Sunday, May 13, 2012

ဂငယ်ကွေ့ များ

ဈေးရှေ့ မှာ မျက်နှာခြင်းဆိုင်လာတဲ့ ကုန်ကားကို ရှောင်ရင်း ဆိုင်ကယ်က အနည်း ငယ်လူး သွားတော့ လူကထိတ်ကနဲ ဖြစ်သွားသည်။ တော်တော်နှင့် တဒိတ်ဒိတ်ခုန်နေတဲ့ရင်ကမပျောက်။ ပုံမှန်ဆို ကျွန်တော် ဒီလိုမဖြစ်။ သူငယ်ချင်း ရဲ့  ခါးကို တင်းတင်း ဖတ်ရင်း ပြောမိသည်။
“ငါအထဲမှာကတည်းက ဒီလိုပဲ အသေးအဖွဲလေးတွေက အစ အရမ်းစိတ်မှာ ခံစား မိလွန်းနေတယ်။ မလန့် သင့်တာလဲ လန့် ၊ ၀မ်းမနည်းသင့်တာလဲ အလွန်အကျွံဝမ်းနည်း၊ ဒေါသ မထွက်သင့်တာလဲ အလွန် အကျွံ ထွက်၊ ဟေ့ရောင် ရေ စိတ်ချမ်းသာတာတော့ မပါဘူးထင်တယ်ဟ။”
အဲဒီတုန်းက သူငယ်ချင်းက ပြောတယ် ပေါ့ပေါ့ပါးပါးပါပဲ။ အမှန်တော့ သူလဲ ကျွန်တော့်ကို အရမ်းကြီး အဲဒီအပေါ်မှာ အလေးအနက်မထားစေချင်တာလဲ ဖြစ်မည်။ “ ကြာရင်ပျောက်သွားမှာပါ” တဲ့။
ခုကျွန်တော်ပြန်တွက်ကြည့်တော့ ၇ နှစ်နှစ် ပြည့်တော့မည်။ ခုထိ အသေးအဖွဲ ၀မ်းနည်း စရာ ခံစားမှု့ ပေးတဲ့ ရုပ်ရှင် တွေ စာတွေ သတင်းတွေ ဖတ်ရရင် မျက်ရည်က ပိုးပိုးပေါက်ပေါက်ကျတုန်း။ အဲဒီ သာမန် မဟုတ်တဲ့ ၀မ်းနည်းတဲ့ ဒဏ်ကို လုံးဝဥသုန်ကြီး မဖျောက်နိုင်သေးဘူး။

ကျွန်တော်တို့  ရဲစခန်းဘေး က ခေါင်ရည်ဆိုင်မှာထိုင်ဖြစ်တယ်။ တချိန်က ဒီရဲစခန်းနဲ့  ပါတ်သက်ပြီး ကျွန်တော့်ဘ၀ တစ်ဆစ်ချိုး ပြောင်းလိမ့်မယ်လို့  ရဲ စခန်းရော၊ ကျွန်တော့်မိသားစုရော သူငယ်ချင်းတွေ ရော ဘယ်သိပါ့မလဲ။ သုံးနှစ် နဲ့  နှစ်လတိတိ အဖြူ ချည်း မြင်ခဲ့ရတော့ ပါတ်ဝန်းကျင်က အရမ်းအစိမ်းရောင် သန်းလွန်းတယ်ဟုထင်သည်။ ဆိုင်အတွင်းထဲ က ခုံနိမ့်လေးမှာ ထိုင်ဖြစ်သည်။ စားပွဲ ထိုးကောင်လေး က ခေါင်ရည်နှစ်ပုလင်း၊ လန်ဒန် တစ်ပွဲ၊ ပဲကြမ်းသုပ်နှင့် လက်သုပ်ပ၀ါချပေး သည်။ အားလုံးချပြီးကာမှ ကျွန်တော်တို့ ကဆိုင်ရှေ့ က ခုန်ကိုပြောင်းထိုင်ချင်လာသည်။ ဒီတော့ ကိုယ့်ပုလင်းကိုယ်ကိုင် နိုင်သလောက် ပစ္စည်းတွေမပြီး ရွှေ့ ကျသည်။ အရှေ့ ထိုင်ခုန်မှာ အခြေကျတော့မှ လက်သုပ်ပုဝါကျန်ခဲ့မှန်းသိသည်။ သူငယ်ချင်း က စားပွဲထိုးကောင်လေးကို ခေါ်ပြီး ယူခိုင်းမလို လုပ်သည်။ ကျွန်တော်ကိုယ်တိုင်ပဲ ထယူ လိုက်သည်။ ပြီးတော့..
“ ကြည်မင်း အဲဒါပဲ…ငါ့စိတ်ပုံမှန်မဟုတ်ဘူးဆိုတာ…ငါတို့ ခုံရွှေ့ လို့ ကျန်ခဲ့တဲ့ အဲဒီလက်သုပ်ပ၀ါကို ငါတို့ ထမယူရင် ငါတာဝန်မကျေသလိုခံစားရတယ်။” ဒီလို ခံစားမူ့ ကို ကျွန်တော် သာမန်လို့ မထင်။ အရင် က မဖြစ်ဘူးခဲ့။ လူငယ်တွေကိုလဲ အရမ်းအထင်ကြီးတဲ့ စိတ်ဝင်နေသည်။ စိတ်မှာ တစ်ရက်ထဲ နဲ့  ၀ုန်းက နဲ  လော ကကြီး သာယာသွားအောင်လုပ်ချင်မိသည်။ ဗြမ္ဖစို တရားလဲ အရမ်းထွန်းကားစေချင်သည်။
ခံစားမူ့ က အမြဲ အုံ့ အုံ့ မှိုင်းမှိုင်းဖြစ်နေသည်။ ၀မ်းနည်းသလိုထပ်ဖြစ်လာသည်။ မျက်ရည်ကျမိ
တော့ မတတ်။ အသက်ခပ်ပြင်းပြင်းရှုရင်း စိတ်ကို ပြန်တင်းလိုက်သည်။ သူငယ်ချင်းကို ဖတ်မိတဲ့ စာတစ် ပုဒ် အကြောင်းအကျဉ်းပြောပြဖြစ်သည်။
“ငါအထဲမှာတုန်းက reader digest ထဲက ဖတ်မိတာ။ အမေရိကားမှာဖြစ်တာပဲ။ လူတစ်ယောက် က မုဒိန်းမှု့ နဲ့ အဖမ်းခံရတာ။ သူ အကြိမ်ကြိမ်အယူခံဝင်တာပဲ မအောင်ဘူးလေ။ အဲဒါ သူအဖမ်း ခံရပြီးနောက် ဆယ်နှစ်လောက်ကြာ DNA စနစ်ပေါ်လာပြီး သူလဲ အထူးအခွင့်ရေးရလို့  အမြင့်ဆုံး တရားရုံးမှာ အယူခံ ၀င်တာသူ မဟုတ်ဘူးဆိုတာ ပေါ်သွားပြီး လွတ်သွားတာ။ ဒါပေမဲ့သူက ထောင်ထဲမှာ ၁၀ နှစ်နေ ခဲ့ပြီးပြီလေ သူမလုပ်တဲ့ အမှု ဒဏ်အတွက်။ ပြောချင်တာက DNA အကြောင်းလဲ မဟုတ်ဘူး သူ့  တို့  တရားရေးလဲ မဟုတ်ဘူးကွ။ သူမှားယွင်းစွာ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ၁၀ နှစ်နေခဲ့ရတာကိုပြောချင်တာ။ အဲဒါသူတို့ ဆီကအဲဒီလို မှားယွင်း စွာဖမ်းခံရတဲ့သူတို့ ကို လိုက်ကူညီတဲ့အဖွဲ့ စည်းက သူ့ ကို ကူညီတယ်၊ အစိုးရကသူ့ကို ဒေါ်လာသိန်းချီရော်ပေးတယ်။ဒါပေမဲ့သူကနဂိုအတိုင်းပြန်ဖြစ်မလာတော့ဘူး။ သူကနေ့ တိုင်း အရက်ကို အလွန်အကျွံ သောက်လာတယ်။ ဒေါသ အရမ်းကြီးတတ်လာတယ်။ အရမ်းစိတ်ခံ စားမူမြန် လာတယ်။ သူကလေးတွေအပေါ် မှာလဲ စိတ်မရှည်တတ်တော့ဘူး။ သူကတော့ သူလွတ်ရင် အားလုံးအ ဆင်ပြေမယ်ထင်တာပေါ့။ အမေရိကားဆို တော့ ၁၀ နှစ်မှာ ပြောင်းလဲ မူ့ တွေ ကလဲ များတယ်။ သူအပြင်လော ကနဲ့ သဟဇာတ မဖြစ်တော့ဘူး။ သူပြော တာ ဘာနဲ့ ပဲရော်ပေးရော်ပေး သူထောင်ထဲ မှာကုန်ဆုံးခဲ့ရတဲ့ ၁၀ နှစ်ကို ဘာနဲ့ မှ အစားထိုးရော်လို့ မရဘူးတဲ့။
သူစိတ်ဖြစ်နေတာတွေကို ဆရာဝန်ပြကြည့်တော့ သူက paranoia ဆိုတဲ့ စိတ်ခံစားမူ့ ကြီး တဲ့ ရောဂါဖြစ်နေ တာ တဲ့။ အဲဒါမှားပြီးအဖမ်းခံရလို့ ထောင်ထဲမှာနေခဲ့ရတဲ့ ဒဏ်ပေါ့။” ရှည်ရှည်လျား လျားပြောပီး ကြည့် လိုက်တော့ ခေါင်ရည်ခွက် ထဲမှာတက်နေတဲ့ အမြုပ်တွေတောင်မရှိတော့ပီ။ တစ်ခါတစ်ခါတော့လဲ လူ့ ဘ၀က ခေါင်ရည်ခွက်ထဲက အမြုပ် တွေလို ခနတာ ဖြိုးဖြိုးဖြစ်ဖြစ် မည်ပြီး ပျောက်သွား ရင် ကောင်း မည်ထင်သည်။ ရွှေဘိုရဲ့ နေရည်ချိန် က ပို လို့ ပင် ခံစား မိစေသလို။
ကျွန်တော် အထဲမှာ မှောင်ရိပ်ခိုမှု့ လို့  အိပ်ထောင်ထဲ ချဲစာရွက်တွေ့ လို့  ဆိုတဲ့လူတွေ. တခြားဆိုင်ဆိုင်မ ဆိုင်ဆိုင် ဖမ်းခံထားရတဲ့လူတွေအများကြီးတွေ့ ရသည်။ စိတ်ထဲမှာ တစ်ချိန်ချိန် ကျွန်တော်တို့ နိုင်ငံမှာလဲ အဲဒီလို မှားပြီးဖမ်းခံရတဲ့သူတွေကို အကူအညီပေးတဲ့ အသင်းအဖွဲ့    တွေ့ ရှေ့ နေတွေရှိစေချင်လာသည်။ ကျွန်တော်တို့ ပြန်တော့ ကျွန်တော်ခေါင်ရည်တစ်ပုလင်းတောင်မကုန်။

ည အိမ်အပြန် မီးသတ်ကင်းရှေ့ ကဖြတ်တော့ စိတ်က သိပ်မသင်္ကာ ချင်။ ကျွန်တော် အထဲက ထွက် လာတဲ့  ဒုတိယမြောက်ည။ နေ့ ခင်းက သူငယ်ချင်းတွေလာခေါ်ပြီး မြို့ ထဲက လဘက်ရည်ဆိုင်အသစ်တွေ လိုက် ပြသည်။ သုံးနှစ်ဆိုတဲ့ ကာလအတွင်း သိသိသာသာတိုးလားတာကတော့ လဘက်ရည်ဆိုင်များပင်။ သံလမ်းဘေးက လက်ဘက်ရည်ဆိုင်သစ်မှာ ထိုင်ဖြစ်ခဲ့ကြသည်။ တဖြည်းဖြည်းကျွန်တော်တို့ ဝိုင်းက လူတွေ များလာသည်။ ကျွန်တော်အပြင်ရောက်လာပြီဆိုတာ သူငယ်ချင်း တော်တော်များများသိကုန်ကျပြီ။ ကျွန်တော် တို့ ဝိုင်းက ၁၅ ယောက်လောက်ရှိလာသည်။ နည်းနည်းသိတဲ့လူရော များများသိတဲ့လူရော ၀င်ပြီးနှုတ်ဆက်ကြ သည်။ မြို့ ကသေးတော့ လွန်ခဲ့တဲ့သုံးနှစ်က အဖြစ်အပျက်ကို လူတိုင်းသိသည်။ ကျွန်တော်နှင့် ဇာနည်က ခု မင်းသားဖြစ်နေသည်။ တစ်ယောက်တစ်ပေါက်မေးကြသည်။ ကျွန်တော်တို့ က အထဲအတွေ့ အကြုံ အကုန်ပြော ပြသည်။ ရွှေဘိုသားများက ဟာသညဏ်ရွှင် သည်။ ပြောသ မျှဟာသ လုပ်နိုင်သည်။ တစ်ဝိုင်းလုံး တ၀ါးဝါး တစ် ဟားဟားဖြစ်နေသည်။ သိပ်မကြာခင် ကျွန်တော်တို့ ဘေးဝိုင်းမှာ လူတစ်စုလာထိုင်သည်။ သူငယ်ချင်းတစ်ယောက်က ကပ် ပြောသည်။ အဲဒါ SB တွေတဲ့။ special branch က ရဲတွေပေါ့။ ဒီလူတွေကအမြဲ အရပ်ဝတ်နဲ့ ပင်။ ကျွန်တော် တော့ တစ်ယောက်မှမသိ။ စိတ်က မလုံခြုံတော့။ သူတို့ ဟာသူတို့  သက်သက် လဘက်ရည်ဆိုင်လာထိုင်တာ လား။ ကျွန်တော်တို့  ကလာစောင့်ကြည့်တာလား။ ခွေးခြေကို ရွှေ့ ပြီး လူကြားထဲပိုးတိုးဝင်မိလိုက်သည်။ တစ်ဖြည်းဖြည်း ကျွန်တော်တို့   ၀ိုင်းလဲ လူပါးသွားသည်။
မိးသတ်ကင်းထဲ လှည့်ကြည့်လိုက်တော့ အမှောင်ထဲမှာရပ်ထားတဲ့ ရဲကားနှစ်စီး။ ဘာလဲ။ ဘာလုပ်တာ လဲ။ ဘယ်တုန်းကမှ ကျွန်တော်တို့ မိးသတ်ကို ရဲမလာ။ ဒါလဲ ကျွန်တော့်ကိုစောင့်ကြည့် တာ လား။ စိတ်က မလွတ် လပ်တော့။ ကျဉ်းကျပ်လာသည်။ ဓမ္မာရုံကွင်းထဲ ဖြတ်တော့ ကားမီးရောင်ဖျတ်ကနဲ လက်သွားသည်။ ကျွန်တော့်ကိုပဲ အဝေးက လှမ်းကြည့်တာလား။ တောက်။ ကျွန်တော့်မှာ အကြွေးကျန်သေးသည်။ ကျွန်တော်က ခွန်နှစ်နှစ်မှာ သုံးနှစ်နှစ်လ နဲ့ ထွက်လာတာ။ အထွက်မှာ အားလုံးနှင့် ကင်းရှင်းဖို့  လက်မှတ်ထိုးရသေးသည်။ ဒီတစ်ခါပြန်ဝင်ရင် အကြွေးပါဆပ်ရမည်။ မီးပျက်ရက်မို့  ညက မိုက်နေသည်။ ဘ၀ကလဲ မီးပျက်ရက်လို အနက် တွေကြားမှာ ပိတ်နေသလို..။ တကယ်တော့ ကျွန်တော်ထွက်လာ တာက ဂျူလှိုင် ၅၊ ၂၀၀၅။ ဟုတ်သားပဲ မနက် ဖြန် ဂျူလှိုင် ၇ ကိုး။ လန့် ကျပေမပေါ့။ သူတို့ သာလန့် နေသာ။ ကျွန်တော်ဖြင့် ဂျူလှိုင် ၇ ဆိုတာ ခုနက ထိ ကျွန်တော်သတိမထားမိ။
အတန်းစောင့် ဆရာမ မရှိခင် စာမေးပွဲခန်းထဲ ဆရာမတစ်ယောက်ဝင်လာသည်။ ကျွန်တော်ထရပ် လိုက်သည်။ ဆရာမက မျက်လုံး ပြူးပီး ကျွန်တော့်ကို ကြည့်သည်။
“ထိုင်နေပါ။ ဘယ်မှ မရွှေ့ ပါနဲ့ ။ အချိန်တွေအများကြီးကျန်သေးတယ်။” ဆရာမ လေသံက မာသည်။ ကလေးတွေက ကျွန်တော့် ကြည့်ပီး ရယ်ကျသည်။
အတန်းစောင့် ဆရာမ ပြန်ဝင်လာသည်။ ကျွန်တော်လဲ ရွံတွန့်  ရွံတွန်ဖြင့် ကျွန်တော့်အော်တဲ့ ဆရာမ ဆီသွားလိုက်သည်။ မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားရသည်။ အနားရောက်မှ ကျွန်တော်ရှင်းပြရသည်။ “ကျွန်တော် က ဘာသာပြန် ပါ ဆရာမ။ ဆရာမက ကျောင်း သားတွေ နဲ့ မှားနေတာပါ။ ကျွန်တော့်အသက် ၃၇ နှစ် ရှိပီဟုပါထည့်ပြောလိုက်သည်။” ဟုတ်တယ် အမှန်တော့ ကျွန်တော့် ကိုသူမှားနေတာက ၈ တန်းကျောင်းသားများနှင့်ဖြစ်သည်။ အဲဒီ ကျမှ ဆရာမလဲ သူအဖြစ်သူ သဘောကျပြီး ရယ်လျက်ပြန်ထွက်သွားသည်။
အမှန်တော့ ကျွန်တော်က ပြီးခဲ့ နှစ်ရက်ကတည်းက ဒီကျောင်းမှာ ကျွန်တော် ဘာသာပြန်ကျသည်။ ၈ တန်းကလေးများအတွက် ဖြစ်သည်။ သင်္ချာဖြေရသည်။ ကျွန်တော်က မေးခွန်းတွေကို မြန်မာလို ဘာသာပြန် ပေးရသည်။ ကျောင်းက Buffalo မြို့  က နံပါတ် ၁၈ ကျောင်းဖြစ်သည်။ ကလေးတွေက အမေရိကားကို ရောက် ကာစ ကလေးများဖြစ်သည်။ ကြာလှ ၂ နှစ် ၃ နှစ် ဖြစ်မည်။ အများစုက ကရင်နှင့် ကရင်နီ ကလေးများဖြစ်
သည်။ မြန်မာလဲ ပါသည်။
အမေရိကားကို ရောက်လာတဲ့ မြန်မာပြည်သား ကလေးငယ်များ ရင်ဆိုင်ရတဲ့ ပညာရေး စနစ်ကို အနည်း ငယ်ပြောဖို့ လို မည်။
အများစုကတော့ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံက လာခဲ့ကြတာ။ ဒီရောက်တော့ ကလေးရဲ့ အသက်ကို ကြည့်ပြီး အတန်းထားပေးလိုက်တာ။ အရင်က ဘယ်နှစ်တန်းထိတက်ဘူးတယ်။ ဘယ်လောက်တတ်တယ်။ ဘာ ရယ် ညာရယ်စစ်မနေဘူး။ ၁၃နှစ် ၁၄ နှစ်သားဆို ၈ တန်း ၁၅နှစ်ဆို ကိုးတန်း ဒီလိုပဲ ကျောင်းတွေက ထားလိုက်တာ။ ကျွန်တော်က စာမေးပွဲ စစ်ပီးတော့ ကလေးတစ်ယောက်ကို မေးကြည့်တယ်။ မြန်မာပြည်တုန်း က ဘယ်နှစ်တန်းထိနေဘူးလဲဆိုတော့ ၄တန်းတဲ့။ အမေရိကားရောက်တာ ဘယ်လောက်ကြာပီးလဲဆိုတော့ ၁ နှစ်တဲ့။ အခုသူက အမေရိကားမှာ ၈ တန်းတက်နေရတယ်။ တစ်ချို့  က ကျောင်းတောင်မနေဘူးခဲ့ကြဘူး။ တချို့ ကြ ကျောင်းထွက်ပီးတာ ကြာပီ။ ဒီရောက်မှ တစ်ခါပြန်တက်ရတယ်။ ပြန်တက်တော့လဲ အသက်အလိုက် အတန်းတက်ရတယ်။
ပြီးတော့ ကျောင်းတွေမှာက bilingual စနစ်နဲ့ သင် တာမဟုတ်ဘူး။ ESL စနစ်နဲ့ ပဲသင်တာ။ အင်္ဂလိပ်သက်သက်ချည်းပဲသင်တာ။ ဒီတော့ ကလေးက ကျောင်း ၆ လ ၇ လလောက်တက်ပီးရင်တော့ ဆရာနဲ့  communicate လုပ်နိုင်လောက်တဲ့အထိ အင်္ဂလိပ်လို နားလည် ပြောတတ်သွားတာပေါ့။ သခ်ာၤျကမရေတာ့ဘူး။ အဲဒီမှာပြသနာပဲ။ ဒီအတွက် ကျောင်းတွေက သချာင်္ဖြေတဲ့ နေ့ မှာ မေးခွန်းတွေကို ဘာသာပြန်ဖို့ ငှားတာပဲ။ ဒါပေမဲ့များသောအားဖြင့် ကလေးတွေက မဖြေနိုင်တာ များတယ်။ မေးခွန်းရဲ့ အခြေခံသဘောကိုလဲ နားမလည်ဘူး။
နောက်တစ်ခု အတော်ကြီးလွဲနေတာက ကလေးတွေက တစ်နှစ်လုံး သချာင်္ကို အင်္ဂလိပ်လိုပဲ သင်ခဲ့ ရတာ။ ခုမှ ကျွန်တော်က မြန်မာလို ဘာသာလာပြန်ပေးတော့လဲ သူတို့ ဘယ်နားလည်ပါ့မလဲ။ မြန်မာလို သင်ခဲ့တာမှ မဟုတ်တာ။ Geometry ဆိုပိုဆိုး။ ကျွန်တော် က တတ်နိုင်သလောက်မြန်မာလိုပြန်တယ်။ သိတဲ့အတိုင်း တစ်ချို့ စကားလုံးတွေက အင်္ဂလိပ်လိုမှတော်သေး။မြန်မာလိုပြန်လိုက်မှ ပိုဆိုး။ ထောင့်ဖြောင့်ဖြည့် ဖက်တို့ ထောင့်မှန်ဖြည့်ဖက်။ စဉ်းစားကြည့် ကလေးတွေကို ဒီစကားလုံးတွေနဲ့ သင်ထားတာမဟုတ်ပဲ စာမေးပွဲ ကျမှ လာဘာသာပြန်ခိုင်းတော့ ဘာနားလည်မှာလဲ။ ကလေးတွေလဲ ကျွန်တော်ဘာသာပြန်တာ နားမထောင်ပါ ဘူး သူတို့ ဟာသူတို့ တွက်နေကြတာပဲ။ တလွဲချည်းပဲ။
အတန်းစောင့်တဲ့ ဆရာမကြီးကတော့ နဲနဲ တင်းကျပ်တယ်။ စပိန်မ ကြီး။ နဲနဲမှ မလှုပ်ရဘူး။ ကလေး တွေကလဲ ဂရုမစိုက်ဘူး။ မျက်နှာတွေကိုလဲ စူပုပ်ထားတာ။ ကျွန်တော်တော်တော်အံသြတယ်။ ဆရာ အပေါ် လေးစားမူလဲ မတွေ့ ရဘူး ချစ်တာ လဲ မတွေ့ ရဘူး ကြောက်တာလဲ မတွေ့ ဘူး။ ကလေးတွေမျက်နှာမှာ မခန့်  တာ ပဲ တွေ့ ရတယ်။ ကလေးတစ်ယောက်က ခဲတံလိုတယ်လို့ ပြောတယ်။ ကျွန်တော်ကပေးလိုက်တယ်။ ဆရာမ ကမရဘူး ပြန်သိမ်းတယ်။ ပြောတဲ့အထဲမှာ Please ဆိုတာမပါ လို့  ပြန်ပြောခိုင်းတယ်။ ကလေးက စားပွဲမှာ လက်တစ်ချောင်းထောက် လက်ပေါ်မှာ ခေါင်း ကို စောင်း တင်ထားပြီးပြန်ပြောတယ်။ နောက်ကလေး တစ်ယောက် စာမေးပွဲခန်းမှာ သုံးရက်လုံး အိပ်ငိုက်တယ်။ ဆရာမှက လုံးဝအိပ်ခွင့်မပေးဘူး။ ဆရာမက ကျွန်တော့်ကို တိုးတိုးလာပြောတယ်။ သူ့ အမနဲ့ မေးကြည့် တယ်တဲ့။ ကလေးက ညညဆို ညဥ့်နက်တဲ့အထိ ဂိမ်း ကစားတာတဲ့။
ဒါကြောင့်ဆရာမက အားလုံးဖြေပီး အဖြေစာရွက်တွေသိမ်းပြီးတဲ့အခါ ကလေးတွေကို တံခါးပိတ် ဆုံး မတော့တာပဲ။ သူ့ ဘ၀ အကြောင်းကိုပြောပြတယ်။
“ ဒီမယ် ..ငါလဲ မင်းတို့ လို့  အမေ၇ိကားကို လာရတာပဲ။ ငါ့အမေက သူများဆီမှာ အ၀တ်လျှော် ရတယ်၊ ငါလာကာ စက ငါလဲ အင်္ဂလိပ်လို မတတ်ဘူး။ dictionary ၀ယ်ပြီး အိပ်ထောင်ထဲ ထည့်ထားရ တယ်။ ငါ တစ်ရက်ကို လေးနာရီ မြေအောက်ခန်းဝင်ပြီး စာကြည့်တယ်။ ငါက ငါ့အမေလို အ၀တ်လျှော်တဲ့ အလုပ် မလုပ် ချင်ဘူး။ ဒါကြောင့်ငါကျိုးစားတယ်။ ခုမင်းတို့  မိဘတွေလဲ စက်ရုံတွေမှာ လုပ်နေရမှာပဲ။ မင်းတို့ က ရောက် ကာ စကယဉ်ကျေးတယ်၊ လက်အုပ်ချီတယ်၊ ဟောခုတော့ ကြည့် လိုက်ရင် ကော်ရစ်ဒါ မှာလျှောက်သွားနေတာ အမြဲ တွေ့ ရတယ်။ ဟေ့ ငါကအမေရိကားကို လာတာ အမေရိကားက ပေးတဲ့ အခွင့်အရေးကိုပဲ ယူတာ၊ သူတို့ ကို အတု မခိုးဘူး။ မင်းတို့ က အခွင့်အရေးမယူပဲ မဟုတ်တာတွေ အတုခိုး တယ်။အမေရိကန်ကလေးတွေ ပြော တဲ့ဘာမှဂရုမစိုက်ဘူးဆိုတာပဲမင်းတို့ အတုခိုးတယ်။ မင်းတို့  ငယ်သေးတယ်။ နောင်တစ်ချိန်မှာ ကိုယ်ဘာဖြစ် ချင်သလဲဆိုတာ သိရမယ်…ပြီးတော့ အဲဒီ လိုဖြစ်အောင် ကျိုးစားရမယ်။”
ဆရာမပြောတော့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ပြန်သတိရသည်။ ကျွန်တော်လဲ အ၇င် က အင်္ဂလိပ် စာဆို တီကောင် ဆားနဲ့ တို့ လိုက်သလို ထွန့် ထွန့် လူးကြောက်သည်။ ၈ တန်းမှာတုန်းက အစမ်း စားမေး ပွဲတွင်အင်္ဂလိပ်စာ ကျသည်။ တကယ်တန်း အင်္ဂလိပ်စာလေ့လာဖြစ်တာက အထဲမှာ။
ကျွန်တော်တို့ ကို အမိန့် ချတော့ ထောင်တွင်း ဓမ္မါရုံမှာ။ လူခွန်နှစ်ယောက်ကို ခွန်နှစ်နှစ်ဆီချလိုက် တာ။ အဖြူဝတ်စုံဝတ်ရင်းနဲ့  ရင်မှာ မခံချည့် မခံသာဖြစ်ရသည်။ မျက်ရည်ကျသည်။ ထောင်ကျပီဆိုတော့ စစ်ကြောရေးကလွတ်ပြီဟု တစ်မျိုး စိတ်အေးရသည်။ သွေးပျက်ညတွေ ထပ် မဆုံချင်တော့။ စစ်ကြောရေး ကာလ ကတော့ ထောင်မြန်မြန်ကျချင်သည်။ ခုတော့လဲ စိတ်က ဗလာ လို ဟာလာဟင်း လင်းဖြစ် သွားပြန် သည်။ သုံးလလောက် တိုက်ပိတ်ထားပြီးမှ တခြား အခန်း ဖေါ်များနှင့်တွေ့ ရသည်။ ကံကောင်းချင်တော့ ကျွန်တော်တို့  တိုက်မှာ ရန်ကုန်က ကျောင်းသားနှစ်ယောက် ရှိသည်။ ဆရာဝန်မဖြစ်လိုက် တဲ့ ဆေးကျောင်း သား ဦးဆိုင်းရှိသည်။ တတိုက်လုံး ၁၂ ခန်း မှာ လူ၁၆ ယောက်လောက်ရှိသည်။ ကိုးကန့် နှစ်ယောက်ရှိ သည်။ အထဲ နေသား လေးကျလာတော့ တခုခု တိုးတက်အောင်လေ့လာဖို့ လိုမှန်း သိလာသည်။ ဇာနည် နဲ့ ကိုရဲက ကိုကြည်သာ ဆီမှာ အင်္ဂလိပ်စာသင်သည်။ ကိုကြည်သာ က ဆရာမောင်သာနိုးဆီမှာ တက်ဖူး သည်။ သူကိုယ်တိုင်ကလဲ တော်သည်။ ကျွန်တော်က အင်္ဂလိပ်စာ ကြောက်သည့်ကောင်ဆိုတော့ တခြား ဘာ ဘာသာမှ မရှိတာနှင့် ကိုးကန့် တွေဆီမှာ တရုတ်စကားသင်သည်။ သူတို့ မှာ တရုပ်မြန်မာ အဘိဓါန် စာအုပ်ရှိသည်။ ကျွန်တော်လဲ အဲဒီနေ့ က စပြီး တရုတ်စာတွေကျက်တော့သည်။ တကယ်စိတ်မ၀င် စားတော့ ဘာမှ မတတ်။
ဇာနည်နဲ့ ကိုရဲ က ကျွန်တော့်ရှေ့ မှာ အင်္ဂလိပ်စာအကြောင်းတွေပြောသည်။ sentence ဘယ်လို တည် ဆောက်တယ်။ ဘယ်ဝါကျကို သုံးရမယ် စသည်ဖြင့်ပြောသည်။ သူတို့ မျက်နှာတွေကလဲ သူတို့  အင်္ဂလိပ် လို တတ်ပြီကွ ဟုဆိုသည့်မျက်နှာမျိုး။
ကျွန်တော်ကလဲ ကိုယ်သာအင်္ဂလိပ်စာ မတတ်တာ တတ်တဲ့သူဆို အရမ်း အထင်ကြီးသည်။ နေ့ ခင်း တန်းဖွင့်ချိန်ဆို ကိုကြည်သာ၊ သို့ မဟုတ်ကိုကျော်မင်းသန်းတို့ နှင့် စကားပြောခွင့်ရဖို့ ချောင်းရသည်။ တကယ်ပဲ စကားပြောခွင့်ရအောင်ချောင်းရသည်။ အထဲတွင်ဖြစ်ပေမဲ့ ဒီကျောင်းသား နှစ်ယောက် က တစ်ယောက် တစ်မျိုး အလုပ်ရှုပ်သည်။ အချိန်ပို မရှိ။  
ကျွန်တော်တိုက်ထဲကို စ၀င်သည့်ရက်မှာ မြင်ရသည့် မြင်ကွင်းကို ဘယ်တော့မှ မေ့မည်မထင်။ ကျွန် တော့်ကို အရာခံဗိုလ်ကြီးက လက်မောင်းက တွဲပြီး တိုက်ထဲခေါ်လာသည်။ ခြေထောက်မှာဖိနပ်မရှိ။ ပုဆိုးကဖရို ဖရဲ။ အမှန်တော့ ကျွန်တော့် ခြေထောက်က အဲဒီအချိန်မှာ ဘာအထိအတွေ့ မှမသိ။ တစ်ည နဲ့ တစ်မနက်ခင်းလုံး ခြေသလုံးပေါ်မျဉ်းလုံး လှိမ့်တဲ့ဒဏ်ခံရသည်။ မျဉ်းလုံး လှိမ့်လိုက် တဲ့ နေရာ တစ်လျှောက် သွေးခြေတွေ ဥပြီး ရဲ ကျန်ခဲ့သည်။ မျဉ်းလုံးလှိမ့်ယုံသာမက ခြေထောက်ဆန့် မျဉ်းလုံးတင်ပြီး လူပါတက်ခုန်သည်။ ကျွန်တော် မခံနိုင် လို့  အော်တော့ ပိုဆိုးသည်။ အ၀တ်များဖြင့် ပါးစပ် အဆို့  ခံရ သည်။ခြေထောက်ကိုရုပ်တော့၊တုတ်ဖြင့်အဆစ်တွေသာရွေးရိုက်သည်။ဒူးခေါင်း၊ခြေမျက်စေ့၊ ခြေချောင်းလေး များအား ရိုက်သည်။ အဲဒီတော့ ကျွန်တော့် ခြေ ထောက်တွေ ထုံပြီး ဘာအထိအတွေ့ မှ မသိတော့ မဆန်းပေ။ ခေါင်းလဲ ဘာနဲ့ ထုလိုက်သည်မသိ၊ မူးနောက် နောက် ဖြစ်နေတုံးပင်။ နှုတ်ခမ်းထောင့် ခပ်ငယ် ငယ် ရဲ တစ်ရောက်ရဲ့  လက်သီးစမ်းမှု့ ကြောင့် ကွဲလျက်။ ရင်ဘတ်မှာ စစ်ဖိနပ်ခြေရာ။ ဘာလို့ ဒီလူတွေ ဒီလောက်တောင် လူလူချင်း အပေါ် နှိပ်စက်ချင် ရိုက်ချင် ညှင်းပန်းချင် ရသလဲ လို့ ခုချိန်ထိ စဉ်းစား ကြည့် တိုင်း အဖြေတစ်ခုပဲ ရသည်။ စနစ်ဆိုး။ အာဏာရှင်ဆိုတဲ့ စနစ် ဆိုး ဆိုတာကို ပဲ ကျွန်တော်မြင်သည်။
ကျွန်တော့်မှာ ကျီးကြည့် ကြောင်ကြည့်ဖြင့် အရာခံ ဗိုလ်ကြီး တွဲခေါ်ရာနောက်ပါလာသည်။ အခြား ထောင်သားများကလဲ အဝေးက စူးစူးစမ်းစမ်းကြည့်ကျသည်။ လူက အိပ်ရေးပျက်သည့် ဒဏ် နှိပ် စက်ခံရသည့်ဒဏ်ဖြင့် ဇဝေဇ၀ါ ဖြစ်နေ သည့်ကြားက တိုက်ထဲအ၀င်မှာ သည်လူ့ ကို သတိထားမိသည်။ 
(ဆက်ရန်)
ZYS

No comments: