Tuesday, December 13, 2011

' အင်္ဂလန် ဗဟိုဘဏ် မွဲပြာကျ စေခဲ့သူ' သူကြွယ် ဆိုရော့စ် မြန်မာနိုင်ငံသို့လာမည်

' အင်္ဂလန် ဗဟိုဘဏ် မွဲပြာကျ စေခဲ့သူ'  သူကြွယ် ဆိုရော့စ် မြန်မာနိုင်ငံသို့လာမည်
အင်္ဂလန် ဗဟိုဘဏ်ကို မွဲပြာကျ စေခဲ့သူ'ဟု နာမည်ကြီး ခဲ့သည့် ဟန်ဂေရီ နွယ်ဖွား ဂျူးလူမျိုး အမေရိကန် ရင်းနှီးမြုပ်နှံသူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ၊ လူမှုရေး လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ပြီး မြန်မာ့ နိုင်ငံရေးတွင် ငွေကြေး ပံ့ပိုးမှုဖြင့် ထဲထဲဝင်ဝင် ပတ်သက်ခဲ့သူ George Soros မြန်မာ နိုင်ငံသို့ မကြာမီ လာရောက်မည် ဖြစ်ကြောင်း ယင်းနှင့် နီးစပ်သူ အသိုင်းအဝိုင်းက The Voice Weekly သို့ ပြောကြားသည်။
Soros Management Fund အမည်ရ ရင်းနှီး မြုပ်နှံမှု အဖွဲ့ကို ၁၉၇၀ ခုနှစ်တွင် တည်ထောင်ထားကာ ရင်းနှီး မြုပ်နှံမှုများ၊ စတော့ရှယ်ယာ ဈေးကွက်တွင် ဝင်ရောက် ကစားမှုများ ပြုလုပ်သူ ဆိုရော့စ်သည် ၁၉၉၂ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဗြိတိန်၏ ပေါင်စတာလင် ငွေကြေးကို လျှော့ဈေးဖြင့် ပေါင် ၁၀ ဘီလီယံခန့် ထိုးရောင်းချ ခဲ့ပြီး နောက်ဆုံးတွင် ဗြိတိန် အစိုးရက ငွေကြေးကို တန်ဖိုးချခဲ့ ရရာ ထိုနေ့ကို ' အနက်ရောင် ဗုဒ္ဓဟူးနေ့ ' ဟု သမုတ်ခဲ့ပြီး ထို အဖြစ်အပျက်မှ ဆိုရော့စ်က ပေါင် ၁.၁ ဘီလီယံ မြတ်စွန်းခဲ့ သောကြောင့် 'အင်္ဂလန် ဗဟိုဘဏ်ကို မွဲပြာကျ စေခဲ့သူ' 'the man who broke the Bank of England' ဟု နာမည်ကြီး ခဲ့သည်။
အရှေ့ အာရှနိုင်ငံများ အကျပ်အတည်း ဆိုက်ခဲ့ရသည့် ၁၉၉၇ အရှေ့အာရှ ဘဏ္ဍာရေး အကျပ်အတည်းကို ပေါ်ပေါက်အောင် ငွေကြေးဓနအား သုံးစွဲ လုပ်ဆောင်ခဲ့သည့် လက်သည် တရားခံဟု ထိုစဉ်က မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားခြင်း ခံခဲ့ရသည့် ဆိုရော့စ်သည် ကမ္ဘာ့ ဉာဏ်အကြီးဆုံး ငွေကြေး ဈေးကစားသူ တစ်ဦး ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Paul Volcker နှင့် Paul Krugman ကဲ့သို့ ကမ္ဘာကျော် စီးပွားရေး ပညာရှင်များနှင့် မူဝါဒ ချမှတ်သူများက လူသိရှင်ကြား အသိအမှတ်ပြု ခံရသူ ဖြစ်သည်။
ဆိုရော့စ် တည်ထောင်ခဲ့သည့် Open Society Institute (OSI) သည် ဒီမိုကရေစီ ထွန်းကားရေးကို ငွေကြေး ထောက်ပံ့ပေး ခဲ့ပြီး ယင်း၏ အထောက်အပံ့ခံ Burma Project/ Southeast Asia Institute သည် အရှေ့ တောင်အာရှ၊ အထူးသဖြင့် မြန်မာ နိုင်ငံ၏ အရေးကိစ္စများကို ပံ့ပိုးရန် တည်ထောင်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပရောဂျက်ကို ဦးဆောင်သူမှာ ဒေါ်မော်ရင်း အောင်သွင် ဖြစ်ပြီး ၄င်း၏ ရုံးကို နယူးယောက် မြို့တော်တွင် အခြေစိုက် ထားကြောင်း အဆိုပါ အဖွဲ့အစည်း၏ အင်တာနက် Website မှ သိရသည်။
Burma Project သည် မြန်မာ့ အရေး လှုပ်ရှားသည့် ပြင်ပ အခြေစိုက် အဖွဲ့အစည်း ၁၀ဝ ကျော်ကို နှစ်စဉ် ထောက်ပံ့ နေသည်ဟု ၂၀ဝ၇ ခုနှစ်က Forbes မဂ္ဂဇင်း နှင့် တွေ့ဆုံ စဉ် ဒေါ်မော်ရင်း အောင်သွင်က ပြောကြားခဲ့သည်။
ထိုသို့ မြန်မာ့ နိုင်ငံရေးတွင် ငွေကြေး ပံ့ပိုးမှုအားဖြင့် အဓိက ပါဝင် ပတ်သက် လှုပ်ရှားခဲ့ပြီး ကမ္ဘာတွင် ဩဇာ ကြီးမားသူ တစ်ဦး ဖြစ်သည့် George Soros လာရောက်ခြင်းသည် အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်နေသော မြန်မာ နိုင်ငံတွင် နောက်ထပ် ထူးခြားသော ပြောင်းလဲမှုကြီး တစ်ရပ် ဖြစ်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စီးပွားရေးကို အမြဲ မပြတ်  စောင့်ကြည့် လေ့လာ နေသည့် ပြည်တွင်း ပြည်ပ ဝေဖန် ဆန်းစစ်သူ အချို့က သုံးသပ် ပြောကြားသည်။

No comments: