Friday, January 6, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - အပိုင်း ( ၄ ) နန်းအောင်ထွေးကြည်

by Maung Maung Wann on Friday, 6 January 2012 at 18:24

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်း တန်ဘိုး ကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။ တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။ အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တမှုတ်တရ ရိုက်ကူးထားတယ်။ သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်း နားလည်ပုံမရပါဘူး။ သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။ မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသ လဲ။ စောင့်ကြည့်ကြရအောင်ပါ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။
ခင်မင်လေးစားစွာဖြင့်
အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ
( က )

ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ် တွင်တည်ထောင်ခဲ့ သည်။ တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်း ခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင် သည်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော် မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး စစ်ရေး တာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့ မှတာဝန်ယူ ခဲ့ကြသည်။
၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီ အက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်း မတက်ရောက်ခဲ့ပါ။

၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။ ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော် မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခန်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)

ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်း သားအ များအပြားပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်း သားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန် ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။ အတွင်းရေးမှုးတာဝန် ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု များအပေါ် အဓိကထားပြီး မကျေနပ်မှုများ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။ ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင် နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက် လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊ ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီ အဖြစ် ရွေးချယ် ခံရသူများပါဝင်ပါသည်။ အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို )     ABSDF   ( ၇၀၁ )  တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်း မှမကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင်တွေ့ ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ သည်။

ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေ များ အကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သောစိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန် အတွေးအမြင်များ မတရားမှုများကို ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေး လုပ်ဘို့တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ဒီမိုကရေစီခံစားဘို့မဟုတ်ဘူး စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး ရွေးကောက်ပွဲမရှိဘူး ” ဟုပြောဆိုပြီး တင်ပြမှုများနှင့် မေးခွန်းများ ကိုမေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှုများပိုမိုပြင်းထန်ခဲ့သည်။

မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့်မှတ် သားထားသည်။ အကြောင်းမှာ သူ့အားဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် သမိုင်းဆိုးတွင်ခဲ့သည့် စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ် စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)

အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် မျိုးဝင်းက သူ၏ ဒေသခံနယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်းကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။

လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။ အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။

ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်း သို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်း ထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုပ်လျှက်နှင့် ထိုင်ခိုင်းထားသည်။

မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေးသူလျှိုမဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။ လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ဗကပ ( ဗမာပြည် ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။ သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲ ကိုကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြလျှောက်ခိုင်းဖို့ အမိန့်ပေးခဲ့သည်။ သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။

(ဃ)

လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေး မှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။ များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲ အတွက် ရှေ့တန်း သို့ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေအထွေအတွင်း အရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။ သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေးရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်း ရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။
ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင်အင်အားဖြည့်ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသား ရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်)

၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။ ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။ များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။ ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ့ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်း သားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော်၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုး များ ပေါ်ပေါက်ခဲ့ ရသည့်နှစ် ဖြစ်စေခဲ့သည်။

ထိုအချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။ လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံ စားကြ သည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေရာဝတ်စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာခိုင်းစေရန်အတွက် တော်လှန်ရေးလုပ်ရန်လာသည့် ကျောင်းသားငယ်များအား အနား တွင်ထားပြီး ခိုင်းစားကြသည်။

နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

( ဖက်ဆစ်အာဏာရူး စစ်ဘီလူးတို့လက်ချက်ဖြင့် ခေါင်းဖြတ် အသတ်ခံရသူ..ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်( ကျောက်တိုင်ကို လက်တင်ထားသူ )

                                  ( နန်းအောင်ထွေးကြည် လက်ရေးစာမူ )

3 comments:

လင်္ကာ said...

Maung Maung Wann မြောက်ပိုင်း ကျောင်းသားတပ်မတော် လူသတ်ပွဲ ကိစ္စများကို ကျနော်တို့ အမှန်အတိုင်း ဖွင့်ချတဲ့အခါ…မပြောပလောက်သောခြိမ်းခြောက်သံ၊ ကဲ့ရဲ့သံ၊ ရှုတ်ချသံများကိုကြားရပါတယ်….ဒါ့အတွက် ကျနော်တို့မှာ ပြသနာမရှိပါ…ကျနော်တို့ရည်ရွယ်ချက်မှာ…သမိုင်းအမှားတခုတည့်မတ်လိုက်ခြင်းပဲဖြစ်သည်။မည်သူ့ကိုမှလည်း တိုက်ခိုက်လိုစိတ်..ရန်လိုစိတ်မရှိ….ဒီလိုဖွင့်ချခြင်းသည်…ကျောင်းသားတပ်မတော်ကို တိုက်ခိုက်ခြင်းဖြစ်သည်၊ စစ်အစိုးရအလိုကျလုပ်ကိုင်နေခြင်းဖြစ်သည် ဆိုသူများကို မေးခွန်းမေးခြင်ပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောရဲဘော်သုံကျိတ်ဝင်များဟာ..ယိုးဒယားနိုင်ငံမှာ သွေးဖောက်သစ္စာဆိုခဲ့ကြတယ်…ရဲရဲတောက် သူရဲကောင်းများဖြစ်ခဲ့ကြတယ်….ဒီအထဲမှာ ဗိုလ်နေ၀င်း ( ဦးနေ၀င်း ) ပါဝင်ခဲ့တယ်ဆိုတာကိုတော့ မသိပဲမနေလောက်ပါဘူး…..ဦးနေ၀င်း မွှေးလိုက်တဲ့မီးဟာ..ဒီနေ့ထိတောက်လောင်နေဆဲဆိုတာကိုလည်း သိကြမှာပါ….ဒါ့ကြောင့် ကျနော်တို့အားလုံး ဦးနေ၀င်း ရဲ့စနစ်ဆိုးကြီးကိုတော်လှန်ခဲ့ကြတယ်..တော်လှန်နေဆဲလည်းဖြစ်တယ်….ဦးနေ၀င်းကိုတော်လှန်တာဟာ….ရဲဘော်သုံကျိတ်ကိုစော်ကားခြင်းလား….ရဲဘော်သုံးကျိတ်ကို ရှုတ်ချခြင်းလား….ရဲဘော်သုံးကျိတ်ကို အယုံအကြည်မရှိအောင်ဆောင်ကျဉ်းနေခြင်းလား…( ဖြေပါ..ရဲရဲဖြေကြပါ )။ ကျနော်တို့ အတိုက်အခံတော်လှန်နေသူများဘက်မှာရော…ဦးနေ၀င်းလို လူမျိုးပေါ်ထွက်မလာနိုင်ဘူးလို့ ဘယ်သူအာမခံမှာလည်း။ ပေါ်ထွက်လာလို့ပဲ…အခုပြသနာတွေရှင်းနေရတာမဟုတ်လား……။နောက်မျိုးဆက်သစ်တွေအတွက် သမိုင်းအကြွင်းအကျန်တွေကို ရှင်းစရာရှိတာရှင်းရပါ့မယ်….၊ နောက်အရေးကြီးဆုံးတချက်က..အာဏာရှင်ဆိုတာ..အစိုးရဘက်မှာတင်ရှိတာမဟုတ်ဘူး…အစိုးရကိုတော်လှန်တိုက်ခိုက်နေတဲ့ ဘက်မှာလည်း ရှိတယ်ဆိုတာ..မျိုးဆက်သစ်တွေသိစေခြင်တယ်…။ မျိုးဆက်သစ်လူငယ်များကို စေတနာထား အသိပေးချင်ပါတယ်….မြန်မာ့မြေပေါ်မှာ…စစ်အာဏာရှင် သာလျှင်မက…မည်သည့်အာဏာရှင်ကိုမှ လက်မခံဘို့….တိုက်တွန်းပရစေ…သမိုင်းတချက်မှားရင်…နှစ် ရာနဲ့ချီခံရတတ်ပါတယ်…သတိထားကြပါ။ တော်တော်များများက မျက်ခြေပြတ်နေကြတာက…စစ်အာဏာရှင်ကိုသာ မဲတော်လှန်နေကြတာ…..ကိုယ့်နောက်က ကပ်ပါလာမဲ့…အာဏာရူး ၊ အာဏာရှင်များကိုတော့…မျက်ကွယ်ပြုထားတတ်ကြတယ်….သိပ်မှားသွားပါလိမ့်မယ်….သတိထားကြပါ…ဒါတွေကလည်း ရန်သူတွေပါပဲ။အားလုံးဟာ…စစ်အာဏာရှင်များနည်းတူ…တတန်းတည်းဆိုတာ…ယုံပါ။
2 hours ago · Like · 21
Sliv Mmc no need to care bro . just go on...
2 hours ago · Like
Aye Aye Soe Win Ko Maung Maung Wann..The entire audience or the truth-loving people are behind you with full support. No need to care about the repercussion from the side who did wrong in the first place.
about an hour ago · Like · 3
Min Htay ရဲမေ ပုံက နန်းအောင်ထွေးကြည်ပုံ မဟုတ်ဘူး နော် ဘောက်မိုင်ပုံ ဖြစ်နေတယ်
about an hour ago · Like · 1
Zaw Zaw Hlaing ကိုမောင်မောင်ဝမ်းရေ.. ကျနော်တို့အမှန်တရားကို ဖွင့်ချနေတာကို မကြေနပ်သံ. ကဲ့ရဲ့သံတွေ ရှိတာကို သိတ်တော့လဲဂရုထားလို့မရပါဘူးဗျာ.. ဒါမျိုးက ခေတ်တိုင်းမှာရှိခဲ့တာဘဲလေ.. ဦးနေ၀င်းကို အာဏာရှင်ပါလို့ တတိုင်းပြည်လုံးရှိ ပြည်သူပြည်သားတွေက သတ်မှတ်ကြပေမဲ့.. ဦးနေ၀င်းအလိုကျ အာဏာရှင်နောက်လိုက်တွေက ဒီနေ့အထိအများသားလား..
about an hour ago · Like
Aye Aye Soe Win All truth passes through three stages. First, it is ridiculed. Second, it is violently opposed. Third, it is accepted as being self-evident.
Arthur Schopenhauer (1788 - 1860) . To me, truth is LIGHT.It gives you a vision and the finest perspective.
about an hour ago · Like · 2
Zaw Zaw Hlaing ကိုယ်သမိုင်းကို ကိုယ်ရေးကြတာဖြစ်လို့ .. ကိုမှန်တယ်ထင်တာကို ရဲရဲရင့်ရင့်လုပ်နိုင်ဖို့က အဓိကပါဘဲ.. ကျနော်တို့မှားရင် ကျနော်တို့ခံသွားမှာပါ။ သမိုင်းဆိုတာ လိမ်လို့မရပါဘူး။ သူတို့နှစ့်နှစ်ဆယ်လိမ်လို့ရခဲ့တယ်.. ဒီနေ့တော့ မရတော့ဘူးလေ.. အမှန်တရားဆိုတာ အချိန်တန်ရင်ပေါ်လာစမြဲပါ။
about an hour ago · Like · 3
Oo Thar ကိုမောင်မောင်ဝမ်းရေးတဲ့ ဆောင်းပါး အားလုံးနှင့်  အသံဖိုင်တို့ကို ဖတ်ရပါတယ် ။ သေဆုံးသွားရသူတွေထဲမှာ AB မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော် တောင်ပါတယ်ဆိုတော့ ဗဟိုဥက္ကဌ ကိုမီုးသီးတို့က မသိတာလား တစ်ခြား သက်ရှိထင်ရှား ရှိနေတဲ့ တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ ဆိုတာ သိချင်ပါတယ် ၊ရော်နယ်အောင်နိုင်ဟာလည်း ဒီကိစ္စကြောင့်  BBC ကနေထွက်သွားရတာများလား။
51 minutes ago · Like
Ko Naing Keeping going comrades!!! we are your side.
44 minutes ago · Like

လင်္ကာ said...

Kaung Myint January 4, 2012

တမတ်သားလွတ်တော်နဲ့ စစ်ဗိုလ်တပိုင်း အစိုးရ ရှိနေသရွေ့ စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်တာ လူတိုင်းသိပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့လို စွန့်စားလိုတဲ့လူငယ်တွေအကြားမှာ လက်နက်ကိုင်တော်လှန်ရေးအပေါ် စိတ်ဆန္ဒပြင်းပြနေခဲ့တယ် ခင်ဗျ။ လတ်တလော ကြံ့ဖွံ့အစိုးရတပ်တွေကို အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေတဲ့ ကေအိုင်အေအဖွဲ့မှာ ကျောင်းသားတပ်မတော်သားတွေ ပါတယ်လို့ ကြားမိတယ်ခင်ဗျ။ ဒီအတွက် ကျနော်တို့သူငယ်ချင်းလူငယ်တစု မကြာသေးခင်က ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဆီကို လက်နက်ကိုင်တော်လှန်ရေးအတွက် သွားပြီးပူးပေါင်းဖို့ စိတ်ဆန္ဒပြင်းပြခဲ့တယ်ခင်ဗျ။ သွားရေး၊ မသွားရေး ချိတုံချတုံဖြစ်နေချိန်မှာ အခုတော့ ဆရာထိန်လင်းရဲ့ ဆောင်းပါးဖတ်ပြီး လက်နက်တော်လှန်ရေးအပေါ် စိတ်ပျက်သွားပါပြီ ခင်ဗျ။
အနယ်နယ်အရပ်ရပ်ကလူငယ်တွေနဲ့ စုစည်းထားတဲ့ တောတွင်းအဖွဲ့မှာ အခန့်မသင့်ရင် သန်းဂျီးမ အကိုက်ခံထိနိုင်သလို လူကက်ဆက်ဖြစ်နိုင်တယ်မဟုတ်လား။ ယုတ်ဆွအဆုံး လည်ပင်းပြတ်နိုင်တယ် မဟုတ်လား။ ကြောက်စရာဗျာ။ ကျောင်းသားတွေ တောခိုမယ်ဆိုရင် အဲလို ဆောင်းပါးတွေ အရင်ဖတ်ထားသင့်တယ်ခင်ဗျာ့။ ဆရာ အောင်မိုးဝင်းရဲ့ အရိုးတွန်းသံ နဲ့ ဆရာထိန်လင်းရဲ့ဆောင်းပါးတွေ တပေါင်းတစည်းတည်းလုပ်ပြီး ကျောင်းသားလူငယ်တွေအကြား ပိုပြီး ပိုပြီး ဖြန့်သင့်တယ် ထင်တာဘဲ။ အခုလို နိုင်ငံရေးအရ အရေးကြီးနေချိန်မှာ လူငယ်တွေ မမှားသင့်တာ မမှားရအောင် အတွေးအခေါ်အမျော်အမြင်ရှိရှိ ရေးသားခဲ့ကြတဲ့ နောင်တော် ကျောင်းသားများဖြစ်တဲ့ ဆရာတို့အပေါ် အလွန်လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
Reply
မောင်ဒေါင်း January 5, 2012

ကိုကောင်းမြင့်ရေ-
ဗမာပြည်ထဲမှာ အဲလိုစာအုပ်ထုတ်လိုက်လို့ကတော့ လူမှုထူးချွန်ဆု နေပြည်တော်က ပေးမှာ။ ဒါမှမဟုတ် အဂ္ဂမသာ ဂီရိကြက်သရေစီသူ ဘွဲ့ ပေးရင်ပေးနေဦးမှာ။ ကြံ့ဖွံ့အစိုးရကို လက်နက်ကိုင်တော်လှန်မှု တားဆီးရေးစာအုပ် ဆိုတော့ တခမ်းတနားကို ပေးဦးမှာ။
Reply

လင်္ကာ said...

လင်္ကာ January 6, 2012

ထုတ်ဝေသင့်ပါတယ်။
ဒါတွေတကယ်ဖြစ်ခဲ့တယ် ။ ခံခဲ့ရသူတွေ
မကြားဝံ့အောင်ကို ညှင်းဆဲခံခဲ့ရတယ်။
ညှင်းဆဲပုံတွေဟာ မစဉ်းစားရဲအောင်ပဲ။
ခုချိန်ထိလည်း ကိုထွန်းအောင်ကျော်တို့ ဟာ
သူလျှိုမဟုတ်ဘူးဆိုတာ သက်ဆိုင်တဲ့ အဖွဲ့ အစည်းကတရားဝင်ဘာမှမပြောဘူး။
အဲဒီအတွက် လူတိုင်းသိသင့်တယ်။
နအဖစစ်အာဏာရှင်အကြောင်း
စာမျက်နှာတွေမှာပလူပျံ နေလို့ လူတိုင်းသိကြတယ်။
ကျောင်းသားစစ်အာဏာရှင်တွေအကြောင်း
သိတဲ့သူနည်းတယ်။
စစ်အာဏာရှင်ဆိုရင်
နအဖစစ်အာဏာရှင်ပဲဖြစ်ဖြစ်
ကျောင်းသားစစ်အာဏာရှင် ဖြစ်ဖြစ်
ဆန့် ကျင်ရမယ်။
ကျောင်းသားမို့ မသိချင်ယောင်ဆောင်နေရမယ် ဆိုရင် ဒါ အဂတိတရားပဲ။
Reply
မောင်ကျောင်းသား January 6, 2012

မောင်ဒေါင်း
အရိုးတွေတွန်နေတာ တားဖို့ ကြိုးစားနေပြန်ပြီလား။
ဒီစာမျက်နှာကနေမင်းတားဖို့ ကြိုးစားနေလို့ အပိုပဲကွ။
မင်း ကချင်မှာနေတာပဲ။
ပါဂျောင်ကိုသွား။
အဲဒီကိုထွန်းအောင်ကျော်တို့ ကိုမြုပ်ထားတဲ့
အာသံကုန်းမှာသွား။
အကိုတို့ ခဏနေ ကြပါဦးဗျာ လို့ တောင်းပန်။
ဒါဆိုရင်တော့ အရိုးတွန်တာရပ်ကောင်းရပ်သွားလိမ့်မယ်။
ဒီကနေ မင်းပြောနေလို့ ကတော့ အပိုပဲ။
လက်ညောင်းယုံပဲကွ။
Reply
မောင်ဒေါင်း January 6, 2012

မောင်ကျောင်းသားရေ-
အေဘီအက်စ်ဒီအက်ဖ်က လူသတ်မှုကျူးလွန်တဲ့ သူတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ (လုံးဝ)လုံးဝ မနှိုင်းချင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းကို ယိုးဒယားနယ်စပ်ကနေ ဗမာပြည်ပြန်အဝင် ရွာသူကြီးကို သတ်ဖြတ်မှုနဲ့ တရားစွဲဖို့ကြိုးစားတဲ့ ဖြစ်ရပ် သမိုင်းလေ့လာသူတိုင်း သိပါတယ်။ ဒါက မြန်မာလူထုတရပ်လုံး လွတ်လပ်ရေး အရယူဖို့ စိတ်ထက်သန်နေချိန်မှာ စည်းလုံးညီညွတ်မှုပျက်ပြားပြီး ဗိုလ်အောင်ဆန်းအပေါ် အကြည်ညိုပျက်အောင် လုပ်တဲ့ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖျက်လိုဖျက်ဆီး အစီ အမံပါ။ အခုလည်း အေဘီအက်စ်ဒီအက်က လူသတ်တရားခံတွေကို နာမည်နဲ့တကွ ရေးနေတယ်ဆိုပေမယ့် လက်နက်ကိုင်တော်လှန်ရေးအပေါ် သွေးလန့်ခြောက်ခြားသွားအောင်၊ လက်နက်ကိုင်တော်လှန်ရေး မလုပ်ရဲအောင် ဖျက်လိုဖျက်ဆီး လှုံ့ဆော်တဲ့လုပ်ရပ်၊ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလက်နက်ကိုင်အကြား စိတ်ဝမ်းကွဲအောင်လုပ်တဲ့ လုပ်ရပ်ဖြစ်နေပြီး နေပြည်တော်ရဲ့ အစီအမံလို့ ယူဆစရာဖြစ်နေပါတယ်။ ကိုကောင်းမြင့်အဆိုအရ အဲဒီ ကျောင်းသားအချင်းချင်းသတ်မှုတွေဖြစ်ခဲ့တဲ့ ကျောင်းသားအဖွဲ့က ကေအိုင်အေမှာ အခု ရှိနေပြီး တိုက်ပွဲဝင်နေတယ်ဆိုတော့ အဲဒီကို မြို့ပေါ်ကကျောင်းသားတွေ တောမခိုရဲအောင် အောင်မိုးဝင်း၊ထိန်လင်းအပါအဝင် လူအချို့က အဲဒီကိစ္စကို တပြိုင်တည်း ရေးသားဖေါ်ထုတ်နေပါတယ်။ ရေးနေတဲ့ ရည်ရွယ်တာက ဘာလဲ။ အခုချိန်မှာ ဘယ်လိုအရေးယူမှာလဲ။ စစ်ရာဇဝတ်ကျူးလွန်တဲ့သူတွေကို နိုင်ငံသစ်ထူထောင်ပြီးမှ စုံစမ်းစစ်ဆေး၊ ခုံရုံးဖွဲ့ အရေးယူတာကို နိုင်ငံတကာမှာလည်း တွေ့နေရတာဘဲ။ သမိုင်းမှတ်တမ်းတင်ရုံအတွက်၊ ဒါမှမဟုတ် စိတ်ခံစားနားကျည်းမှုအတွက်နဲ့ အခုအချိန်မှာ အဲလိုရေးနေတာက မြို့ပေါ်ကကျောင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးအပေါ် ကြောက်ရွံ့သွားအောင်၊ တောမခိုရဲအောင်၊ စိတ်ဝတ်ကွဲ မညီမညွတ်ဖြစ်အောင် ရေးသားနေသလို ဖြစ်နေပါတယ်။ အခုတောင် ခင်များတို့တတွေနဲ့ ကျနော်ကြားမှာ အမြင်မတူလို့ ဆဲဆိုတာတွေ ဖြစ်လာတယ်မဟုတ်လား။ နေပြည်တော် ဗိုလ်ချုပ်တွေအကြိုက်ဖြစ်နေတာကြောင့် အဂ္ဂမသာ ခွေးသားရေးစီသူဘွဲ့ ပေးသင့်တာပါ။
Reply
မောင်ကျောင်းသား January 7, 2012

မောင်ဒေါင်း
မင်းတော်တော်ဒုံးဝေးတဲ့ကောင်ပဲ။
ငါပြောတာရှင်းနေရောပဲ။
အခု ပါဂျောင် က သူရဲကောင်းတွေရဲ့ 
အရိုးတွေတွန်နေတာ။
မတရားစွပ်စွဲခံခဲ့ရတဲ့၊မတရားညှင်းဆဲသတ်ဖြတ်ခံ
ခဲ့ရတဲ့သူရဲကောင်းတွေရဲ့  အနှစ်၂၀ ကျော်က
့ပဲ့တင်လာတဲ့ အသံတွေ။
မင်းအခုပြောနေတဲ့သူတွေကို
မပြောပါနဲ့ လိုက်ပြောနေလို့ ၊ခု မရှင်းကြပါနဲ့ ဦးလို့ 
လိုက်ပြောနေလို့ ဒီအသံတွေတိတ်မသွားဘူး။
ဘာလို့ လဲဆိုတော့
ဒီစကားတွေကို သူတို့ ပြောနေတာမဟုတ်လို့ ပဲ။
မင်းနားလည်ထားဖို့ က
ကိုထိန်လင်းပြောနေတာမဟုတ်ဘူး။
ကိုအောင်မိုးဝင်းပြောနေတာမဟုတ်ဘူး။
နန်းအောင်ထွေးကြည်ပြောနေတာမဟုတ်ဘူး။
ဒီစကားတွေကို အာသံကုန်းက မတရားအသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်တို့ က ပြော နေတာ။
အဲဒီတော့ ခုပြောနေတဲ့သူတွေကို မင်း
မပြောကြပါနဲ့ ဦးဗျာလို့ ပြောနေလို့  အချဉ်းနှီးပဲ။
ငါ စောစောကပြောခဲ့တဲ့ နည်းနဲ့ ပဲကြိုးစားကြည့်။
မင်းကချင်မှာနေတာနီးနီးလေးပဲ။
အာသံကုန်းကိုသွား။
သူတို့ ကိုမြုပ်ထားတဲ့မြေပုံဘေး မှာဒူး ထောက်။
တိုးတိုးလေးတောင်းပန်။
အကိုတို့ ၊အမတို့ ။ခဏစောင့်ကြပါဦးဗျာလို့ ။
အဲဒီမှာသွားပြီး တားရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး။
ဒါမင်းကို နောက်ပြောင်ပြောနေတာမဟုတ်ဘူး။
အတည်ပြောနေတာ။
လောကကြီးမှာ မမြင်ရတဲ့အင်အားတွေရှိတယ်။
အထူးသဖြင့်အမှန်တရားရဲ့ အင်အားဟာ
ဘယ်တော့မှ ပျောက်ပျက်မသွားဘူးဆိုတာ မင်းသေတဲ့ထိခေါင်းထဲမှတ်ထားလိုက်
မောင်ဒေါင်းရေ။
နောက်တခါထပ်မပြောတော့ဘူး။
မောင်ဒေါင်းလို့ နာမည်ပေးပြီး
တော်တော်ဒူ၊တော်တော်ဝေးတဲ့ကောင်။
Reply