Saturday, February 4, 2012

မြောက်ပိုင်းဒေသပုံရိပ်များ-အပိုင်း-၃

by Ko Lin Wai Aung on Friday, February 3, 2012 at 10:39pm
မကဒတ( မပ) ၏အစခရီး
      မကဒတ( မပ )ဟာ အခက်အခဲတွေကြားကနေ ပေါ်ပေါက် လာတာပါ… ဒီမတိုင်ခင် မကဒတ(ကချင်)ကိုအောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့ကြသူတွေ ကိုလည်း မှတ်တမ်းတင်ကြရမှာပါ…
          ၁၉၉၀မေလဆန်းလောက်မှာ ကျွန်တော်ခရိုင်မှူးတာဝန် နဲ့ရွှေကူခရိုင်ကိုသွားရပါတယ်… ကိုညီညီကျော် ကဗန်းမော်ခရိုင်၊ ကိုစိန်အေးကမိုးညှင်းခရိုင်၊ ကိုအောင်ကြီးကမိုးကောင်းခရိုင်ပါ…
ဗန်းမော်ခရိုင်ထိ ကိုညီညီကျော်၊ကျွန်တော်နဲ့ကိုမျိုးဝင်းတို့သွားတယ်…ကိုညီညီကျော်ဗန်းမော်ခရိုင်မှာ
နေခဲ့ပြီး ကိုမျိုးဝင်းနဲ့ကျွန်တော်ကရွှေကူခရိုင်ကိုဆက်သွားပါတယ်…
          ကိုမျိုးဝင်းလိုက်လာရတဲ့ကိစ္စက အရင်ခရိုင်မှူး ကိုအောင်မိုးကျော် KIA ရဲဘော်တချို့နဲ့ စကားအခြေအတင်ဖြစ်ပြီးသေနတ်မှန်သေဆုံးရတဲ့ကိစ္စရယ်…..
စည်းရုံးရေးမှူးတာဝန်ခေတ္တပေးထားတဲ့ ဦးသန်းထွန်းက မိန်းမယူထားတဲ့ကိစ္စတွေကြောင့်ပါ…..
ရွှေကူခရိုင်ရောက်တော့ကိုအောင်မိုးကျော်ကိစ္စကိုအောက်ခြေရဲဘော်တွေကိုမေးရပါတယ်…ဖြစ်တဲ့နေရာ
တွေဆီသွားကြည့်ပါတယ်…ဗဟိုမှာလည်းလူကြီးချင်းပြောထားပြီးကိစ္စပါ…(မကဒတ-ကချင်)လက်ထက်က
ဖြစ်ခဲ့တာပါ…စကားများရန်ဖြစ်ရင်း ကျည်ဆန်ထွက်ခဲ့လို့ဒီလို ဖြစ်ခဲ့တာလို့နှစ်ဘက်လုံး က ကောက်ချက် ချတယ်…KIA ရဲဘော်ကို အရေးယူမှုရှိမရှိ သေချာမသိတော့ပါ…
          ဦးသန်းထွန်းကမိန်းမယူထားပြီးရွာမှာထားတယ်…ငွေကြေးထောက်ပံ့ထားတယ်…အသုံးအဆောင်တွေ
ရေဒီယိုကက်ဆက်ဝယ်ပြီး မိန်းမဆီပို့ထားတယ်… KIA ဆီကငွေထုတ်ပြီး ရဲဘော်တွေကို ရိက္ခာငွေမ ထုတ်ပေးလို့ရဲဘော်တွေအခက်အခဲ ဖြစ်ကြတာ စစ်ဆေးတွေ့ရှိပါတယ်…
စစ်ဆေးဘို့ခေါ်ထားစဉ်မှာ ပြန်ထွက်ပြေးသွားခဲ့လို့ပြန်လည် ဖမ်းဆီးခဲ့ရပါတယ်…
          ဦးသန်းထွန်းကိုဖမ်းဆီးစစ်ဆေးပြီး ကြိမ်ဒဏ်( ၂၀ ) ချက်အပြစ်ပေးခဲ့ပါတယ်… ( ခုံရုံးအဖွဲ့မှာ-
ကျွန်တော်၊တပ်ကြပ်ကြီးထွန်းလွင်၊တပ်ကြပ်စန်းအောင် တို့ ၃ ဦး ဖြစ်ပါတယ်…) ၊ ကိုစန်းအောင်ကနောက်ပိုင်းမှာ ဗန်းမော်ဘက်မှာ တိုက်ပွဲကျသွားပါတယ်…
          ကိုမျိုးဝင်းကကွန်မြူနစ်တွေကိုမကြိုက်တာအဲဒီမှာတွေ့ခဲ့ဘူးတယ်…ဒီတုံးကဦးအောင်နိုင်တို့အဖွဲ့တွေ
ရှိသေးတယ်…သူတို့ရဲဘော်တွေနဲ့ကိုမျိုးဝင်းနဲ့စကားအခြေအတင် ဖြစ်ခဲ့ပါတယ်…
          ကိုမျိုးဝင်းဗဟိုပြန်သွားပြီးနောက်ပြသနာတခုက၀င်ပါပြီ……ဦးသန်းထွန်းခိုင်းထားတာတွေ လာပို့တာဆိုပြီးရွာသား(၂)ယောက်က လာပေးသွားတာပါ… အထဲဖွင့်ကြည့်တော့ စာရွက်စာတမ်းတွေ အများကြီးပဲ…..
          NATIONAL DEMOCRATIC ARMY(NDA)အဖွဲ့ဝင်ခွင့်လျှောက်လွှာတွေရယ်… မကဒတ(မပ)ကို လိပ်မူတပ်ထားပြီးတင်မဲ့အဖွဲ့အစည်းကနှုပ်ထွက်ကြောင်းစာတွေရယ်…NDAဖွဲ့စည်းကြောင်းရေးထားတဲ့ စာတွေပါ…
          ရွှေကူခရိုင်တစ်ခုလုံးကရဲဘော်တွေကို  NDA အဖွဲ့အဖြစ်ပြောင်းမည့် အစီအစဉ်တွေပါ….
အန္တရာယ်များတဲ့အတွက် ဗဟိုကိုအမြန်တင်ပြပြီး ဦးသန်းထွန်းကိုစောင့်ကြည့်နေစဉ် အတွင်းမှာဘဲ… ဦးသန်းထွန်းတပ်ကထွက်ပြေးသွားပါတယ်…
          နောက် ၁၉၉၀ ဇူလိုင်လဆန်းမှာ (၅၀၁)ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ အဖွဲ့ရောက်လာတယ်…
တောင်ပိုင်းကနေလာခဲ့ကြတာပါ…အံ့သြချီးကျူးရပါတယ်…ခရီးအဝေးကြီးကလာခဲ့ကြတာပါ… လူ(၂၀)လောက်ရှိတယ်…တစ်ချို့ကလမ်းခရီးအဆင့်ဆင့်မှာကျန်နေခဲ့တာတဲ့…ကိုမိုးသီးလွှတ်လိုက် တာဖြစ်ပြီး မြောက်ပိုင်းတပ်တွေနဲ့လက်တွဲအလုပ်လုပ်ဘို့ ဖြစ်ကြောင်းသိရတယ်….ကိုသိန်းထွန်း(ဆေးမှူး)၊ ကိုသန်းထွတ်၊ကိုနိုင်လင်း(နိုင်/စည်း)၊ တို့ပါတာတွေ့တယ်…
          ကိုသိုက်က ကျွန်တော့အစ်မတွေနဲ့တစ်တန်းတည်း(Phy-hons) တက်ခဲ့တာသိရတယ်… ကိုမိုးသီးသူငယ်ချင်းပါ….ပိုပြီးရင်းနှီးခဲ့ပါတယ်….တောင်ပိုင်းကရဲဘော်တွေရောက်လာတော့ ၀မ်းသာ ပြီးပျော်ကြတယ်…အားတွေလည်းပိုရှိသွားသလိုခံစားရတယ်… ရဲဘော်တွေလည်းပျော်ကြတယ်… အထိမ်းအမှတ်အနေနဲ့ဝက်အသေးတစ်ကောင်ဝယ်ပြီး ပေါ်လိုက်ကြတယ်…
          ကိုသိုက်နဲ့ရဲဘော်တစ်ဦးကိုတရုပ်ပြည်လမ်းကြောင်းအတိုင်းကားနဲ့ဗဟိုကိုပို့ရပါတယ်…ကျန်တဲ့ရဲဘော်
တွေကို ဗန်းမော်ခရိုင်ကတဆင့် ဗဟိုကိုပို့ဘို့စီစဉ်ပေးရတယ်…
(၁၉.၀၇. ၁၉၉၀) အာဇာနည်နေ့ အခန်းအနားကို နှစ်ဖွဲ့ပေါင်းပြီးလုပ်ခဲ့ကြတာသတိရပါတယ်..…
သိပ်မကြာခင်စစ်ဆင်ရေးတွေဝင်လာပါပြီ….ကိုက်ထိပ်ဘက်ကတစ်ကြောင်း၊နမ့်ခမ်း(မန်ဝိန်း)ဘက်က တစ်ကြောင်းမိုင်းခေါန်ဘက်ကတစ်ကြောင်းပါ…ကျွန်တော်တို့ကKIA ရင်း(၁၂) နဲ့တွဲနေတာပါ…
          KIA ကာကင်းအဖွဲ့တွေနဲ့တဂျိမ်းဂျိမ်းတိုက်နေတဲ့အချိန် ကျွန်တော်တို့ရုံးအဖွဲ့တွေ၊ KIA ရုံးအဖွဲ့တွေ…နေရာရွှေ့ပြောင်းကြရတယ်…တပ်ကြပ်ကြီးထွန်းလွင်နဲ့တပ်စိပ်တစ်စိပ်ပဲKIA တွေနဲ့တွဲပေး ထား ခဲ့ရတာ မှတ်မိတယ်..…
          ပြောင်းကြရွှေ့ကြနဲ့နောက်တစ်လလောက်နေတော့ ဗဟိုကအားလုံးပြန်တက်ခဲ့ ဘို့ကြေးနန်းဝင် လာတယ်။၁၉၉၀-သြဂုတ်လ တတိယပတ်လောက် ဗဟိုကိုပြန်ရောက်ပါတယ်… ဗဟိုရောက်ပြီးသိပ်မကြာခင် ကိုသံချောင်းမကြာမကြာပြောတတ်တာ မှတ်မိသေးတယ်…. ရဲလင်း..မင်းကိုငါသတ်ချင်တာတဲ့…တွေ့တိုင်းပြောတတ်တယ်…( ၅ )ကြိမ်ထက်မနဲပါ… သူကစိတ်ထဲရှိရင်မြုံမထားဘူး…ထုတ်ပြောတတ်တယ်…ကိုမျိုးဝင်းနဲ့မတူဘူး….
          အပတ်စဉ်(၅)ကိစ္စလား- ဦးသန်းထွန်းကိစ္စကိုင်တွယ်တာညံ့တယ်ထင်လို့လား…မပြောတတ်တော့ဘူး…
နောက်တစ်ခုအရေးကြီးတာက ဇော်ကို ကိုအရေးယူတဲ့ကိစ္စပါ….ကျွန်တော်ဗဟိုကိုရောက်ရောက်ချင်း ကြုံရတာပါ..ဇော်ကိုကရှေ့တန်း(မြစ်ကြီးနားခရိုင်)မှာ အဖွဲ့ပိုင်ငွေတွေကို တလွဲသုံးတယ်…ဘိန်းရှူတယ်...
ဆိုပြီးအရေးယူဘို့ဗဟိုကို ပြန်ခေါ်ထားပြီးဖမ်းထားတယ်…ကိုမျိုးဝင်းတို့ကစစ်ခုံရုံးဖွဲ့ပြီးစစ်ဖို့လုပ်နေကြတယ်…
စစ်ခုံရုံးမှာ အဲဒီတုံးကတရားရေးဋ္ဌာနကိုတာဝန်ယူရတဲ့ ဦးစိန်ပါတာသိရတယ်… ကျန်သူတွေဘယ်သူပါတယ်ဆိုတာ မသိဘူး… ဦးစိန်က အဲဒီအချိန်က မြစ်ကြီးနားခရိုင်မှူး တာဝန်ခေတ္တ ယူပြီး ပြန်ရောက်ချိန် ဖြစ်ပါတယ်…ဒါကြောင့်စစ်ခုံရုံးအဖွဲ့မှာထည့်လိုက်တယ်ထင်တယ်….
ဦးစိန်ကို ဥက္ကဋ္ဌကိုထွန်းအောင်ကျော်က သေသေချာချာမှာပါတယ်…ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တဲမှာပါ…
ဇော်ကိုရဲ့အသက်ကို တတ်နိုင်သမျှကယ်ပါတဲ့… ဦးစိန်ကညနေကျတော့ကျွန်တော့်ကိုပြောတယ်….
          ဘယ်လိုမှကယ်လို့မရတော့ဘူးတဲ့….သေဒဏ်ဆုံးဖြတ်ချက် ချလိုက်ကြတယ်လို့ သိရတယ်…
ဒီအချိန်က အပြစ်တစ်ခုရှိရင် စစ်ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်ကြတယ်… ဗဟိုကော်မတီကမဆုံးဖြတ်ဘူး… သက်ဆိုင်ရာ တပ်မှူး၊ စစ်ရုံးတာဝန်ခံနဲ့၊စခန်းမှူး ၊ ထောက်လှမ်းရေးတွေနဲ့ခုံရုံးဖွဲ့လေ့ရှိတယ်… မဲခွဲခဲ့မယ်ဆိုရင်တောင် ဦးစိန်ရှုံးမှာသေချာပါတယ်…ခုံရုံးမှာကတပ်ကသူတွေအများစုနဲ့ဖွဲ့ထားတာဖြစ်နေ တယ်… ဇော်ကိုရဲ့ပြစ်ချက်တွေကတော်တော်များ တယ်လို့လည်း ဦးစိန်ပြောခဲ့တာရှိသလို… တပ်ဖွဲ့ဝင်တော်တော်များက ဇော်ကို ကိုအပြစ်ရှိသူတယောက် အနေနဲ့မြင်ခဲ့ကြပါတယ်…
          ၁၉၉၀-စက်တင်္ဘာလောက်မှာထောက်လှမ်းရေးအဖွဲ့တွေကို ပြင်ဆင်တိုးချဲ့ထားတာ ရှိနေပါပြီ… တာဝန်ခံက သန်းဇော်(မန္တလေး)ပါ….ဇော်ဇော်မင်း(နမ္မား)၊ အောင်စိုးမြင့်(မိုးညှင်း)၊ကျော်ထင်ဦး(မိုးညှင်း)၊
ဗညား(မိုးကောင်း)၊နောက်ပိုင်းပါလာသူတွေက သက်လင်း(ဗန်းမော်)၊ဖိုးနှောင်း၊တို့ပါ…
             ကွန်မန်ဒိုသင်တန်းKIAကဖွင့်လို့တပ်စုတစ်စုစာသင်တန်းတက်နေကြတယ်…အောက်တိုဘာလောက်မှာ
တပ်ရင်း(၇၀၂)တိုးချဲ့ဖွဲ့စည်းတာရှိလာပါပြီ….ဗန်းမော်ခရိုင်ဘက်မှာစည်းရုံးရေးလုပ်ငန်းတွေ အောင်မြင် မှုတွေစရနေပါပြီ….ကိုညီညီကျော်က ဗန်းမော်ခရိုင်မှာတာဝန်ယူတာပါ…
          ရွေးကောက်ပွဲနှောင်းပိုင်း ကာလမို့ လူသစ်တွေဆက်လက်ဝင်ရောက် တာတွေရှိလာပါပြီ…
အောက်တိုဘာလဆန်းလောက် ကျွန်တော်တို့ ရှေ့တန်းနယ်မြေပြန်ထွက်ကြရတယ်… ကိုမြင့်ကျော်၊ကိုအောင်ကြီး၊ကိုသိုက်ထွန်းဦး(၅၀၁)၊ပါတယ်… (၇၀၂)ရင်းမှူးအောင်သန်း၊နဲ့ကိုမျိုးဝင်း လည်းပါတယ်…  ကိုမျိုးဝင်းက စစ်ကြောင်းသွားလာရာ မှာ  မြင်းတစ်ကောင်ကို စီးပြီးခရီးစဉ်တလျှောက် သွားခဲ့တာမို့ ရဲဘော်တွေရဲ့မျက်စေ့စပါးမွှေး စူးတာ ခံရပါတယ်…
          KIAတပ်ရင်း(၅)နယ်မြေမိုးညှင်းခရိုင်မှာကိုမျိုးဝင်း၊ကိုစိန်အေးတို့ကျန်ခဲ့ပြီး၊ကိုအောင်ကြီး၊ကိုသိုက်ထွန်းဦး
နဲ့ ကျွန်တော်ကKIAရင်း(၁၁)နယ်မြေ မိုးကောင်းခရိုင်ကိုသွားကြတယ်… ကိုမြင့်ကျော်(ဗဟိုကော်မတီဝင်) က ပြည်တွင်းကို ပြန်ဝင် ရတာပါ…
          နောက်ပိုင်းကိုမြင့်ကျော် အဖမ်းခံရပြီး နန်းတွင်းထောင်မှာ(၂)နှစ်နေခဲ့ရတယ်လို့ သိရပါတယ်…
ကိုသိုက်နဲ့ကိုအောင်ကြီးတို့ဖားကန့်ဘက်ထွက်ဘို့လမ်းခွဲသွားကြတယ်…ရင်း(၁၁)နယ်မြေမှာကျွန်တော် ကျန်ခဲ့တယ်….နေက်ပိုင်း ၁၉၉၀-ဒီဇင်ဘာလောက်ထင်ပါတယ်…စစ်ကြောင်းတွေထိုးလာတော့ ရင်း(၁၁) အထိုင်ကခွာ ကြရပြီး တောတောင်တွေထဲမှာဘဲ နေရာရွှေ့ရွှေ့ပြီး နေရတယ်…မကြာခင် ရင်း(၅)နယ်မြေ ကနေ ကိုသန်းထွန်း စိုးရောက်လာပြီး သူ့ကိုဗဟိုကိုပြန်ဘို့ ကိုမျိုးဝင်းက လွှတ်လိုက်တာဆိုတာသိရတယ်… ကျွန်တော်လည်း မောင်မောင်ဆိုတဲ့ကျန်းမာရေးမကောင်းတဲ့ရဲဘော်ကိုသူနဲ့အတူထည့်ပေးလိုက်တယ်…   နောင်ရာပါစခန်းမှာ ဆေးကုရအောင်ပါ…KIAလူခံတစ်ယောက်နဲ့ဧရာဝတီမြစ်တစ်ဖက်ထိပို့ဘို့စီစဉ်ပါတယ်…
          နောက်နေ့ KIA ဒုရင်းမှူးကခေါ်တွေ့ပြီး ဆင်ဘိုအထက်နားမှာ ဆင်ဘိုကလာတဲ့စစ်ကြောင်းက ဖမ်းမိသွားတယ်ပြောပါတယ်… တောင်ယာတဲမှာညအိပ်နေတုံး ဖြစ်တာပါ…KIA လူခံကတဲပေါ်ကခုန်ချပြီး ထွက်အပြေးမှာ ခါးကိုသေနတ်မှန်ပါသေးတယ်….  အဲဒီဒဏ်ရာကိုပြလို့ကြည့်ခဲ့ရတာမှတ်မိတယ်…
          နောက်တော့ကိုသန်းထွန်းစိုးနဲ့မြို့ပေါ်မှာ ပြန်ဆုံတယ်…မြစ်ကြီးနားထောင်မှာ(၂)နှစ် နေခဲ့ရတယ်တဲ့… ကံကောင်းပါတယ်လို့နောက်ပိုင်းမှာဆက်ရှိနေမယ်ဆိုရင်  သေစာရင်းထဲပါမှာလို့ပြောတော့- အဲဒီတုံးက ကိုမျိုးဝင်းရေးပေးလိုက်တဲ့စာထဲမှာ သူ့ကိုရှင်းပစ်လိုက်လို့ ရေးထားတယ်တဲ့…အဲလိုပြောတယ်…
          ၁၉၉၁ဧပြီလောက်ထိ ရင်း(၁၁)နယ်မြေထဲမှာ စစ်ကြောင်းတွေကို ရှောင်ရှားနေခဲ့ရတယ်…KIA ရုံးအဖွဲ့၊ ကျောင်းသားရုံးအဖွဲ့၊တွေဘဲရှိတော့တယ်…တိုက်ခိုက်ရေးအဖွဲ့တွေက သံလမ်းအနောက် ဖက်ရောက်ကုန်ပြီ… နောက်တော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က အတွင်းရေးမှူးနဲ့ (၇)ယောက် ရောက်လာကြတယ်…
ဖားကန့်ဘက်ကနေ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိုခရီးဆက်ကြမှာပါ…   KIA တပ်ရင်း(၁၁) ရင်းမှူးအသစ် နဲ့အတူ ဗဟိုကနေလာခဲ့တာပါ… ကရင်ပြည်နယ်ကနေလာခဲ့ကြတာတဲ့…မြန်မာပြည်မြေပုံအတိုင်းတစ်ပတ်ပတ်နေသလားထင်ရလောက်ပါ တယ်… လေးစားချီးကျူးမိပါတယ်…XING XING စီးကရက်တွေသွားပေးပြီး စကားပြော မိတ်ဆက်ခဲ့ တာ မှတ်မိပါတယ်…နောက်တော့ သူတို့လည်းခရီးဆက်ထွက်သွားကြတယ်… KIA စည်းရုံရေးမှူး အဖွဲ့လည်း ပါသွားကြတယ်.
ဒါနဲ့ရင်း(၅)နယ်မြေကအဖွဲ့နဲ့ပေါင်းနိုင်အောင် မိုးညှင်းခရိုင် မြေနီတောင်ဘက်ထွက်ခဲ့ပါတယ်…
မြေနီတောင်မရောက်ခင်မှာဘဲ ဒုအရာခံဗိုလ်အောင်ရဲစိုး တို့အဖွဲ့နဲ့ဆုံတယ်… လူသစ်တွေ တော်တော်လေး ပါလာတာတွေ့တယ်…  တစ်ချို့ကယာယီစစ်သင်တန်းတက်ပြီးတာသိရတယ်.. နောက်တစ်ပတ်လောက်နေတော့
ကိုစိန်အေး(ခရိုင်မှူး) တို့အဖွဲ့တွေနဲ့ဆုံကြတယ်… ရန်ကုန်မှာအတူနေခဲ့တဲ့ ကျော်ဝဏ္ဏ(စမ်းချောင်း-အကသ)မြေနုစခန်းမှာ ကျသွားတာသိရတယ်…
စစ်ကြောင်းတွေထိုးတော့ခရိုင်ရုံးအဖွဲ့(၂)ဖွဲ့ရော လူသစ်တွေရော ပြောင်းရရွှေ့ရနဲ့ တနေရာမှာ(၂)ရက် ထက် ပိုမနေရခဲ့ဘူး…မှတ်မိတာတစ်ခုက- စစ်ကြောင်းတွေရှောင်ရင်း ၆၀ ဒီဂရီလောက်မတ်တဲ့တောင်ကြော တစ်ခုကိုတက်နေကြတာ….အဲဒီမှာရဲဘော် တစ်ယောက် အိုလမ်ပီယာ(OLYMPIA) လက်နှိပ်စက်ကြီးကို တရုပ်ကျော ပိုး အိပ်နဲ့လွယ်ပြီးတက်နေတာ... မာန်တင်းပြီးတက်နေတာ… နဲနဲမေးကြည့်တော့ရုံးအဖွဲ့ မှာပါတာတဲ့…မိုးညှင်းခရိုင်ရုံးအဖွဲ့မှာ ၀င် လုပ်ပေးနေတာတဲ့…အိန္ဒိယ CAMP ကနေ မြောက်ပိုင်းကိုစိတ် ၀င်စားလို့ လာခဲ့တာတဲ့…..
          ကိုထိန်လင်း…ပါတဲ့…နောက်ပိုင်းကျမှပန်းချီဆရာ၊အနုပညာသမားတစ်ဦးမှန်းသိရတယ်…
နောက်ပိုင်း ကိုမျိုးဝင်း ရင်း(၅)နယ်မြေကိုတစ်ခေါက်ပြန်ဆင်းလာပါတယ်… VCS (ဒုစစ်ရေးတာဝန်ခံ) အဖြစ်နဲ့ပါ…ဗဟိုကျမှဘဲအကျိုးအကြောင်းမေးမယ်လို့စဉ်းစားမိတယ်…မြင်းကိုဂျိုတပ် လိုက်ကြတာ လို့အဲဒီတုံးကမြင်တယ်…တွဲအတွင်းရေးမှူး(၁)မှာတင် ထောက်လှမ်းရေးရော….ကွန်မန်ဒိုတပ်ခွဲကော ကိုင်ထားတာပါ…
          KIA ကဗိုလ်မှူးလဇိန်ဘောက်လည်းရောက်လာကြတယ်…DAB အစီအစဉ်နဲ့ တစ်နိုင်ငံလုံးမှာ စစ်ကြောင်းတွေဖွဲ့ပြီး လှုပ်ရှားမှုတွေလုပ်ဖို့တဲ့…  ကျွန်တော်တို့ဆီကစစ်ကြောင်း(၂)လို့ထင်တယ်… အစည်းဝေးတွေထိုင်၊ တာဝန်တွေခွဲကြနဲ့ အလုပ်များသွားကြတာမှတ်မိပါတယ်…
          ၁၉၉၁-ဇူလိုင်တတိယပတ်လောက်ထိ ကောက်ကွေ့ချောင်းဝန်းကျင်၊မြေနီတောင်တ၀ိုက်၊ရင်း(၅)နယ်မြေ၊
ရင်း(၁၁)နယ်မြေတွေမှာလှည့်သွားနေခဲ့ရတယ်…တော်တော်လေးဆင်းရဲပင်ပန်းကြပါတယ်…   နောက်တော့ဗဟိုကိုပြန်တက်ကြဘို့ ကိုစိန်အေး၊KIA အဖွဲကတစ်ချို့နဲ့တိုင်ပင်ပြီး ဗန်းမော်အထက် ဘက်ကနေ ဧရာဝတီကိုကူးပြီးနားလုံ အနီးကနေ နောင်ရာပါစခန်း ကိုရောက်ကြပါတယ်… 
၁၉၉၁- ဇူလိုင်လကုန်လို့မှတ်မိတယ်…
          နောင်ရာပါစခန်းရောက်တော့ မြင်ကွင်းကမလှတော့ပါဘူး…KIAစခန်းရော၊ကျောင်းသားစခန်းရော   ရေကြီးလို့မမှတ်မိလောက်အောင်ပျက်စီးနေတာတွေ့ရပါတယ်…သင်တန်းဋ္ဌာနတွေနဲ့အမြဲစည်ကားနေခဲ့ တာ…စခန်းဘေးမှာမိုးလဲချောင်းဆိုတာရှိတယ်….စခန်းအလယ်မှာစမ်းချောင်းသေးသေးလေးရှိတယ် …တောင်ကျရေ တွေစီးလာပြီး ချောင်းနှစ်ခုပေါင်းပြီး ချောင်းအကြီးကြီးဖြစ်သွားတယ်…အလယ်မှာရှိတဲ့ စခန်းတွေ၊တဲတွေအကုန်ပါသွားတယ်…ညဘက်ကြီးဖြစ်တယ်လို့သိရပါတယ်…   ကျောင်းသားရဲဘော်(၁၁)ယောက်ရေထဲပါပြီး ကွယ်လွန်ခဲ့ကြပါတယ်… ရန်ကုန်မှာအတူနေခဲ့ တဲ့ ကိုမိုးဟိန်း(စမ်းချောင်း-အကသ) လည်းပါသွားခဲ့တယ်… ညီအစ်ကို တွေလိုနေလာခဲ့တာပါ… KIA ရဲဘော်(၃၀)ကျော်လောက်လည်း ပါသွားတယ်လို့သိရတယ်…
          နောင်ရာပါရွာထဲက ရေထဲမပါဘဲကျန်ခဲ့တဲ့ အိမ်မြင့်လေးတွေမှာတစ်ရက်နားကြတယ်….. ကျမ်းစာအုပ်တွေဖယိုဖရဲရေစိုနေတာတွေ၊ခေါင်မိုးလောက်ထိရေတွေဖြတ်စီးသွားလို့ရွှံ့နှစ်တွေနံရံမှာပေ
ကျံနေ တာတွေ-စိတ်မကောင်းစွာတွေ့ရပါတယ်….
နောက်နေ့မနက်အစောမကဒတ(မပ)ဗဟိုလိုင်စင်စခန်းကိုဆက်ထွက်ခဲ့ကြပါတော့တယ်… အမြင့်ပေ၆၀၀၀ကျော်ရှိပါတယ်…ပုံမှန်သွားရင်လမ်းမှာတစ်ညအိပ်ရတယ်….
                    ညနေပိုင်းမှာတော့အားလုံးဗဟိုကိုပြန်ရောက်ကြပါပြီ…
ဗဟိုဆိုတာ ရဲဘော်အားလုံးရဲ့ အနွေးထွေးဆုံးသောနေရာ ဖြစ်စေချင်ကြတာ ခံစားဘူးသူများသိကြမှာပါ…..
Ko Lin Wai Aung facebook မှကုးယူဖော်ပြသည်။

No comments: