Tuesday, May 8, 2012

အနိုင်ကျင့်ခွင့်လိုင်စင်ရထားတဲ့ အသွင်ကူးပြောင်းမှုတွေ မဖြစ်စေဖို့-----

by Aung Moe Win on Tuesday, 8 May 2012 at 06:13 ·
“ဆီရယ်တဲလ် မြို့၊ဘဏ္ဍာရေးအဆောက်အဦ ရဲ့ လက်တံတွေကို ဗုံးခွဲဖြိုချပစ်ဖို့ ကြိုးစားနေသူတွေရဲ့ ကွန် ယက်တွေ ကို တွေ့နေရတယ်” ဆိုတဲ့ FBI ရဲ့ အစီရင်ခံစာတွေနဲ့အတူ၊ သံသယရှိသူ အပေါ်ဖမ်းဆီးမှုတွေ စတင်လိုက်တယ်။ “Wall Street ကို သိမ်းပိုက်ကြ၊ အမေရိကန်ဘဏ်ကြီးတွေကို ဆန္ဒပြကြ” စတဲ့ ကြွေးကြော် သံတွေနဲ့အတူ မေလဟာ ရုန်းရင်းဆန်ခပ်မှုတွေနဲ့ တုန်လှုပ်စွာ စီးဆင်းနေတယ်။
တကယ်တော့ သက္ကရာဇ်တွေ နဲ့ မျက်နှာအမျိုးမျိုးပြောင်းလဲတတ်တဲ့ လူတွေ ဟာ ဒဏ်ရာအနာတရများစွာ၊ သစ္စာမဲ့စွာ ခုန်ကူးပြောင်းလဲနေခဲ့တယ်။ ၁၉ ရာစု နဲ့ ၂၀ ရာစု ရဲ့ ဥရောပနိုင်ငံရေးဇာတ်ခုံကိုပြောင်းလဲပစ်မဲ့ အဖြစ်အပျက်တွေကို ပြန်အမှတ်ရစေမိတယ်။

၁၉ ရာစုအကုန်မှာ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့တိုင်းပြည်ကို စက်မှုထွန်းကားတဲ့နိုင်ငံတနိုင် ငံဖြစ်လာဖို့အတွက် မီးကုန်ယမ်းကုန်ကြိုးစားခဲ့တယ်။ ငွေကြေးအင်အားတောင့်တင်း တဲ့ပုဂ္ဂိုလ်တွေ ရဲ့လက်ထဲမှာ အရာအားလုံးဖန်ဆင်းပိုင်ခွင့်ရှိခဲ့တယ်။ စက်မှုနိုင်ငံတနိုင်ငံဖြစ်လာခဲ့ပေမဲ့ မေလ (၁) ရက်နေ့ကို အလုပ်သမားနေ့အဖြစ် အသိအမှတ်မပြုခဲ့ဘူး။ မေလ လှုပ်ရှားမှုတွေဟာ ရက်စက်စွာ ဖြိုခွဲခံခဲ့ရတယ်။ အလုပ်သမားလှုပ်ရှားမှု ကို ပြန်လည်ထိန်းညှိမဲ့၊ လေဘာဒေး ( Labor Day) ကို ကျင်းပခဲ့တယ်။
အစိုးရနဲ့ငွေကြေး ချမ်းသားသူတွေက ထိန်းချုပ်ထားတဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ တယ်။ အလုပ်သမား လူတန်းစားကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရဖွဲ့ထားတဲ့ အလုပ်သမားအဖွဲ့အစည်းတွေကြားက တိုက်ပွဲတွေဟာ ပြင်းထန်လာခဲ့တယ်။
နှစ်ဆယ်ရာစု ဆီကို တရွေ့ရွေ့ရောက်ရှိလာခဲ့တယ်။ ရုရှားမှာ အောက်တိုဘာတိုလှန်ရေး ဆင်နွဲနိုင်ခဲ့ပြီး တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမားလူတန်းစားကို တပ်လှန့်နေချိန်မှာ၊  အင်အားကြီးနိုင်ငံတွေ ဆီ က ငွေရှင်ကြေှးရှင်တွေကလည်း ဘဏ်လုပ်ငန်းတွေကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ကြတယ်။  ထရော့စကီး ရဲ့   “ တည်တံ့ခိုင်မြဲတဲ့ တော်လှန်ရေး” အတွေးအခေါ်တွေက သူတို့ကို အပြင်းအထန် သတိပေး ခြောက်လှန့်နေတယ်။
မိမိနိုင်ငံတွင်းမှာ ရှိတဲ့အလုပ်သမားတွေကို ကွန်မြူနစ် ဝါဒဖြန့်ချီရေးအောက် အရောက်ခံမလား၊ ဒါမှမဟုတ် မိမိတို့အတွင်းစီးထဲမှာ  မဟာမိတ်ဖွဲ့မလား။
စစ်အေးတိုက်ပွဲက အရှိန်မြင့်လာပြီ။
ဒီမိုကရက်တစ်ပါတီရဲ့မျိုးဆက်သစ်တွေက အမေရိကန်လက်ဝဲယိမ်းနိုင်ငံရေးသမားတွေရဲ့ အယူ အဆ အောက်မှာ ခိုလှုံလိုက်ကြတယ်။ အစိုးရဟာ အလုပ်သမားသမဂ္ဂတွေရဲ့ ပါဝါကို ပိုမိုမြင့်တင်ရမယ်။ သမဂ္ဂဝိညာဉ် ကို ထူထောင်လွှင့်တင်ရမယ် လို့ဆိုတယ်။ ရီပတ်ပလင်ကန်တွေကတော့ ကော်ပိုရေးရှင်းကြီးတွေ ရဲ့ သြဇာကြီးမားမှုကို မိုမို အလိုရှိကြတယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အဓိကပါတီကြီး နှစ်ခုလုံးဟာ ဒီကနေ့အချိန်အထိ၊ မေဒေးနေ့ကို အလုပ်သမားနေ့အဖြစ် အသိအမှတ်မပြုခဲ့သလို၊ လေဘာဒေး နေ့ မှာ ဟောပြောနေတဲ့ အလုပ် သမားခေါင်းဆောင်တွေရဲ့ အသံတွေဟာလည်း ဒီမိုကရက်တစ် ပါတီရဲ့ နိုင်ငံရေး အာဂျင်တာ တွေ ဖြစ်နေ ပါတယ် တဲ့။
ဆီရယ်တဲလ်မြို့ရဲ့ မေဒေးနေ့ချီတက်ဆန္ဒပြပွဲတွေမှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ရင်ဆိုင်၊ ရုန်းရင်းဆန်ခပ်-
---------သွေးမြေကျ--- ကျိုးပဲ့အဆောက်အဦတွေ---
သေချာတာတခုတော့ ရှိတယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ လူဆိုတာ မိမိလူတန်းစားအတွက် မိမိဘာသာတိုက်ပွဲဝင်ရတာဖြစ်တယ်။

ကျနော်တို့နိုင်ငံမှာ လယ်သမားတွေ ရဲ့ လယ်မြေတွေသိမ်းပိုက်ခံနေရတယ်။ လယ်မြေတွေ မတရားသဖြင့် သိမ်းပိုက်ခံနေရတဲ့အဖြစ်တွေကို လူထုကြားမှာ ဖွင့်ချပြနေတဲ့ နိုင်ငံရေးပါတီတချို့ဟာ အာဏာပိုင်တွေ ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ လူထုအပေါ်မတရားသဖြင့်သွေးစုတ်နေတဲ့လူတွေကို ကြည့်လိုက်တော့ လွှတ်တော်ထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်။ လူတန်းစားကွာဟမှုတွေက ကြီးသထက်ကြီးလာတယ်။
တကမ္ဘာလုံးမှာလည်း လူတန်းစားကွာဟမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ လူမှုရေးအကြပ်အတည်းတွေ၊ စီးပွားရေးပြဿနာတွေကို ငြင်းခုန်နေကြတယ်။
“အသွင်ကူးပြောင်းမှုကာလ” ဆိုတာ မိမိအတွက်နေရာ ရှိနိုင်ပါရဲ့လား။ လူတိုင်းစဉ်းစားဖို့လိုပါတယ်။
ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ ညပိုင်းအစီအစဉ်မှာ “မေဒေးနေ့ နဲ့ လေဘာဒေးနေ့” နှစ်ခုကြားက မတူညီတဲ့ သမိုင်းနောက်ခံကားချပ်တွေကို တင်ပြထားပါတယ်။


သောတရှင်များခင်ဗျား
အမေရိကန်ပြည်ထောင်စု ဆီရယ်တဲလ်မြို့ဆီမှာ ဘဏ္ဍာရေးဆိုင်ရာ အဆောက်အဦတွေကို သွယ်တန်းထားတဲ့ တံတားကြီးကို ဗုံးခွဲဖျက်ဆီးဖို့ ကြိုးစားခဲ့သူ (၅) ယောက် ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေ၊ ထောင်သောင်းချီနေတဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေ၊ ရုန်းရင်းဆန်ခပ်ဖြစ်နေတဲ့ မြင်ကွင်းတွေကို သတင်းမီဒီယာတွေမှာ မြင်နေကြ၊ ကြားနေကြရပါလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ အမေရိကန်ပြည်တွင်းစစ်အပြီးကာလတွေနဲ့ ကမ္ဘာ့စစ်ပွဲကြီးတွေမဖြစ်ခင် စိတ်ဓါတ်ကျဆင်းစေသောနှစ်ကာလများကို အမှတ်ရစေတာ အမှန်ပါ။
“ အမေရိကန်ပြည်တွင်းစစ်အပြီးမှာတော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ စက်မှုနိုင် ငံတော်ကို တည်ဆောက်ချင်သူတွေရဲ့လက်ထဲကို ရောက်သွားခဲ့ တယ်။ သူတို့မှာ တိုးတက်ခေတ် မှီတဲ့ စိတ်ကူးကောင်းတွေ ရှိနေခဲ့တာအမှန်ပဲ။ ပြဿနာက ခေတ်ပြောင်းတော်လှန်ရေးတခုကို စတင်လုပ်ဆောင် လိုက်တဲ့အခါတိုင်း၊ လူတန်းစားတရပ်က အခွင့်ထူးခံဖြစ်သွားမယ်။ လူတန်းစားတရပ်ကတော့ ပေးဆပ်လိုက်ကြရတယ်”
 အမေရိကန်ပြည်ထောင်စုမှာ စက်မှုလုပ်ငန်းတွေ အရှိန်ဟုန် ကောင်းကောင်းနဲ့ ထွန်းကားလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ခေတ်မှီတဲ့ စက်မှုလုပ်ငန်းကြီးတွေထဲမှာ အလုပ်သမားတွေရဲ့ ဘဝတွေက ဖောင်စီး ရင်းရေ ငတ်ခဲ့ပါတယ်။  အလုပ်သမားတွေဟာ သူတို့ရဲ့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် နည်းပေါင်း စုံကြိုးစားခဲကြပါတော့တယ်။ ၁၈၇၇ မှာ ထောင်သောင်းချီနေတဲ့ မီးရထားစက်ရုံအလုပ်သမားတွေ၊ သတ္တုတွင်း အလုပ်သမားတွေတွေဟာ အလုပ်ချိန် ကို ဆယ်နာရီမှ ၈ နာရီအထိလျော့ ချပေးဖို့တောင်း ဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ အဓိက စက်ရုံတွေ ရပ်တန့်သွားခဲ့ပါတယ်။ စက်ရုံပိုင်ရှင်တွေ နဲ့ နီးစပ်တဲ့ အမေရိကန်အစိုးရဟာ ရက်ရက်စက်စက်ဖြိုခွဲခဲ့ပါတယ်။  ၁၈၈၄ အလုပ်သမားသမဂ္ဂတွေနဲ့ တိုင်းပြည် ရဲ့ နိုင် ငံရေး မူဝါဒတွေကို အမြစ်ကစ ပြုပြင်ပြောင်းလဲချင်သူတွေ အင်အား ငါးသိန်း ဟာ ချီတက်ဆန္ဒပြခဲ့ကြ။ မေလ (၁) ရက်နေ့ဆန္ဒပြပွဲဟာ ရက်ပေါင်းများစွာထိန်းထားနိုင်ခဲ့ပါတယ်။ မက်ကောမစ် ဟားဗက်စတင်း ကုမ္မဏီ မှာ အလုပ်သမားနှစ်ယောက်သေဆုံးခဲ့ရပါတယ်။ ရဲစခန်းဟာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိ တယောက်သေဆုံးခဲ့သလို၊ ဆန္ဒပြအလုပ်သမားတွေနဲ့ အဓိကရုဏ်းရဲတွေကြားက ပဋိပက္ခကြောင့် နှစ် ဘက်စလုံး အသေအပျောက်တွေရှိလာခဲ့ပါတယ်။ အနာခစ် (၇) ယောက် သေဒဏ်ပေးခံခဲ့ရသလို တချို့အလုပ်သမားခေါင်းဆောင်တွေ ထောင်ဒဏ်အသီးသီးကျခဲ့ကြပါတယ်။
ဒါပေမဲ့ အဲ့ဒီလို ပြစ်ဒဏ်ပေးမှုတွေဟာ နိုင်ငံရေးလှုံဆော်မှုတရပ်ဖြစ် လာခဲ့တယ်။ နောက်နှစ်အနည်းငယ် အတွင်းမှာ အလုပ်သမားသမဂ္ဂတွေနဲ့ စံနစ်ပြောင်းလဲရေးတော်လှန်သူတွေဟာ ကမ္ဘာ့တဝှမ်းလုံးမှာတော့ မေ လ (၁) ရက်နေ့ကို “ ဟေး မားကက် သူရဲကောင်းများကို အမှတ်တရထားပြီး လူမှုတရားမျှတရေးအတွက် တိုက်ပွဲဝင်တဲ့နေ့တနေ့အဖြစ် ဂုဏ်ပြုကြတယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဆီမှာတော့ ချမ်းသာကြွယ်ဝသူတွေက အစိုးရ နဲ့ အလုပ်သမားအဖွဲ့အ စည်းတွေ အပေါ် သြဇာကြီးလွန်းတဲ့အတွက် ၊ အလုပ်သမားအဖွဲ့အစည်းတွေဟာ မေဒေးနေ့ ကို အသိ အမှတ်မပြုခဲ့ကြပါဘူး။ ဒါကြောင့်လည်း အော်ရီဂွန်ပြည်နယ်မှာ ၁၈၈၇ စက်တင်ဘာလ က စလို့  အလုပ် သမားတွေအတွက် တရားဝင်ရုံးပိတ်ရက်ကို လေဘာဒေးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ မကြာခင်မှာပဲ ကျန်တဲ့ပြည်နယ်တွေမှာအသက်သွင်းဖို့ကြိုးစားလိုက်ပါတယ်။

လေဘာဒေး တရက်လောက်နဲ့တော့ အလုပ်သမားတွေရဲ့နစ်နာမှုတွေတွေကို ဖြေသိမ့်ဖို့ဆိုတာ မဖြစ်နိုင် ခဲ့ပါဘူး။ အလုပ်သမားတွေက ဆယ်စုနှစ်ပေါင်းများစွာ သူတို့ရဲ့ ရုန်းကန်မှုကို ဆက်လက်ကြိုးပမ်းကြပါတယ် ။ ၁၈၉၄ မှာ ယူဂျင်းဒက်ဗ် ခေါင်းဆောင်တဲ့ မီးရထားအလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေဟာ ပူးမန်းပဲလေ့ ကား ကုမ္မဏီကို သပိတ်မှောက်ကြတယ်။ ပူးမန်း ကုမ္မဏီ ဟာ အလုပ်သမားတွေနေထိုင်တဲ့အိမ်တွေကို ပိုင်ဆိုင်ကြ သူတွေဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ရတဲ့ လုပ်အားခက နည်းပြီး၊ အိမ်လခ တွေက ကြီးမြင့် လာတဲ့ အခါ  အိမ်လခ ကို လျော့ချပေးဖို့တောင်းဆို တိုက်ပွဲဝင်၊ ဒါကြောင့်လည်း အလုပ်သမားတချို့ အလုပ်ပြုတ် ကြတယ်။ တတိုင်းပြည်လုံးမှာ ရှိတဲ့ မီးရထားအလုပ်သမားတွေဟာ ပူးမန်းကားစက်ရုံအလုပ်သမားတွေနဲ့ အတူ ရပ်တည်ပြီး ညီညွတ်စွာ သပိတ်မှောက်လိုက်ကြ တာကြောင့် အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေး နဲ့ ပို့ဆောင်ဆက်သွယ်ရေး ယန္တယား ရပ်တန့်သွား။  သမ္မတ ဂရုဗာ ကလိဗ်လန်း ဟာ သပိတ်မှောက်မှုကို ဖက်ဒရယ်ရာဇဝတ်မှုအဖြစ် သတိပေးလိုက်ပြီး စစ်သား တသောင်းကျော်ကို ခေါ်ယူကာ ဆန္ဒပြပွဲကို ဖြိုခွဲဖို့ စတင်ခဲ့ပါတယ်. အလုပ်သမား နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေရဲ့ လှုပ်ရှားမှုအရှိန်ကို မရပ်တန့်စေခဲ့ပါဘူး။ ခြောက်ရက်အကြာမှာတော့ သမ္မတ ကလိဗ်လန်း ဟာ အလုပ်သမားတွေရဲ့ ဒေါသ ကို ချွေးသိပ်တဲ့အနေနဲ့ အလုပ်သမားတွေရဲ့ တရားဝင်ရုံးပိုင်ရက်အတွက် လေဘာဒေး နေ့ ကို ကြေငြာပေး ခဲ့ပါတယ်။  လေဘာဒေးနေ့ မှာတော့  အစိုးရကျောထောက်နောက်ခံ ပေးထားတဲ့ အလုပ်သမားသမဂ္ဂတွေ ရဲ့ ကြွေးကြော်သံတွေ၊ မိန့််ခွန်းတွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမဲ့ ကလီဗ်လန်းမျှော်လင့်ခဲ့သလို မဖြစ်ခဲ့ ပါဘူး။ အလုပ်သမားတွေဟာ မိမိလို ဘဝတူအလုပ်သမားတွေနဲ့ လူမှုအဖွဲ့တွေဖွဲ့၊ တခြားနေ့တွေမှာ စုဆုံကြပြီး အခွင့်အရေးတိုက်ပွဲတွေကို စတင်ခဲ့ကြပြန်တယ်။

နှစ်ဆယ်ရာစုအတွင်းမှာ ထင်ရှားတဲ့ လှုပ်ရှားမှုတွေကတော့၁၉၁၉ - ဆီရယ်တယ် အထွေထွေသပိတ် နဲ့ သိမ်းပိုက်မှု ၊ ၁၉၃၄ မှာ ဆန်ဖရန်စ္စကိုမြို့ဆီမှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲများ၊ ၁၉၃၇ လော့အိန်ဂျယ်လိစ် အလုပ်သမားသပိတ်နဲ့ ၁၉၄၆ ခုနှစ် မှာဖြစ်ပွားခဲ့တဲ့ အလုပ်သမားလှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။
“ ၁၉၅၈ မှာ စစ်အေးတိုက်ပွဲကလည်း အရှိန်မြင့်လာပြီလေ။ နိုင်ငံတွင်းမှာ ရှိတဲ့ ကွန်မြူနစ်အုပ်စုတွေ က လည်း အလုပ်သမားလှုပ်ရှားမှုကို ဦးဆောင်ပါဝင်ဖို့ ကြိုးစားကြတယ်။ အမေရိကန်သမ္မတ အိုင်စင်ဟောင် ဝါ ကလည်း မေဒေးနေ့ကို  “ သစ္စာရှိသောနေ့” အဖြစ်ဂုဏ်ပြုသတ်မှတ် အောင်ပွဲခံ ခွင့်ပေးလိုက်တယ်။ အလုပ်သမားတွေကို အရှင်းရှင်ဒီမိုကရေစီ လမ်းကြောင်း ပေါ်ဆွဲတင်မလား။ ကွန်မြူနစ်တော်လှန်ရေးအောက်မှာ ကျရောက်စေမလား ဆိုတဲ့ စဉ်းစားချက်တွေက အမေရိကန်နိုင်ငံရေးကို လွှမ်းမိုးထားသူတွေရဲ့ ကြားမှာ စဉ်းစားစေခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲတွေမှာလည်း အလုပ်သမား ထု ကို ကာကွယ်စောင့်ရှောက်မဲ့ ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်မဲ့ ကိုယ်စားလှယ်တွေရဲ့ အားပြိုင်ပွဲတွေက စတင်လာခဲ့ပါတယ်။
သောတရှင်များခင်ဗျား
အမေရိကန်သမ္မတ ဘရက်အိုဘားမား လက်ထက်မှာ အတိုက်အခံရစ်ပတ်ပလင်ကန်ပါတီဟာ အစိုးရ လက်အောက် က သမဂ္ဂတွေကို ဖျက်သိမ်းဖို့၊ အစိုးရရဲ့ လူမှုဖူလုံရေး အသုံးစရိတ်တွေကို လျော့ချဖို့ ကြိုးစားနေခဲ့ပါတယ်။ တဘက်မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေက တရိပ်ရိပ် ထိုးတက်နေပါတယ်။ ဒါကြောင့်လည်း မကြာသေးမှီရက်များ အတွင်းက ဆီရယ်တဲမြို့အပါအဝင် အမေရိ ကန်မြို့ပေါင်းများစွာမှာ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့ပါတယ်။  ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အသွင် ကူးပြောင်းရေးကာလတခုကို သွားနေပြီလို့ဆိုနေပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ လယ်သမားတွေ ရဲ့ လယ်မြေ ယာပေါင်းများစွာကို လွှတ်တော်ကိုယ်စားလှယ်တယောက် နဲ့ သူ့ရဲ့အပေါင်းအပါ စီးပွားရေး သမားတွေ က မတရားသိမ်းယူခဲ့ပါတယ်။ လယ်သမားတွေရဲ့နစ်နာမှုကို ပြောဆိုလုပ်ကိုင်နေတဲ့ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ ခြိမ်းခြောက်ခံနေရပါတယ်။  လက်တစုပ်စာ အခွင့်ထူးခံလူတန်းစားတွေ တရားဝင်  အနိုင်ကျင့်ခွင့်လိုင်စင်ရမဲ့ အသွင်ကူးပြောင်းရေးကာလ မဖြစ်ဖို့လိုပါလိမ့် မယ်။ သောတရှင်တို့ လည်း ပြည်သူလူထုကို မေတ္တာထားနိုင်တဲ့ အစိုးရတွေနဲ့ ဆုံဆည်းနိုင်ကြပါစေ။

 အောင်မိုးဝင်း

No comments: