Tuesday, December 13, 2011

နောက်ကျခဲ့ပေမယ့် နောက်မကျန် စေချင်ပါ

Written by နန္ဒ၀င်း (ဆေး-၁)   
Monday, 12 December 2011 11:23

ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ ဆရာဝန်ဆိုတော့ ငယ်စဉ်ကတည်းက အတန်းစဉ်မှာ စာတော်ပြီး တစ်နှစ်တစ်တန်း အောင်မြင်ခဲ့မယ် ဆိုတာအားလုံးသိမှာပါ။ ဒါပေမယ့် ကျွန်တော် ၁၀ တန်းမှာ သုံးနှစ်ဆက်တိုက် ကျရှုံးခဲ့တယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ နောက်ဆုံးကာယကံရှင် ကျွန်တော်ကိုယ်တိုင်တောင် မသိခဲ့ပါဘူး။ အားလုံး မျက်စိရှုပ်သွားကြပြီ လား။ မရှုပ်ပါနှင့်။ ကျွန်တော် ၁၀ တန်းကို တက်ခွင့်ရတဲ့နှစ်က ၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်လို့ ကျောင်းတွေပိတ်ကာ ဖြေဆိုခွင့်မရဘဲ သုံးနှစ်ကြာတဲ့ ၁၉၉၀ မှသာ ဖြေဆိုအောင်မြင်ခွင့် ရခဲ့ပါတယ်။ တစ်ယောက် တည်းမှ မဟုတ်တာ၊ တစ်နိုင်ငံလုံး ဖြစ်နေတာပဲလို့ ပြောရင်ရပေမယ့် နိုင်ငံတကာနှင့်ယှဉ်ရင် ကျွန်တော်တို့ သုံးနှစ်နောက်ကျသွားတာ ငြင်းလို့မရပါဘူး။ ကျိန်စာသင့်တဲ့မျိုးဆက်လို့ ပြောရမယ့် ကျွန်တော်တို့ တွေဟာ နောက်ထပ်ပြီး သုံးနှစ်နီးပါး နောက်ကျပြန်ပါလေရော။ ၁၉၉၆ ခုနှစ်မှာ နောက်ဆုံးနှစ်အပိုင်း(ခ)ကို တက်ရောက်ရမည့် ကျွန်တော်တို့ဟာ  နောက်ထပ် အရေးအခင်းတစ်ခုနှင့်တွေ့ ကြုံကာ ကျောင်းပိတ်တာကို ကြုံရပြီး ၁၉၉၉ ခုနှစ်မှ နောက်ဆုံးနှစ်ကို ပြီးစီး ခဲ့ပါတယ်။ ဘာပြောပြောငါးနှစ်ကျော် ခြောက်နှစ်နီးပါးလောက် နိုင်ငံတကာက သက်တူရွယ်တူတွေနှင့် ယှဉ်လိုက်ရင် နောက်ကျသွားခဲ့ပါတယ်။ ကျွန်တော်ဆို ကိုးတန်းတုန်းက ကျောင်းတစ်ကျောင်းလုံးမှာ ဒုတိယရခဲ့ပေမယ့်  သုံးနှစ်ကြာမှဖြေရတဲ့ ၁၀ တန်းမှာ အရှိန်အဟုန် ကျသွားလိုက်တာ ကံကောင်းလွန်းလို့ ငယ်ငယ်တည်းက ဖြစ်ချင်တဲ့ ဆေးတက္ကသိုလ် တက်ခွင့်ရခဲ့တာပါ။ ကိုးတန်းနှစ်မှ ရန်ကုန်ကျောင်းကို ရောက်လာပြီး စာပြီးရင် စာ၊ ကျောင်းနှင့်အိမ်တောင် အဖော်နှင့် မှသွားတတ်တဲ့ ကျွန်တော်ဟာ သုံးနှစ် အတွင်း ရန်ကုန်မြို့ထဲသာမက ဆင်ခြေဖုံးရပ်ကွက်တွေ အထိပါ ပျံ့နှံ့လို့ သူငယ်ချင်းတွေနှင့် လည်ပတ်ပျော်ရွှင်ခဲ့မိတာကိုး။

အတိတ်ကို သင်ခန်းစာအဖြစ်ယူပြီး လက်ရှိအချိန်ကို အကောင်း ဆုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ နောက်ကျတာတော့ မှန်ပေမယ့် နောက်မကျန်ခဲ့အောင် စည်းစည်းရုံးရုံး ညီညီညွတ်ညွတ် လုပ်ကိုင်ရတော့မယ့်အချိန်ကို ရောက်နေပါပြီ။ စည်းစည်းရုံးရုံးဆိုတာ ပြောတော့သာ လွယ်တာပါ။ တကယ်တမ်းကျတော့ အားလုံးရဲ့ ခံယူချက်တွေပြင်ဖို့ လိုပါလိမ့်မယ်  . . .

ဆေးတက္ကသိုလ် တက်ခွင့်ရလို့ အားပြည့်အင်ပြည့်ကြိုးစား နေတုန်းမှာပဲ နောက်ဆုံးနှစ်မှာ ကျောင်းကပိတ်ပြန်တော့ မငယ်တော့တဲ့အရွယ်ကြောင့် စီးပွားရေးလောကထဲရောက်၊ အလုပ်တစ်ဖက် ကျောင်းတစ်ဖက် အလုပ်ကောင်းတာ အပင်ပန်းလွန်ပြီး နှလုံးကမခံနိုင် ရောဂါဖြစ်၊ ဆိုင်ကယ်ပေါ်က ပြုတ်ကျတာကံကောင်းလို့သာ အသက်ဆက်လက် ရှင်သန်နိုင်ခဲ့တဲ့ အနေအထားပါ။ စာကျက်တဲ့အရှိန်အဟုန်တွေ ပျက်ပြီးပြင်ပကို စိတ်ရောက်သွားတဲ့ ကျွန်တော်ဟာ အခုအချိန်ထိ အမ်ဘီဘီအက်စ်ဆိုတဲ့ ဘွဲ့လေးလုံးအပြင် ထပ်တိုးအောင်(ဘွဲ့လွန် တွေရအောင်) မကြိုးစားနိုင်ခဲ့တော့ပါဘူး။ အဓိကကတော့ ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကြောင့်လို့ ဆိုနိုင်ပေမယ့် တကယ်လို့သာ ဆက်တိုက်သင်ကြားခွင့် ရနိုင်ခဲ့ရင်ဆိုတာ ကျွန်တော်ရဲ့မသိ စိတ်ထဲမှာ ဆင်ခြေတစ်ရပ်ဖြစ်ခဲ့ပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားခဲ့လို့အောင်မြင်နေတဲ့ သက်တူရွယ်တူတွေ များစွာ ရှိပေမယ့် ကျွန်တော့်လို ဟိုမရောက် ဒီမရောက် လမ်းပျောက်သွားတဲ့သူတွေလည်း အများကြီးပါပဲ။ ကျောင်းစာ တစ်ခုတည်းမဟုတ်ဘဲ ပြင်ပအလုပ်တွေပါ လုပ်ခဲ့ရလို့ အတွေ့အကြုံတွေ အများကြီးရခဲ့ပြီး အခုလက်တွေ့ဘ၀ မှာ အသုံးဝင်နေတာ။ အတွေးအခေါ် တချို့ပြောင်းလဲ ကုန်တာတွေကတော့ ကြံဖန်တွေးရင် ကျေနပ်စရာအပိုင်းလေး တွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မျိုးဆက်တစ်ခုရဲ့ လူငယ်ဘ၀မှာ ဆယ်စုနှစ် တစ်ခုရဲ့တစ်ဝက်စာကျော်ဟာ ရည်ရွယ်ရာမဲ့ကောင်းနိုးရာရာတွေကို လုပ်ကိုင်ရင်း ကုန်ဆုံးခဲ့ရတယ်ဆိုတာ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ (အဲဒါ ကြောင့်လည်း ယနေ့အထိ ကျွန်တော့် ရင်ထဲအသည်းထဲမှာ အမြဲတမ်းတစိုက်မက်မက် ဖြစ်စေချင်တာက တည်ငြိမ်တဲ့ဘ၀ ဖြစ်ပါတယ်။) အဲဒီတုန်းက ဘာမှမစွမ်းသာတဲ့ အနေအထားမို့ လည်စင်းခံလိုက်ရသလို ဖြစ်နေပေမယ့် ယခုအချိန်မှာတော့ ကျွန်တော်တို့ ရွယ်တူမျိုးဆက်တွေဟာ နယ်ပယ်အသီးသီးမှာ အလယ်အလတ်အဆင့် ခေါင်းဆောင်တွေ ဖြစ်နေကြပါပြီ။ ကိုယ့်ကိုယုံကြည်တဲ့ လူငယ်အင်အားစုလေးတွေ အပေါ် သြဇာရှိသူတွေ ရှိကုန်ကြပါပြီ။ ဒါကြောင့် လူငယ်စုကို ကျွန်တော်တို့ခံစားရခဲ့သလို နောက်ကျခဲ့သလို နောက်မကျစေချင်ပါဘူး။ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ သက်တူရွယ်တူချင်းယှဉ်လိုက်ရင် မကျောတောင် ရင်ပေါင်တန်းစေချင်ပါတယ်။
တချို့ကတော့ ပြန်ပြောင်းပြောမိရင် ငါတို့ပြည်သူအားလုံးရဲ့ကံကြမ္မာ ပေါ့လို့ လူမတန် ကံချဆိုသလို ညဉ်းညူ ကြပါတယ်။ ပြီးခဲ့တာပြီးပါစေတော့ လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ အတိတ်ဆိုတာ ပစ္စုပ္ပန်ရဲ့ အကြောင်း ပါပဲ။ အတိတ်ကို သင်ခန်းစာအဖြစ် ယူပြီး လက်ရှိအချိန်ကို အကောင်းဆုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ နောက်ကျတာတော့ မှန်ပေမယ့် နောက် မကျန်ခဲ့အောင် စည်းစည်းရုံးရုံး ညီညီ ညွတ်ညွတ် လုပ်ကိုင်ရတော့မယ့်အချိန် ကိုရောက်နေပါပြီ။ စည်းစည်းရုံးရုံး ဆိုတာပြောတော့သာ လွယ်တာပါ။ တကယ်တမ်းကြတော့ အားလုံးရဲ့ ခံယူချက်တွေပြင်ဖို့ လိုပါလိမ့်မယ်။
ကျွန်တော်သုံးသပ်မိသလောက် ပြောရရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တော်တော်များများဟာ ကိုယ်ကိုယ်တိုင် လုပ်ပိုင်ခွင့်ရလာရင် အရင်ကိုယ်အနှိမ်ခံဘ၀က ခံခဲ့ရတာတွေ အတွက် လက်တုံ့ပြန်ချင်ကြပါတယ်။ ငါ ပေဖြစ်တုန်းက ခံထားရတာ တူဖြစ်ချိန်မှာတော့ နှံလိုက်ဦး မယ်ဆိုပြီး လုပ်ကိုင်ချင်ကြပါတယ်။ အမှန်တော့ ငါ့တုန်းက ဒီလိုခံထားရတာကို ငါမကျေနပ်ဘူး။ ဒါကြောင့် ငါသာတဲ့အချိန်မှာ ငါ့တုန်းကလို အောက်ကလူတွေ မခံစားရအောင် အရင်လူလုပ်သလို မလုပ်တော့ဘူးဆိုတဲ့ စိတ်မျိုးရှိသင့်ပါတယ်။ နင်အပြီး ငါ့အလှည့်ဆိုသလို ကလဲ့စားစိတ်တွေ ရှိခဲ့ရင်တော့ နောက်ကျရုံမက နောက် ကျပြီး အောက်ဆုံးရဲ့နောက်ကို ရောက်ရတော့မှာပါ။ ငယ်ငယ်တုန်း က အရမ်းသဘောကျဖူးတဲ့ ကျေးရွာလေးတစ်ခုက သူကြီးရွေးပွဲ ပုံပြင်လေးလိုပါပဲ။ အဲဒီရွာမှာ သူကြီးဆုံး တော့ သူကြီးဖြစ်ထိုက်သူက နှစ်ဦး ရှိပါသတဲ့။ ကိုချက်နှင့် ကိုပန်းတို့ဖြစ်ပါတယ်။ အပြိုင်တွေရဲ့ထုံးစံအတိုင်း သူတို့နှစ်ဦး မတည့်ကြပါဘူး။ အပြိုင် ကြိုးစားကြရာမှာ နောက်ကျတော့ မြို့ဝန်နှင့် အလိုက်ထိုက်ကောင်းတဲ့ ကိုချက်ကြီး သူကြီး ဖြစ်ရောပေါ့။ တစ်ညနေမှာ သူကြီးကိုချက်က ကိုပန်းကို သူ့အိမ်ကို ဆင့်ခေါ်လိုက်ပါတယ်။ သူကြီးရှေ့ ရိုသေစွာရှိနေတဲ့ ကိုပန်း ကို သူကြီးကိုချက်ကြီးက မတ်တတ်ရပ်ခိုင်း ပါတော့တယ်။ ပြီးတော့ အ၀တ်အစားတွေ အကုန်ချွတ်ခိုင်းပါတယ်။ အမိန့်တော်ရသူကြီးရဲ့ အာဏာကိုမလွန်ဆန်ရဲလို့ ချွတ်လိုက်ရ တဲ့ ကိုပန်းကိုသူကြီးမင်းက မေးပါ တယ်။ ဟေ့ကောင် မောင်ပန်းအောက်ကို ငုံ့ကြည့်စမ်း ချက်ကြီးနှင့်ရွှေပန်း ဘယ်သူအပေါ်မှာလည်း လို့မေးပါတော့တယ်။ ချက်က အပေါ်မှာပေါ့ ကိုပန်းခမျာ ရှက်ရှက်နှင့် ဖြေရှာပါ တယ်။ အေးမှတ်ထား ငချက်ဆိုတာ ငပန်းအပေါ်မှာ အမြဲရှိသကွလို့ ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ နာကြည်း ခံစားသွားတဲ့ ကိုပန်းဟာ မတတ်သာလို့သာ ခံလိုက်ရပေမယ့် နေသေးသပ ဆိုပြီး တေးထားခဲ့ပါတယ်။ တစ်ခု  သောကာလမှာ အကြောင်းအပေါင်းသင့်တဲ့ မြို့ဝန်လည်း မရှိရော အမှားတချို့လုပ်မိတဲ့ ကိုချက် ခမျာ သူကြီး ဘ၀က ပြုတ်ပါလေရော။ သူကြီးသစ်ဖြစ်လာတဲ့ ကိုပန်းပထမဦးဆုံး လုပ်တဲ့အလုပ်က သူကြီးပြုတ် ကိုချက်ကို ခေါ်ခိုင်းလိုက်တာပါပဲ။ သူ့အလှည့်တုန်းကလို အ၀တ်အစား တွေ ချွတ်ခိုင်းပါတယ်။ ပြီးတော့မှ လက်ကိုမြေကြီးမှာထောက်ပြီး ဇောက်ထိုးနေခိုင်းပါတယ်။ ဇောက်ထိုးဖြစ်နေတဲ့ ကိုချက်ကို ကိုပန်းကပြောပါတယ်။ ဟေ့ကောင် မင်းအပေါ်ကို ကြည့်လိုက်စမ်း။ ခုဆို ငပန်းက ငချက်အထက်မှာ ရှိနေပြီကွတဲ့လေ။ ငယ်ငယ်တုန်းကတော့ ရယ်စရာအဖြစ် သဘောကျခဲ့ပေမယ့် ခုအချိန်မှာ တော့ အဲဒီလိုအညှိုးတွေ အတေးတွေ၊ ကလဲ့စားတွေ၊ ပုဂ္ဂလိကအမုန်းတွေ၊ အမြစ်ပြတ် သုတ်သင်မှုတွေ၊ နှိပ်ကွပ်မှုတွေကို မရှိစေချင်တော့ပါဘူး။ အထက်အဆင့်တွေမှာ ကျေနပ်စရာ အခြေအနေတွေ ရှိပေမယ့် အောက်ခြေ အဆင့်တွေရဲ့ခံယူချက် လိုက်နာကျင့်သုံးမှု အားနည်းချက်တွေဟာ စိုးရိမ်စရာ အနေအထားပဲ ရှိပါသေးတယ်။ ရရှိပြီးသားတည်ငြိမ်မှုကို ငြိမ်းချမ်းမှု၊ တိုးတက်မှုအဖြစ်သာ တိုးတက်ဖြစ်ထွန်းစေလိုပါတယ်။ နိုင်ငံတကာနှင့် ယှဉ်လိုက်ရင် ခြောက်နှစ်လောက် နောက်ကျခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်ရဲ့ ကိုယ်စား တောင်းဆိုခွင့် တစ်ခုတော့ တောင်းဆိုပါရစေ။ နောက်ကျခဲ့ပေမယ့် နောက်မကျန်ရအောင် အဆင့်ဆင့်သော သူများက တိုင်းပြည်အတွက်ဆိုပြီး တစ်ဟုန်ထိုး စဉ်ဆက်မပြတ် စည်းစည်းလုံးလုံး ကြိုးစားကြစို့လားဗျာ။

eleven မှကူးယူဖော်ပြပါသည်။

No comments: