Friday, September 30, 2011

ဒေါင်းမာန်လွှင့်ပျံ တပ်လှန့် သံ

အလံ လွှင့်ထူတယ် ဆိုတာ
လှုပ်ရှားမှု (သို့)
အောင်ပွဲရဲ့ “ဂုဏ်ပြုသင်္ကေတ” ဖြစ်တယ်။ ။

“ခွပ်ဒေါင်း”ဟူသည်
ဘယ်တော့မှ အရှုံးမပေး
သရေ မပြိုင်
နိုင်ရင် နိုင်
မနိုင်က ခွပ်ရင်းသေသွားသည့်အမျိုး။ ။

ဘတ်ဖလိုး မြို့တော်ခန်းမရှေ့
နိုက်ရာဂရာ ရင်ပြင်မှာ
“မှတ်ကျောက်” တင်တာ
ကမ္ဘာကြီးက ဒုတိယအကြိမ် သစ္စာဆိုတယ်။ ။

အဲဒီ မှတ်ကျောက်ဟာ
လောကပါလတရား ခေါင်းပါးတဲ့ လောက
အာဏာလောဘသား နဲ့
လူ့အတ္တတွေ အတွက်
ကျိန်စာသင့်ပေါ့။ ။

အဲဒီ မှတ်ကျောက်သည်
“လွတ်လပ်မှ အမျှဝေပါ” လို့ ပြောသွားသူတွေရဲ့
အာဇာနည်ဝိဥာဉ်ကို အလေးပြုတဲ့ပွဲ။ ။

အဲဒီ မှတ်ကျောက်မှသည်
ရန်သူ့အကျဉ်းထောင် ထဲက
သက္ကရာဇ်တွေကို
ရိုက်ချိုးချေဖျက်မဲ့ ပွဲစီသို့။ ။


အဲဒီ မှတ်ကျောက်မှသည်
မြောက်ဖက်အရပ်က
လင်းလက်လာတဲ့ ဒူဝံကြယ်ကို
ပိုပြီးတောက်ပစေတဲ့ ပွဲစီသို့။ ။

အဲဒီ မှတ်ကျောက်သည်
စစ်မြေပြင်မှ
အောင်စိတ်ရှင်ကို
သိဒ္ဓိတင်တဲ့ ပွဲ။ ။

အဲဒီ မှတ်ကျောက်သည်
သဘာဝတရားတွေထဲက “ဧရာဝတီ”
မူလအတိုင်း တည်စေဖို့။ ။

အဲဒီ မှတ်ကျောက်သည်
မကောင်းသူပယ်
ကောင်းသူကယ်မဲ့
ဒေါင်းမာန်လွှင့်ပျံ
တပ်လှန့်သံဟေ့။ ။

ခွန်တာဇံ (မကဒတ)
စက်တင်ဘာ ၂၄။ ၂၀၁၁။ အမေရိကန်နိုင်ငံ ဘတ်ဖလိုးအလံတင်ပွဲ အမှတ်တရ

No comments: