Saturday, February 4, 2012

သူ့ကြေွးရှိက ဆပ်ရမည်

by Soe Lynn on Wednesday, 1 February 2012 at 10:38
လူတစ်ယောက်က လူ့အဖွဲ့အစည်းတစ်ခုမှာ အရေခြုံလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ရင်ဘတ်ထဲကလာတဲ့ ခံစားချက်ကိုတော့ အတုလုပ်လို့ မရနိုင်ပါဘူး။
ကျွန်တော်မြောက်ပိုင်းမှာရှိစဉ်က  မြောက်ပိုင်း သတင်း/ပြန်ကြားကထုတ်တဲ့ စာစောင်မှာ ကဗျာနှစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီအထဲက တစ်ပုဒ်ကို AB ဗဟိုပြန်ကြားရေးက ထုတ်တဲ့စာစောင်မှာ ဖော်ပြခဲ့ဖူးပါတယ်။
အဲဒီကဗျာကတော့ . . .

မြောက်ပိုင်းကံ့ကော်

ဘယ့်အတွက်များ
ဒေသခြားကို
ရောက်သွားတာလဲ ကံ့ကော်ရယ်။

တက္ကသီလာ
မြကျွန်းသာမှာ
မင်းဟာ စာတင်
ဂန္တ၀င်ပန်း
မြင်တိုင်း ရင်ကိုလန်းစေတယ်
ရင်တိုင်းဝင်ခို လွမ်းဝေတယ်။

တော်လှန်ရေးအတွက် မင်းပြေးထွက်လာ
မိမြန်မာပြည် သာယာကြည်ဖို့
သည်လူ သည်မျိုး စည်ပင်တိုးဖို့
ကိုယ်ကျိုးချန်လှပ် ခရီးဆက်တယ်
အခက်ကိုဖွေ ဖြိုလေပြီ
တက္ကသိုလ်မြေ ငိုနေပြီ။

နှင်းစက်တွေကြား မင်းပြေးလွှားတယ်
မိုးကြားမငြိမ် ဆိတ်ချိန်မရွေး
မင်းအတွေးမှာ ဆေးရေးချယ်သီ
တို့ပြည်သူဟာ ကမ္ဘာတည်။

သားရဲထူပြော တောင်တစ်ကြောကို
အော်ပြောလိုက်စမ်း ပြောလိုက်စမ်းလေ
ဒီမိုကရေစီ ဒို့မှန်းရည်လမ်း
အောင်ပန်းဝေဖို့ ပြိုင်တူချီ
ဆောင်မြန်းလေစို့ ပြည်သူဆီ
ရောက်တိုင်းလေရာ ဖြတ်ကျော်နေ
မြောက်ပိုင်းမြေမှာ ကံ့ကော်ဝေ။ ။
(1990 ၀န်းကျင်)

ဒီနေရာမှာ အဖြစ်အပျက်လေးတစ်ခုကို အမှတ်ရမိလို့ ပြန်ပြောချင်ပါသေးတယ်။ ၈၈ စက်တင်ဘာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမလွန်ဆေးရိုးဝင်းထဲက အိမ်ကလေးတစ်အိမ်မှာ ကျွန်တော်တို့ ခေတ္တနားခိုခဲ့ကြတုန်းကပါ။ ကျွန်တော်တို့ဆိုတာ ဆရာတော် ဥူးက၀ိန္ဒ(သပိတ်တပ်ပေါင်းစု ဥက္ကဌ)၊ ဆရာကိုကျော်သီဟ(ပြင်ဦးလွင်)၊ ကိုမင်းလွင်(အနကလ)၊ နောက်တစ်ယောက်က ကျွန်တော်ပေါ့။ အဲဒီအိမ်ကလေးကနေ ကျောင်းသားအစည်းအဝေးတွေ လိုက်တက်ကြရင်း အနကလ(အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့) ဖွဲ့ဖို့ဖြစ်လာတယ်။ ရုံးဖွင့်ပွဲမှာဖတ်ဖို့သဘောထားကြေညာချက်ကိုအဲဒီအိမ်မှာကျွန်တော်ရေးခဲ့တယ်။
(အဲဒီ သဘောထားကြေညာချက်ကို ဇော်လင်းဦး(အနကလ)က ဖတ်ခဲ့ပါတယ်)
ကျောင်းသားလူငယ်ပါတီဖြစ်လို့ ကြေညာချက်က ပြတ်သားရမယ်၊ မာန်ပါရမယ်ဆိုတာ အခြေခံပြီးရေးခဲ့တယ်။
အဲဒီအထဲကအချက်တစ်ချက်က ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီတော်လှန်ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိ နောက်မဆုတ်တမ်း.............
ဆောင်ရွက်သွားမယ်လို့ အဓိဌာန်ပြုပါသည်ပေါ့။ အဲဒီကွက်လပ်စာသားကိုဖြည့်ဖို့ ပထမဆုံးခေါင်းထဲအလွယ်တကူဝင်လာတာက ``အရိုးကြေကြေအရေခန်းခန်း´´ အဲဒီစာသားကို ကျွန်တော်မသုံးချင်ပါဘူး။ အမျိုးမျိုးကျွန်တော်စဉ်းစားတယ်။ မနက်လင်းခါနီးမှပဲ ကျွန်တော်စာသားတစ်ခုရတယ်။``ဘ၀ပျက်ပျက် အသက်သေသေ´´ ကျွန်တော်ရင်နဲ့လွယ်ခဲ့ရတဲ့စကားလုံး၊ ခုပြန်စဉ်းစားမိတော့ ပညတ်သွားရာဓာတ်သတ်ပါခဲ့လေသလားလို့။
ကျွန်တော်အိမ်ပြန်ရောက်ပြီးနောက်ပိုင်းမှာလည်း ခံစားချက်ပေါ်လာရင် ကဗျာတွေရေးဖြစ်ပါသေးတယ်။ (ဘယ်မှမပို့ဘဲနဲ့ကဗျာတွေ ရေးတဲ့အကျင့်ရှိတာ ကျောင်းသားဘ၀ထဲက ကျွန်တော်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတိုင်းသိပါတယ်)။ အဲဒီအထဲကတစ်ပုဒ်က

မုန်တိုင်းည

ဒါဟာ
ဘယ်လိုမှမမေ့ရက်
အိပ်မက်ဆိုးညတစ်ည
ပိုးထိုးရွရွ ထ ကြွ
ပခုံးပေါ်ကငှက်တစ်ကောင်။
သိမ်မွေ့တယ်
နက်ရှိုင်းတယ်
ပြင်းထန်တယ်
ရက်စက်တယ်
အရင်းအနှီးကြီးတယ်။
တကယ်တော့ ဒါဟာ
ကြယ်နီတွေပြသခဲ့
ရိုးမရဲ့သမိုင်း
ခပ်ရိုင်းရိုင်းည။
အဲဒီညမှာ ...
ပုဇွန်ဆီခြယ်စက်ဝိုင်း
(မြေခွေးလိုဝံပုလွေလို)
လေရိုင်းသိုင်းကွက်နင်း
ဘုန်းကြီးကျောင်းခွေးချင်းကိုက်
အသည်းနာလိုက်တာညရယ်။
မျှော်လင့်တယ်
အရမ်းမျှော်လင့်တယ်
ကြေကွဲတယ်
အရမ်းကြေကွဲရတယ်
ဒါဟာ....
မျက်ရည်တစ်လှေ
ပန်းတွေအများကြီး
အများကြီပဲ...
ကြွေခဲ့တယ်။
ကောင်းကင်မေမေရေ
သဘာဝရဲ့ ရင်သွေးငယ်တွေရေ
အနာဂတ်ရေ
လမ်းသစ်ရေ
ကျွန်တော်ငိုနေပြီ။
ဒါဟာ ဝေဒနာ
ဒါဟာ သေရာပါ
ဒါဟာ သင်ခန်းစာတစ်ပုဒ်
ဒါဟာ သမိုင်းစာအုပ်တစ်အုပ်။
အစိမ်းရောင်းအပြုံးနဲ့
မနက်ဖြန်ဆိုတဲ့မျက်လုံးအောက်မှာ
ရေသောက်ရင်း
လမ်းလျှောက်ရင်း
မြိုသိပ်ရင်း
မျှော်လင့်ရင်းနဲ့
ဒါဟာ
မိုးမခတောမှာ
ကြေကွဲစွာ ဂန္တ၀င်ထိုက်တဲ့
ဆူးစူးခဲ့တဲ့ ကဗျာတပိုဒ်ဖြစ်တယ်။ ။
(22-5-96)
ကျွန်တော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေကိုလည်း ဆက်ပြီးတင်သွားပါဦးမယ်။

No comments: