Thursday, January 12, 2012
၂၀၁၂ခုနှစ် ဇန္န၀ါရီလ ၈-ရက်နေ့စွဲပါ ABSDF ၏ ကြေငြာချက်ကို သုံးသပ်ခြင်း။
by Maungmaung Skw on Wednesday, 11 January 2012 at 22:24
          ၁၉၉၁ခုနှစ်-နှစ်ကုန်ပိုင်းနှင့်၁၉၉၂ခုနှစ်-နှစ်ဦးပိုင်း လများအတွင်း ABSDF(NB) စခန်းတည်ရှိရာ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင်ဖြစ်ပျက်ခဲ့သော တော်လှန်ရေးကျောင်းသား တပ်ဖွဲ့ဝင် လုပ်ဖေါ် ကိုင်ဘက် အချင်းချင်း စစ်အစိုးရ၏ သူလျှိုဟု မတရားသဖြင့် စွပ်စွဲဖမ်းဆီးမှုများ၊အကျဉ်းစခန်းအတွင်း လူမဆန်အောင် နှိပ်စက် ညှဉ်းပမ်းခဲ့မှုများ၊အသက် သေသည်အထိရိုက်နှက်ခံရမှုများ၊အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု များ ကို ခံခဲ့ကြရသူများ ဘက်မှ သေဘော်ရှင်ဘက်တစ်ဦးဖြစ်သော ပန်းချီ ထိန်လင်း(England)မှ စတင်ရေး သားမှုကြောင့် အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများပေါ်တွင် အုပ်သြော်သောင်းနင်း ဖြစ်လာသော အခြေ အနေကိုဖြေဖျောက်နိုင်ရန်အတွက်-လိမ်ညာနိုင်ရန်အတွက်-လှည့်စားနိုင်ရန်အတွက်-ချွေးသိပ်နိုင်ရန်အတွက် ABSDF-မှ ကြော်ငြာချက် ထုတ်ပြန်ခဲ့ခြင်းသက်သက် သာ  ဖြစ်ကြောင်း ကြား သိ တွေ့မြင်ရပါသည်။
          အဆိုပါ ကြော်ငြာချက်တွင် အထက်ပါအဖြစ်အပျက်ကို “ရန်သူစစ်အစိုးရ၏ သူလျှိုများက ထိုးဖေါက် ၀င် ရောက်ပြီး စနစ်တကျ သပ်လျှို ဖြိုခွဲမှု ဖြစ်သည်” ဟု မိုက်ရိုင်း ရင့်သီးစွာ သုံးသပ်ထားသည်ကို တွေ့ရှိ ရပါသည်။
          အဆိုပါသုံးသပ်ချက်သည် ထိခိုက်နစ်နာခဲ့သူများ၊အသက်ဆုံးရှုံးခဲ့ရသူများကို လူမဆန်စွာဖြင့် နှစ်ပေါင်း (၂၀)အကြာတွင် ထပ်မံစော်ကားလိုက်ခြင်း သက်သက်သာဖြစ်ပေသည်။
          လွန်ခဲ့သော အနှစ်(၂၀)က ပါဂျောင်ဒေသတွင်ဖြစ်ခဲ့သော အဖြစ်အပျက်များသည် လူတစ်စု၏ အာဏာ
ရူးခြင်းသက်သက်၊လက်လွတ်စပယ် လူမဆန်စွာလုပ်ကိုင် ပြုမူခဲ့ခြင်းသက်သက်သာဖြစ်ပေသည်။
          အာဏာရူး သွေးဆာနေသူတစ်စုက လုပ်ဖေါ်ကိုင်ဘက်အချင်းချင်း လူမဆန်လောက်အောင် ညှဉ်းပမ်း နှိပ်စက်-သတ်ဖြတ်ခဲ့ခြင်းများအတွက် မည်သည့် ABSDF  အဖွဲ့ဝင်ဟောင်းကမှ ABSDF အဖွဲ့ကြီးကို အပစ်တင် စကားပြောကြားခဲ့သည်ကို ကျွန်ုပ် မကြားခဲ့ဘူးပါ။၎င်းတို့၏ အဖြစ်အပျက်ကို လူသိရှင်ကြား ပြောလိုက်ပါက ၄င်းတို့ အလွန်အင်မတန် သံယောဇဉ်ကြီးသော ABSDF အဖွဲ့ကြီး၏ အမည်ကိုထိခိုက်မှာ ကိုပင် စိုးရိမ်နေ ကြပါသေးသည်။
          ဖြစ်စဉ်တွင် တိုက်ရိုက်တာဝန်ရှိသူများ ဖြစ်ကြသည့် နိုင်အောင်၊အောင်နိုင်၊သံချောင်း၊မျိုးဝင်း၊ သန်းဇော် တို့နှင့် ၄င်းတို့ နှင့် ကြံရာပါ အာဏာပါးကွက်သားတစ်စုကိုသာ အပစ်တင်စကားပြောနေကြခြင်း ဖြစ်ပါသည်။ပြသနာ၏ အစပိုင်းကာလက ဆိုလျှင် မိုးသီးဇွန် လည်း တာဝန်ရှိသူတစ်ယောက်ဖြစ်ပါသည်။
          ယခုအချိန် ပြသနာကြီး လူသိထင်ရှားဖြစ်လာစေသည့်-ပန်းချီထိန်လင်း၊ မောင်မောင်ဝမ်း အောင်မိုးဝင်း တို့၏ ရေးသားထားချက်များကို ဖတ်ရှုရသမျှမှာ ABSDF အဖွဲ့ အမည်ကို ဦးတည်အပစ်တင် ရေးသားထားသည်ကို မတွေ့ရပါ။“ဒီလို-ဒီလို အဖြစ်အပျက်တွေ တစ်ချိန်တခါက ဖြစ်ခဲ့ပါသည်” ဆိုယုံမျှသာ ရေးသားခဲ့ကြသည်ကို တွေ့ရပါသည်။
          “ကာယကံရှင် အပစ်ရှိသူများ-တာဝန်ရှိသူများက ငြိမ်နေကြပြီး ဘာကြောင့် လက်ရှိ ABSDF အဖွဲ့ တာဝန်ရှိသူတွေက တရားခံလုပ်ခြင်ကြပါသလဲ”-ဆိုသည်ကို စဉ်းစားလို့ မရနှိုင်ပါ။အဘယ်ကြောင့် ထိခိုက် နစ်နာခဲ့ရသူများကို ABSDF အဖွဲ့ တာဝန်ရှိသူတွေက စော်ကားမော်ကား လုပ်လိုကြသည်ကို စဉ်းစားလို့  မရနှိုင်ပါ။
          “အဖြစ်မှန် ဖေါ်ထုတ်ရေး လုပ်ငန်းအဖွဲ့- ဖွဲ့ပြီးပါပြီ” လို့ ပြောယုံလောက်နဲ့ ပြီးလိုက်ရတော့မည်လား။
          မည်သူတွေနဲ့ ဖွဲ့ပါတယ်လို့တောင် ကြေငြာနှိင်ခြင်း မရှိပါဘူး။
          “ကြာမြင့်ချိန် အတိုင်းအဆကို ပြောလို့ မရနှိင်ဘူး” လို့ ဒု-ဥက္ကဌ မျိုးဝင်းက DVB မှာပြောသွားပါသည်။ အကြောင်းပြချက်အဖြစ် “နိုင်ငံတကာမှာ ရောက်နေတဲ့သူရှိတယ်၊နယ်ခြားမှာ ရောက်နေတဲ့သူတွေရှိတယ်၊ ပြည်တွင်းမှာရောက်နေတဲ့သူတွေရှိတယ်၊ အကျဉ်းဒဏ်ခံနေရတဲ့သူတွေလည်း ရှိသေးတယ်၊ကျဆုံးသွားတဲ့ ရဲဘော်တွေလည်း ရှိသေးတယ်၊အဖွဲ့အစည်း အသီးသီးမှာ တာဝန်ယူနေတဲ့သူတွေလည်းရှိသေးတယ်- အားလုံး ဆီက အချက်အလက်တွေ ရဖို့ဆိုတာ -အဲ့ဒါ အခက်အခဲဘဲ-ဒီအခြေအနေကို နားလည်ပေးဖို့ လိုမယ်-မြောက် ပိုင်းကိစ္စ အဓိက တာဝန်ခံမဲ့-ကိုသံချောင်းက သာယာဝတီထောင်မှာရောက်နေတဲ့အတွက်လည်းအချိန်ကြန့်ကြာ မှု ရှိနှိင်တယ်” ဟုလည်းပြောသွားခဲ့ပါသည်။
          နှစ်ပေါင်း(၂၀) ကြာခဲ့ပြီး-မည်သည့်အရေးယူမှုမှ မလုပ်ခဲ့ပါဘဲ-ယုတ်စွအဆုံး နှုတ်ကလေးနဲ့ပင်လျှင် တောင်းပန်စကားမပြောခဲ့ကြဘဲနှင့်-ယခု ထိမ်းမနိုင် သိမ်းမရ သတင်းများထွက်လာသောအခါရောက်မှ“ စုံစမ်း ရေး လုပ်ငန်းအဖွဲ့ ဖွဲ့လိုက်ပါပြီ-အချိန်ယူရပါဦးမည်” ဟု ကြေငြာခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနှိင်ပါ။
          အပစ်ရှိသော အောင်နိုင်၊သံချောင်း၊သန်းဇော်တို့နှင့် အပေါင်းပါများ-တာဝန်ရှိသော နိုင်အောင်တို့ မိုးသီးဇွန်တို့နှင့် အပေါင်းပါများ သေဆုံးကြသည့် အချိန်အထိများ စောင့်ခိုင်းဦး မည်လား မသိနှိင်တော့ပါ။
          သို့ဖြစ်သည့်အတွက်-ABSDF အဖွဲ့၏ ၈-၁-၂၀၁၂-ရက်စွဲပါ ကြေငြာချက်အား လုံးဝ လက်မခံ နိုင်ကြောင်း-ကန့်ကွက်ကြောင်း ကြေငြာလိုက်ပါသည်။
          တစ်ဆက်ထဲမှာပင်-၀န်ကြီး ဦးအောင်မင်း က နိုင်အောင်နှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းကိုလည်း  ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံချလိုက်ပါသည်။
                                                                                                                                                     မောင်မောင်(ရွှေကရ၀ိက်)
maung maung (skw) facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
No comments: