Tuesday, February 21, 2012

သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့  ဖြောင်ချက်ပေးခဲ့ကြတာလဲ။

by Maungmaung Skw on Tuesday, 21 February 2012 at 03:06 ·
                ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?

          ဒီမေးခွန်းဟာ ကျွန်တော့ကို ခဏခဏအမေးခံရတဲ့ မေးခွန်း တစ်ခုပါ။ABSDF(NB)ပါဂျောင်စခန်းမှာလူသတ်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့ရဲ့ညီ-ညီညီတစ်ယောက် ကျောင်းသားတပ်ဖွဲ့ ကနေ KIAဘက်ကိုရောက်ရှိသွားပြီးတဲ့နောက်ကျွန်တော်ပါဂျောင်မှာရှိတဲ့ KIAရဲ့ NEWCAMP ခေါ်လိုင်စင်စခန်းနဲ့ လိုင်ဇာဘက်ကို အကြိမ် ကြိမ် ရောက်ခဲ့ပါတယ်။

           KIA ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်မှူးကြီးပန်းအောင် နဲ့ မကြာခဏဆုံဖြစ်ပြီး တရုတ်ပြည် ရင်ကျန်းမြို့ ကတဆင့် လိုင်စင်-လိုင်ဇာဘက်တွေကို ညီညီနဲ့အတူ မကြာခဏ ကားလိုက်မောင်းပေး ဘူးပါ တယ်။KIA တပ်က သက်တန်းရင့် ဗိုလ်ချုပ်ကြီးတစ်ချို့ နဲ့လည်း တွေ့ခဲ့ ဆုံခဲ့ စကားပြောခဲ့ဘူးပါတယ်။
          သူတို့တတွေဟာ ကျောင်းသားစခန်းတွင်းက နှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ စိတ်မပါကြပါဘူး။အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ခါတရံမှသာ စကားပြန်ရတတ် ပါတယ်။ဘယ်လို ဘဲပြောပြော ဘယ်သူနဲ့ပြောပြော သူတို့ရဲ့စကားကို “သူတို့က ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက် လှမ်းရေးပါလို့ ဖြောင့်ချက် ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပစ်တတ်ကြပါတယ်။
          သူတို့အားလုံးအတွက် လူအင်အား(၃၀၀)လောက်ရှိတဲ့နေရာမှာလူ(၁၀၀)လောက် က ထောက် လှမ်းရေး ဖြစ်နေတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ကြဘဲ ဟာသတစ်ခုလိုပြောနေကြပေမဲ့ အဲ့ဒီအကြောင်းကိုမေး လိုက်ရင် အပေါ်ကမေးခွန်းကိုဘဲ ထပ်ခါတလဲလဲမေးနေတတ်ကြတယ်။
          ဗိုလ်မှူးကြီးပန်းအောင်ဆိုရင် ကိုယ်တိုင်က ထောက်လှမ်းရေးတာဝန်ခံတစ်ယောက်ဖြစ်တယ်။ကျောင်း သားတပ်က စွတ်စွဲစစ်ဆေးချက်တွေအရ တပ်မတော်ထောက်လှမ်းရေးဗိုလ်တစ်ယောက်ပါလို့ ဖြောင့်ချက်ပေး ထားတဲ့ ညီညီ့ကို အကာအကွယ်ပေးခေါ်ယူပြီး သူ့အနားမှာထားလိုက်တာ-ဘယ်ကိုသွားသွား ညီညီနဲ့ နှစ် ယောက် ထဲသွားကြလာကြ လုပ်နေလို့ ကချင်တွေကတောင် ပြောလာဆိုလာကြတဲ့ အဆင့်။ညီညီနေဖို့ အခန်း က စစ်ရုံးထဲမှာ အခန်းဖွဲ့ပေးထားတာ-ကျွန်တော်သွားတော့တောင် အဲ့ဒီအခန်းမှာဘဲတည်းရတာ။
          ဒီလိုအခြေအနေတွေကိုကြည့်ရင် သံချောင်းတို့ မျိုးဝင်းတို့ အောင်နိုင်တို့ရဲ့ လုပ်ရပ်-သူတို့ပြောဆိုမှု တွေကို လုံးဝလက်မခံဘူး အရေးအရာမထားဘူးဆိုတာသိသာလှပါတယ်။နောက်ပိုင်း မျိုးဝင်းတို့ အောင်နိုင်တို့ က ညီညီကိုပြန်လွှဲပေးဖို့ တောင်းဆိုတော့လည်းငြင်းခဲ့တယ်-နောက်ပိုင်းဇွတ်ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းလည်း ကြားရရော ကျောင်းသားတပ်ဖွဲ့ဝင်တွေ ကချင်ဘက်လာရင် လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ ညီညီ့ကို သူကိုယ်တိုင်ကိုင်တဲ့  9mm ပစ္စတိုကိုပေးထားလိုက်တာတွေကြည့်ရင်ကျောင်းသားတပ်ကကောင်တွေလုပ်သမျှ လက်မခံဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ ကျွန်တော်နဲ့တွေ့တဲ့အခါ ဒီအကြောင်းစကားစလိုက်တာနဲ့ ဒီမေးခွန်း ဘဲ “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” လို့ မေးခွန်းနဲ့ တုန့်ပြန်တတ်ပါတယ်။
          ဒီတော့ ကျွန်တော်က သူတို့ နားလည်သဘောပေါက်သွားအောင် ပုံပြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်။ မူရင်းပုံပြင်ကတော့ ပါကစ္စတန်က လူရွှင်တော် တစ်ယောက်ကပြောခဲ့တဲ့ ဟာသပုံပြင်ပါ။သူပြောခဲ့တာကတော့  သူတို့ပါကစ္စတန်ရဲတွေအကြောင်းပြောထားတာပါ။ကျွန်တော်ကအဲ့ဒီပုံပြင်ကိုဘဲမြန်မာမှုပြုပြီးပြောပြလိုက်တယ်၊
          ပုံပြင်က ဒီလိုဗျ...........................................................................................................
          တခါတုန်းကပေါ့ဗျာ....နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးတစ်၊တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ အလွန်လှတဲ့ အမွှေးပွ ယုန်ကလေးနှစ်ကောင်  မွေးထားတယ်တဲ့။အဲ့ဒီယုန်ကလေးနှစ်ကောင်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အလွန်အင်မတန်ချစ်မြတ်နိုးလွန်းလို့ အလုပ်အားလပ်တဲ့အချိန်တိုင်းမှာ ယုန်ကလေးတွေနဲ့ ဆော့ကစားရင်း အပန်းဖြေလေ့ ရှိတယ်တဲ့။
          သူအလုပ်တာဝန်တွေနဲ့ မြန်မာနိုင်ငံ ဘယ်အရပ်ဒေသကိုသွားသွား သူ.တပည့်တွေက ယုန်လေးနှစ် ကောင်ကို သယ်ယူပေးသွားရတယ်တဲ့။ဗိုလ်ချုပ်ကြီးဟာ ဘယ်အရပ်ဒေသကိုဘဲရောက်ရောက် ဘာတာဝန် တွေဘဲထမ်းဆောင်ရ ထမ်းဆောင်ရ အချိန်အားရတာနဲ့ သူ့ယုန်လေးနှစ်ကောင်နဲ့ဆော့ကစား အပမ်းဖြေတတ် တာကိုး။
          တစ်ရက်တော့ အညာဒေသဘက်ကို ခရီးလှည့်လည်ရင်း လမ်းခုလပ်မှာ ခဏနားပြီးအပမ်းဖြေကြ တယ်။ထုံးစံအတိုင်း လမ်းဘေးတောစပ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ယုန်လေးနှစ်ကောင်နဲ့ ဆော့ ကစားနေ တယ်တဲ့။အဲ့ဒီအချိန်မှာ ကားတစ်စီးရဲ့ အင်ဂျင်က Miss-fire ဖြစ်လို့ “ဒိုင်း” ဆိုတဲ့ အသံထွက်သွားတယ်တဲ့။ ဗိုလ်ချုပ်ကြီးနဲ့ သူ့ရဲ့သက်တော်စောင့်တွေ သတိအနေအထားဖြစ်သွားတဲ့ အချိန်မှာဘဲ ယုန်ကလေးနှစ်ကောင် ကတော့ လန့်ပြီး မဟာမြိုင်တောထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်တဲ့။
          ကားအိပ်ဇောက မြည်လိုက်တဲ့ အသံဆိုတာ သိပြီးတဲ့နောက် အားလုံးအေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့တပည့်တပမ်းတွေနဲ့ အတူ မဟာမြိုင်တောစပ်မှာ ရှာဖွေကြပေမဲ့ ယုန်လေး နှစ်ကောင်ကတော့ ရှာမတွေ့တော့ဘဲ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တယ်တဲ့။
          ဗိုလ်ချုပ်ကြီးလည်း ယုန်လေးတွေကိုချစ်တဲ့စိတ်နဲ့ အဲ့ဒီ မဟာမြိုင်တောစပ်မှာတင် စခန်းချလို့နေပြီး ဘာ အလုပ်မှဆက်မလုပ်နိုင်တော့ဘူးဖြစ်သွားတော့တယ်တဲ့။သူ့လက်ထောက်တွေက ဗိုလ်ချုပ်ကြီးရဲ့အဖြစ် အပျက် ကို မကြည့်နိုင်ကြလို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားတွေကိုခေါ်ပြီး ယုန်လေး နှစ်ကောင်ကို တောနင်းရှာခိုင်းပေမဲ့ ယုန်လေးနှစ်ကောင်ကတော့ လုံးဝ ခြေရာပျောက်နေတယ်တဲ့။နောက်ဆုံး တော့ တပ်မတော်(ကြည်း)က ခြေလျှင်တပ်ရင်းတွေကိုအကူအညီတောင်းပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ တောနင်းရှာပေမဲ့လည်း ယုန်လေးနှစ်ကောင်ကို မတွေ့ကြဘူးတဲ့။ဒေသခံတောမုဆိုးတွေလည်း ဘယ်လိုမှ ရှာ လို့မတွေ့နိုင်တဲ့ ယုန်လေးနှစ်ကောင်ကို ဇွတ်ရှာခိုင်းမှာကြောက်လို့ တနယ်တကျေးကို ပြောင်းပြေးကုန်ကြတယ် တဲ့။
          အဲ့ဒီအချိန်မှာ ပုံမှန်အစည်းအဝေးတွေမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို မတွေ့ရလို့ မေးလာတာနဲ့ တပ်ချုပ် ကြီးကို အကြောင်စုံ ဖွင့်ပြော အသိပေးလိုက်ရတယ်တဲ့။ဒီအချိန်မှာ တပ်ချုပ်ကြီးက “ဒါလေးများကွာ-သူငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှာခိုင်းပေါ့-သူတို့ကတောကျွမ်းပြီးသားတွေဘဲ” လို့ မိန့်တော်မူလိုက်သ တဲ့။ဒါနဲ့ အထူးဒေသများအဖြစ်သတ်မှတ်ပေးထားတဲ့နယ်မြေအသီးသီးကငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို အကူအညီလှမ်းတောင်းလိုက်တော့ အဖွဲ့အားလုံးက တောနင်းတာကိုကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်ရွေးစင် ကွန်မင်ဒိုတွေကိုစေလွှတ် အကူအညီပေးခဲ့တယ်တဲ့။
          တသက်လုံးတောထဲတောင်ထဲနေလာပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တောနင်းရှာကြပေမဲ့ အချိန်တွေသာကုန် အဖွဲ့တွေသာစုံသွားတယ် ယုန်လေးနှစ်ကောင် က တော့ ရှာလို့မတွေ့ ကြဘူးတဲ့။ နောက်ဆုံးအဖွဲ့အစည်းတွေအားလုံး လက်မှိုင်ချနေတဲ့အချိန်မှာ KIO ဥက္ကဌကြီး ဦးဘရန်ဆိုင်းက သတိရတာနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အကြံတစ်ခုပေးလာတယ်တဲ့။
          သူပေးတဲ့အကြံက ဘာလည်းဆိုတော့ “တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးစုံသွားပြီဆိုပေမဲ့- ကျွန်တော့နယ်မြေထဲမှာ နေရာပေးထားတဲ့ ABSDF(NB) ဆိုတဲ့ ကျောင်းသားအဖွဲ့ ရှိပါသေးတယ်-သူတို့ကို အကူအညီတောင်းကြည့်ရရင် ကောင်းမလား”တဲ့။
          ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က “မဖြစ်နိုင်ပါဘူးဗျာ-တောကျွမ်းပါတယ်ဆိုတဲ့ ခင်ဗျားတို့တောင် မရှာ နိုင်တာ-တစ်နေ့မနေ့ကမှတောထဲရောက်တဲ့ ကျောင်းသားတွေ-ဘယ်လိုလုပ်ရှာနိုင်ပါ့မလဲ” လို့ပြန်ပြောလိုက် တယ်တဲ့။ဒီတော့ ဦးဘရန်ဆိုင်းက “ဒီကောင်တွေကို အထင်မသေးနဲ့နော်-ကျွန်တော်တို့ ကချင်တွေ တစ်သက် လုံးမမိဘူးတဲ့ ထောက်လှမ်းရေးတွေ တပ်ခွဲလိုက်ကြီးမိအောင်တောင်ဖမ်းထားနိုင်တဲ့ကျောင်းသားတွေနော်-ဘာဘဲဖြစ်ဖြစ် ကျွန်တော်အကူအညီတောင်းကြည့်လိုက်တာမမှားလောက်ဘူးထင်တယ်” ဆိုပြီး ဇွတ်ပြောလာ တော့ ယုန်လေးနှစ်ကောင်ကို သံယောဇဉ်ကြီးလှတဲ့ ဗိုလ်ချုပ်ကြီးလည်း သဘောတူလိုက်ရတယ်တဲ့။
          ကျောင်းသားတပ်ကို ဦးဘရန်ဆိုင်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အလုပ်ဖြစ်ပေမဲ့ သူမျက်နှာကိုထောက် ထားပြီးအကူအညီပေးဖို့ တောင်းဆိုလိုက်တော့အောင်နိုင်၊သံချောင်း၊မျိုးဝင်းနဲ့ လှဆိုင်းတို့က တိုင်ပင်ပြီးတော့ သန်းဇော်၊ဇော်ဇော်မင်း၊ကျော်ထင်ဦး၊သက်လင်းနဲ့ ဖိုးနှောင်းတို့(၅)ယောက်ကို ယုန်ရှာဖို့ အမိန့်ပြန်တမ်းထုတ်ပြီး ထည့်ပေးလိုက်တယ်တဲ့။
          ကျောင်းသာတပ်ရဲ့လက်ရွေးစင် သန်းဇော်တို့ အဖွဲ့ရောက်ရှိသတင်းပို့လာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာတော်တော်စိတ်ပျက်သွားတယ်တဲ့။ “ဖြစ်ပါ့မလားကွာ-ဘာလက်နက်ကရိယာမှမပါဘဲနဲ့-တစ်ယောက်ဝါးဆစ် ပိတ်တစ်ချောင်းစီနဲ့-မင်းတို့ကဘယ်လိုလုပ် တတ်နိုင်မှာလည်း” လို့မေးတယ်တဲ့။သန်းဇော်က “မပူပါနဲ့အဘ-အဘရဲ့ယုန်နှစ်ကောင်ပြန်တွေ့ပြီလို့သာ သဘောထားလိုက်တော့-ခဏပါ-ကျွန်တော်တို့ အချိန်တွေ အများကြီး မယူပါဘူး” လို့အဖြေပေးတယ်တဲ့။
          ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း နောက်ဆုံးကျိုးစားတဲ့အနေနဲ့ သန်းဇော်တို့ ငါးယောက်ကို မယုံရဲရဲနဲ့ဘဲ ယုန် လေးနှစ်ကောင်ဝင်သွားတဲ့ မဟာမြိုင်တောအစပ်အထိ ပို့ပေးလိုက်တယ်တဲ့။
          သန်းဇော်တို့ အဖွဲ့ တောထဲဝင်သွားလို့ (၁၅)မိနစ်လောက်ဘဲရှိဦးမယ်-မဟာမြိုင်တောကြီးထဲက တော တိုးသံတွေ တဝုန်းဝုန်းကြားလိုက်ရလို့ အားလုံးဝိုင်းကြည့်လိုက်တော့-မဟာမြိုင်တောကြီးထဲက စွယ်စုံဆင်ကြီး နှစ်ကောင် အော်ရင်းဟစ်ရင်း အူယားဖားယား ပြေးထွက်လာတာကို အားလုံးတွေ့လိုက်ကြရတယ်တဲ့။ကြောက် အားလန့်အားနဲ့ သေးတဖြန်းဖြန်းပါရင်းထွက်ပြေးလာတဲ့ ဆင်ကြီးနှစ်ကောင်က ပြေးရင်းလွှားရင်း ပါးစပ်ကလည်း အော်ဟစ်လာသေးတယ်တဲ့။သူတို့အော်လာတာကတော့ “ဟုတ်ပါတယ်ဗျ-ကြောက်ပါပြီဗျ-ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်မွေးထားတဲ့ ယုန်လေးနှစ်ကောင်ပါဗျ” တဲ့။ဆင်နှစ်ကောင်ကိုသေသေချာချာကြည့် လိုက် တော့ တစ်ကောင်က လက်တစ်ဘက်ပြတ်နေပြီးတော့ နောက်တစ်ကောင်က အစွယ်တစ်ဘက်ကျိုးနေပြီး ဖင်ပွင့်နေတာ တွေ့ရတယ်တဲ့။
          သန်းဇော်တို့အဖွဲ့ကတော့ တောထဲကထွက်လာပြီး ခတ်တည်တည်ဘဲ “ကဲ-ကျွန်တော်တို့တာဝန်ပြီး သွားပြီ-ပြန်တော့မယ်-ခင်ဗျားတို့ဘာမှစောဒကလာတက်မနေနဲ့-သူတို့ပါးစပ်က ဝန်ခံနေတာတွေ့လား-ဒါဘဲ” လို့ပြောပြီးပြန်သွားကြတယ်တဲ့။
          ကဲ-ဒီလောက်ဆို တျောင်းသားတော်လှန်ရေးသမားတွေ “ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေး ပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေ ရှင်းသွားလောက်ပါပြီ။
          သူတို့လိုချင်တဲ့ အဖြေကို နိမိတ်ပြမေးခွန်းတွေနဲ့မေးပြီး ဝန်ခံခိုင်းတယ်-ဝန်မခံမချင်း လူမဆန်တဲ့နည်း တွေနဲ့ နှိပ်စက်တယ်-သူတို့လိုချင်တဲ့အဖြေရမှ နှိပ်စက်တာတွေရပ်တယ်-ဒါဘဲပေါ့။
          ဒီလို ပုံပြင်လေးနဲ့ရှင်းပြလိုက်တော့ ဗိုလ်မှူးကြီးပန်းအောင်က ဟက်ဟက်ပက်ပက် ရီတယ်-“ကိုမောင် မောင်-မင်းစကားကို ကြံကြံဖန်ဖန် ပြောတဲ့ကောင်ဘဲ” တဲ့။
          ကျွန်တော်က သူ့ကိုပြန်ပြောလိုက်တယ် “ကျွန်တော်-ကြံကြံဖန်ဖန် ပြောတာမဟုတ်ဘူး-အခြေအနေ မှန်ကို-ဒူကမ္ဘာတို့ သဘောပေါက်အောင်ပြောပြတာ-အဲ့ဒီနည်းနဲ့ဆို ကြိုက်တဲ့ဖြောင့်ချက်ယူလို့ရတယ်-မယုံရင် မျိုးဝင်းတို့-သံချောင်းတို့-အောင်နိုင်တို့ အုပ်စုကို ကျွန်တော့လက် အပ်ကြည့်လိုက်ပါလား-နေ့မကူးစေရဘူး-ဒီကောင်တွေဖြောင့်ချက်ပေးလာအောင် ကျွန်တော်လုပ်ပြမယ်-ဘယ်လိုဖြောင့်ချက်မျိုး-ဒူကမ္ဘာ လိုချင်သလဲ ကြိုတင်ပြောထားလိုက်-အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားတွေပါလို့ ဝန်ခံခိုင်းချင်သေးလား-ရတယ်”လို့။
          ကချင်တွေနဲ့ ကျွန်တော်ပြောခဲ့ဆိုခဲ့တာတွေ ထားလိုက်ပါတော့ ကျွန်တော်အခုတင်ပြချင်တာက “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါ။
မောင်မောင်(ရွှေကရဝိက်) ၂၁-၂-၂၀၁၂ ရက် အင်္ဂါနေ့ ။
maung maung skw facebook မှကူးယူဖော်ပြသည်။

3 comments:

လင်္ကာ said...

Kyaw Gyi AB နှိပ်စက်မှုချည်းကြောင့်တော့မဟုတ်ပါဘူး၊ကိုထွန်းအောင်ကျော်တို့ ကျွန်တော်တို့ က စဖမ်းကတဲက အရာရှိရိပ်သာဆိုတဲ့နေရာမှာနေခဲ့ရတာပါ၊ တချိ့ လဲဟုတ်တယ်တောင်မပြောလိုက်ရပါဘူး၊ နှိပ်စက်မှုကသတ်သတ်ပါ၊ငယ်တဲ့သူတွေ နဲ့ ရောက်စတချို့ ကပဲ အမှန်နဲ့  ရင်ဆိုင်လို့ နှိပ်စက်ခန်း မဆုံးခင် သေဆုံးတာတို့ နောက်ဆုံး လမ်းကြောင်းပေးတဲ့အတိုင်းပြောစေချင်တာကိုဟုတ်ပါတယ်လုပ်လိုက်ရတာပါ၊ဝန်ခံပြီးရင် တစ်ယောက်ကို ( ၅ )ယောက်နှုန်းထပ်ပြောရပါတယ်၊ ပထမတော့ ညှိထားသလိုပဲ သေပြီးသူတွေထွက်ပြေးပြိးသူတွေပြောကြတယ်၊နောက် မရတော့ ဖမ်းပြီးသူချင်းပြောကြတယ်။နောက်ဆုံး အသစ်( ၅ )ယောက်ပြောရမယ် ဆိုရော ဒုက္ခရောက်ကြတော့တာပါပဲ။
48 minutes ago · 1
Yeyint Kyaw ဝန်ခံပြန်တော့လည်း ၅ယောက် ထပ်ဖော်ရမယ်ဆိုတော့.. များပြီပေါ့...။ ဗမာပြည်နေတာ ပီသတယ် မုန့်ဟင်းခါး အဆစ်တောင်းတာကျနေတာပဲ..၊ အကုန်ဝန်ခံလို့ နောက်ဆုံး ( နိုင်အောင်၊မျိုးဝင်း၊သံချောင်း၊အောင်နိုင်၊လှဆောင်(ခေါ်)လှဆိုင်း) တို့ ၅ယောက်ပဲ ကျန်ရင် သူတို့ ဆက်စစ်ပါ့မလား...ဟင်..။ တော်တော် တရားကျဖို့ကောင်းတဲ့ စစ်ကြောရေးပါပဲ... ။ (ခင်ညွန့်လက်လံ မြောက်ပိုင်းကအသံ )လို့ နာမည်ပေးလိုက်ချင်တယ်..။

လင်္ကာ said...

Nang Aung Htwe Kyi ကိုမောင်မောင်ရေ .. ကြိုက်တယ်ဗျို့ .. ဗိုလ်ချုပ်ဇော်မိုင် က ပြောတယ်..မီးငယ် နင် ငါ့ကိုထောက်လှမ်းရေးကလို့ လာမပြောနဲ့ .. နင့် စစ်ချက်တွေမှာ နင်က ဗိုလ်ချုပ်နေဝင်း ထက်တောင် စီနီယာ ကျနေသေးတယ် တဲ့ ..ဟဲ ဟဲ .. စိတ်ကူး ယဉ်ဝတ္ထုရေး တာ တလွဲ တချော် တွေ ဖြစ်နေရော ...
9 hours ago · 12
Nang Aung Htwe Kyi ကြောင် ကို မေးကြည့် ဦး ။မြတ်သစ် တို့ ဇော်ဇော်အောင် တို့ ဝတ္ထုထဲက ဇာတ်ကောင် တွေ ရေးတဲ့သူတွေ ရှိသေးတယ် ..။ ဒါ ကြောင့်ပြောတာ ရယူထား တဲ့ စစ်ချက် တွေ ချပြလိုက် စမ်း လို့ ။ အဲ့ဒီ AB - NB က ဟာသ ဝတ္ထုတို ပေါင်းချုပ် တွေကို နယ်သလန် မြူဇီယမ် မှာ သိမ်းထားနေစရာ မလို ပါဘူးလို့ ။

လင်္ကာ said...

Kyaw Hlaing Oo
KIA ဗိုလ်ချုပ်ဇော်မိုင်က ဘယ်ရောက်သွားပါလဲ၊ အပြစ်အခတ်ရပ်စဲပြီးတဲ့ နောက်ပိုင်းမှာ သူ့အသံမကြားရတော့လို့ပါ။

Nang Aung Htwe Kyi
KIA မှာအာဏာသိမ်းမူ့ ဖြစ်ပြီးတော့ စခန်းမှာဘဲ ရှိတယ် ကြားတယ် ။ ဒီနေ့ဒီအချိန်တော့ မသိဘူး . ။အသက်ကြီးပြီလေ ။ စိတ်ထားဖြောင့်မတ် တည် ကြည် တဲ့ လေးစားထိုက် တဲ့ ခေါင်းဆောင် တဦးပါ ။