Sunday, January 8, 2012

ကျောင်းသားတပ်မတော် သဘောထားထုတ်ပြန်ချက်


၁။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မကဒတ (ကျောင်းသား တပ်မတော်) သည် “ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ လူတန်းစားပေါင်းစုံ၊ တိုင်းရင်း သားပေါင်းစုံ” ဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ပြင်

• အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး
•ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး
• ပြည်တွင်းငြိမ်းချမ်းရေး နှင့်
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဟူသော ဦးတည်ချက် (၄) ရပ်ကို အခိုင်အမာကိုင်စွဲရင်း စစ်အာဏာရှင် စနစ်အား ပြတ်သားစွာတိုက်ပွဲဝင်လာခဲ့သော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

၂။ တိုက်ပွဲဝင်ခဲ့သည့် ၂၃ နှစ်ကျော်ကာလအတွင်း အဖွဲ့ အစည်းပြိုကွဲပျက်စီးရန်နှင့် အဖွဲ့ အစည်းတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရန်အတွက် စစ်အာဏာရှင်များဖက်က ဘက်ပေါင်းစုံမှ သပ်လျှိုဖြိုခွဲမှုများကိုလည်း ကြုံတွေ့  ဖြတ်သန်း ခဲ့ရသည်။ တပြိုင်နက်တည်းတွင် ၎င်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့ အကြုံအရ အားနည်းမှုများ၊ နိုင်ငံရေး မရင့်ကျက်မှုများ ရှိခဲ့ပါသည်။

၃။ ထို့ ကြောင့် မကဒတ(ကျောင်းသားတပ်မတော်)မှ အရေးယူဆောင်ရွက်ခဲ့သော ရန်သူ့ သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် အဋ္ဌမအကြိမ်ညီလာခံသက်တမ်းအတွင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့  ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် အောက်ပါသဘောထားကို ချမှတ်ထားပြီးဖြစ်သည်။

(က) မကဒတ ၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်။
(ခ) ရန်သူစစ်အာဏာရှင်၏ စနစ်တကျ သပ်လျှို ဖြိုခွဲမှုဖြစ်သည်။
(ဂ) အချိန်ကာလတခုရောက်လျှင် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်းဖြေရှင်းရန်နှင့် ရရှိလာသော ရလာဒ် အပေါ် မကဒတ(ကျောင်းသားတပ်မတော်)မှ တာဝန်ခံသွားမည်ဖြစ်သည်။

၎။ သို့သော် လက်ရှိကာလ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အရ အထက်ပါ အခြေခံသဘောထားကို ကိုင်စွဲ ၍ ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုအား ဖွဲ့ စည်းတာဝန်ပေးအပ်သွားမည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့ မှလည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေ အပေါင်း အား ဦးညွှတ်အလေးပြုလျက် -

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။

 
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မှကူးယူဖော်ပြပါသည်။

 ကျောင်းသားတပ်မတော် လှုပ်ရှားမှု ပုံရိပ်လွှာတချို့

No comments: