Sunday, January 8, 2012

ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်၍ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်၏ အကြံပြုချက်

ဒီနေရာမှာ ပြောချင်တာက မကဒတရဲ့ ဂုဏ်သရေကို ဒီမြောက်ပိုင်းသတ်ဖြတ်မှုကြီးက အကြီးအကျယ် ညစ်နွမ်းစေခဲ့တယ် ဆိုတာ ဘယ်သူမှ ငြင်းလိမ့်မယ်လို့ မထင်ဘူး။ ဒီလုပ်ရပ်ဟာ အောက်ပါ အကြောင်းတရားတွေနဲ့ ရောထွေးနေခဲ့တယ်။

၁။ ခေါင်းဆောင်ရူးပြီး နေရာလုမှု။

၂။ ခေါင်းဆောင်ရူးနေသူတွေကြား သူလျှိုအစစ်များက ဝင်ရောက် သွေးထိုးမှု။

၃။ စစ်မှန်သော ကျောင်းသားတော်လှန်ရေးသမားများကို အပြတ်ရှင်းပြီး မကဒတကို ဗကပလို ဖြုတ်-ထုတ်-သတ် လမ်းစဉ်မှားရောက်အောင် တွန်းပို့မှု။

ဒီနေရာမှာ ဗကပ မှားခဲ့တာကို ပညာတတ်ကျောင်းသားတွေ သိတယ်။ သိနေရက်နဲ့ ဘာလို့ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတာလဲ။ ဗကပ မှားခဲ့တာကို သင်ခန်းစာမယူဘဲ တမင် ဗကပလိုဖြစ်အောင် အဓိက လုပ်ခဲ့တာ ဘယ်သူတွေလဲ။ နိုင်ငံရေးနားလည်တဲ့ ကျောင်းသားတွေ ဒီလိုမလုပ်ဘူး။

၎။ အဓိက မကဒတကို ပြည်တွင်းမှာ နိုင်ငံရေး သတ်လိုက်တာ ဖြစ်တယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။ စနစ်တကျ လုပ်ကြံမှုကြီး ဖြစ်တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သတ်ခဲ့တာကိုက ပြည်ထောင်စုနေ့ကို တမင် ရည်ညွှန်းပြီး လုပ်တာဖြစ်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနေ့ကို တန်ဖိုးမထားခဲ့တာ ဘယ်သူတွေလဲ။ နအဖက လွဲပြီး ဘယ်သူမှမရှိဘူး။

၅။ မြောက်ပိုင်းကိစ္စနဲ့ ဆက်စပ်ပြီး တောင်ပိုင်းမှာလည်း ကြိုးစားမှုတွေ ရှိခဲ့တယ်။ အဲဒီဆက်စပ်မှုတွေ၊ ကွင်းဆက်တွေကို စေ့စေ့စပ်စပ် လေ့လာကြဖို့ လိုတယ်။

ယနေ့ခေတ်မှာ ရိုက်နှက်မေးစရာ မလိုဘဲ စစ်ဆေးပြီး အမှန်တရားပေါ်အောင် လုပ်နိုင်တဲ့နည်းတွေ ပေါ်နေပါပြီ။ တရားလိုတွေလည်း ပေါ်လာပြီ။ သူလျှိုတွေကို ကျောင်းသားက သတ်တာလား၊ ကျောင်းသားတွေကို နအဖစပိုင်တွေက သတ်တာလား၊ စစ်ကြဖို့ အချိန်ရောက်ပြီ။ လက်ရှိ မကဒတ တာဝန်ရှိသူတွေနဲ့ သမာသမတ်ရှိတဲ့ မကဒတက ရဲဘော် ခေါင်းဆောင် ငယ်သားမရွေး ပါဝင်တဲ့ စုံစမ်းရေးကော်မီရှင်ကို တရားဝင်ဖွဲ့နိုင်ရင် သိပ်ကောင်းမယ်။ အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျတဲ့နေရာက အစွမ်းကုန် ကူညီသွားမယ်။ ဒီကိစ္စဟာ အချိန်ဆွဲရမယ့် ကိစ္စမဟုတ်ဘူး။ မကဒတ သိက္ခာကျမှာစိုးလို့ အချိန်မကျသေးလို့ စောင့်ပါဦးလို့ ပြောနေတဲ့ ရဲဘော်တွေကို နားလည်ပေးနိုင်ပေမယ့် အလွန်တန်ဖိုးရှိတဲ့ မျိုးချစ်ကျောင်းသားတွေရဲ့လည်ကို ဖြတ်၊ လည်ချောင်းသွေးကို ခြေဆေးခဲ့ကြတဲ့သူတွေကို ကာကွယ်ပြောလာကြတဲ့ သူတွေကိုတော့ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ မတရား စွပ်စွဲ အသတ်ခံရသူ ရဲဘော်တွေရဲ့ ဂုဏ်ကို ဆယ်ပေးဖို့ မကဒတဟာ အမြဲ တရားမျှတမှုကို တန်ဖိုးထားတယ်ဆိုတာ ပြဖို့ ရဲဘော်အားလုံးမှာ တာဝန်ရှိတယ်။

ထွန်းအောင်ကျော်

No comments: