Saturday, June 25, 2011

ဘလဲရားတောင်ဆီကပဲ့တင်သံများ

အောင်မိုးဝင်း
အနောက်ဗားဂျီးနီးယားပြည်နယ်မှာတည်ရှိတဲ့ “ဘလဲရားတောင်” ဆီကို အလည်သွားကြည့်ပါလား။ CNN ၊ FOX NEWS နဲ့ အမေရိကန်အသံလွှင့်ဋ္ဌာနတွေမှာ မထုတ်လွှင့်တဲ့အဖြစ်အပျက်တွေကို တွေ့ရမယ်။အလုပ်သ မားဆန္ဒပြပွဲတွေအကြီးအကျယ်ပေါ်ပေါက်နေတယ်။ ကျောက်မီးသွေးတွင်းအလုပ်သမားလှုပ်ရှားမှု သမိုင်းအ တိုချုပ်ကို မိတ်ဆက်ကြည့်မယ်။ဒုတိယပိုင်းမှာ၊အလုပ်သမားသမဂ္ဂတွေရင်ဆိုင်ကြုံတွေ့နေရတဲ့လက်ရှိအခြေ  အနေတွေကိုတင်ပြသွားမယ်။



လွန်ခဲ့တဲ့အင်္ဂါနေ့က လွတ်လပ်တဲ့အာရှအသံရဲ့ညပိုင်းအစီအစဉ်မှာတင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
ဘလဲရားတောင်ဆီက ပဲတင့်သံများ
သောတရှင်များခင်ဗျား

အမေရိကန်ပြည်ထောင်စု၊အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ဘလဲရားတောင်အနီးတဝိုက်မှာ“ငါတို့အလုပ်တွေ  နဲ့ငါတို့ရဲ့တောင်တန်းများကိုကာကွယ်စောင့်ရှောက်ကြရမယ်ဆိုတဲ့အသံတွေနဲ့အတူထူးခြားတဲ့ဖြစ်စဉ်တွေပေါ်   ပေါက်နေတတ်ပါတယ်။

“ဘလဲရားတောင် စစ်ပွဲ ဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ဘဝကို ပြောင်းလဲပစ်ခဲ့တဲ့ သမိုင်းဝင်နေ ရာတခုဖြစ်တယ်။ ၁၉ ရာစု နဲ့ ၂၀ ရာစုတလျောက်လုံး စက်မှုလုပ်ငန်းရှင်ကြီးတွေက အနောက်ဗာဂျီးနီး ယား တောင်ဘက်ခြမ်းမှာတည်ရှိနေတဲ့ သတ္တုတွင်းတွေကို လွှမ်းမိုးထားခဲ့ကြတယ်။ သူတို့ဟာ ပုဂ္ဂလိက စုံထောက်တွေ၊ ရဲတွေ၊ စစ်တပ်တွေ ကို ငွေပေးငှားရမ်း ထားခဲ့ယုံသာမကဘူး။ နယ်မြေတခုလုံးမှာရှိ တဲ့ ဈေး ဆိုင် နဲ့ လူနေအိမ်တွေကိုလည်း ပိုင်ဆိုင်ခဲ့ကြတယ်။ အလုပ်သမား တယောက်ဟာ သတ္ထုတွင်း ပိုင်ရှင်နဲ့တခုခုပြဿနာတက်ပြီဆိုရင် သူ့ရဲ့မိသားစုပါ ဒုက္ခရောက် တော့တယ်။ ဘာလို့လဲဆိုတတော့ မြို့တမြို့လုံးကို စက်မှုလုပ်ငန်းရှင်တွေက ပိုင်ဆိုင်နေတယ်လေ”

သတ္ထုတွင်းပိုင်ရှင်တွေဟာ တရားဥပဒေရေးဆွဲသူတွေကိုလည်း သူတို့ရဲ့ ခါးပိုက်ထဲကိုထည့်ထားပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းချင်တဲ့သူတွေအားလုံးကို ဒေသတွင်းမှ နှင်ထုတ်ပစ်နိုင်ခဲ့ပါတယ်။

“ ကျနော်တို့တတွေ မဲမှောင်နေတဲ့ သတ္ထုတွင်းထဲမှာ တနေ့ကို ၁၄ နာရီ၊ ၁၆ နာရီလောက်အလုပ် လုပ်ကြတယ်။ တွင်းပြိုမှုတွေပေါက်ကွဲမှုတွေအောက်မှာ အသက်တွေဆုံးရှုံးခဲ့ရတယ်။ အလုပ်သမားတွေရဲ့ကျန်းမာရေးလူမှုဖူလုံရေး လိုအပ်ချက်တွေမပြည့်စုံလို့ တောင်းဆိုကြတဲ့အခါ စက်မှုလုပ်ငန်းရှင်ကြီးတွေရဲ့ ဖြိုခွဲဖိနှိပ်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ကြရတယ်။ သူတို့က ဆန္ဒပြပွဲတွေကို စံနစ်တကျဖြိုခွဲတတ်တဲ့ စစ်တပ်တွေကို ပိုင်ဆိုင်ကြတယ်”

တကယ်တော့ ၂၀ ရာစုတလျှောက်လုံး အနောက်ဗာဂျီးနီးယားသတ္ထုတွင်းအလုပ်သမားတွေ ဟာ ကျောက် မီးသွေးကော်ပိုရေးရှင်းကြီးတွေရဲ့ရက်စက်ဖိနှိပ်တဲ့ စံနစ်ကို တွန်းလှန်ဖို့အတွက် နည်းပေါင်းစုံ ကြိုးစားခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို အပြင်းအထန်ဖြိုခွဲတဲ့ စက်မှုလုပ်ငန်းရှင်ကြီးတွေကို လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ပြည်လည်တုန့်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ကော်ပိုရေးရှင်းတွေရဲ့ စစ်တပ်ဟာ အလုပ်သ မားတွေရဲ့မိသားစုတွေကို ပစ်သတ်ပြီး သူတို့နေထိုင်ရာနေအိမ်တွေဆီမှ ညတွင်းခြင်း နှင်ထုတ်ခဲ့ပါတယ်။ “ အနောက်ဗာဂျီးနီးယားသတ္ထုတွင်းဒေသတွေမှာ ကော်ပိုရေးရှင်းတွေရဲ့ပါဝါက ကြီးမားလွန်းတယ်။ ဒါကြောင့် အနီးတဝိုက်က မြို့တွေမှာ လွတ်လပ်မှုကို ပိုမိုနှစ်သက်တဲ့၊ အလုပ်သမားသမဂ္ဂတွေအပေါ်မှာ စာနာ နားလည်နိုင်တဲ့နိုင်ငံရေးသမားတွေဆီကို စတင်ချည်းကပ်ဖို့ ကြိုးစားခဲ့တယ်။ နောက်တခုကတော့ အလုပ်သမားတွေဟာ ကျနော်တို့အဖွဲ့ကို ယုံယုံကြည်ကြည် ပူးပေါင်းပါဝင် ရဲတဲ့အခြေ အနေကို ဖန်တီးပေးရမယ်။ ဥပမာဗျာ-သတ္ထုတွင်းအလုပ်သမားတွေ ဆန္ဒပြပြီဆိုရင် သူတို့တင်အလုပ်ကထုတ်ခံရတာ၊ ဖမ်းဆီးခံရတာမဟုတ်ဘူး။ သူတို့ရဲ့မိသားစုတွေပါ အိုးမဲ့အိမ်မဲ့ဖြစ်ကြမယ်။ မြို့ကနေနှင်ထုတ်ခံရမယ်။ ဒီလိုဖြစ်ပျက်လာခဲ့ရင် ကျနော်တို့ဘက်က ဘာတွေကြိုတင်ပြင်ဆင်ပေးမလဲ”

သတ္ထုတွင်းပိုင်ရှင်တွေဟာ သမဂ္ဂဖွဲ့စည်းမဲ့အယူအဆရှိသူမှန်သမျှကို အလုပ်ကထုတ်ပစ်ယုံသာမက သူတို့ရဲ့မိသားစုတွေကို ဒုက္ခရောက်အောင်နည်းပေါင်းစုံ ကြံစည်ကြမယ်ဆိုတာကို တွက်ချက်ထားတဲ့ ညီညွတ်သော အမေရိကန်သတ္ထုတွင်းအလုပ်သမားများ အဖွဲ့ဟာ အိုးအိမ်မဲ့ဖြစ်လာနိုင်တဲ့ အလုပ် သမားတွေရဲ့ မိသားစုတွေအတွက်၊ တာ့က်ဖေါ့ခ်မြစ်တလျှောက် ရွက်ဖျင်တဲတွေ ဆောက်လုပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အလုပ်သမားတွေဟာတွင်းအုပ်ချုပ်သူတွေရဲ့ ဖိနှိပ်နေတဲ့ကြားထဲက အလုပ်သမား သမဂ္ဂဆီကို အဖွဲ့ဝင်အဖြစ် လာရောက်ပူးပေါင်းကြတယ်။

“ မင်ဂိုသတ္ထုတွင်းမှာ အလုပ်သမား ၄၀၀၀ ရှိတဲ့အနက် ၃၀၀၀ က သမဂ္ဂအဖွဲ့ဝင်တွေဖြစ်သွားပြီ၊ ဒါပေမဲ့ စတုန်းတောင်တန်းက ကျောက်မီးသွေးကုမ္မဏီ ရဲ့ အခြေအနေကတော့ တော်တော်ဆိုးတယ်။ ကုမ္မဏီက ခန့်ထားတဲ့အာဏာပိုင်တွေ သမဂ္ဂကိုစိတ်ဝင်စားတဲ့ အလုပ်သမားမှန်သမျှကို ချက်ခြင်း အလုပ်က ထုတ်ပစ်တယ်။ အဆိုးဆုံးကတော့ အလုပ်သမားတွေသတ္ထုတွင်းမှာ အလုပ်လုပ်နေတုံး၊ ကော်ပိုရေးရှင်းက ငှားထားတဲ့ လက်နက်ကိုင်တပ်ဟာ အလုပ်သမားတွေ ရဲ့ အမျိုးသမီးနဲ့ ကလေးတွေကို နေအိမ်ထဲကနေ လမ်းမပေါ်ဆွဲထုတ် နှင်ချခဲ့တယ်။ အလုပ်သမားတွေ က စိတ်ဆိုးဒေါသထွက်ပြီး သူတို့ရဲ့ အနေ အထားတွေကို မြို့တခုလုံး ပြန့်သွားအောင် ထုတ်ဖေါ် ပြောဆိုခဲ့ကြတယ်”

မင်ဂိုဒေသရဲ့ရဲအရာရှိ “စစ်ဒ်ဟက်ဖီး” ဟာ ဆယ်ကျော်သက်အရွယ်မှာသတ္ထုတွင်းအလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့ဘူးတဲ့အတွက် အလုပ်သမားတွေရဲ့ဘဝကို ကိုယ်ချင်းစာနာသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အလုပ်သမားမိသားစုတွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံသွားခဲ့ တဲ့ ကော်ပိုရေး ရှင်းလက် ကိုင်ဒုတ်၊ အေးဂျင့်ကို ရထားဘူတာရုံမှာ ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကော်ပိုရေးရှင်းရဲ့အေးဂျင့်ဟာ စတင်ပစ်ခပ်တဲ့အတွက် မိတ်ဝန်လူသတ်ပွဲအဖြစ်နာမည်တွင်မဲ့ သေနတ်ပစ်ပွဲတခုဖြစ်လာခဲ့ပါတယ်။ သတ္ထု တွင်းပိုင်ရှင်ရဲ့လက်နက်ကိုင်ခေါင်းဆောင်အပါအဝင် လူဆယ်ယောက်သေဆုံးခဲ့ပါတယ်။

“ မင်ဂိုရဲအရာရှိ စစ်ဟက်ဖီဒ် ဟာ သတ္ထုတွင်းအလုပ်သမားတွေအတွက်တော့ သူရဲကောင်းတယောက် ပဲလေ။ ဒါပေမဲ့ စက်မှူလုပ်ငန်းရှင်တွင်းပိုင်တွေကလည်း ပြန်တုန့်ပြန်ခဲ့တယ်။ အလုပ်သမားတွေကို အလုပ်ခွင်မှာ ပြန်ဆင်းစေမဲ့ ဖိအားတွေပေးခဲ့တဲ့အတွက် အလုပ်သမား ၈၀ % အလုပ်ခွင်ကို ပြန်ရောက်သွားကြတယ်။အလုပ်သမားသမဂ္ဂတွေဟာ သမဂ္ဂဝင်မဟုတ်တဲ့သတ္ထုတွင်းတွေကို ဝင်ရောက်တိုက်ခိုက်ကြတော့တယ်။ ဒါပေမဲ့ ကော်ပိုရေးရှင်းတွေဆိုတာ အမေရိကန်နိုင်ငံရေးကို ချုပ်ကိုင်ထားသူတွေလေ။ ပြည်နယ်အစိုးရဟာ စစ်အုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်းလိုက်ပြီး အလုပ်သ မားတွေ ကို ရာချီပြီး ဖမ်းဆီးထောင်ချခဲ့တယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကလည်း ပြည်နယ်အစိုးရရဲ့ ဒဏ်ခပ်အရေးယူမှုကို ပျောက်ကြားနည်းနဲ့ပြန်လည်တိုက်ခိုက်ကြတယ်။”

တာ့ခ်ဖော့ မြစ်ကမ်းတလျှောက်မှာ အခြေအနေတင်းမာနေစဉ် အလုပ်သမားတွေအတွက် သည်းခံနိုင်စွမ်းမရှိတဲ့အဖြစ်အပျက်တခုက ပေါ်ပေါက်လာခဲ့ပါတယ်။ သတ္ထုတွင်းပိုင်ရှင်တွေဟာ အလုပ် သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ရဲအရာရှိစစ်ဟက်ဖီးဒ် ကို လုပ်ကြံသတ်ဖြတ် ပစ်လိုက်ပါတယ်။ သတ္ထုတွင်းအလုပ်သမားတွေဟာ တောင်တန်းတလျှောက်မှာ လက်နက်ကိုင်ပုန်ကန်ဖို့ပြင် ဆင်လိုက်ကြပါတယ်။ သူတို့ရဲ့သတ္ထုတွင်းတွေကို သိမ်းယူစောင့်ရှောက် လိုက်ကြပါတယ်။ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကလည်း ချားလ်စတန်မြို့မှာ လူထုစည်းဝေးပွဲတွေကျင်းပပြီး ချီတက်ဆန္ဒပြကြ ဖို့ဆော်သြလိုက်ပါတယ်။

“ လိုဂန်မြို့နယ်ဆိုတာ သမဂ္ဂ ဆန့်ကျင်ရေးစိတ်ဓါတ်ရှိတဲ့ ရဲအရာရှိတွေလွှမ်းမိုးထားတဲ့ဒေသလေ။ သူတို့က ဘလဲရားတောင်ကို စစ်ဆင်ရေးလုပ်ဖို့ပြင်ဆင်လိုက်တဲ့အခါ ကျောက်မီးသွေးတွင်း အဖွဲ့အစည်းတွေရဲ့ ပုဂ္ဂလိက စစ်တပ်ကလည်း ကူညီပံ့ပိုးခဲ့တယ်။ တပြိုင်တည်းမှာပဲ အမေရိကန်သမ္မတ ဝါရင်း ဟာဒင့် ကလည်း ဖက်ဒရယ်စစ်တပ်နဲ့ ဗုံးကြဲလေယာဉ်စေလွှတ်ပြီး ပုန်ကန်မှုကိုဖြိုခွဲမယ် လို့ ခြိမ်းခြောက်ခဲ့တယ်။

သောတရှင်များခင်ဗျား

၁၉၂၁ မှာဖြစ်ပွားခဲ့တဲ့ ဘလဲရားတောင်စစ်ပွဲဟာ တချိန်မှာ အမေရိကန်အလုပ်သမားဖက်ဒရေးရှင်း ( AFL) နဲ့ စက်မှုလုပ်ငန်းအဖွဲ့အစည်းများရဲ့ ကွန်ဂယက် ( CIO) ကိုဖြစ်ပေါ်စေ လိမ့်မယ် ဆိုတာ ကော်ပိုရေး ရှင်းနဲ့ပတ်သက်နေသူတွေက မျှော်လင့်ခဲ့ပါရဲ့လား။ ဒီစစ်ပွဲနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားလှုပ်ရှား မှုတွေအကြောင်းကို နောက်တပတ်မှာ ဆက်လက်တင်ပြပါရစေ။ လောလောဆည်မှာတော့ ကျနော် တို့နိုင်ငံရဲ့ ကရင်ပြည်နယ်၊ ကချင်တောင်တန်းနဲ့ရှမ်းရိုးမတလျှောက်မှာ အစိုးရစစ်တပ်ဟာ ညီအကိုတော် ချင်းသွေးချောင်းစီးစေမဲ့ စစ်ပွဲတွေကို ဖန်တီးနေကြပါတယ်။ အလုပ်သမားထုဘက်က ရပ်တည်ခဲ့တဲ့ ရဲအရာရှိ စစ်ဟက်ဒ်ဖီး လို ပုဂ္ဂိုလ်တွေ နဲ့ ဘလဲရားတောင်လို သမိုင်းဝင်မဲ့ဖြစ် ရပ်တွေ ကို ပြောင်း လဲပစ်ဖို့လို ပါလိမ့်မယ်။ သောတရှင်တို့နဲ့ ကျနော်တို့ရဲ့တိုင်းရင်းသားညီအကိုမောင်နှမတွေ ၊ မိမိရဲ့တောင်တန်းတွေကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

No comments: