Friday, January 13, 2012

ကိုစန်းနိုင်

Burma VJ Media Network
လမ်းလျှောက်ဆန္ဒပြမှုနဲ့ ထောင်ကျခဲ့ရတဲ့ အမှုတွဲ ၁၁ ယောက်အနက် အင်းစိန်ထောင်မှာ ထောင်အတူတူကျနေတဲ့ ၆ ယောက် လွတ်မြောက်လာပြီး နယ်ထောင်တွေမှာ ကျနေတဲ့ ကျန် ၅ ယောက် လွတ် မလွတ်ကိုတော့ အခုအထိ မသိရသေးပါဘူးလို့ အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ လှိုင်သာယာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုစန်းနိုင် (ခ) မောင်စန်းက ပြောဆိုလိုက်ပါတယ်။
ကိုစန်းနိုင်တို့ အမှုတွဲဟာ ၂၀၀၇ မေလ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့စဉ်အတွင်း လမ်းတဝက်မှာတင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂ လအကြာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၀၈ သြဂုတ်လ ၂၇ ရက်နေ့မှာ လှိုင်သာယာမြို့နယ် ရဲစခန်းမှူးမှ လမ်းလျှောက် ချီတက်မှုအတွက် ထပ်မံ တိုင်ချက်ဖွင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ကိုစန်းနိုင် (ခေါ်) မောင်စန်းအပါ ၁၁ ဦးကို မတရားဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
၁ - ကိုစန်းနိုင် (ခေါ်) မောင်စန်း၊ ၂ - ကိုသန့်ဇင်မျိုး၊ ၃ - ကိုရန်နိုင်ထွန်း၊ ၄ - ကိုကျော်စိုးဝင်း၊ ၅ - ကိုစိုးမင်းမင်း၊ ၆ - ကိုစန်းဝင်း၊ ၇ - ဦးတင်ယု၊ ၈ - မလှလှမော်၊ ၉ - ကိုမျိုးကျော်ဇင်၊ ၁၀ - ကိုအောင်မင်းနိုင် (ခ) မီးသွေး၊ ၁၁ - ကိုဝင်းမြင့် တို့ဖြစ်ပြီး ပုဒ်မ ၄ ခုစီနှင့် ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

No comments: