Tuesday, February 21, 2012

ဆစ်ဒနီအခြေစိုက်သန်းထွတ်ဆွေရဲ့ မြောက်ပိုင်းလူသတ်ပွဲအပေါ်သဘောထား

....ကျနော် ကတော့ ဖမ်းထားတယ်ဆိုတဲ့ဟာကိုတော့သိတယ်။ ထောက်လှမ်းရေးဆိုတဲ့ဟာကို လည်းခိုင်ခိုင် မာမာ ကြားသိရတယ်။  ဘာကြောင့်လည်းဆိုတော့ အဖွဲ့ အစည်းက၊အေဘီအက်စ်ဒီအက်ဖ် အဲဒီအချိန်တုန်း က မြောက်ပိုင်းမှာ ဖမ်းထားသလို၊ မြောက်ပိုင်း မှာထောက်လှမ်းရေးတွေမိတဲ့ အပေါ်မှာမူ တည်ပြီးတော့ တောင်ပိုင်းမှာရှိတဲ့လူ ၂ ယောက် ၃ ယောက်ကိုလည်းဖမ်းထားတယ်ခင်ဗျ။ အဲဒါကြောင့်မို့ လို့ မြောက်ပိုင်းအဆက်အသွယ်နဲ့ တောင်ပိုင်းဖမ်းတဲ့အတွက်ကြောင့်မို့ လို့ မြောက်ပိုင်းက  ---ကြောင့်မို့ လို့  ကျနော် တို့ ကသိရတာ။ဒါပေမယ့်မြောက်ပိုင်းမှာလည်း ကျနော်ရှိမနေဘူး။ အသေးစိတ်အတိအကျဘယ်လိုသတ်ခဲ့သလဲ။ဘယ်လိုအရေးယူခဲ့သလဲကျနော်အကြမ်းဖျင်းပဲပြောလို့ ရတယ်။
သူတို့ မှာလည်း အထောက် အထားတွေရှိပါတယ်။ဒီအချိန်မှာလည်းသူတို့ ကပြောဖို့  မလိုဘူး။ ဒီအချိန် မှာတော့ဘာမှပြောဦး မဟုတ်ဘူး။ အချိန်မတန်သေးတဲ့သဘောဖြစ်ပါတယ်။...........






ကျောင်းသားတပ်မတော်ဒေသမှာ လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး ဒီအကြောင်းတွေ အခုတလော ဟိုးလေးတကြော်ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာရောက် ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ရဲဘော်ဟောင်းတွေက သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်စာတစောင် ထုတ်ပြန်ထားပြီး ဆစ်ဒနီမြို့အခြေစိုက် ကျောင်းသားတပ်မတော်ရဲ့ ရဲဘော်ဖြစ်ခဲ့သူ ကိုသန်းထွဋ်ဆွေ နဲ့ ဒီအကြောင်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကိုသန်းထွဋ်ဆွေရှင့် ကျမတို့ ရေဒီယိုသြစတြေးလျကနေ ဆက်သွယ်မေးမြန်းတာကို ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ အဲဒီတော့ ကျမတို့ ဒီမှာ ABSDF ကနေပြီးတော့မှ ထုတ်ပြန်တဲ့စာအရလေ သြစတြေးလျနိုင်ငံမှာ ကိုသန်းထွဋ်ဆွေ ကို သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားပြုသူများဆိုပြီးတော့ နာမည်ပေးထားတဲ့အတွက်ကြောင့်လေ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပထမဦးဆုံး ကိုသန်းထွဋ်ဆွေ ဘယ်သူလဲဆိုတာ အရင် မိတ်ဆက် ပေးလို့ရမလားရှင်။

ဖြေ။ ။ သြော် ကျနော်ကတော့ ဒီ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းမှာ ကျောင်းသားတယောက်အနေနဲ့ပါခဲ့ပါတယ်။ ပြီးတဲ့အခါကျတော့ ၁၉၈၈ ခု ဒီမိုကရေစီအရေးအခင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော် တောထဲကိုရောက်တယ်၊ တောထဲကိုရောက်ပြီးတဲ့အချိန်မှာ ဒီ ABSDF ၁၉၈၈ နိုဝင်ဘာလမှာ ABSDF စတင်ဖွဲ့စည်းတဲ့အချိန်မှာတော့ ကျနော်က ABSDF ရဲဘော်ဖြစ်လာခဲ့တာပေါ့။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ တောထဲရောက်သွားတယ်ဆိုတာ ဘယ်လောက်လောက်ကြာလဲ

ဖြေ။ ။ အဲဒီတောထဲမှာ။ ကျနော်က ၁၉၈၈ ခုနှစ်ကနေပြီးတော့ ၁၉၉၆ အထိ ကျနော် တောထဲမှာ တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီ ပြီးတော့နောက်ကော အဲဒီ သြစတြေးလျကို ဘယ်တုန်းက ရောက်လာလဲ။

ဖြေ။ ။ သြစတြေးလျကိုကတော့ ကျနော်က ၂၀၀၁ ခုနှစ်မှ ရောက်ပါတယ်။ အဲဒီ ဒီကြားထဲမှာ ကျနော် ကျောင်းတွေဘာတွေ တက်သေးတယ်ဗျ။

မေး။ ။ ကျောင်းဘယ်မှာတက်လည်း ပြောပြလို့ရမလားရှင်။

ဖြေ။ ။ ကျောင်းကတော့ ကျနော်တို့ ဒီ ထိုင်း ဗန့်ကောက်မှာရှိတဲ့ Bradford university ပေါ့ဗျာ အဲဒီ Bradford university ကတော့ ဒီ အင်္ဂလန်ကနေပြီးတော့ လာပြီးတော့ ဖွင့်ထားတဲ့ အင်တာနေရှင်နယ်စကူး သဘောမျိုးပေါ့။ အဲဒီမှာ ကျနော်ကျောင်းတက်ခဲ့ပါ တယ်။ ဟုတ်ကဲ့ ဘယ်လိုဘာသာရပ်မျိုးလည်း ပြောပြလို့ရလား။ အဓိကတော့ ကျနော်တက်တဲ့ဘာသာရပ်ကတော့ ဒီ business and administration ဒီ စီးပွားရေးနဲ့စီမံခန့်ခွဲမှုဆိုင်ရာ ဟို ဘာသာရပ်ပေါ့။

မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ အခု ဒီ ABSDF ကနေပြီးတော့ နိုင်ငံတကာရောက်ကျောင်းသားတပ်မတော်အဖွဲ့ဝင်များနဲ့ ရဲဘော်ဟောင်းများ အဲလိုပြောထားတော့လေ ဟို ကျမတို့သိတဲ့ ၈၈ ကျောင်းသား၊ ဗမာပြည်ကနေထွက်လာတဲ့ကျောင်းသားက အခုဒီမှာရေးထားတာ မကဒတ ဆိုတာလည်း ကျောင်းသားတပ်မတော်ဆိုပြီးတော့ ခွဲခြားထားတာရှိတဲ့အတွက်ကြောင့်လေ အဲဒီတော့ မသိတဲ့လူတွေအတွက်ကို ဗကသ နဲ့ပေါ့ ဘယ်လိုများကွာခြားသလဲဆိုတာ နောက်ခံ ရှင်းပြလို့ရမလားရှင်။

ဖြေ။ ။ ဟုတ်ကဲ့ရပါတယ်ခင်ဗျ။ ကျနော်တို့ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းဆိုတာကတော့ ဒီကျောင်းသားလှုပ်ရှားမှုကစတာပေါ့။ လှုပ်ရှားမှုမှာအဓိကဦးဆောင်တာကတော့ ကျနော်တို့ အဲဒီအချိန်တုန်းက ဗကသ တို့ မကသ တို့ ရှိပြီးတော့ အဲဒီ ဗကဒ တို့ မကဒ တို့ ကနေအခြေခံပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုအုံကြွမှုတွေပေါ်ပေါက်လာတယ်။ အဲဒီ လူထုအုံကြွမှုတွေကမှတဆင့် ဆက်ပြီးတော့ စစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာ ကျနော်တို့အကုန်လုံးက ဟို ဗမာပြည်ထဲမှာဆက်ပြီးတော့ စစ်အစိုးရကို ဆန့်ကျင်တဲ့လုပ်ငန်းတွေ မလုပ်နိုင်တဲ့နေရာမှာ ကျနော်တို့က လက်နက်စွဲကိုင်မှရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ကျနော်တို့က တောထဲကိုရောက်လာကြတယ်။ တောထဲကိုရောက်ပြီးတဲ့အချိန်မှာလည်း သူတို့က တချိန်တုန်းက ဒီ ဗကဒ တို့ မကဒ တို့ ကိုင်စွဲထားတဲ့
အမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုပဲ ကိုင်စွဲပြီးတော့ပဲ ကျနော်တို့ ABSDF က ဖွဲ့ခဲ့တာခင်ဗျ။ ဆိုတော့ စောစောကပြောတဲ့ ဗကဒ နဲ့ မကဒ ဆိုတာကတော့ အဓိကကတော့ နိုင်ငံရေးလုပ်ဆောင်မှုတွေမှာတော့ စစ်အစိုးရကိုဆန့်ကျင်တယ်၊ နိုင်ငံရေးလုပ်ဆောင်မှုတွေလုပ်တယ်။

နိုင်ငံရေးလုပ်ဆောင်မှုအပိုင်းမှာတူတယ် ဒါပေမယ့် ABSDF စောစောကပြောတဲ့ ကျောင်းသားတပ်မတော် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဆိုတာကတော့ ဒီ ကျနော်တို့ နိုင်ငံရေးရော စစ်ရေးရော စီးပွားxx သံတမန်ရေးတိုက်ပွဲတွေရော အဲဒီတိုက်ပွဲပေါင်းစုံနဲ့ န၀တ တို့ နအဖ တို့ကို ကျနော်တို့က ဒီလမ်းစဉ်တွေကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့တာ ဆိုတော့ စောစောကပြောတဲ့ ဗကဒ ဆိုတာကတော့ မြေပေါ်လှုပ်ရှားတဲ့အဖွဲ့အစည်းပေါ့နော်၊ ကျောင်းသားအဖွဲ့အစည်းတခုဖြစ်တယ်။ ABSDF ဆိုတာကတော့ ဒီ လက်နက်ကိုင်တော်လှန်ရေးကော စောစောကပြောတဲ့ တိုက်ပွဲသဏ္ဍာန်မျိုးစုံလုပ်တယ်။ စစ်အစိုးရကိုတော်လှန်ခဲ့တဲ့ ဒီလွတ်မြောက်နယ်မြေမှာရှိတဲ့အဖွဲ့အစည်းတခုဖြစ်တာပေါ့။ xxx မကဒတ နဲ့ စောစောကပြောတဲ့ မြန်မာနိုင်ငံလုံး xxxx မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနဲ့ စောစောကပြောတဲ့ ဒီ xxx ကျောင်းသားသမဂ္ဂအကြောင်း ကျနော်ကပြောတာပါ။ အပြည်ပြည်ဆိုင်ရာ ..... ။

နောက်တပိုင်းက ဘာဖြစ်လည်းဆိုတော့ ကျနော်တို့ ဒီတောထဲရောက်ကြတယ်၊ တောထဲရောက်ကြတဲ့နေရာမှာ ကျနော်တို့ ABSDF ကို ဖွဲ့စည်းတယ်။ ABSDF ကို ဖွဲ့စည်းတဲ့အချိန်မှာလည်း ကျနော်တို့ အမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုကိုင်စွဲတယ်၊ ကိုင်စွဲပြီးတဲ့ နောက်ပိုင်းမှာ ကျောင်းသားတင်မကပဲနဲ့ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ ပါဝင်နိုင်အောင် ဒီအုပ်စုစွဲ နယ်မြေစွဲ ဒေသစွဲ မရှိပဲနဲ့ အတူတူရပ်ပြီးသွားနိုင်အောင်ဆိုပြီးတော့ အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ချမှတ်တာခင်ဗျ။ အဲဒီလိုနဲ့ပဲ ကျနော်တို့ ABSDF ဖြစ်ပေါ်လာတယ်၊ ABSDF ဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ဒီ အခုချိန်ထိပေါ့နော် ABSDF ကလုပ်နေတုန်းပဲရှိပါသေးတယ်။ ကျနော်တို့ကတော့ ဒီ ၁၉၉၆ မှာ ထွက်ခဲ့တဲ့လူတွေဖြစ်တယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ မကဒတ မြောက်ပိုင်းဆိုတာ ကျတော့ရော ဘယ်လိုများကွာလဲရှင့်

ဖြေ။ ။ မကဒတ မြောက်ပိုင်းဆိုတာ ကျနော်တို့ ဒီ ဟိုဒင်းပေါ့နော် ABSDF စတင် ဖွဲ့စည်းပြီးတဲ့အခါကျတော့ ကျနော်တို့ တောင်ပိုင်းဆိုတာကတော့ ကျနော်တို့ပြောမယ်ဆိုလို့ရှိရင် ဒီ ဟို ချင်းပြည်နယ် အောက်ဖက်ကနေပြီးတော့ အောက်ဖက်ကနေပြီးတော့ ဟိုး မြိတ် ထားဝယ် တို့ ကော့သောင်းတို့ အဲဒီဖက်တွေပါတယ်ခင်ဗျ၊ အဲဒါကို တောင်ပိုင်းလို့ ပြောတယ်။ ပြီးတဲ့အခါကျတော့ မြောက်ပိုင်း ဆိုတာကတော့ ကချင်ပြည်နယ်ကဟာကို မြောက်ပိုင်းလို့ခေါ်တယ်။ ပြီးတော့ တခြား အနောက်ဖက်မှာလည်းရှိတယ် ရခိုင်တို့ အိန္ဒိယတို့ နယ်စပ်တို့မှာ xxxx နယ်စပ်ဖက်မှာလည်းရှိတယ်၊ အဲဒါကိုတော့ ကျနော်တို့က အနောက်ပိုင်းလို့ခေါ်တယ်။ စောစောကပြောတဲ့ ဟိုဖြစ်ခဲ့တဲ့ မြောက်ပိုင်းကိစ္စဆိုတာကတော့ ကျနော်တို့ ကချင်နယ်မြေမှာရှိတဲ့ ကျောင်းသားပေါ့နော် အဲဒီ အဖွဲ့အစည်းတခုကိုပဲ ကိုယ်စားပြုတာပါ။

မေး။ ။ ဟုတ်ကဲ့၊ အဲတော့ အခု ဒီထုတ်ပြန်ချက်ထဲမှာ ဘာပါလဲဆိုတော့ မကဒတ ABSDF စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလမှာတဲ့ ဖြစ်ပွားခဲ့တဲ့ အလွန်တုန်လှုပ်ဖွယ်ရာကောင်းလှတဲ့ မြောက်ပိုင်းဖြစ်ရပ်တဲ့၊ အဲဒါ ဘာဖြစ်ရပ်လည်း ပြောပြလို့ရမလားရှင်။

ဖြေ။ ။ အဲဒါကတော့ဗျာ အခုဒီ facebook တွေမှာ တွင်တွင်ကျယ်ကျယ်ပြောနေတာတွေရှိတယ်၊ တချို့လည်းတွင်တွင်ကျယ်ကျယ် ရေးသားနေတာတွေရှိတယ် ပြီးတဲ့အခါကျတော့ ဒီအထဲမှာလည်း ဒီ ကျဆုံးသွားတဲ့လူတွေအတွက်ဆိုပြီးတော့ အသတ်ခံရတဲ့ လူတွေ အတွက် ဆိုပြီးတော့ သူတို့ ဆွမ်းကျွေးတွေဘာတွေလုပ်တယ် မန္တလေးတို့ ရန်ကုန်တို့မှာလည်းလုပ်ကြတယ်ဗျ၊ အဲဒီဟာနဲ့ပတ်သက်ပြီးတဲ့ အခါကျတော့ သူတို့က ဒီ ကျနော်တို့ တချိန်တုန်းကဆိုလို့ရှိရင် ကျနော်တို့ ကချင်ပြည်နယ်မှာ ဒီ ABSDF မြောက်ပိုင်းမှာ တတိယညီလာခံ လုပ်နေတဲ့အချိန်မှာပေါ့နော်၊ စောစောကပြောတဲ့ ဒီ အယောက် ၁၀၀ ကျော်ကို ကျနော်တို့က ထောက်လှမ်းရေးလို့ မသင်္ကာမှုနဲ့ ကျနော်တို့ ဖမ်းထားတာရှိတယ်ခင်ဗျ။ အဲဒီ ဖမ်းခဲ့တဲ့ အချိန်ကာလဆိုလို့ရှိရင် ကျနော်တို့ ABSDF ထဲမှာလည်း တော်တော်လေးကို ရိုက်ခတ်မှုတွေရှိတယ်။ ပြီးတော့ အဲဒီအချိန်ကလည်း အဖွဲ့အစည်းစတင်တည်ထောင်တာက မကြာသေးတဲ့အချိန်တခုဖြစ်တယ်လေ။ ဒီ လက်နက်ကိုင်လမ်းစဉ်လည်းကိုင်စွဲတယ်၊ တပ်ရင်းတွေဖွဲ့တယ်၊ တပ်ရင်းတွေအတွင်းမှာလည်း ကျနော်တို့ဖက်က ကျောင်းသားတွေဖြစ်တယ် နောက် တခြား ဒီ အရပ်သားတွေလည်းပါတယ် တချို့  ရွာသားတွေလည်းပါတယ်၊ တချို့ ဆရာဝန်တွေ ရှေ့နေတွေလည်းပါတယ်။ အဖွဲ့ လူမျိုးစုံ အတန်းစားပေါင်းစုံ ပါဝင်တဲ့အခါကျတော့ ကျနော်တို့ ABSDF အတွင်းမှာက ဟို အကုန်လုံးကလည်း ၈၈ ဖြစ်ပြီးတော့ တစ်နေ့တည်းတစ်ရက်တည်းရောက်လာကြတယ်ဆိုတော့ စုဖွဲ့မှုပုံသဏ္ဍာန် လုပ်တဲ့နေရာမှာ ကျနော်တို့က တော်တော်လေးကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်ခဲ့ရတယ်။ အဲဒီလိုမျိုး တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ဖို့ဆိုတာ အချိန်တခုကို အကြားကြီးကို ယူခဲ့ရတယ်။ အဲတော့ ဒီ ၁၉၉၂ ခုနှစ် မြောက်ပိုင်းမှာဖြစ်တဲ့ကိစ္စကလည်း ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်က ကျနော်တို့ အဖွဲ့အစည်းတွင်းမှာ တည်ငြိမ်မှုကို တည်ဆောက်နေတဲ့ကာလဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီ ကျနော်တို့ သုံးနှုံးတဲ့အသုံးအနှုံးကတော့ ABSDF က သက်တမ်းက နုနယ်သေးတဲ့အချိန်လို့ အဲဒါကို ဆိုလိုတာပါ။

မေး။ ။ ဟုတ်ကဲ့။ အဲတော့ ကိုသန်းထွဋ်ဆွေ က အဲဒီအချိန်တုန်းကဘယ်မှာရှိလည်း။

ဖြေ။ ။ ကျနော်က အဲဒီအချိန်မှာ ညီလာခံကိုယ်စားလှယ်လည်းဖြစ်နေပါတယ်။ စတင်ဖမ်းတဲ့အချိန်မှာ ကျနော်က တတိယအကြိမ်ညီလာခံမှာ ညီလာခံကိုယ်စားလှယ်ဖြစ်ပါတယ်။ ပြီးတဲ့အခါကျတော့ ABSDF ဗဟိုဌာနချုပ်ရဲ့ ကျနော်က ဆက်သွယ်ရေးတာဝန်ခံပါ။

မေး။ ။ ကချင်ပြည်နယ်မှာပဲလား။

ဖြေ။ ။ ကျနော်ကတော့ ကချင်ပြည်နယ်မှာမဟုတ်ပါဘူး။ ကျနော်တို့က အဲဒီအချိန်မှာ တောင်ပိုင်းမှာပဲ ရှိပါတယ်။ တောင်ပိုင်းမှာ တောင်ပိုင်းဆိုတာက စောစောကပြောတဲ့ ကျနော်တို့ မာနယ်ပလောပေါ့နော် အဲဒီဒေသမှာ ရှိပါတယ်။ xxxxxx တောင်ပိုင်းမှာ ညီလာခံလုပ်တယ် xxxxx xxxxx တရာကျော်ဖမ်းထားတယ်ဆိုတဲ့သတင်းကို ကျနော်တို့က ကိုမိုးသီးဆီက ပြန်ကြားရပါတယ်။ ကိုမိုးသီးဇွန်က အဲဒီအချိန်မှာ တတိယအကြိမ်ညီလာခံနဲ့ တတိယအကြိမ်ညီလာခံကြားမှာ ကိုမိုးသီးဇွန်က ဥက္ကဌပဲဖြစ်နေသေးတဲ့အတွက်ကြောင့်မို့ ကိုမိုးသီးဇွန်ကနေပြီးတော့ ညီလာခံထဲမှာ ဒီ မြောက်ပိုင်းမှာ ရန်သူ့ထောက်လှမ်းရေးတွေဖမ်းထားတယ်ဆိုတာကိုပြောတဲ့အတွက်ကြောင့်မို့လို့ ကျနော်က သိခဲ့ရတာပါ။

မေး။ ။ ဟုတ်ကဲ့၊ အဲတော့ အဲဒီ ဖမ်းထားတဲ့ ၁၀၀ ထဲမှာ တချို့တွေ သတ်ပစ်လိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာတယ်။ အဲဒါ နည်းနည်းလောက်ဆက်ပြောပြလို့ရမလားရှင်။

ဖြေ။ ။ ဟုတ်တယ်ခင်ဗျ၊ အဲဒါက ABSDF ရဲ့ ဟို အတွင်းရေးပြဿနာတခုလည်းဖြစ်တယ်။ နောက်ပြီးတဲ့အခါကျတော့ ဒီ သတ်ပစ်လိုက်တယ်တို့ ဖမ်းထားတာတို့ ထောက်လှမ်းရေး ဟုတ်တယ် မဟုတ်ဘူးတို့ သတင်းပေးလား ထောက်လှမ်းရေးလား ဆိုတာ အဲလိုမျိုး ပြီးတဲ့အခါကျတော့ သေသေချာချာကွဲကွဲပြားပြား ကျနော်တို့တော့ အတိအကျမသိပါဘူး၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ အေး .. ဒါပေမယ့် ကျနော်တို့ပြောနိုင်တာတခုကတော့ ကျနော်တို့ ဖမ်းတယ်၊ ၁၀၀ ကျော်ဖမ်းတယ်။ ဖမ်းပြီးတဲ့အခါကျတော့ အဲဒီမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ် ပြီးရင် စစ်ကြောရေးအဖွဲ့တွေရှိတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အောက်မှာ စစ်ကြောရေးအဖွဲ့ရှိတယ် အဲဒီ စစ်ကြောရေးအဖွဲ့ကနေပြီးတော့မှ ဒီဟာတွေကို ကိုင်တွယ်သွားတာဖြစ်တယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲတော့ ကိုသန်းထွဋ်ဆွေက ဒီတောင်ဖက်မှာရှိတော့ ဒီ မြောက်ဖက်မှာရှိနေတဲ့ အကြောင်းအရာအသေးစိတ်ကို မသိတဲ့သဘောမျိုးပေါ့နော်။

ဖြေ။ ။ ကျနော်ကတော့ ဖမ်းထားတယ်ဆိုတဲ့ဟာကိုသိတယ်။ ထောက်လှမ်းရေးဆိုတာကိုလည်း ဟို ခိုင်ခိုင်မာမာကြားသိရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါက အဖွဲ့အစည်းကနေပြီးတော့ ABSDF အဲဒီအချိန်တုန်းက အဲဒီမြောက်ပိုင်းမှာဖမ်းထားသလို မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ မိတဲ့အပေါ်မှာမူတည်ပြီးတော့ တောင်ပိုင်းမှာရှိတဲ့ လူ နှစ်ယောက် သုံးယောက်ကိုလည်း ကျနော်တို့ ဖမ်းထားတယ်ဗျ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က မြောက်ပိုင်းအဆက်အသွယ်နဲ့ တောင်ပိုင်းမှာဖမ်းတဲ့အတွက်ကြောင့်မို့လို့ မြောက်ပိုင်းက အဲဒါကြောင့်မို့လို့ ကျနော်တို့က သိရတာ။ ဒါပေမယ့် မြောက်ပိုင်းမှာလည်း ကျနော်ရှိမနေဘူး။ ဒါပေမယ့် အသေးစိတ် အတိအကျ ဘယ်လိုသတ်ခဲ့သလဲ ဘယ်လိုအပစ်ပေးအရေးယူခဲ့သလဲဆိုတာကိုတော့ ကျနော် အကြမ်းဖျင်းပဲ ပြောလို့ရတယ်ခင်ဗျ။ သူတို့မှာလည်း အထောက်အထားတွေရှိပါတယ်။ ဒီအချိန်မှာလည်း သူတို့ကလည်း ပြောဖို့မလိုဘူး သူတို့ကလည်း အခုချိန်မှာတော့ ဘာမှ ပြောဦးမှာမဟုတ်ဘူး အချိန်မတန်သေးတဲ့သဘောဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲ့တော့ ဒီ ထွက်ဆိုချက်ထဲမှာ အခု ဆက်ပြီးပြောထားတာကလေ မြောက်ပိုင်းအရာကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိမ်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ မကဒတ ရဲ့ ဂုဏ်သိက္ခာနဲ့သမိုင်း အစဉ်အလာကို တိုက်ခိုက်စော်ကားနေသည်ကိုလည်းကောင်း၊ ဗကသ မကဒတ အပါအ၀င် ကျောင်းသားထု ညီညွတ်ရေးကိုထိုးနှက်ဖြိုခွဲနေသည်ကိုလည်း တွေ့မြင်နေရသည်တဲ့။ အဲဒါ ဘာကိုများ ဆိုလိုပါလဲရှင်။

ဖြေ။ ။ အဲဒါ အဓိက ဘာကိုဆိုလိုသလဲဆိုတဲ့အခါကျတော့ ကျနော်တို့ ဒီမြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ အခု Facebook ပေါ်မှာရေးသားနေတာတွေရှိတယ် နောက်တခြားသတင်းတွေမှာလည်း သတင်းဌာနတွေက လွှင့်နေတာတွေရှိတယ် ခင်ဗျ။ ဒါပေမယ့် တကယ်တန်းအမှုမှန် ဖော်ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ ရေးတဲ့လူတွေကတော့ ဒီ စေတနာမှန်ဖို့လိုတယ်ပေါ့ဗျာ။ ပထမဦးဆုံးအနေနဲ့ သူတို့ မရေးခင်မှာ အဖွဲ့အစည်းမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ဆွေးနွေးရမယ် ဒီကိစ္စကို၊ ဆွေးနွေးပြီးတော့ အတွင်းပြဿနာတခုအနေနဲ့ xxxxx သူတို့က အဲလို အတွင်းပြဿနာမျိုးအဖြစ်နဲ့ မဖြေရှင်းပဲနဲ့ ဒီ facebook ပေါ်မှာရေးတယ် နောက် စောစောကပြောတဲ့ blog တွေဘာတွေမှာတင်တယ် ပြည်တွင်းတွေမှာ ၀ါဒဖြန့်ချီရေးတွေပါလုပ်လာတယ်ဆိုတော့ အထဲမှာ ဘာမှမသိတဲ့ပြည်သူတွေရှိတယ် နော်။ ဒီ ABSDF တောင်မှ တချို့ မသိတဲ့လူတွေလည်း ရှိပါတယ်။ တချို့ ABSDF ကိုသိတဲ့လူတွေကလည်း တချိန်တုန်းက ABSDF က သိတယ်မလား နိုင်ငံရေး စစ်ရေးလမ်းစဉ်တွေနဲ့ ဦးဆောင်ပြီးတော့ အစိုးရကို အဓိက တိုက်ခိုက်လာတဲ့အဖွဲ့အစည်းဆိုတော့ တချို့ပြည်သူတော်တော်များများကသိတယ်၊ နီးစပ်တဲ့လူတွေအကုန်လုံးကသိတယ်။ အဲဒီအပေါ်မှာ သူတို့က ABSDF ကို လူသတ်သမားတွေ အာဏာရူးအဖွဲ့ဆိုတဲ့ပုံစံမျိုးမြင်လာအောင် သူတို့က တမင်ဖန်တီးနေတာခင်ဗျ။

ကျနော်တို့ တချိန်တုန်းက ထောက်လှမ်းရေးဆိုပြီးဖမ်းခဲ့ပြီး ကျနော်တို့ ပြန်လွှတ်ထားခဲ့တဲ့လူတွေရှိတယ်၊ မိဘတွေက လက်မှတ်ထိုးပြီး ပြန်လွှတ်ထားတာတွေရှိတယ်။ နောက်ပြီးတဲ့အခါကျတော့လည်း ကျနော်တို့ လွှတ်ပေးလိုက်တာတွေရှိတယ်။ နောက် ပြီးတဲ့အခါကျတော့ အဲဒီရဲ့နောက်မှာကလည်း နေရာမရလို့ ဆိုပြီးတော့ နေရာတခုရမလားဆိုပြီးတော့ သူတို့က ဒါတွေလည်းရှိတယ်၊ ပြီးတဲ့အခါကျတော့ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့လူတွေလည်းရှိတယ် အဲလိုမျိုးဆိုတော့ အဲဒါမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒီဟာက ကျနော်တို့က ကျနော်တို့အနေနဲ့ ပြတ်ပြတ်သားသား နိုင်ငံတကာရောက်အဖွဲ့ဝင်တွေအနေနဲ့ ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ကျနော်တို့က ဒီလိုမျိုးထုတ်ပြန်တာပါ။

မေး။ ။ ဟုတ်ကဲ့၊ အခု မြန်မာနိုင်ငံမှာဖြစ်ပေါ်လာနေတဲ့အပြောင်းအလဲတွေနဲ့ ချင့်ချိန်ပြီးတော့ ဒီ ABSDF ရဲ့ အနေအထားက ဘယ်လိုများရှိလဲရှင်

ဖြေ။ ။ သြော် အခုချိန်မှာတော့ ABSDF က အားလုံးလည်းသိပြီးသားအတိုင်းပဲလေ ဒီအပစ်အခတ်ရပ်စဲရေးကိစ္စကို ဒီစစ်အစိုးရနဲ့ လက်ရှိအစိုးရနဲ့ပေါ့နော် ဆွေးနွေးနေကြတယ်၊ ဆွေးနွေးနေကြတဲ့အပေါ်မှာ သိတယ်မလား တချို့ကတော့ ဒီ မင်းသားကြီးလုပ်ချင်တဲ့လူတွေအဓိကပေါ့ဗျာ ဒီအချိန်မှာ ABSDF က အရင်တုန်းက ABSDF က အသက် သွေး ချွေးတွေ ပေးပြီးတော့ တိုက်ပွဲဝင်နေတဲ့အချိန်မှာ သူတို့က အပြင်မှာပဲနေပြီးတော့ နေသာသလို နေနေကြတယ် အခုအချိန်ကျမှ သူတို့က မင်းမ XX မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး လာထိုးခွဲကြတဲ့လူတွေရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးအပစ်အခတ်ရပ်စဲသွားတဲ့အချိန်မှာ သူတို့က ABSDF ကို သူတို့က ဟို ပြောမယ်ဆိုလို့ရှိရင်ပေါ့ဗျာ personally ပြောမယ်ဆိုရင် ABSDF ရဲ့ အခုလို နိုင်ငံရေး စစ်ရေး တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍက တရှိန်xxx ဒီမိုကရေစီအင်အားစုတွေကိုလည်းအထောက်အကူပြုပေးနိုင်တယ် ပြည်သူလူထုကိုလည်း ပံ့ပိုးကူညီပေးနိုင်တဲ့အနေအထားမျိုးတွေရှိလာတယ် အဲလိုရှိလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ စောစောက ပြောတဲ့လူတွေက ABSDF ကို လှမ်းပြီးတော့ ဟန့်တားလိုက်တဲ့သဘောပါ။ ABSDF ဂုဏ်သိက္ခာညိုးနွမ်းသွားအောင် လုပ်လိုက်တဲ့သဘောပါ။ အဓိက ဒီ facebook မှာရေးထားတဲ့ အကြောင်းအရာအချက်အလက်တွေအကုန်လုံးကလည်း ပြန်ကြည့်မယ်ဆိုလို့ရှိရင် မမှန်ကန်တဲ့ အချက်အလက်တွေတော်တော်များပါတယ်။ အသေးစိတ်သိလို့ရေးထားတာတွေလည်းမဟုတ်ဘူး၊ အဓိကက နာမည်ဖျက်ချင်တယ် ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်ကြတာပါ။ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအတိုက်အခံအင်အားစုတွေအနေနဲ့ လက်ရှိ ABSDF ကြားမှာ အထင်မြင်လွဲမှားအောင်ဖန်တီးတယ် ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင် လုပ်နေတယ်။ ဒါတွေက ကြည့်လိုက်မယ်ဆိုလို့ရှိရင် သဘောထားမမှန်ကန်ဘူး အမှန်တရားဖော်ထုတ်တယ်ဆိုလို့ရှိရင် ဒီလိုမျိုးမလုပ်သင့်ဘူးလို့ ကျနော်တို့ကမြင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲလိုဆိုရင် ကိုသန်းထွဋ်ဆွေတို့ ဒီ သြစတြေးလျနိုင်ငံမှာရှိတယ်ဆိုတော့ ဒီ သြစတြေးလျ နိုင်ငံက ABSDF အခြေအနေက ဘယ်လိုရှိလဲရှင်

ဖြေ။ ။ အဲဒါကတော့ ကျနော်ကလည်း ဒီ ABSDF ထဲမှာ မပါတဲ့အခါကျတော့ ပြောလို့မရဘူးခင်ဗျ။ အခုဒီ xxx ကျနော်တို့ဖွဲ့ထားတဲ့အဖွဲ့အစည်းနဲ့လည်း ဒီ independent အဖွဲ့အစည်းဗျ၊ အဖွဲ့အစည်းဆိုတဲ့အခါကျတော့ ကျနော်တို့က အဓိက ဒီအဖွဲ့ကို စဖွဲ့ကတည်းကိုက ကျနော်တို့မှာ ဒီအဖွဲ့ဝင် စည်းကမ်းတွေရှိပါတယ်။ အဖွဲ့ဝင်စည်းကမ်းတွေရှိတယ်၊ စောစောက ABSDF နဲ့ မပတ်သက်ဘူး။ ABSDF ထဲမှာ ပါတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ကျနော်တို့အဖွဲ့ထဲမှာ မထည့်သွင်းဘူး ဘာကြောင့်လည်းဆိုရင် ကျနော်တို့က လွပ်လွပ်လပ်လပ် အဖွဲ့အစည်းတခုအနေနဲ့သွားချင်လို့။ အဓိက ကျနော်တို့ ဒီ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာရောက်ရဲဘော်ဟောင်းများနဲ့ ဟို အဖွဲ့ဝင်များဆိုတာကလည်း သိတယ်မလား လူတိုင်းကို ကျနော်တို့က ကိုယ်စားပြုထားတာမဟုတ်ပါဘူး ဘာဖြစ်လို့လူတိုင်းကို ကိုယ်စားမပြုလည်းဆိုတဲ့အခါကျတော့ ဒီ နိုင်ငံတကာရောက် ရဲဘော်တွေတိုင်းမှာကိုပဲ တချို့က ပါချင်တဲ့သူရှိတယ်၊ မပါချင်တဲ့သူရှိတယ်၊ တချို့ကလည်း အေးအေးဆေးဆေး နေချင်တဲ့လူတွေရှိတယ်။ တချို့ကျတော့လည်း ဒီသတင်းတွေကြားပြီးတဲ့အချကတော့ လုပ်ချင်တဲ့သူတွေ ရှိတယ်။ အဓိကကတော့ ကျနော်တို့က အမာခံတွေကိုပဲ ရွေးပြီးတော့မှ အဖွဲ့ဖွဲ့ထားတယ် ပြီးတဲ့အခါ အဓိက အမာခံဆိုတဲ့နေရာ တနေရာမှာလည်း ခွပ်ဒေါင်းစိတ်ဓာတ်ရှိစေလို့ထည့်ထားတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ အဲဒါဆိုရင် အခု ကျမ နားလည်တာက ABSDF ရဲဘော်ဟောင်းများအဖွဲ့လား ဒီ ကိုသန်းထွဋ်ဆွေတို့က

ဖြေ။ ။ ကျနော်တို့က ABSDF ရဲဘော်ဟောင်းများအဖွဲ့မဟုတ်ပါဘူး အဓိက ပြောမယ်ဆိုလို့ရှိရင်တော့ ABSDF အဖွဲ့ဝင်နဲ့ရဲဘော်ဟောင်းများပါ။ အဖွဲ့ဝင်ဆိုတာကလည်း တပ်ဖွဲ့ဝင်မဟုတ်ပါဘူး၊ အဖွဲ့ဝင်အဆင့်ပါပဲ။ အဖွဲ့ဝင်ဆိုတာကလည်း ပြောမယ်ဆိုလို့ရှိရင် ABSDF ကို ငွေရေးကြေးရေးအရပဲဖြစ်ဖြစ် ဟို ဘာပဲဖြစ်ဖြစ်ထောက်ပံ့ပေးချင်တဲ့သူတွေပါ၊ တကယ်တမ်း အချိန်ပြည့်အလုပ်လုပ်နေတဲ့သူတွေ မဟုတ်ပါဘူး၊ ရဲဘော်ဟောင်းများဆိုတဲ့နေရာမှာလည်း ကျနော်တို့က ရဲဘော်ဟောင်း အားလုံးကို ကိုယ်စားမပြုပါဘူး ဒါပေမယ့် ကျနော်တို့ စောစောကပြောတဲ့ အခု လက်ရှိအနေအထားမှာတော့ ကျနော် ဒီ ရဲဘော်ဟောင်းဆိုတာက အဲဒီ အခုလက်ရှိ အနေအထားမှာတော့ ၉၁ ယောက် လောက်တော့ ရှိတယ် ရဲဘော်ဟောင်း၊ ဒါပေမယ့် ကျနော်တို့ နောက်မှာတော့ ကျနော်တို့ တကယ်တမ်းအောက်ခြေအထိဆင်းသွားမယ်ဆိုရင် တထောင်ကျော်လောက်တော့ ရှိတယ်၊ ကျနော်တို့ အထဲထဲမှာ ၀င်ဖို့အတွက်၊

မေး။ ။ ဟုတ်ကဲ့၊ ၉၁ ယောက်ဆိုတာက ဟို နိုင်ငံအနှံ့လား သြစတြေးလျမှာပဲလား

ဖြေ။ ။ တကမ္ဘာလုံးမှာ ရှိတဲ့လူတွေပါ။

မေး။ ။ ဟုတ်ကဲ့၊ ကိုသန်းထွဋ်ဆွေ နောက်ဆုံးမေးခွန်းအနေနဲ့ အခုမြန်မာနိုင်ငံမှာ အကုန်လုံးကို ဟို ပွင့်ပွင့်လင်းလင်းပြန်ခေါ်နေပြီဆိုတော့ ကိုသန်းထွဋ်ဆွေ အနေနဲ့ရော ပြန်ဖို့အစီအစဉ်များရှိလား

ဖြေ။ ။ ဒါပေမယ့် ဒါ အစိုးရကခေါ်တာခင်ဗျ။ အစိုးရက ခေါ်တယ်ဆိုပေမယ့် ကျနော်တို့ရဲ့ လုံခြုံရေးကို ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူး ဆိုတော့ အထဲမှာ ရောက်သည့်တိုင်အောင်တောင်မှ ကျနော်တို့က ဘာဖြစ်လာမလဲဆိုတော့ ကိုယ်ဟာကိုယ်လည်း ကြိုတင်ခန့်မှန်းလို့မရသလို ဘယ်သူမှလည်း အာမမခံနိုင်ဘူး အဲဒီအတွက် အခုလို အစိုးရက ပြန်ခေါ်တာတော့ ၀မ်းသာပါတယ် ဒါပေမယ့် ကျနော်တို့အနေနဲ့ကတော့ ဒီဟာက အခုချိန်က ဗမာနိုင်ငံအတွက် စစ်မှန်တဲ့ ပြောင်းလဲမှုတခုမဟုတ်သေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ပြန်ဖို့မရှိပါဘူး

ဟုတ်ကဲ့ ကိုသန်းထွဋ်ဆွေအခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

Tuesday, February 21, 2012
နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာ ချက်။
နေ့စွဲ။ ။ ၂၀ ၊ ၀၂၊ ၂၀၁၂
စာအမှတ်- ၀၀၁။၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ - ကျောင်းသားတပ်မတော်) -ABSDF သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့ပြီး တိုင်း ရင်း သားပေါင်းစုံ၊ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကျောင်းသား လက်နက် ကိုင်တော် လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မကဒတ(ABSDF)သည် ခေတ်အဆက်ဆက် ဗမာပြည်ကျောင်းသားထု ကိုင်ဆွဲခဲ့သည့် “အမျိုးသားနိုင်ငံရေး လမ်းစဉ်” ကိုချမှတ်ပြီး ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက် ရပ်တည်လာခဲ့ သည့် ကျောင်း သားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်ပေသည်။

မကဒတ(ABSDF)သည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှ လွတ်မြောက်   ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင် စုပေါ်ထွန်းရေးတို့အတွက် ၁၉၈၈ ခုနှစ် နိုဝင် ဘာလ (၁) ရက်နေ့မှစ၍ ယနေ့တိုင်အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက်တိုင်းရင်း သားလူမျိုးပေါင်းစုံဖြင့် လက်တွဲကာ ဖေါ်ဆောင်လျှက်ရှိသည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ် သည်။

ယခုအခါ မကဒတ(ABSDF) စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည့် အင်မတန် တုန်  လှုပ်ဖွယ် ကောင်းလှသည့် မြောက်ပိုင်းဖြစ်ရပ်ကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မကဒတ၏ဂုဏ်သိက္ခာနှင့် သမိုင်းအစဉ်အလာ ကိုတိုက် ခိုက် စော်ကားနေသည်များကိုလည်းကောင်း၊ ဗကသ၊ မကဒတအပါအ၀င် ကျောင်းသား ထုညီညွတ်ရေး ကိုထိုးနှက် ဖြိုခွဲနေသည်များကိုလည်းကောင်း တွေ့မြင်နေရသည်။ မိမိတို့သည် တုန်လှုပ်ဖွယ် မြောက် ပိုင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကာယကံရှင်များ၏နစ်နာမှုများအတွက် စာနာကာ အဖြစ်မှန် ပေါ်ပေါက်ရေးကို အထူး လိုလားသည်။

မိမိတို့ နိုင်ငံတကာရောက် မကဒတ(ABSDF) အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် အမှန်တရားအ တွက် တိုက်ပွဲဝင်ခဲ့သူများပီပီ အမှန်တရားပေါ်ပေါက်ရေးကို လိုလားသည်။ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ထိုတုန်လှုပ်ဖွယ်ရာ မြောက်ပိုင်း ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးရှူံးနစ် နာခဲ့မှုများအတွက် အပြည့်အဝကိုယ်ချင်းစာသည့်အပြင် ဖြစ်ပျက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး အမှန်တရား ကို တာဝန်ရှိသူများ အနေဖြင့် ဖော်ထုတ်ရန် အလေးအနက် တောင်းဆိုသည်။

သို့သော် အဆိုပါဖြစ်ရပ်ကို အကြောင်းပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား (၂၃) နှစ်တိုင် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အမြင့်မားဆုံးလွှင့်ခဲ့တင်သည့် မကဒတ(ABSDF)၏နိုင်ငံရေးနှင့် ဂုဏ်သိက္ခာအား နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နေမှု့၊ ကျောင်းသားထုညီညွတ်ရေးအား ထိုးနှက်ဖြိုခွဲနေမှုနှင့် ဗမာပြည်သူ လူထုအတွင်း မကဒတ(ABSDF) အဖွဲ့အစည်း တခုလုံးအပေါ် အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်နေမှုများ အားလုံးကို ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားများ၏ ခွပ်ဒေါင်း စိတ်ဓာတ်အပေါ်အခြေခံ၍၊ မကဒတနှင့်အတူ အသက်သွေးချွေးပေး၍ တိုက်ပွဲဝင်ခဲ့သော၊ မိမိတို့ နိုင်ငံ တ ကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများမှပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။

- ကျောင်းသားထု ညီညွတ်ရေးကို ကာကွယ်ကြ။

- တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နှင့် ကျဆုံးလေပြီးသော ကျောင်းသားအာဇာနည်အပေါင်းအား အလေးပြုလျှက်။

နိုင်ငံတကာရောက် မကဒတ (ABSDF) အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများ (Stand for the ABSDF)။

No comments: