Saturday, May 12, 2012

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြောက်ဦး

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံ မှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´
 

Eleven Media Group

ကမ္ဘာ့ အမွေအနှစ်များ ရန်ပုံငွေ အဖွဲ့ Global Heritage Fund က ထုတ်ပြန်ခဲ့သည့် အာရှမှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ ပါဝင်နေကြောင်း သတင်းရရှိသည်။

မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါ အစီရင်ခံစာတွင်
၁။ ထိုင်းနိုင်ငံမှ အယုဒ္ဓယမြို့၊
၂။ ဖိလစ်ပိုင်နိုင်ငံမှ စန်တီယေဂို ခံတပ်ဟောင်း၊
၃။ တရုတ်နိုင်ငံမှ ပိုးလမ်းမမြို့တော် ဖြစ်သည့် ကတ်ရှ်ဂါမြို့ဟောင်း၊
၎။ ဘင်္ဂလားဒေ့ရှ်မှ Mahasthangarh ရှေးဟောင်းမြို့၊
၅။ အာဖဂန်နစ္စတန်မှ Mes Aynak ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊
၆။ မြန်မာနိုင်ငံမှ မြောက်ဦးမြို့၊
၇။ လာအိုနိုင်ငံမှ Plain of Jars ၊
၈။ ကမ္ဘောဒီးယားမှ Preah Vihear၊
၉။ အိန္ဒိယနိုင်ငံမှ အကြီးဆုံးနှင့် ရှေးအကျဆုံး အမွေအနှစ် Rakhigari နှင့်
၁၀။ ပါကိစ္စတန်မှ Taxila ရှေးဟောင်း တက္ကစီလာ လမ်းဆုံ
တို့ကို ဖော်ပြထားခြင်း ဖြစ်သည်။

အစီရင်ခံစာမှာ အာရှတိုက်၌ တည်ရှိပြီး ပြန်လည် အစားထိုး မရနိုင်သော ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ သည့် ရှေးခေတ် ဗိသုကာ လက်ရာများရှိရာ နေရာ ၁၀ နေရာကို စာရင်း ပြုစုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရ သည်။

ရှေးကျပြီး နက်နဲ အဆင့်မြင့်သည့် အာရှ ယဉ်ကျေးမှု ဗိသုကာ လက်ရာ ရတနာများသည် စီးပွားရေး ထွန်း ကား ကျယ်ပြန့်မှု၊ ခရီးသွား လုပ်ငန်းများ ရုတ်ခြည်း မြင့်တက်လာမှုနှင့် ပြုပြင် ထိန်းသိမ်းမှု နည်းပညာ ချို့တဲ့ မှုတို့ကြောင့် ပျက်စီးဆုံးရှုံးမည့်ဘေးနှင့် ကြုံနေရသည့် အပြင် ဒေသတွင်း ခိုးဝှက် လုယက်မှုနှင့် လက်နက် ကိုင် ပဋိပက္ခများကြောင့်လည်း ပျက်စီးနေကြရကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ ဖြစ်သည့် Saving Our Vanishing Heritage ကို ၂၀၁၀ ခုနှစ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံ များထဲမှ နေရာပေါင်း ၅၀၀ ကို အခြေခံ သုတေသန ပြုလုပ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ တွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၀၀ ကျော် တည် တံ့ခဲ့ကြောင်းနှင့် ရခိုင် သမိုင်းဆိုင်ရာ လက်ရာများနှင့် ယဉ်ကျေးမှု ဗိသုကာလက်ရာများ အထွန်းကား ဆုံး စီး ပွားကြွယ်ဝဆုံး မြို့ ဖြစ်သည်။ မြောက်ဦးမြို့မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပြုပြင် ထိမ်းသိမ်းမှု အားနည်းခဲ့ခြင်း နှင့် သဘာဝ ဘေးအန္တရာယ်တို့ကြောင့် ရှေးဟောင်း စေတီပုထိုးတော်များ ပျက်စီးနေ ခဲ့ကြောင်းလည်း သိရှိရပါသည်။

မြောက်ဦးမြို့မှ ဘုရား ပုထိုးတော်များ၊ ဗိသုကာ လက်ရာများမှာ မြို့ပြ ဖွံ့ဖြိုးမှုအတွက် ဖျက်ဆီးခံရခြင်း၊ ပြုပြင် ထိန်းသိမ်း ကာကွယ်မှု လုံလောက်စွာ မရှိခြင်းနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံးနေ ရခြင်း ဖြစ်ကြောင်း သိရသည်။

“မြောက်ဦးမြို့ကို စိုးရိမ်စရာ စာရင်းထဲမှာ တွေ့ရတာ စိတ်မကောင်းပါဘူး။ အမှုမဲ့ အမှတ်မဲ့ နေလာခဲ့တာ ကမ္ဘာက ထောက်ပြမှ ရင်နာမဆုံး ဖြစ်ရပါတယ်။ ဒီထက် မပျက်စီးရအောင် ကာကွယ် တားဆီးဖို့ တစ်မျိုးသား လုံးမှာ တာဝန်ရှိနေပါပြီ။ နိုင်ငံခြားသား ခရီးသည်များ ၀င်ရောက်တာတွေ ရှိပေမယ့် ထိန်းသိမ်းမှု မပြုနိုင် တဲ့   ရှေးဟောင်း စေတီတွေ၊ ဘုရား ဆင်းတုတော်တွေဟာ မြင်မကောင်းအောင် တွေ့နေပါတယ်။ နောက်ပြီး သမိုင်းဝင် နေရာတွေမှာ လမ်းတွေ ဖောက်လုပ်တာတို့ အဆောက်အဦးတွေ ဆောက်လုပ်တာတို့ ဟာ လည်း ရှေးဟောင်း လက်ရာတွေ ပျက်စီးဖို့ ဖြစ်လာတာပေါ့။ တချို့ ဘုရား ဆင်းတုတော်တွေဆို မြင် မကောင်းအောင် ဖြစ်နေပြီးတော့ ဗိသုကာဆိုင်ရာ လက်ရာတွေ ဆိုလည်း သစ်ပင် ချုံနွယ်တွေ တက်ပြီး လုံးဝ ပျက်စီးမယ့် အန္တရာယ်တွေ ရှိနေပါတယ်” ဟု မြောက်ဦး မြို့ခံတစ်ဦးက ပြောသည်။

source : Lin Thit facebook

http://news-eleven.com/index.php?option=com_content&view=article&id=13481%3A2012-05-08-07-04-09&catid=45%3A2009-11-10-07-45-41&Itemid=113

 
 

No comments: