်ဗျားကို ပြောမယ်။
ကျနော် ခင်ဗျားကို မချစ်ဘူး။ မုန်းတယ်။
အဲဒီ ကြမ်းတမ်းတဲ့ ကွင်းကြီးထဲမှာဘဲ ကျနော် အဝေး ကြီးကို
လှမ်းပြီး ပစ်ခတ်ဖို့ တတ်သွားတယ်။အဲဒါကို လေ့ကျင်းကွင်းအဖြစ် ကျနော်က ကျေး ဇူးရှာတင်တတ်တဲ့သူပါ။
ရိုးရှင်းလှတဲ့ ကျနော့ ရဲ့ ပန်းခင်းအတွက် နောက် ဆုံး ဓါးတလက်
အဖြစ် ကျနော် ဆက်လက်တိုက်ခိုက်သွားမယ်။
ပျောက်ချ သွားတဲ့ ကျနော်တို့ ရဲ့ ကျွန်းကလေးအတွက် ခင်ဗျားကိုအိပ်မက်ထဲထိ လိုက်လံ ထိုးခုတ်ချင်တယ်။
ဘာတွေ တွေးနေတာလဲ ပြန်ဖို့ လုပ်လေ။
တက္ကသိုလ်က ကောင်မလေးကို သတိရနေတာလား။
ဦးကျန်လူက စနေသည်။
ဟင်း ဟင်း၊ သတိရနေတာ မဟုတ်ပါဘူးဗျာ။ တွေးနေတာပါ။
ဘာကွာလို့ လဲ ကွာ..
ဘာကွာလဲတော့ မသိဘူးဗျာ။
စောင့်နေသူကို အားနာလာတော့ သူခပ်သွက်သွက်လုပ်စရာ ရှိတာ လုပ်ပြီး ဦးကျန်လူနောက်က လိုက်လာမိသည်။
ဦးကျန်လူ က ရေဒီယိုက သီချင်းကို လိုက်ငြီးရင်းအစုံရှိတဲ့ လက်တဖက် ကလဲ လက်ဖျောက်တီးလိုက်သေးသည်။
အချစ်မပါ ရေစုန်ခရီးမှာ..သစ္စာ အရေခြုံပြီးကာ…မေတ္တာလှေကြုံစီးလာ..နှလုံးသား ၀တ္တရားပျက်ပြားတာတွေ… ခုတော့ မောင့်ရင်ထဲ နွေ.
သီချင်းကလေး ငြီးလိုက် လက်ဖျောက် ကလေးတီးလိုက်နှင့် တနေ့ စာ ပင်ပန်းခဲ့သမျှကို သူမေ့လျော့ထားခဲ့ပြီ။ အိမ်ပြန်ခြေလှမ်း သွက်သွက်ဖြင့် ရှေ့ က လျှောက်နေသည်။
သူကတော့ ဟိုငေး ဒီငေး ဖြင့်သူနောက်က လေးတွဲ့ တွဲ့ ဖြင့်
လျောက်လာမိသည်။ တနေ့ လုံးထိုင် ပြီး ဟိုတွေးဒီတွေးဖြင့်ခေါင်းက ငြီးစီစီ ဖြစ်နေခဲ့သည်။
ရွာ အပြင် ကွင်းစပ်နားက အရက်ဆိုင်နားကို ရောက်တော့ ဦးကျန်လူ အရက်သောက်ရအောင် သူ အဖော်စလိုက်သည်။
အာ ဘုရား မကြိုက်တာတွေ။
သူခွက်ပုန်းသောက်တာကို ကျနော် သိပါသည်။
လာပါဗျာ။ နည်းနည်းပါ။ တပိုင်းထဲ ၂ ယောက်သောက်မယ်။
သူတို့ ဆိုင်ထဲ ကို ၀င်လာခဲ့ကြသည်။
မြန်မြန်သောက်မယ်နော်။
ဦးကျန်လူက လောလိုက်သည်။
ဘာလို့ လဲ။
မိန်းမ ထမင်းစားဖို့ စောင့်နေ လိမ့်မယ်။
ခင်ဗျားက မိန်းမကြောက်ရတာလား။
ချစ်တာပါကွ။
အဲဒါဆိုလဲ တရက်တလေ မချစ်နဲ့ ပေါ့ဗျ။ ဒါမှ မဟုတ် နည်းနည်းလျော့ ချစ်လိုက်ပေါ့။ အေးဆေး သောက်စမ်းပါ။
မရဘူး။ အကျင့်ပါနေပြီ။ နောက်ကျရင် ဒေါပွနေလိမ့်မယ်။
အမိန့် ပေးစရာမလိုတဲ့ အဝေးထိမ်း ခလုပ်ပဲဗျာ။
ဟိုသီချင်းလိုပေါ့ကွာ ယောက်ျားတစ်ရာမှာ ဖောက်ပြားတာဟာ
၉၉ ယောက် ရှိတယ် ဆိုရင်လဲ … ကျန်လူ တယောက်လို ဆိုတာ
လေ။
ဟားဟား …ဦးကျန်လူက ပြောရင်းနှင့် ရယ်သည်။
သူရော သူမ ကို ချစ်ခဲ့တာလား၊ ကြောက်တာလား။
သူမဟာ သူ့ ရဲ့ အဝေးထိန်းခလုပ်ဖြစ်ခဲ့ဘူးတာတော့ သေချာခဲ့ပါသည်။ ကြောက်စရာဘာရှိလို့ လဲ။ စိုးရိမ်တာ။
သူ့၏ စကားလုံးများသည် သိပ်ပြီး မကွဲပြားလှပါ။
ဘာထူးလို့ လဲဟု မေးလာလျှင် ..သူမ အတွက်ဟု ဖြေမိမည်။
သူမကို ဖြေမိလျင် ထို သူမ အတွက်ဟူသည့်အဖြေသည်ပင်
သူ့ အတွက် ဖြစ်သွားနိုင်ပါသည်။
ဘာပြုံးတာလဲ။
ဦးကျန်လူက မေးလာသည်။
သြော် အမြည်းမှာမလို့  ပါဗျ။ သူ စကားကို ရောချလိုက်သည်။
ဦးကျန်လူနှင့်ထို အကြောင်းအရာများကို ပြောလို့ ဘာမှထူးမည်
မဟုတ်ပါ။
ဘာ အမြည်းရှိလဲ။ ချဗျာ။
ငါး ကြော် ရှိတယ် အကို။
ပေးကွာ။
သူမ ငါးကြော် အရမ်းကြိုက်ပါသည်။
ဆေးကျောင်းက ဖဲသမားတွေနှင့် တရက် သူမ ထမင်းဆိုင် ထဲကို
ဝင်လာတဲ့နေ့ ။
သူမ ၏ သူငယ်ချင်းများမှာ သူ ၏ သူငယ်ချင်းများ ဖြစ်ပါသည်။
သို့ သော် ထို ဖဲသမားများ အကြောင်းကို သူကောင်းကောင်း သိပါသည်။ ဖဲရိုက်အလွန်ကြမ်းသော ဖဲသမားများ ဖြစ်ပါသည်။
သူတို့ စက်မှု ကျောင်းသားများနှင့် မတူ။ ဒီကောင်တွေ ဖဲရိုက်ကြရင် အချင်းချင်းဆိုတာ မရှိ။
ကားရှိရင် ကားကို ယူထားမည်။ဆိုင်ကယ် ရှိရင် ဆိုင်ကယ်ကို ယူထားမည်။ အပြန်စရိတ်ကို
ကားရှိရင် ကားကို ယူထားမည်။ဆိုင်ကယ် ရှိရင် ဆိုင်ကယ်ကို ယူထားမည်။ အပြန်စရိတ်ကို
အချင်းချင်း မိုက်ကြေးခွဲ တောင်းယူရတဲ့ ကောင်တွေ။
ကျနော်တို့ ကျောင်းရဲ့ အထာကတော့ အချင်းချင်း ဘ၀ ပျက်အောင် ဘယ်တော့မှ မရည်ရွယ်ဘူး။ ဒါကြောင့်ဘဲ
စက်မှုတက္ကသိုလ် ဟာ ဖဲသမားချင်းတူရင် တောင် စာနာမှုရှိတဲ့ဖဲသမားတွေ အဖြစ် ရပ်တည်နိုင်ခဲ့တာထင်ပါရဲ့ ။မဆီ မဆိုင်တွေ လျှောက်တွေးရင်း ကျောင်းကို ရောက်သည်။
တကယ်က ဒေး ကျောင်းသားနဲ့  အဆောင်ကျောင်းသားရဲ့ ကွာဟ မှု ဟု ပြောရမည်သာ။
ကိုယ့်အိမ်က ကိုယ် ကျောင်းကို လာကြရတာ ဆိုတော့ တယောက်ကို တယောက် ဘယ်လို ညှာတာ ရမလဲ ဆိုတာကိုသူ တို့ နားမလည်ခဲ့တာ သိပ်မဆန်းလှပါ။
သူမကို သူ ထိုဖဲသမားများ နှင့် သိပ် အရောတ၀င် မဖြစ်စေ လိုခဲ့ပါ။ သို့ သော်..အားလုံးမှာ သူငယ်ချင်းတွေ ဆိုတော့ပြောရခက်လွန်းနေခဲ့ပါသည်။
သူ ကျောဆန့် ပြီး လှဲပစ်လိုက်သည်။ စားပွဲဝိုင်း ပုလေးနှင့် ဖျာကလေးများခင်းထားသည့်အရက်ဆိုင်ကလေး။
သူတို့ ထိုင်သည့် ၀ိုင်းတွင် ဖျာမရှိပါ။
မူးနေပြီလားကွ။ မင်းကတော့ ကျတဲ့ နေရာလှဲပစ်လိုက်တာဘဲ။
ဘယ်လို လုပ်မူးမလဲ ဦးကျန်လူရ။ နောက်တပိုင်းထပ်မှာ လိုက်မယ်။
ချကွာ။
အချိန်ရလာတော့ ထပ်သောက်ဖြစ်သည်။
ပိုမူးတော့ ပိုပြီးသတိရလာသည်။
မြေကြီးဆိုတာ အကောင်းဆုံးသင်းဖြူးဘဲကွ။ ယောက်ျားကောင်း ဆိုတာ မြေကြီးဆန်ရမယ်။
ဦးကျန်လူက ထူးထူးဆန်းဆန်း စကားဆိုလာသည်။ မိုးကောင်းကင်အကြောင်းကို အိပ်မက် မက်တတ်စ သူ ဦးကျန်လူရဲ့ စကားကို စိတ်ဝင်စားသွားသည်။
ဆက်ပြောပါဦး ဦးလေးရ။ ဘယ်လို မြေကြီး ဆန်ရမှာလဲ။
မြေကြီးကွာ။
နိမ့်တဲ့အခါ နိမ့်တယ်။ မြင့်တဲ့အခါ မြင့်တယ်။ မာတဲ့ အခါ မာမယ်။ ပျော့တဲ့အခါပျော့တယ်။ ဒါပေမယ့် ဘယ်အချိန်အခါမဆို သတ္တ၀ါ အားလုံး ရဲ့မှီခိုရာဖြစ်တယ်။
အာသောက မင်း ရဲ့ ညီအကို နောင်ဘွားတွေ ရဲ့ မိခင်တွေက ပုရောဟိတ်ကို သွားမေးကြတဲ့အခါ ပုရောဟိတ်က အကောင်းဆုံးအစားကို စားတဲ့သူ၊ အကောင်းဆုံးသင်ဖြူးမှာ ထိုင်တဲ့သူ မင်းဖြစ်မယ်လို့ ဟောလိုက်တယ်။
အဲတော့ မိခင်တွေဟာသူတို့ ရဲ့ သားတွေ အတွက် အကောင်းဆုံးသင်ဖြူးတွေ။ ဆီဖူးထောပတ်တွေ ကျွေးကြတော့တာပေါ့။ ဒါပေမယ့် အာသောက အလောင်းအလျာက မြေကြီးမှာဘဲ ဖြစ်သလို ထိုင်ချတဲ့အခါထိုင်တယ်။အိပ်တဲ့အခါအိပ်တယ်။
သူက ထမင်းကို ဘဲ စားတယ်။
အဲတော့ မိခင်တွေဟာသူတို့ ရဲ့ သားတွေ အတွက် အကောင်းဆုံးသင်ဖြူးတွေ။ ဆီဖူးထောပတ်တွေ ကျွေးကြတော့တာပေါ့။ ဒါပေမယ့် အာသောက အလောင်းအလျာက မြေကြီးမှာဘဲ ဖြစ်သလို ထိုင်ချတဲ့အခါထိုင်တယ်။အိပ်တဲ့အခါအိပ်တယ်။
သူက ထမင်းကို ဘဲ စားတယ်။
အဲဒါကြောင့်ငါ က အကောင်းဆုံးအစားအစာက ဆန်ဘဲ၊ အကောင်းဆုံး သင်ဖြူးက မြေကြီးဘဲလို့ ပြောတာ။ မင်း ကျန်တဲ့ အရာကို ဘယ်နှစ်ရက်စားပြီးနေမလဲ။ အသားကျမလား။
မြေကြီးနဲ့ ကင်းပြီး မင်းဘယ်နှစ်ရက်နေနိုင်မလဲ။
ဦးကျန်လူက သူ ဖြစ်သလို နေတာကို သဘောကျပြီးချစ်သည်။
သူက ဖြစ်သလိုနေသည်။ ဖြစ်သလိုစားသည်။ ကြုံရာကြရာတွင်အိပ်သည်။ သူ့ အခန်းသည် ကြွက်သိုက်တခုလို စာအုပ်များ၊ အ၀တ်များဖြင့် အမြဲရှုပ်ပွနေတတ်သည်။ မမြင်နိုင်သော သူ့ ၏ ညီများ။ ညီမများက ရှင်းပေးမည်။ ဒီအတိုင်းထားလိုက်ရင်လဲ သူနေတတ်သည်။
သူ က နားမငြီးရင်တော်ပြီ။
သူ က နားမငြီးရင်တော်ပြီ။
သူမ နှင့်ဆန်ကျင်ဘက် အယူအဆတခုကို တင်ပြလာသော ဦးကျန်လူအား သူ စပြီးသဘောကျလာသည်။ ဒီလို လူမျိုးထံတွင်ဒီလို အတွေးမျိုး ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့။
တကယ်တော့ သူသိသော လောကသည် အတွေးအခေါ်များတွင်
အခြေခံသည်ထက် အိုင်ဒီယာများအပေါ်တွင် အခြေခံနေခဲ့ပြီ။ ဒါကို ဦးကျန်လူ ကို ရှင်းပြလို့ မရနိုင်ပါ။
သူမ ဆီကို အတွေးတို့ ပြန်လွင့်သွားသည်။
ကြည့်လိုက်ရင် အမြဲ ပေတူး ညစ်ပတ်နေတာဘဲ။
ကျနော်က ဒီလိုဘဲ နေတတ်တယ်။
လူကြား သူကြား အဲလို နေလို့ မရဘူးလေ။ ကောင်းကောင်းမွန်မွန် ၀တ်စားမှ ပေါ့။ ကွမ်းက လဲစားသေးတယ်။
အ၀တ်တွေလဲ မလျော်ပဲ ၀တ်တယ်။
ခင်ဗျားမကျေနပ်ရင် လုပ်ပေးပေါ့။ ကျနော်က နေတတ်တယ်။
ဘာလို့ လုပ်ပေးရမလဲ။ ကိုယ့်ဘာသာလုပ်ပေါ့။ လူဖြစ်မယ့်သူ မဟုတ်ဘူး။
ဟောဗျာ။ အပြစ်တခု မဟုတ် တခုရှာမည်။ အဝေးကိုရောက်မသွားအောင်လဲ တနည်းနည်း ဖြင့်ပြန်လျော့မည်။ တကယ်က သူ မ ကေ ယာက်ျား တယောက်ကို လွှမ်းမိုးချင်တာ။ ပုံစံသွင်းချင်တာ။
မြောက်လိုက် ရိုက်ချလိုက် ။ တခါ တခါ သူရူးချင်တာလဲ အမှန်။
ဒါက သူမ ကစားတတ်တဲ့ ကစားနည်း တခု ဖြစ်မှာ။ လောကတခုလုံးကို သူမ က လွှမ်းမိုးချင်ခဲ့သလား ကျနော်မသိပါ။
အိမ်ကို ပြန်မလို့ ဆို။
ဟုတ်တယ် ။ ကျောင်းပိတ်ရင် ပြန်မှာပေါ့။
သားလိမ္မာ နန္ဒိဝိသာလပေါ့။
တ၀ိုင်းလုံးရီကြသည်။
ခင်ဗျားရော မပြန်ဘူးလား။
မပြန်ဘူး။
ဟုတ်ပါသည်။ ဒီမိန်းမ က အိမ်မှာ ဘယ်တော့မှ ရှိမယ့် မိန်းမ မဟုတ်ပါဘူး။
သူတွေးရင်းနာကျင်လာသည်။ ညီတွေ ညီမတွေ ကြား
မကြီးရင်လဲ မောင်ကြီး ဖြစ်ခဲ့သည့် သူ့ ဘ၀သည် ရန်ကုန်လို နေရာတွင် အလုပ်မရှိဘဲ အချိန်ဖြုန်းမနေနိုင်ပါ။ သူမ ကတော့အိမ်ကို ပြန်မည်ဆိုသည်ကို သိပ်သဘောကျလှပုံမပေါ်ပါ။
ပြောင်းလဲမည်ဆိုလျှင် ဘ၀တွင်ပြောင်းလဲလို့ ရတဲ့ အချိုးအကွေ့ တွေ ရှိခဲ့ပါသည်။
သူမ ၏ ပုံစံသွင်းခြင်း အမျိုးမျိုးကြားမှာကျနော် ဟာ ဘယ်တော့မှ အလိုက်သင့် အလျားသင့် ဖြစ်မလာခဲ့ပါဘူး။
သူ ၏ သဘောထားများကိုရော သူမ က လဲ သူကဲ့သို့ ပဲ ခံစားပါ လိမ့်မည်။
ဆိုင်ထဲသို့ ခိုင်မာ ၀င်ရောက်လာခြင်းသည် သူမ ကို လက်လျော့
လိုက်ဖို့ ဆုံးဖြတ်ဖို့ လုံလောက်သည့်အကြောင်းတခု ဖြစ်ခဲ့ပါသည်။
အိမ်ကို ပြန်လာမယ့် မိန်းမ မဟုတ်တာ သေချာခဲ့ပြီဘဲ။
ဟေ့ နင်ဘာလာလုပ်တာလဲ။
အမေ့ ကို ဆေးရုံလာပြတာ။
အသိလား မိတ်ဆက်ပေးလေ။ သွက်လက် လွန်းသော သူမ သည်
ခဏ အတွင်း သူမ နှင့် ရင်းနှီးပြီးသား ဖြစ်သွားသည်။
သူမကို တော့ ခင်ဗျား ကစားတတ်တဲ့ ကစားနည်းနဲ့  မလုပ်လိုက် ပါနဲ့ မသီတာ။ သူမ ဟာ ခင်ဗျား ပစ်ခတ်သလို ငြိမ်ခံရမယ့် အမျိုးသမီးပါ။ ခင်ဗျားခုတ်ထစ်သမျှကို ရှောင်ရှားဖို့ လဲ တတ်မှာ မဟုတ်သလို ဘာမှလဲ ပြန်လုပ်နိုင်မှာ မဟုတ်ပါဘူး။
အမြင့်ကြီး ပစ်တင်မယ် ပြီးတော့ ပစ်ချမယ်။
ဘုံလုံ သီး ကို လေပေါ်ပစ်တင်ပြီး တရုတ်သိုင်းသမားတစ်ယောက် လို ခင်ဗျား ဓါး ကစားတတ်တာ ကျနော် သိပါတယ်။ ပြီးရင် ခင်ဗျား မဟုတ်သလို မေ့လျော့ထားလိုက်မယ်။
ဒါဟာ တကယ့် ဘ၀တွေ မသီတာ။
ဒါပေမယ့် သူ စိုးရိမ်တာ ။တားဆီးမှုနောက်ကျပါသည်။ သူမ ပစ်ခတ်ပြီးနေပြီ။ ဒါသည်ပင် သူမကို နာကျဉ်းမုန်းတီးဖို့ ဖြစ်လာ တဲ့ဇာတ်လမ်းရဲ့ အခြေခံအကြောင်းတွေထဲက တခုပါဘဲ။
ကျနော်တစုံတရာကို မိုက်မဲစွာ မဆုံးဖြတ်ခင်မှာ ကျနော့ နှလုံးသားကို ပြန်ရှာပေးပါ မသီတာ။
သူမ ကို ပစ်ခတ်လိုက်မှ ခင်ဗျားအနားမှာ ကျနော် ရှိနေမှာလို့ များခင်ဗျားတွေးထားခဲ့သလား။
ဒီတခါတော့ လက်ချောင်းတွေကြား ဓါးတလက်ကိုခင်ဗျားလိုဘဲကျနော် ၀ှက်ထားတတ် လာပြီ။
တခါကတော့ ခင်ဗျားပွေ့ ဖက် သယောင်နဲ့  လက်ကြားက ဓါးနဲ့ ကျနော့နှလုံးသားကို ပါးပါးလှီး သွားသလို ဘဲ ခင်ဗျား ကို ကျနော် ပြန်လည်ခုတ်ထစ်ပြမယ်။
တခါကတော့ ခင်ဗျားပွေ့ ဖက် သယောင်နဲ့  လက်ကြားက ဓါးနဲ့ ကျနော့နှလုံးသားကို ပါးပါးလှီး သွားသလို ဘဲ ခင်ဗျား ကို ကျနော် ပြန်လည်ခုတ်ထစ်ပြမယ်။
တကယ်က ကျနော့ဘ၀ထဲသူမ မရှိတော့တဲ့ဘ၀ ဟာ ကျနော့
ရဲ့ အနာဂါတ်တခု အိပ်မက်တခုပျောက်ဆုံးခြင်းပါဘဲ။
ရှေ ဆက်ဘာတွေ ကိုခုတ်ထစ် ပစ်ခတ်မိမှာ ကျနော် မသိတော့။
ဒါပေမယ့် ကျနော် ခင်ဗျားအနားကို မလာချင်တော့ဘူးဗျာ။
ကျနော့ရဲ့ လက်ကြားက ဓါးတလက် နဲ့ ခင်ဗျားကိုခုတ်ထစ်မိမှာ ကိုလဲစိုးရိမ်နေမိပြန်ရော။
မူးနေပြီကွ ပြန်ရအောင်။ ဦးကျန်လူ ၏ စကားကြောင့် သူ အရက်
ကို လက်စ သတ်လိုက်သည်။
ခင်ဗျားအိမ်ကို လိုက်ခဲ့မယ်ဗျာ။
ကောင်းတယ်။ သူ့ ရဲ့ အဆိုကိုတော့ဦးကျန်လူက ၀မ်းသာစွာ ထောက် ခံ လိုက်သည်။
ဦးကျန်လူ ရဲ့ အမျိုးသမီးဟာ ခြံဝ က ရပ်စောင့်နေခဲ့တယ်။ အိမ်ပြန် နောက်ကြလို့ ဒေါသလဲ ထွက်နေပုံ။
ဧည့်သည်ပါတယ်။ ကောင်လေး ဒီနေ့ ဒီမှာနေမှာ။ ဘာရှိလဲ။ မရှိရင် လမ်းထိပ်မှာ ငါးနီတူ သွားဝယ်ချေ။
ဒေါသထွက် နေသည့် သူ့ အမျိုးသမီး ၏ မျက်နှာ သည်ချက်ခြင်း ပြောင်း သွားသည်။
ထမင်းထပ်တည် ရမှာပေါ့။ ပြောရင်း ထမင်းအိုးတည်ပြီး လမ်းထိပ်သို့  ငါးနီတူထွက်ဝယ်သည်။
ငါးနီတူ သုပ်၊ချဉ်ပေါင် ကို မူးမူးနှင့် စားလိုက်တာ ဘယ်နှစ်ပန်းကန် ကုန်သွားမှန်း မသိတော့။ ဒါပါဘဲ အဓိက က စားလို့ မြိန်ဖို့ ။ ဘယ်မှာနေနေ တရက်ကို သူက နှစ်ကြိမ်ဘဲ အဓိက စားတာဘဲ။ ဘာနဲ့ စားစား မမြိန် နိုင်တဲ့ ဘ၀တွေနဲ့ စာရင် ဒီဘ၀ တွေက အနှစ်သာရ ပို ပြည့်တယ်။
အိမ့်ရှေ့  ကွပ်ပျစ်ပေါ်တွင် လှဲအိပ်လိုက်တော့ ဦးကျန်လူက စောင်ပါးလေး တထည် လာခြုံပေးသည်။ နွေဦးတက်စ ဆိုတော့ တကယ်က စောင်ပင်မလို။ ဒါပေမယ့် မူးနေသည်ဆိုတော့ အအေးပတ်မှာကို သူတို့ လင်မယားက စိုးရိမ်သည့်ပုံ။
သူမဆိုလျင်တော့ ပစ်ထားလိုက်မည် မှာ သေချာပါသည်။
ရိုးရိုးပစ်ထားရုံပင်မက ပြစ်မှုတွေပါ တိုးလာနိုင်ပါသည်။
တကမ္ဘာလုံးသိအောင်ပြောချင်ပြောမည်။ သူငယ်ချင်းတွေကြား ကျနော့ရဲ့ ဖြစ်သလို နေတတ်မှုကို နှိပ်ကွပ်ပြဦးမည်။
လက်ချောင်းတွေကြား ဓါးဝှက်ထားတဲ့ မိန်းမ။
ခင်ဗျားကို မခုတ်ထစ်ချင်လို့  ကျနော် ဝေးရာကို ထွက်သွားပါရစေ။
အရိပ်တွေ အဖြစ်လိုက်မလာပါနဲ့ တော့မသီတာ။
ကိုယ့်ဒဏ်ရာနဲ့ ကိုယ် လုံလောက်အောင် နာကျင်နေပြီးသား နှလုံးသား။ ဒီတခါ အဲဒီနှလုံးသားအတွက် ကျနော့ ရဲ့  လက်ချောင်းတွေကြားမှာလည်း ခင်ဗျားပေးသွားတဲ့ ဓါးတလက်ရှိနေတယ်။
ကျနော် ခင်ဗျားကို မုန်းတယ်လို့ ပြောပြီးပြီ။
kmthet
No comments:
Post a Comment