by Soe Lynn on Friday, 3 February 2012 at 10:03
ခါးသီးလိုက်တာ
အသံလှိုင်းတွေမှာ
မျက်နှာဖုံးတွေ စွပ်လို့ ....
သကြားလုံးတွေ
သကြားလုံးတွေ
သကာရည်အပြည့်နဲ့သကြားလုံးတွေ
ခါးသီးလိုက်တာ။
ဒါဟာ
သဘာဝကျကျမှားယွင်းမှုတစ်ခု
လက်မှတ်တန်းစီစရာမလို
နေရာဦးစရာမလို
မိတ်ကပ်ဆရာမလို
သဘာဝကျတတ်ဖို့ပဲလိုတယ်။
ခါးနာတယ်
ခေါင်းမူးတယ်
ကိုယ်လက်ကိုက်ခဲတယ်
အန်ချင်လာတယ်
ကျွန်တော်ရဲ့ ညံ့ဖျင်းမှုအတွက်
အားလုံးကို တောင်းပန်ပါတယ်။
(၂၀.၁.၉၇)
ကာလတစ်ခုကို ကျွန်တော့်အသိစိတ်က မေ့လို့မရဘူးဆိုတာတော့ အရိုးသားဆုံးဝန်ခံပါတယ်။ကျွန်တော့် ကဗျာတွေမှာ အဲဒီအရိပ်တွေ ထင်ဟပ်နေမှာလည်း သေချာပါတယ်။ ကျွန်တော်တို့တတွေ ငယ်ရွယ်လွန်းလို့ မှားယွင်းခဲ့ကြတာ ထင်ပါတယ်။ ဒါပေမယ့် ဒီအသက်အရွယ်မှာတော့ ထပ်မမှားသင့်ကြတော့ပါဘူး။မြန်မာနိုင်ငံသမိုင်းကြောင်းကို ကြည့်ရင် အနှစ် ၂၀ ဆိုတာ အပြောင်းအလဲတစ်ခု၊ ဒီထက်မက အခြေအနေပေးရင် အမှန်တရားတစ်ခု ထွက်ပေါ်တတ်လေ့ရှိတာ အထင်အရှားပါပဲ။၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်ကာလ၊ ၁၉၆၂ ကနေ ၁၉၈၈ ကာလ၊ ၁၉၉၀ ကနေ ၂၀၁၀ ကာလတို့က သက်သေပါ။ ဘယ်သူတွေ ဘာလုပ်ပါလို့လည်း မတိုက်တွန်းချင်ဘူး။ လှိုင်းဆိုတာ သူ့အချိန် တန်ရင် အလိုလိုရိုက်ခတ်ဆဲပါ။ သူ့ကြွေးရှိရင်တော့ ကျွန်တော်တို့ မလွဲမသွေဆပ်ကြရပါလိမ့်မယ်။
စက်မှုတက္ကသိုလ်ကျောင်းသားဘ၀(ငယ်စဉ်က) မျိုးဝင်း(မြောက်ပိုင်း)နဲ့ ပတ်သက်ပြီးအဖြစ်အပျက်လေးတစ်ခုကို နည်းနည်းပြောစရာရှိလာတယ်။ အားလုံးစဉ်းစားသုံးသပ်စေချင်လို့ပါ။ ကျွန်တော်နဲ့ မျိုးဝင်းက အာရ်အိုင်တီကို တစ်နှစ်ထဲရောက်လာကြတာပါ။ တတိယနှစ်မှာလည်း တစ်ဆောင်တည်းပါ(ပုပ္ပါး)။ အဲဒီနှစ်မှာပဲ အခုပြောမယ့်ကိစ္စဖြစ်ခဲ့တာ။ အကြောင်းအရာက ၀င်းမော်(ရေဦး)ရဲ့အခန်းကို ရန်ကုန်မြို့ထဲက ဧည့်သည်တစ်ဦးရောက်လာတယ်။ နာရီတစ်လုံးပျောက်သွားတယ်။ အဲဒီလူကို မျိုးဝင်း အထပ်ထပ်ရှာတယ်။ မတွေ့ဘူး။ ကျွန်တော့်အခန်းကို မျိုးဝင်းရောက်လာတယ်။ စိုးလင်းရေ ငါ့ကို ကူညီပါအုံးဆိုပြီး အဖြစ်အပျက်ကို ပြောပြတယ်။ အဲဒီအချိန်က ကျွန်တော်အခန်းထဲမှာ အခန်းဖော် ကျော်စွာမြင့်(မိုးကုတ်)နဲ့မန်းလေးသားအချို့ ရှိနေကြတယ်။ ကျွန်တော်တို့လိုက်သွားပြီး ဘသော်(မန်းလေး)က နည်းနည်း ဖိန့်လုံးသုံး အစ်အောက်လိုက်ရင်ပဲ အဲဒီလူ (ကျွန်တော်အမှတ်မမှားရင် နေ၀င်းစိုးဖြစ်လိမ့်မယ်)က မျိုးဝင်းကို ထေ့ပြီး . . . ဟေ့ကောင် လူအ မင်းရှာမတွေ့တဲ့ နာရီက ဒီမှာကွဆိုပြီး ဝေါ့ကင်းရှူးဇစ်ဖွင့်ပြီးပေးတယ်။ ပစ္စည်းပြန်ရပြီမို့ ဘသော်က ညီလေး စိတ်မပူနဲ့ ၊ အစ်ကို မင်းကို ကားဂိတ်ထိလိုက်ပို့ပေးမယ်ပြောပြီး အဆောင်ကနေ သူ့ကို ခေါ်လာခဲ့တယ်။(သူခိုးနဲ့ပတ်သက်ပြီး ကျောင်းသားတွေလက်သံပြောင်တြတာ အာရ်အိုင်တီက လူတိုင်းသိတယ်)။ သမိုင်းဝင်း ကန်တင်းနောက်ဘက်ကွင်းပြင်အရောက်မှာပဲ အမှောင်ထဲက ယူတီစီဝတ်စုံအပြည့်နဲ့ မျိုးဝင်းနဲ့ ကျောင်းသားတစ်ချို့ ပေါ်လာပြီး နေ၀င်းစိုးကို သမပါတော့တယ်။ ဘသော်လည်း တားမရတာနဲ့ တဖြည်းဖြည်း လူအုပ်အပြင်ဘက်ကို ရောက်သွားတယ်။ ကျွန်တော်တို့ ခပ်လှမ်းလှမ်းကနေ အားလုံးမြင်နေရတယ်။ အဲဒီအချိန်က သတင်းစာတွေကို ပြန်ရှာကြည့်ရင် နေ၀င်းစိုးရဲ့ နာရေးသတင်းကို တွေ့ပါလိမ့်မယ်။
အမှတ်တမဲ့အဖြစ်အပျက်လေးပါပဲ။(1986)။ဒါပေမယ့် အခုတော့ . . . . . . . . . . .။
သောင်ရင်းမြစ်အလွမ်းပြေရေးထားတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ပဲ ခဏနားချင်ပါတယ် . . .
မိုးမခ အလွမ်း
ထူးထူးခြားခြား
တောင်ကနေ မြောက်ကိုသွားတဲ့
မြန်မာပြည်ရဲ့ သမီးပျိုတစ်ပါးဟာ
သူမဖြစ်တယ်။
သူမရဲ့ ရင်ခွင်မှာ
မိုးမခပင်တွေဟာ
အတောင်အလက်ကဗျာ
ဝေဆာလိုက် ခြောက်သွေ့လိုက်နဲ့
ရာသီစရိုက်ကို ဖွဲ့ခဲ့ကြတယ်။
သူမရဲ့ ခြေရင်းမှာ
သဘာဝရဲ့ ရင်သွေးငယ်တွေဟာ
အိပ်မက်တွေ ထုဆစ်ပုံဖော်
သံစဉ်တွေ ရေလောင်းပေါင်းသင်
ဝေဟင်ကို ဆွဲဖွင့် ခုန်တက်
ကောင်းကင်မေမေလည်း သာခဲ့တယ်။
သူမရဲ့ ဘေးနှစ်ဖက်မှာ
မတူတဲ့ သမိုင်းနှစ်ရပ်ရှိတယ်
ရေမကွဲပေမဲ့
လေ ကွဲတယ်။
သူမရဲ့ ဒိုင်ယာရီမှာ
ရာသီလှိုင်းတွေပါတယ်
မိုးမခကိုင်းတွေပါတယ်
မြရွက်စိုတဲ့
ဘ၀တက္ကသိုလ်ပါတယ်
အနာဂတ်ရည်မှန်း
ပျံသန်းတဲ့ ငှက်တွေပါတယ်
သူမဟာ
လရောင်ကို နမ်းဖူးတယ်
မိုးမခကို ဖမ်းဖူးတယ်
သူရာရည်ကို ယစ်ဖူးတယ်
အင်္ကျီဖြူကို ချစ်ဖူးတယ်။
သူမဟာ
အရုဏ်ဦးကို ဆုံဖူးတယ်
ပဋိပက္ခကို ကြုံဖူးတယ်
နောက်ဆုံး အိပ်မက်ကို မက်ဖူးတယ်
ဟသာင်္ကိုးသောင်းဇာတ်ကို ဖတ်ဖူးတယ်။
သေချာတယ်
သူမကို
မိုးမခပင်ပျိုတွေက
မိခင်အမှတ်ချစ်တယ်
သူမဟာ
မိုးမခပင်ပျိုတွေရဲ့
ကြည့်ချင်ဇာတ်ဖြစ်တယ်။
(၆-၆-၉၆)
Soe Lynn facebook မှကူးယူဖော်ပြသည်။
No comments:
Post a Comment