Tuesday, May 1, 2012

မြန်မာပြည်မှစာ - ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ ( ဒေါ်အောင်ဆန်းစုကြည် )

01 May 2012

၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ 
စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှိုင်း ပြောင်းလဲရာမှာ မှားယွင်းခဲ့လို့ဖြစ်ပါတယ်။ ဒီမွေးနေ့ ရက်ကိုပဲ မေမေ့ရဲ့“ရာပြည့်”မွေးနေ့အဖြစ်ပဲ ကျွန်မသတ်မှတ်ပါတယ်။ ဒီအခွင့်အရေးကို အရယူပြီး ဘဝတလျှောက်လုံး အကျိုးပြုလုပ်ငန်းများမှာ နှစ်မြှုပ်ထားခဲ့ပြီး ထူးခြားတဲ့ ဂုဏ်သိက္ခာ မြင့်မြတ် ကြံ့ခိုင်မှုရှိ အမျိုးသမီးကြီးအနေနဲ့ ကျွန်မချီးကျူးဂုဏ်ပြု ကန်တော့လိုပါတယ်။
ကျွန်မမိခင်ကို ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့ကလေးတမြို့မှာမွေးဖွားခဲ့ပါတယ်။ မောင်နှမသား ချင်း ၁၀ ယောက်ထဲက အဋ္ဌမမြောက်သမီးဖြစ်ပါတယ်။ ကျွန်မအဘိုးအဘွားများက သူ့ကို နောက် ဆုံးကလေးပဲလို့ထင်မှတ်ခဲ့လို့ မိသားစုအတွင်းမှာ “အငယ်မ” လို့ခေါ်ခဲ့ကြပါတယ်။ ကျွန်မမိခင်က သူ့ရဲ့ကလေးဘဝကို နွေးထွေးမှုများ၊ အစားကောင်းများနဲ့ မိသားစုဝင်များကို ပျော်ရွှင်ရယ်မောမှု များဖြင့်ပြည့်ဝစေတဲ့ အခြားအဆင်ပြေမှုများ ပြည့်လျှံနေတဲ့အိမ်ကြီးတဆောင်က ပျော်ရွှင်စရာအ ချိန်များအဖြစ် အမြဲတန်းပြောပြခဲ့ပါတယ်။ ကျွန်မအဘိုးက မချမ်းသာပါဘူး။ စည်ပင်သာယာဌာန မှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမင့် လူနေမှုစရိတ်က နည်းပါးပြီး ကျွန်မအဘွားက ကျွမ်းကျင်တဲ့ အိမ်မန်နေဂျာဖြစ်လေတော့ သူ့ကလေးတွေမှာ မရှိတာမဖြစ်စေရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကျွန်မရဲ့အဘိုးအဘွားတွေဟာ မြို့မှာအလေးစားခံရသူများဖြစ်ကြပါတယ်။ ကျွန်မအဘိုးက အရွယ်ရောက်လာချိန်မှာ ခရစ်ယာန်ဘာသာဝင်အဖြစ်ကူးပြောင်းသွားခဲ့ပါတယ်။ သူ့ဇနီးကတော့ ဗုဒ္ဓဘာသာကိုအလွန်ကိုင်းရှိုင်းသူအဖြစ်ဆက်လက်ကိုးကွယ်နေတဲ့အတွက် သူတို့ကို တခုခု ထူး ခြားးတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အစမတော့ ကျွန်မရဲ့အဘွားက သူ့ခင်ပွန်း ယုံကြည်မှု ပြောင်းလဲသွားခြင်းအပေါ် စိတ်ထိခိုက်ခံစားခဲ့ပါတယ်။ ကျွန်မရဲ့အဘိုး ခရစ်ယာန်သာသနာတွင်း အသွတ်သွင်းခံရာကို အဘွားက ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ သူ့ရဲ့ ရှည်လျားတဲ့ဆံပင်ကို ဖားလျား ချလျက် ရင်အစုံကို လက်ဖြင့်ထုနှက်ရင်း အသုဘ ပို့ဆောင်သူတဦးအသွင်နဲ့ လိုက်ပါခဲ့ပါတယ်။ ကျွန်မအဘိုးဟာ ခေါင်းအေးအေးနဲ့ဟန်မပျက်နေနိုင်မှုကို ဘယ်နည်းနဲ့မှမထိခိုက်စေခဲ့ဘူးလို့ ကျွန်မ ကြားသိခဲ့ရပါတယ်။ အလွန်လေးစားထိုက်တဲ့သူ့ဇနီးရဲ့ မချုပ်ထိန်းနိုင်တဲ့အမူအရာကို လုံးဝ မသိသလိုပဲနေခဲ့ပါတယ်တဲ့။ ခရစ်ယာန်သာသနာအတွင်း သွတ်သွင်းခံရန် ဘုရားရှိခိုးကျောင်းအ တွင်း ဓမ္မတရားသံများကြား ဝင်ရောက်သွားခဲ့ပါတယ်တဲ့။ အဘိုးမှာ မှန်ကန်တဲ့ကိုယ်ပိုင်ယုံကြည်မှု များရှိနေသလို အဘွားမှာလဲ မှန်ကန်တဲ့ယုံကြည်မှုရှိနေတယ်ဆိုတာကို အဘွားရဲ့ သာမန် စိတ် ကောင်းရှိမှုနဲ့ ဖော်ရွေ တဲ့စိတ်အနေအထားက မကြာခင် သိမြင်လက်ခံလာလိမ့်မယ်လို့ အဘိုးက နားလည်ခဲ့တာလဲ ဖြစ်ကောင်း ပါတယ်။
 
ကျွန်မမိခင်ရဲ့မိသားစုဟာ ဘာသာရေးပဋိပက္ခမှ သိသိသာသာကင်းရှင်းခဲ့ကြပါတယ်။ ကလေးအ များစုက မိခင်ရဲ့ဗုဒ္ဓဘာသာကို ကိုးကွယ်ကြလျက် သား ၂ ယောက်ကတော့ ခရစ်ယာန်ဘာသာ ဝင်များဖြစ်ကြ ပါတယ်။ သမီး ၄ ယောက်ကတော့ ရန်ကုန်မြို့ကြည်မြင်တိုင်အရပ်ရှိ အမေရိကန် နှစ်ခြင်း ခရစ်ယာန် သာသနာမစ်ရှင်က ဖွင့်လှစ်ထားတဲ့ အမျိုးသမီးများကျောင်းမှာ ပညာသင်ကြား ခဲ့ကြပါတယ်။ ဒါပေမင့် အဲဒိကျောင်းဟာ ကျောင်းသူများကို အထူးသဖြင့် မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေဂုဏ်သိမ်ရှိမှု၊ စည်းကမ်း ရှိမှုကို ဖွံ့ဖြိုးတိုးတက်စေလျက်ပါ။ ကြည့်မြင်တိုင်အရပ်မှာ ပညာသင်ခဲ့ရတဲ့နှစ်များနဲ့ နောက်ပိုင်းမှာ စကော့ အမျိုးသမီးတဦး ဖွင့်လှစ်ခဲ့တဲ့ မော်လမြိုင်ဆရာ အတတ်သင်ကောလိပ်ရဲ့ ရှားပါးတဲ့ပုံသွင်းမှုတို့ကြောင့် ကျွန်မမိခင်ကို စည်းကမ်းရှိသူ၊ အရည်အ ချင်းရှိစွာ ကိုယ့်အားကိုယ်ကိုးသူ၊ မိမိဘဝကိုထိန်းသိမ်းရန် အရည်အသွေးရှိကြောင်းအပြည့်အဝ ယုံကြည်မှုရှိသူအဖြစ် ရပ်တည်စေခဲ့ပါတယ်။ အဲဒိ ဉာဉ်လက္ခဏာတွေ ရင့်ကျက်ပြည့်ဝနေကြာင်းကို သူနာပြုအလုပ်ကိုလက်ခံဘို့ သူ့အိမ်နားရှိ အမျိုးသားကျောင်းမှ စာသင်နေတဲ့အလုပ်ကထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့် ကျွန်မမိခင်က သက်သေထူခဲ့ပါတယ်။
 
ကျွန်မမိခင်ရဲ့ဇာတိမြို့မြောင်းမြမှာ ခရစ်ယာန်ဘာသာဝင်အများစုဟာ ကရင်လူမျိုးများဖြစ်ကြပါ တယ်။ ခရစ်ယာန်ဘာသာဝင်အဖြစ်မကူးပြောင်းခင်ကတည်းက ကျွန်မအဘိုးမှာ ကရင်မိတ်ဆွေ များစွာရှိခဲ့ပါတယ်။ (သူတို့ကတဆင့် သမ္မာကျမ်းစာရဲ့အဆုံးအမများကို စိတ်ဝင်စားခဲ့ပါတယ်။) ခရစ်ယာန် နှစ်ခြင်းသာသနာကိုဝင်ရောက်ပြီးနောက် ကရင်လူမျိုးများဟာ မိသားစုအသိုင်းအဝန်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီမှာ မသင့်တော်မလျော်ကန်တဲ့ သိက္ခာမဲ့စေတဲ့အလုပ်လို့ သတ်မှတ်ခံရတဲ့ သူနာပြုလုပ်ငန်းမှာ မြန်မာအမျိုးသမီးအချို့ ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ သူနာပြု အများစုမှာ ဥရောပ-အာရှသွေးနှောများ ဒါမှမဟုတ် ကရင်လူမျိုးများဖြစ်ကြပါတယ်။
သူတို့ရဲ့ကရင်သူငယ်ချင်းများရဲ့အားပေးမှုနဲ့ အထူးသဖြင့် လူမှုဝန်းထမ်းလုပ်ငန်းကို အထူးတိုး တက်အောင်လုပ်ရမယ်ဆိုတဲ့ ခရစ်ယာန်အမြင်များအရ သူတို့ဘခင်ရဲ့တိုက်တွန်းအားပေးခြင်း ကြောင့် ကျွန်မမိခင်ရဲ့အစ်မ ၂ ယောက်ဟာ သူနာပြုသင်တန်းကိုစတင်တက်ရောက်ခဲ့ကြပါတယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့အခြားအကြောင်းအရာများက သူတို့ကိုသင်တန်းပြီးဆုံးမှုမှ ဟန့်တားခဲ့ပါ တယ်။ ကျွန်မရဲ့မိခင်က ကျောင်းဆရာမအလုပ်ကိုစွန့်လွှတ်ပြီး သူနာပြုအဖြစ်လုပ်ကိုင်မယ်လို့ ကြေညာလိုက်တော့ သူမရဲ့မိခင်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ ကျောင်းဆရာ၊ ဆရာမ များဟာ အလွန်အလေးစားခံခဲ့ရပါတယ်၊ အိမ်မကွာအိုးမကွာ အလုပ်လုပ်တဲ့ သမီးတယောက်ရှိ နေတာကောင်းတယ်၊ သမီးကြီး ၂ ယောက်ရဲ့အတွေ့အကြုံအရ ပင်ပန်းခက်ခဲတဲ့ အဆင့်အတန်း နိမ့်တဲ့အလုပ်ကို ကျွန်မရဲ့မိခင်လုပ်နိုင်စွမ်းရှိမှာကို ကျွန်မရဲ့အဘွားက အယုံအကြည်မရှိခဲ့ပါ။ ဒါပေ မင့် မေမေဟာ သန္နိဋ္ဌာန်ခိုင်မာသူဖြစ်ပါတယ်။ သူမဟာ ရန်ကုန်ကိုသွားခဲ့ပြီး အစမ်းခန့်သူနာပြုအ ဖြစ် ရန်ကုန်ဆေးရုံကြီးဝန်ထမ်းအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူနာပြုဖြစ်ဘို့စိတ်ပိုင်းဖြတ်မှုဟာ မေမေ့ရဲ့ဘဝလမ်းကြောင်းကိုအဆုံးအဖြတ်ပေးခဲ့ပါတယ်။ သူနာ ပြုလုပ်ငန်းဟာ သူမရဲ့ အမှန်တကယ်အသက်မွေးဝမ်းကျောင်းဖြစ်ပါတယ်။ သူနာပြု၊ ဝမ်းဆွဲအ တတ်ပညာနဲ့ ခွဲစိတ်ခန်းသူနာပြုအောင်လက်မှတ်များကို မေမေဟာ မှန်မှန် အောင်မြင်ရယူခဲ့ပါ တယ်။ ဒိထက်ပိုလို့လဲ သူ့မိဘများအပေါ် ခိုင်မာစွဲမြဲစွာကျေးဇူးတင်မှုနဲ့ ချစ်ခြင်းမေတ္တာများ ပိုမိုထား ရှိခဲ့ပါတယ်။ သူမရဲ့ထိတွေ့မှုဟာ ယုံကြည်စေမှုနဲ့ သိမ်မွေ့မှုများပါရှိလျက် အရိုးဆုံးဆောင်ရွက်မှု အဖြစ်လဲ ဖော်ပြနေခဲ့ပါတယ်။ ကျွန်မရဲ့ ကိုယ်ပူချိန်နဲ့သွေးခုန်နှုန်းကိုယူလိုက်တဲ့ မေမေရဲ့လုပ် ဆောင်မှုအတွက် တူညီနှိုင်းဆမှုကို ကျွန်မ ဒီနေ့အထိကို မတွေ့မြင်မိပါဘူး။ စွဲလမ်းတပ်မက်စွာ ဂရု တစိုက်ကြင်နာမှုများကိုမေမေလုပ်ဆောင်နေတာတွေကို ကျွန်မစောင့်ကြည့်ခဲ့ပါတယ်။ သူမဟာ ဆေးပညာရှင်၊ သူမဟာကျွမ်းကျင်တတ်မြောက်သူ၊ သူမကိုယ်တိုင်ကိုက မေတ္တာဂရုဏာရှင်ဖြစ် နေတာကြောင့် ကွန်မအနားကို မေမေရောက်လာရင်ပဲ ကျွန်မအဖျားတဝက်က ပျောက်သွားသလို ပါပဲ။
အချစ်နဲ့စိတ်ကူးယဉ်မြူမှုံတွေကြားကအတိတ်ကို ကလေးတယောက်ရဲ့မှတ်မိခြင်း စိတ်တက်ကြွမှု လို့ဆိုနိုင်ပါတယ်။ ဒါပေမင့် မေမေ့ရဲ့ရာသက်ပန်မိတ်ဆွေများဖြစ်ခဲ့တဲ့ သူမရဲ့လူနာဟောင်းကြီးများ ကတော့သူမရဲ့ထူးခြားတဲ့ သူနာပြုအရည်အချင်းများကို လွန်ကဲတဲ့စကားလုံးများနဲ့ ချီးကျူးထော ပနာပြုခဲ့ကြပါတယ်။
သူမရဲ့ ဂရုပြုစောင့်ရှောက်မှုအောက်မှာရောက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ နုပျိုတဲ့ စစ်ဦးချုပ်က သူမကို သူ့ရဲ့ဘဝလက်တွဲဖော်အဖြစ်လိုလားခဲ့တာဟာ မထူးဆန်းပါဘူး။ ၁၉၄၂ ခုနှစ် မှာ ချစ်ရေးဆိုလို့ အငြင်းမခံလိုက်ရသူကတော့ ကျွန်မဘခင် “ဗိုလ်ချုပ်အောင်ဆန်း” ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
[၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။]
မောင်မောင်လှကြိုင်
၂၀၁၂ ဧပြီ ၂၉
source : Big Brother & Sister

No comments: